← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

မီးဖိုချောင်ထဲတွင် ကုလျန်မင် ခေါက်ဆွဲလုပ်နေသည်။ ကျန်းထျန် ပြန်ရောက်လာသောအခါ သူမ စားပွဲပေါ်က ကြွေပန်းကန်လုံးကို ပြရင်းပြောလိုက်သည်။ "အစ်မပြောသလို ငါးနဲ့ အသားကို ကြက်ဥအကာ ဆားနဲ့ နှပ်ထားတယ်။ အစ်မ ဝိုင် နှစ်စက်ချဖို့ပဲလိုတော့တာ"

ကျန်းထျန် ဘူးသီးခြောက်ကိုဖွင့်ကာ သတိထား၍ စောင်းလိုက်ပြီး နှစ်စက်လောက် ချလိုက်ပြီးနောက် မြန်မြန်တင်းကြပ်စွာ ပြန်ဖုံးပြီး ပင်မအခန်းသို့ပြေးကာ ဘူးသီးခြောက်ကို ပြန်ထားလိုက်သည်။ ဘီဒိုကိုသော့ခတ်ပြီး သော့ကို စာအိတ်ထဲ ပြန်ထားပြီးနောက် မီးဖိုချောင်သို့ပြန်လိုက်သည်။

ကျန်းထျန် လက်ဆေးရန်ရေကို ခပ်လိုက်ပြီးနောက် ကုလျန်မင်ကို ပြောလိုက်သည်။ "အစ်မလုပ်မယ် အစ်မကပိုသန်မာတယ်"

ကုလျန်မင် လုပ်နေသည်ကို ရပ်လိုက်ပြီး ကျန်းထျန်ကို ကြည့်လိုက်ပြီး သူမ ကျန်းထျန်ကို အများကြီးမေးချင်သည်ဟု ခံစားရလိုက်သည်။ ကျန်းထျန်က ပိုကောင်းလာသည်ကို သူမ သိသော်လည်း အရင်က ကိုယ့်အဝတ်‌ကို လျှော်ရန် အလွန်ပျင်းသောသူက အခု သူမကို ကူညီပေးမည်ဟု ရုတ်တရက် ပြောလာသည်။ ယခုဖြစ်ပျက်နေသည်က သူမ အိမ်မက်မှ ပြန်ထရတော့မည့်ပုံရှိသည်။

သို့သော် လက်တွေ့ဘဝတွင် ကျန်းထျန်အမူအရာ စစ်မှန်နေသည်ကို သေချာစွာမြင်ရ၍ ကုလျန်မင် ဘေးသို့ ဖယ်ပေးလိုက်သည်။

သူမကို အလုပ်ကူညီပေးရန် တစ်ယောက်ရှိသဖြင့် အလွန်ပျော်ရွှင်သည်။

ကျန်းထျန်် သူမလက်ကရေကို တံခါးတွင်ခါလိုက်ပြီး မီးဖိုသို့ သွားလိုက်သည်။ ကြွေလက်ကိုင်ကို လက်တစ်ဖက်ကကိုင်လိုက်ပြီး လက်တစ်ဖက်နှင့် မုန့်နှစ်ကိုနယ်လိုက်သည်။

ပြောင်းဖူးမှုန့်မှာ ညက်နေပြီး ပြောင်းဖူးအညှာများ ရောမနေပါ။ ဂျုံချောနှင့် ရော၍ ပေါက်စီလုပ်ကာ ပေါင်းထားသည်။

ဒီလိုက ကုမိသားစု စားသည့်ပုံဖြစ်သည်။

ကျေးရွာက မြို့ထက် သာလွန်သည်က ဆောင်းဦးလယ်ရိတ်သိမ်းပြီးနောက် လူဦးရေနှင့် အလုပ်အမှတ်အရ ကွန်မြူအဖွဲ့ဝင်များကို အစားအစာ ဖြန့်ဝေပေးသည်။ ရုံးဖွင့်ရက်များတွင် ပုဂ္ဂလိကလယ်မှ အစားအစာနှင့် ဟင်းသီးဟင်းရွက်များကို စုဆောင်းနိုင်သည်။ မြို့ထက် ပိုရက်ရောသည်ဖြစ်သည်။

မြို့မှ အလုပ်သမားများမှာ လုပ်အားခရသော်လည်း သူတို့က လခတစ်ဝက်ကျော်ကို လစဥ် အစားအစာနှင့် အသီးအရွက် ဝယ်ရန် သုံးရသည်။ နှစ်သစ်အတွက် အသားနှင့် အဝတ်ဝယ်ရသဖြင့် ငွေမစုမိကြပေ။

လစာပိုများသော သူများသာ ငွေစုနိုင်သည်။ သို့သော် သူတို့မှာ ငွေရှိပြီး သုံးစရာနေရာမရှိပေ။ အခု အရာအားလုံးအတွက် လက်မှတ်လိုသဖြင့် ငွေစုရသည်ကလည်း မလွယ်ပါ။

ကုမိသားစုက တစ်ရွာလုံးတွင် ထိုသို့စားနိုင်သော တစ်အိမ်တည်းသာ ဖြစ်သည်။ မိသားစုက ထောက်ပံ့‌ငွေ ၃ခုရသည်။ တုကျီကျွင်းဝေစုကို ရွှီကျင်းဖန်က ကုလျန်ရှန်၏ အမွှာသမီးလေးတွေအတွက် သိမ်းဆည်းပေးထားသည်။ ကုချန်းချင်အတွက်ရသော ထောက်ပံ့ငွေမှာ ယွမ်၂၀ဖြစ်ပြီး တစ်ခါတစ်ရံ အစားအစာနှင့် လက်မှတ်များဖြစ်သည်။

မိသားစုက ရွှီကျင်းဖန်၊ ကုလျန်ရုန်၏ အလုပ်အမှတ်များနှင့် စားသောက်ပြီးတော့ လစဥ် ယွမ်၃၀ထက် ပိုသည်။ မခဲယဥ်းသော်လည်း ကုလျန်ရွှမ်၏ ခြေထောက်ဒဏ်ရာက ရှိသေးသည်။

ကုလျန်ရွှမ် ခြေထောက်ဒဏ်ရာအတွက် လစဥ် မြို့တော်က ဆေးရုံကြီးသို့ သွား၍ ဆေးယူရန်လိုသည်။ အဖွဲ့အစည်းက ဆေးကုသစရိတ်ကို တစ်စိတ်တစ်ပိုင်းပေး‌သော်လည်း ကုမိသားစုအတွက် သွားလာစရိတ်နှင့် ဆေးစရိတ်က မနည်းလှပါ။

သို့သော် ကျန်းထျန် ဇာတ်ကြောင်းကို သိသည်။ ထို့သို့ခက်ခဲသောနေ့ရက်များက မကြာရှည်ပါ။

မိသားစု၏ တတိယမြောက် ကုလျန်ရုန်က အမျိုးသားဇာတ်လိုက်ဖြစ်သည်။ အနာဂတ်တွင် အဖွဲ့အစည်းက ကုလျန်ရွှမ်ကို တာဝန်ပေးရန်ကြံရွယ်ထားသောအလုပ်ကို လက်လွှဲယူပြီး နောက် စက်ရုံတွင် အလုပ်သမားအနေနှင့်လုပ်သော အမျိုးသမီးဇာတ်လိုက်နှင့် သိလိမ့်မည်။ နောက် သူနှင့် အမျိုးသမီးဇာတ်လိုက် ကောလိပ်တူတူသွားကာ စီးပွားရေးလုပ်ပြီး တရုတ်ပြည်တွင် အချမ်းသာဆုံးလူဖြစ်လိမ့်မည်။

ကျန်းထျန် ဒီလိုဒဏ္ဍာရီဆန်သောဘဝကို တွေးမိလေ သူမပိုပြီး ပျော်ရွှင်လေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမက အမျိုးသားဇာတ်လိုက်၏ မရီးဖြစ်၍ အမျိုးသားဇာတ်လိုက် ချမ်းသာလျှင် သူမလည်း ချမ်းသာသည့်သဘောဖြစ်သည်။

သူမ အရှက်မရှိသည်တော့ မဟုတ်ပေမယ့် နာမည်တစ်လုံးရှိသည်ကတော့ မဆိုးလှပေ။ တစ်ယောက်ယောက်က နောက်ပိုင်း ပြောရင်း သူမကိုမြင်လျှင် ညွှန်ပြပြီး "ဒါ ထိုXXX၊အချမ်းသာဆုံးအမျိုးသားရဲ့ မရီးမလား"

ကျန်းထျန် ခဏရပ်တန့်သွားပြီး ထပ်တွေးမိသွားသည်။ အရင် မရီးလို့ ပြောရင်ပိုမှန်မည်။

သူမလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးစီးပွားရေး လုပ်၍ရသည်!!!

သူမမှာ စီးပွားရေးလုပ်ရန် ပါရမီမပါပေမယ့် အချိန်ရောက်လာရင် သူမ နေရာလွတ်မှ ပစ္စည်းများပြန်ရောင်းပြီး အနာဂတ်တွင် ပထမတန်းစား မြို့များဖြစ်လာမည့်နေရာများတွင် အိမ်တွေ မြေတွေဝယ်ပြီး မြေပိုင်ရှင် လုပ်၍ရသည်။

လုပ်ရန်လိုသည်မှာ ငှားခကောက်ရန်ဖြစ်ပြီး လုပ်စရာမရှိလျှင် အိမ်မှာနေ၍ ဇာတ်ကားများကြည့်နိုင်သည်။ ဒါက ကုမ္ပဏီကြီးကို အုပ်ချုပ်ပြီး အချမ်းသာဆုံးလူဖြစ်ရသည်ထက် ပိုသက်တောင့်သက်သာရှိသည်မလား?

ခေါက်ဆွဲနယ်ရင်း ကျန်းထျန် အနာဂတ်က အောင်မြင်၍ လှပသောဘဝကို ပုံဖော်မိကာခဏခဏ အော်ရယ်နေလေသည်။ အနောက်ခြံတွင် ကြက်သွန်မြိတ်ခူးပြီး ပြန်လာသော ကုလျန်မင် သူမကိုကြည့်ပြီး သရဲတစ်ကောင်ကိုမြင်လိုက်ရသလို ထိတ်လန့်သွားသည်။

ကုလျန်မင် တံခါးဘောင်ကို မှီရင်း တခစ်ခစ်ရယ်နေသော ကျန်းထျန်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး ကျန်းထျန် မုန့်နှစ်ကို ဘာလုပ်ရန်ကြံရွယ်နေသည်လည်းဟု တွေးလိုက်သည်။

ကျန်းထျန် မုန့်နှစ်ကိုနယ်ရန် ကမ်းလှမ်းသည်မှာ ဒီအခွင့်အရေးကို အခွင့်ကောင်းယူ၍ နောက်တစ်ခါ မီးဖိုချောင်ကို ထပ်မဝင်ရန် အကြောင်းပြချက်အနေနှင့် သုံးမည်လား?

မဖြစ်နိုင်ပါ!

ကုလျန်မင် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ သူမ ကျန်းထျန်ကို ရူးသွပ်သူနှင့်တူအောင် မတွေးနိုင်ပါ။

အခုကျန်းထျန် လုပ်နေသည့်ပုံက ဂျုံအတွက် ကပ်ဘေးဖြစ်နေသည်။ သူမအမေလည်း တံမြက်စည်းကို ကျန်းထျန်ဘက် လှည့်လိုက်မည်ဟု သူမယုံကြည်သည်။

ကုလျန်မင် ချောင်းဟန့်လိုက်ပြီး ကြက်သွန်မြိတ်ကို ယူလိုက်ကာ စင်နီတုံးသို့ သွားလိုက်သည်။ ကျန်းထျန်မသိခင် ကုလျန်မင် ခေါင်းစောင်းပြီး မုန့်နှစ်ကိုကြည့်လိုက်ရာ လုပ်တာလွဲနေသည်ကိုတော့ မတွေ့ပေ။

"ခေါက်ဆွဲဆုပ်နယ်ပြီးရင် ကြွေထည်ထဲ ထည့်ထားလိုက်ရင်ရပြီ။ ညီမ ငါးစွပ်ပြုတ်လုပ်ဖို့ မီးမွှေးလုပ်မယ်"ကုလျန်မင် ကြက်သွန်မြိတ်တွေကို စီလိုက်ပြီး အရှည်အပိုင်းများဖြစ်အောင် ဓါးဖြင့် ပိုင်းလိုက်ရင်း ထပ်ပြောလိုက်သည်။ "ဘဲဥတွေ ယူပေးပါဦး။ ၂လုံး ၃လုံးလောက်"

ကျန်းထျန် ဝယ်လာသော ဘဲဥများမှာ ကြီးသည်။ သုံးလုံး လေးလုံးလောက် ကြော်လျှင် လောက်ငှသည်။

နေ့လည်စာအတွက် ဘဲဥ ကြက်သွန်မြိတ်မွှေ‌ကြော်နှင့် ငါးဂေါ်ဖီချဥ်ဖြစ်သည်။ သို့သော် ဒီနှစ်မျိုးပဲ စား၍ မရပါ။ ထို့ကြောင့် ကုလျန်မင် သခွားသီးတစ်လုံး၊ ခရမ်းချဥ်သီးတစ်လုံးနှင့် သကြားရောထားသည်ကိုတစ်မျိုး၊ သခွားသီး အချဥ်နှင့် ပဲရောထားသည်က တစ်မျိုး ဟင်းပွဲများကုန်လျှင် စားဖို့ ထပ်လုပ်ရန်ပြင်လိုက်သည်။

သူမသာ ထိုသို့ကြိုက်သည်မဟုတ်ပေ။ ရှောင်းဝူ ရှောင်းလျိုနှင့် ကျန်းထျန်လည်း သဘောကျသည်။ ကျန်းထျန်အများကြီး လုပ်ပေးသည့်အတွက် ဆုချသည့်အနေနှင့်လည်းဖြစ်သည်။

ကုလျန်မင် ကြက်သွန်မြိတ်များကို ပန်းကန်တွင် ပုံလိုက်ပြီး အချဥ်များကို ဆက်ဖြတ်လိုက်သည်။

ကျန်းထျန်် ကုလျန်မင်က မုန့်နှစ်က အဆင်သင့်ဖြစ်ပြီပြော၍ အဖုံးဖုံးလိုက်ပြီး ကြောင်အိမ်ထဲက ဘဲဥများကို သွားယူလိုက်သည်။

ကြောင်အိမ်ထဲက ဝါးခြင်းတွင် ဘဲဥ၁၂လုံးရှိသည်။ တလုံးမှ မ‌ယူရသေးသည့်ပုံပင်။ ကျန်းထျန် ဘဲဥခြောက်လုံး ရေတွက်လိုက်သည်။ ကုလျန်ရုန်က ၈ခုမြောက်အဖွဲ့က ဦးလေးကို ခြောက်လုံးပို့ပေးရမည်ဖြစ်၍ ကျန်ခြောက်လုံးကို အိမ်တွင် စားနိုင်သည်။ ကုလျန်မင်က ၃ ၄လုံးယူရန်ပြောပြီး ၄လုံးစားလိုက်လျှင် ညအတွက် ၂လုံးသာ ကျန်တော့မည်။ ထို့ကြောင့် ကျန်းထျန် ဘဲဥ၃လုံး ကြက်ဥ၂လုံးသုံးရန် ဆုံးဖြတ်လိုက်သည်။

ကြက်ဥ ဘဲဥများကို ဘေးစင်တွင်တင်လိုက်ပြီး ကျန်းထျန် ရေနှင့်ဆေးလိုက်သည်။ ထို့နောက်ဘေစင်နှင့်ခေါက်၍ ခွဲလိုက်ပြီး ပန်းကန်လုံးကြီးထဲ ထည့်ကာ ဆားဖြူး၊ တူနှင့် နာရီလက်တံပုံစံ မွှေလိုက်ပြီး အဝတ်ဖြင့်ဖုံးထားလိုက်ကာ ကုလျန်မင် လာယူသည်ကိုစောင့်လိုက်သည်။

ကျန်းထျန် အားလုံးပြီးသွားသောအခါ ဘာမှလုပ်စရာမရှိတော့သဖြင့် ထိုင်ခုံတွင်ထိုင်ပြီး ကုလျန်မင် အသီးအရွက် လှီး၊ မီးမွှေးကာ အလုပ်ရှုပ်နေသည်ကို ကြည့်နေလိုက်သည်။

ကျန်းထျန် မီးကူမွှေးပေးရန် ကူညီချင်ပေမယ့် ကုလျန်မင်၏ ကောင်းမွန်စွာ ငြင်းခြင်းကို ခံလိုက်ရသည်။ ဒါက ကုလျန်မင် စားဖိုမှုးတစ်ယောက်အနေနှင့် လျို့ဝှက်ချက်ဖြစ်ရမည်ဟု ကျန်းထျန်တွေးလိုက်သည်။

ကုလျန်မင် ဟင်းချက်သည့် လှုပ်ရှားမှုများမှာ သေသပ်နေပြီး ကုန်းလိုက်ကာ မီးဖိုထဲ ထင်းတစ်စထပ်ထပ်ထည့်ပြီး ထင်းစပြန်ထုတ်လိုက်နှင့် အလျင်မလိုဘဲ ဆက်တိုက်လုပ်နေသည်။ အိုးထဲ အသီးအရွက်ဆီထည့်လိုက်ပြီး ဂျင်း ကြက်သွန်နီ ငရုတ်ကောင်းထည့်ကာ ငါးအသားလွှာများကို ကြော်လိုက်သည်။ စွပ်ပြုတ်မှာ နို့‌အဖြူရောင်ဖြစ်သည်။

ကျန်းထျန် အနံ့ခံလိုက်ရင်း ငါးက သက်ရှင်ဆေးရည်စားမိ၍ ဆီလောင်းလိုက်သည်နှင့် မွှေးရသည်လားဟု စဥ်းစားနေမိသည်။

တံခါးဖွင့်သံ ပိတ်သံကြား၍ ရွှီကျင်းဖန်နှင့် ကုလျန်ရုန် အလုပ်မှ ပြန်လာသည်ဖြစ်မည်။

ကျန်းထျန် မီးဖိုချောင်တံခါးသို့ သွားလိုက်ပြီး ခေါင်းပြူကြည့်ကာ "‌အမေ ပြန်‌ရောက်ပြီပဲ" ဟု ရွှီကျင်းဖန်ကို နှုတ်ဆက်လိုက်သည်။

အသံကိုကြား၍ ရွှီကျင်းဖန် ခေါင်းလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ "ထျန်ထျန်၊ နေ့လည်စာ ဘာလုပ်နေတာလဲ? အနံ့အရမ်းမွှေးတယ်" ပြောပြီး မီးဖိုချောင်သို့ ရွှီကျင်းဖန် သွားလိုက်သည်။

"ဘဲဥမွှေကြော်၊ ငါးဂေါ်ဖီချဥ် လုပ်ထားတယ် အမေ၊ သမီး အမေ့ဖို့ ရေထည့်ပေးမယ်!" ကျန်းထျန် ‌မြန်မြန် ရေနွေးအိုးမှ ရေကို မြန်မြန်ထည့်လိုက်ပြီး ရွှီကျင်းဖန်ဝင်လာသည်နှင့် ကမ်းပေးလိုက်သည်။ "အမေ၊ ရှောင်းမင် ခဏနေ ချက်ပြီးတော့မယ်"

မနက်ပိုင်းအလုပ်ရှုပ်ပြီးနောက် ရွှီကျင်းဖန် တကယ်ပင် ရေဆာနေပြီဖြစ်၍ ရေပန်းကန်လုံးကို တကျိုက်တည်းသောက်လိုက်ပြီး နေ့လည်စာကိုမေးလိုက်သည်။ "ငါးဂေါ်ဖီချဥ်က ဘာလဲ?"

ကုလျန်မင် ပန်ကိတ် လုပ်နေကာ အိုးအောက်ခြေကဟင်းမှာ ငါးအသားလွှာဖြစ်သည်။ အစပ်နံ့က သူမကို သရေယိုစေသည်။ ကုလျန်မင် ရှင်းပြလိုက်သည်။ "အဲ့ဒါက အချဥ်စိမ်တွေနဲ့ ငါးအသားလွှာ၊ ချဥ်ချဥ်စပ်စပ်ထုံထုံလေး"

ရွှီကျင်းဖန် အနံ့ကိုရှုကြည့်လိုက်ရင်း တကယ်ပင် ချဥ်စပ်လောက်သည်ဟု တွေးလိုက်သည်။

မီးဖိုချောင် တံခါးမှ ခေါင်းတစ်လုံးထွက်လာပြီး "ရှောင်းမင် ဟင်းချက်တာ အဆင်သင့်ဖြစ်ပြီလား? တတိယ အစ်ကို လာကူပေးရဦးမလား?"ကုလျန်ရုန်လည်း အနံ့ကြောင့် ရောက်လာခြင်းဖြစ်သည်။

ကုလျန်မင် ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။ "မလိုတော့ဘူး။ ငါးအချဥ်စိမ် ပန်ကိတ်က နောက်ဆုံးအိုး။ ကြက်သွန်မြိတ် ဥမွှေကြော်၊ ဟင်းအေး၂ခွက်ကတော့ အဆင်သင့်ဖြစ်နေပြီ။ တတိယ အစ်ကို ပင်မအခန်းကို ယူသွားပေးပါ။ နေ့လည်စာ တစ်ခါတည်း စားကြမယ်!"

ရွှိကျင်းဖန် အင်္ကျီလက်ကိုတင်လိုက်ပြီး ကူလုပ်ပေးရန်ပြင်လိုက်သည်။ သူမ ပြုံးကာ ပြောလိုက်သည်။ "အမေတို့ မနေ့က အသားနှပ်စားရပြီးတော့ ဒီနေ့ ငါးဟင်းစားရတယ်။ အမေတို့မိသားစု ပိုပြီး အခြေအနေကောင်းလာပြီ"

ကုလျန်ရုန် ရွှီကျင်းဖန်ကူလုပ်နေသည်ကို တားလိုက်သည်။ "အမေ နားနေ။ ကျွန်တော်လုပ်လိုက်မယ်"

ရွှီကျင်းဖန်လည်း ကျန်းထျန်ကိုပြောစရာရှိသည်ဖြစ်၍ သူမကို ထောင့် သို့ခေါ်သွားလိုက်သည်။ "ထျန်ထျန်၊ အမေ တတိ‌ယ ကလေးကို ငါး၂ကောင်နဲ့ ဘဲဥနည်းနည်း သမီးတို့ဦးလေးအိမ်ပို့ပေးမလို့။ သမီးတို့ဦးလေးက အမေတို့ မိသားစုကို အများကြီးကူညီထားတာ။ သမီးတို့အဖေဆုံးပြီး ကျီကျွန်းနဲ့ လျန်ရှန်ရော ဆုံးသွားတော့ သမီးတို့ဦးလေးက အကုန်ဂရုစိုက်ပေးပြီး လိုက်လုပ်ပေးတာ။ အမေတို့မိသားစုမှာ အစားကောင်းရှိတော့ သမီးတို့ဦးလေးအိမ်ပို့ပြီး စားကြည့်စေချင်တယ်"

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့အမေ။ ရှောင်းမင်ပြောထားလို့ သမီး ဘဲဥတွေဖယ်ထားပြီး ခြင်းထဲထည့်ပေးထားတယ်။ ငါးတွေလည်း ရှိတယ်။ သမီးတို့အိမ်မှာ ငါးတွေအများကြီး ရှိတာပဲ။ သမီးတို့လည်း ကုန်နိုင်တာမှမဟုတ်တာ။ ပိုပေးလိုက်မယ်"

ရွှီကျင်းဖန် ကျန်းထျန် လက်ကိုပုတ်လိုက်ပြီး ပြောလိုက်သည်။ "သမီးက လူကောင်းဆိုတာ အမေသိတယ်။ ဒီကို ရောက်ခါစဆိုတော့ သမီးနေသားမကျသေးတာ။ အချိန်ကြာလာပြီဆို အမေတို့မိသားစုက ဆက်ဆံရပြေတာ သမီးသိပါလိမ့်မယ်။ လျန်ရွှမ်က နည်းနည်း အေးစက်စက်နိုင်ပေမယ့် သူ သမီးကို တန်ဖိုးထားတာ အမေသိတယ်။ သူ သမီးကို မပျော်အောင်လုပ်ရင် သမီး အမေ့ကိုပြော အမေ သူ့ကိုဆုံးမလိုက်မယ်။ ရှောင်းမင်က သိပ်စိတ်မရှည်တတ်ဘူး ပြီးတော့ စကားကိုတည့်တိုးကြီးပြောတတ်ပေမယ့် စိတ်ကောင်းတော့ရှိပါတယ်။ လျန်ရုန်က သမီးကို မရီးတစ်ယောက်လို လေးစားပါတယ်။ သမီး နောက် လိုတာရှိရင် သူ့ကိုလုပ်ခိုင်း။ အမွှာအငယ်လေးတွေအတွက်ကတော့ အမေ သမီးကို သေချာရှင်းပြမယ်"

ကျန်းထျန်က သူမနှင့် ရင်းနှီးပေမယ့် အမွှာအငယ်လေး၂ယောက်ကြောင့် သူတို့နှင့် ပိုစိမ်းကားသွားသည်ဟု ရွှီကျင်းဖန်ခံစားရသည်။ "လျန်ရှန်က အမေ့ရဲ့ ပထမဆုံးသမီး။ သူမက အိမ်ထောင်ကျ၊ ကလေးတွေမွေးပြီးနောက် ငယ်ငယ်ရွယ်ရွယ် ဆုံးသွားရှာတာ။ အမေ အမေ့ဘဝမှာ သူမကို အချစ်ဆုံးပဲ။ ဒါကြောင့် သူမကလေး၂ယောက်ကိုလည်း အမေစောင့်ရှောက်ပေးရမယ်။ ဒါပေမယ့် ဒါကြောင့် သမီး အမေတို့နဲ့ ဝေးသွားတာကိုလည်း အမေမဖြစ်စေချင်ဘူး။ "

"အမေသိပါတယ်။ ဘယ်သူမှ ကိုယ့်ကလေးမဟုတ်ရင် မွေးချင်ကြမှာမဟုတ်ဘူး။ အမေလည်း သမီးကို ဂရုမစိုက်ခိုင်းပါဘူး။ အမေ အခုကျန်းမာရေး ကောင်းသေးတယ်။ နှစ်နည်းနည််းထပ်ပြီး အလုပ်လုပ်နိုင်သေးတယ်။ အမွှာအငယ်လေးတွေ ကျောင်းတက်ရင်လည်း သူတို့အဖေအတွက်ရတဲ့ ထောက်ပံ့ငွေ ရှိသေးတယ်။ ကလေးတွေကို ကြည့်ဖို့ ရှောင်းဝူနဲ့ ရှောင်းလျိုရှိတယ်။ သမီးက ဒီအတိုင်း အကြီးတစ်ယောက်လိုသာ နေရုံပဲ။ သမီးနဲ့ လျန်ရွှမ် အဆင်ပြေဖို့ အမေမျှော်လင့်တယ်"

ရွှီကျင်းဖန် လျန်ရှန်ကို အရမ်းချစ်ပေမယ့်လည်း လျန်ရှန်ကလေးတွေကြောင့် အကြီးဆုံးသားမိသားစုဘဝကို နှောင့်ယှက်မိသလို လုပ်၍လည်း မဖြစ်ပါ။

ကျန်းထျန်သာ မူလကျန်းထျန်ဆိုလျှင် ထိုစကားများအတွက်သူမသဘောမှာ ဂရုမစိုက်မည်က ၃၀ရာခိုင်နှုန်း၊ စက်ဆုတ်သည်က ၃၀ရာခိုင်နှုန်း၊ ဝတ်ကျေတန်းကျေက ၄၀ရာခိုင်နှုန်းဖြစ်မည်။ သို့သော် အခုကျန်းထျန်မှာ အချိန်ကူးပြောင်းပြီး ရောက်လာသော ကျန်းထျန်ဖြစ်သည်။

ဒီပိန်ပိန်ပါးပါးအမျိုးသမီးက လွန်ခဲ့သော၈နှစ်သူမခင်ပွန်း ဆုံးပြီးကတည်းက ကလေး၆ယောက်ကို တစ်ကိုယ်တည်း ပြုစုပျိုးထောင်၍ ကျောင်းသို့လည်းပို့ကာ ကလေးတွေ ဘဝကောင်းမွန်အောင် သူမအတတ်နိုင်ဆုံး ကြိုးစားပေးသည်။

သူမ စကားများကို ဂရုစိုက်တတ်သာလူတွေသာ ခံစားနိုင်သည်။ အထူးသဖြင့် ယခုကျန်းထျန်အတွက် ရင်ထဲက လာသောစကားများဟု ခံစားရသည်။

ကျန်းထျန် အရင်ဘဝက သူမမိဘများ စောစီးစွာ ဆုံးပါးသွား၍ သူမအဘွားနှင့် နေရသည်။ သူမအဘွားမှာ အလယ်တန်းကျောင်းဆရာမဖြစ်ပြီး သူမဘဝရည်မှန်းချက်က ကလေးတွေကို စာသင်ပေးရန်‌ဖြစ်၍ သူမမြေးကိုတော့ သိပ်ဂရုမစိုက်နိုင်ပေ။ ထို့ကြောင့် ကျန်းထျန် ဒီလိုမိဘမေတ္တာကို ခံစားရသည်က ရှားသည်။

ကျန်းထျန် ခဏမျှတိတ်ဆိတ်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "အမေ၊ သမီး နားလည်ပါတယ်"

All Chapters