အခန်း (၁၅)
Vol. 2 Ch. 15
ကျန်းထျန် ကုတင်ပေါ်တွင် လှဲနေပြီး မျက်လုံးများဖွင့်ကာ ခေါင်မိုးကိုကြည့်နေသည်။
ခုနက ကုမိသားစုပြောသော သူမစိတ်ထဲတွင် အလွန်အရေးကြီး၍ သူမ ၃စက္ကန့်လောက်ပင် မနေနိုင်လောက်အောင် ဖြစ်သွားသည့်ကိစ္စမှာ အခုကျန်းထျန်စိတ်ထဲ အရေးမကြီးတော့ပေ။
အခု သူမစိတ်ထဲ ပိုအရေးကြီးသည့်မေးခွန်းမှာ - ဒီနေ့ည ညစာပင်ဖြစ်သည်။
သူမ နေ့လည်က ပန်ကိတ်သိပ်မစားပေမယ့် သူမ ငါးဟင်းပန်းကန်လုံးတစ်ဝက် စားခဲ့သည်။ ငါးမှာ လတ်ဆတ်ပြီး နူးညံ့သည်။ စွပ်ပြုတ်မှာ ပူပြီး ချဥ်ကာ အရသာအလွန်ရှိသည်။
သို့သော် သူမ ငါးဟင်းနှင့် ပန်ကိတ်က မလိုက်ဖက်ဟု ခံစားရသည်။ ငါးဟင်းနှင့် ထမင်းသာ ပိုလိုက်ဖက်၍ ပိုအရသာရှိသည်။
သို့သော် ကုမိသားစုတွင် သူမဝယ်လာခဲ့သော ဆန်ချော ပေါင်၂၀သာ ရှိသည်။ ထိုဆန်မှာ အမွှာအငယ်လေး၂ယောက်အတွက် ဆန်ပြုတ်လုပ်ရန်ဖြစ်ပြီး သူမစားဖို့ ထမင်းအဖြစ်ချက်ရန်မှာ မဖြစ်နိုင်ပါ။
သူမက ဘယ်လိုတောင် သနားဖို့ကောင်းလဲ!!
ဒီခန္ဓာကိုယ် အဆီသိပ်မရှိ၍လားမသိ။ အခု သူမ အသားကို အရမ်းတမ်းတနေလေသည်။သူမ မနေ့ညကအသားနှပ်မစားခဲ့ရသည့်အတိုင်း ငါးနှင့် ဝက်သားက သူမစားချင်စိတ်ကို မလျော့ကျစေပါ။
မဖြစ်သေးဘူး။ ကျန်းထျန် အလန့်တကြား ထထိုင်လိုက်ပြီး သူမ နေ့လည်တွင် တစ်ယောက်တည်း အပြင်ထွက်ရန် အချိန်ရှာရမည်။ မပြန်ခင် သူမဘာသာ ထပ်စားရမည်။
ကျန်းထျန် ပြန်လှဲလိုက်ပြီး ထပ်တွေးလိုက်ပြန်သည်။ သူမဘာသာ နေရာလွတ်မှ စားစရာများစား၍ ရပေမယ့် ဒါက ရေတိုဖြေရှင်းနည်းသာ ဖြစ်သည်။
တော်ကြာ အချိန်ကြာလာလျှင် ကုမိသားစုမှာ တုတ်ချောင်းလို ပိန်ပါးပြီး သူမက ဖြူဖွေး ဝတုတ်နေလိမ့်မည်။ အပြင်လူများအတွေးကို ဂရုမစိုက်လျှင်တောင် ကုမိသားစုက တစ်ခုခု သံသယဝင်လိမ့်မည်။
အတူတူစားလျက်သားနှင့် သူမတစ်ယောက်တည်း ဘာလို့ပိုဝနေသနည်း!!!? ဟု ပြောကြမည်ဖြစ်သည်။
ကျန်းထျန် လက်သည်းများကို ကိုက်လိုက်ပြီး သူမတွင် စက်ဘီးမရှိသည်ကို စိတ်ညစ်နေသည်။ ၆ခုမြောက် ထုတ်လုပ်ရေးအဖွဲ့က မြို့နှင့်တော်တော်ဝေးသဖြင့် သူမသာ မြည်းလှည်းမစီးဘူးဆိုလျှင် မြို့သို့ရောက်ရန် သူမ မနက်မှ မွန်းတည့်ထိ လမ်းလျှောက်သွားရမည်ဖြစ်သည်။ သို့သော် အဖွဲ့က မြည်းလှည်းက ၁၀ရက်လောက်မှ တစ်ခါထွက်သဖြင့် သူမ ထိုသို့ကြာကြာမစောင့်နိုင်ပါ။
ပြီးတော့ မြည်းလှည်းကို စီးရသည်ကလည်း အဆင်မပြေပါ။ ရွာသားများက မကောင်းသည့်သူများမဟုတ်ကြသော်လည်း သူတ််ို့က သူမ အထုပ်ကြီး အထုပ်ငယ်သယ်လာသည်ကို မြင်လျှင် ကောလဟာလဖြန့်ကြမည်မလား?
မနေ့ကလို တောင်တက်၊ မြစ်ကိုသွား၍ လမ်းတွင် အမှတ်မထင် တွေ့ခဲ့သည်ဆိုပြီး သူမနေရာလွတ်မှ ထုတ်ယူရမည်လား?
အဲ့လိုလုပ်ရသည်မှာလည်း ကန့်သတ်ချက်များစွာ ရှိသည်။ ပြီးတော့ ထုတ်၍ရသော ပစ္စည်းအနည်းငယ်သာရှိသည်။
သို့ပေမယ့် အခုက ဒီလိုသာလုပ်၍ရသည်။
အဖွဲ့က မြည်းလှည်းနှင့် ပို့ပေးမည့်ရက်မှာ ဆယ်ရက်ကျော်ကျန်သေးသည်။ ကျန်းထျန် အနားတစ်ဝိုက်ပတ်ကြည့်၍ စက်ဘီးငှား၍ ရမလား ရှာကြည့်ရမည်။
တွေးရင်း ကျန်းထျန် မှေးခနဲ အိပ်ပျော်တော့မလိုဖြစ်ရာ တံခါးက ကျွီခနဲ ပွင့်လာသည်။ ကျန်းထျန် အလန့်တကြား မျက်လုံးဖွင့်ကြည့်လိုက်ပြီး တံခါးသို့ လှည့်ကြည်လိုက်သည်။
ရွှီကျင်းဖန် ဝှီးချဲကို တွန်းရင်း ကုလျန်ရွှမ်ကို အခန်းထဲပို့ပေးခြင်းဖြစ်သည်။
"အမေ စားလို့ပြီးပြီလား?" ကျန်းထျန် သူမမျက်လုံးကို ပွတ်ရင်း ကူရန် ထလိုက်သည်။
သူမ ထလာသည်ကို ရွှီကျင်းဖန်မြင်၍ အမြန်ပြောလိုက်သည်။ " သမီး ဆက်အိပ်နေလို့ရပါတယ်"
ကျန်းထျန် ခေါင်းခါလိုက်သည်။ ကုလျန်ရွှမ် ဝှီးချဲပေါ်မှ အိပ်ရာပေါ်သို့ သွားရမည်ဖြစ်သဖြင့် တစ်ယောက်ယောက် ကူပေးမှ ရမည်ဖြစ်သည်။
ရွှီကျင်းဖန် ကုလျန်ရွှမ်ကို တွန်းပေးပြီး၍ လှည့်ကာပြန်ဖို့ပြင်လိုက်သည်။ သူမ တံခါးနားရောက်နေစဥ် အိပ်ရာမှထလာသော ကျန်းထျန် ဝှီးချဲကို တွန်းသည်ကို မြင်လိုက်သည်။
အိပ်ရာမှထလာ၍ သေချာသတိမဝင်သေးသော ကျန်းထျန်က ကုလျန်ရွှမ်ကို ကုတင်အစွန်းသို့ ရောက်အောင်ဝှီးချဲကိုတွန်း၍ ပို့လိုက်သည်။ သူလက်လှုပ်လိုက်သည်ကိုမြင်၍ သူ့ကို သယ်ပေးရန်ပြောသည်ဟု ထင်၍ ကျန်းထျန်သက်ပြင်းချလိုက်ကာ ခါးကုန်းလိုက်ပြီး လက်တစ်ဖက်က ကုလျန်ရွှမ်ဂျိုင်းအောက်၊ တစ်ဖက်က သူ့ဒူးခေါင်းအောက်ထားလိုက်ပြီး ခါးပြန်ဆန့်လိုက်၍ ဝှီးချဲကို နောက်သို့ပို့ပြီး အဝေးသို့ကန်လိုက်ကာ ၂လှမ်းလောက်ထပ်လှမ်းလိုက်ပြီး ကုလျန်ရွှမ်ကို ကုတင်ပေါ်တင်ပေးလိုက်သည်။
ကုလျန်ရွှမ် - ?!
အခန်းက တိတ်ဆိတ်သွားလေသည်။
ကုလျန်ရွှမ် ကြောင်သွားသည်။ သူ ကုတင်အစွန်းတွင်ဆိုလျှင် ဝှီးချဲမှ သူ့ကိုယ်ကို သူ့ဘာသာထလိုက်ပြီး ကုတင်ပေါ် လက်နှစ်ဖက်ထောက်ရင်း ထိုင်လိုက်လို့ရသည်။ ဘာလို့....ကျန်းထျန်က သူ့ကိုပွေ့ချီသွားရသည်နည်း?
ကုလျန်ရွှမ် သူ့မျက်နှာကို ပွတ်လိုက်ပြီး ပေါင်ကိုလည်း အားပြင်းပြင်းနှင့် ဆိတ်ကြည့်လိုက်ပြီး နာမှ သူအိမ်မက်မက်နေခြင်း မဟုတ်မှန်း သေချာသွားသည်။
ကျန်းထျန်က အလွန်သန်မာသည်လား?
သူ့ကိုယ်ကို ဝှီးချဲမှ ကုတင်ပေါ်ထိ မပြီး မောခြင်းမရှိဘဲ ခြေ၂လှမ်းလောက်သွားသည်။ ဘာဖြစ်တာလဲ?
ကုလျန်ရွှမ် သူ့ကိုယ်သူ သံသယဝင်သွားသည်။ သူအခုတလော စားတာနည်းသွားလို့လား? ဒါမှမဟုတ် ခုန နေ့လည်စာစားတုန်းက ပန်ကိတ် ၈ ခု စားလိုက်လို့လား?
ကျန်းထျန် ပြန်လှည့်လိုက်ပြီး ရွှီကျင်းဖန်ကို အမူအရာနှင့် ပြောရန်ပြင်လိုက်စဥ် ရွှီကျင်းဖန် အော်သည်ကို ကြားလိုက်သည်။ "အိုး အမေ့ရေ!"
ရွှီကျင်းဖန် မျက်လုံးများပြူးပြီး ပါးစပ်အဟောင်းသားနှင့် ဖြစ်ကာမျက်လုံးများက ကုလျန်ရွှမ်ကို ကြည့်လိုက် ကျန်းထျန်းကိုကြည့်လိုက်နှင့် မယုံနိုင်ဖြစ်နေသည်။ "ထျန်...သမီး...ခုနက သမီးလား?"
ကျန်းထျန်လည်း အော်သံကြောင့် ခေါင်းနည်းနည်းကြည်သွားပြီး သူမလုပ်လိုက်မိသည်ကို သတိရသွားပြီး အရှက်ပြေ ၂ခါလောက်ရယ်ကာ ပြန်ဖာထေးလိုက်သည်။ " အမေ သမီးတို့ စားတာ အာဟာရလိုတယ်။ ကြည့်။ သမီးတောင် ပိန်သွားတယ်။ သမီး တကယ်က ပို မ နိုင်တာကို။ သမီး ဝက်သားထပ်စားပြီး အားဖြည့်ရမယ်လို့ စဥ်းစားမိတယ်"
သူမမိသားစုက ၂ရက်ဆက်တိုက် အသားငါးစားရသဖြင့် ဟင်းမကောင်းဟု ဘယ်သူမှ ပြောရဲမည်မဟုတ်ပါ။ သို့သော် ကျန်းထျန် ရပ်နေသေးသည်ကို မြင်၍ ရွှီကျင်းဖန် မနည်းပြုံးလိုက်ရပြီး ကူပြောပေးလိုက်သည်။"ဟုတ်တယ်။ အမေတို့ ဟင်းမကောင်းဘူး" ရွှီကျင်းဖန်ပြောပြီးပြီးချင်း အခန်းမှ ထွက်ရန်ပြင်လိုက်စဥ် တံခါးဝတွင် ကုလျန်မင် ကြောင်တောင်တောင်နှင့် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်သည်။
ကုလျန်မင် ပန်းကန်လုံးသယ်လာပြီး ရွှီကျင်းဖန်ကို ညနေ မည်သည့်ဟင်း ပြင်ရမည်ကို မေးချင်၍ လာသည်နှင့် အခုမြင်ကွင်းကို မတော်တဆတွေ့လိုက်ရသည်ဖြစ်သည်။
ကုလျန်မင် ကိုယ်တိုင် ကျန်းထျန်ခွန်အားကို တွေ့ဖူး၍ ကျန်းထျန်သန်မာသည်ကို သိသော်လည်း ကျန်းထျန်က ပေါင်၁၅၀ရှိသော သူမအကိုအကြီးဆုံးကို မ နိုင်မည်ဟုထင်မထားပါ။
ရွှီကျင်းဖန် ကုလျန်မင်လက်ကို ဆွဲလျက် အခန်းထဲမှထွက်သွားကာ သူမနောက်မှ တံခါးကိုလည်း နားလည်စွာဖြင့် ပိတ်သွားသည်။
သူတို့ မီးဖိုချောင်သို့ ရောက်သည်ထိ ရွှီကျင်းဖန် အလွန်အံံ့သြနေတုန်းဖြစ်သည်။ ထျန်ထျန်က အလွန်အားရှိမည်ဟု သူမ မထင်ထားပေ။ တတိယမြောက်ကလေးထက်ပင် သန်မာသည်။
သူမအသက် ၃၇ တွင် သူမ ကျန်းမာရေးကောင်း၍ များများလည်း စားနိုင်သည်။ တစ်နေ့လျှင် အဖွဲ့တွင် အလုပ်အမှတ် ၁၀မှတ်မှ အမှတ်ပြည့်၁၂မှတ်ထိ ရနိုင်သည်။ သူမ ကိုယ်တိုင် မပြောနှင့်။ တတိယ ကလေးပင်လျှင် ကုလျန်ရွှမ်ကို သူတစ်ယောက်တည်း အိပ်ရာပေါ် မတင်နိုင်ပါ။ သို့သော် ထျန်ထျန်အတွက်တော့ အလွန်လွယ်ကူသည်လား?
ဒါကိုတွေးမိ၍ ရွှီကျင်းဖန် ကျန်းထျန်ကို သနားသွားသည်။ ကျန်းထျန်သာ ရွှီကျင်းဖန် အခုတွေးနေသည်ကို သိလျှင် အံ့သြမည်ဖြစ်သည်။ သူမကသန်မာသည်ကို ဘာကြောင့် သနားနေရသနည်း? ဒီအတွေးအခေါ်က လုံးဝမှားနေသည်။
သို့သော် ရွှီကျင်းဖန်ကတော့ ထိုသို့တွေးသည်ဖြစ်သည်။
ရွှီကျင်းဖန် ငယ်စဥ်ကတည်းက စာတတ်သည်။ ကျေးရွာတွင် ရေးနိုင်ဖတ်နိုင်သည့် ရှားပါးသည့်လူတစ်ယောက်ဖြစ်သည်။
သူမမိသားစုမှာ ဆင်းရဲသော လယ်သမားမိသားစုဖြစ်သည်။ သူမမိဘများ စောစီးစွာ ကွယ်လွန်သွား၍ သူမ အစ်ကိုအကြီးဆုံးနှင့် သူမက တစ်ယောက်ကိုတစ်ယောက် မှီခိုရင်း ကြီးပျင်းလာကြသည်။
ထိုအချိန်က ၈ခုမြောက်အဖွဲ့တွင် ပညာတတ်တစ်ယောက်ရှိသည်။ ထိုသူမှာ အသက်အတော်ကြီးပြီး ရွာမှကလေးများကို ရေးတတ်ဖတ်တတ်စေရန် သင်ပေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။
သူမ အစ်ကိုအကြီးဆုံးက ထိုပညာတတ်ကို ထင်းများအလကားပေးရာ ပညာတတ်က သူမ အစ်ကိုအကြီးဆုံးကို ဘာလိုချင်လဲဟု မေး၍ သူမ အစ်ကိုအကြီးဆုံးက ပညာတတ်နှင့် စာသင်ချင်သည်ဟုဖြေလိုက်သည်။
တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် စာသင်သည်က အတူတူဖြစ်၍ ရွှီကျင်းဖန်မှာ ဒီလိုနှင့်စာသင်ဖြစ်သွားပြီး ရေးတတ်ဖတ်တတ်သွားသည်။
သူမ ထိုပညာတတ် စုဆောင်းထားသည့် ပုံတိုပတ်စပေါင်းစုံကိုဖတ်ဖူးပြီး ထိုအထဲတွင် ထျန်ထျန်ကဲ့သို့သူများ ပါသည်။
သူမ ကလေးဘဝက ပုံပြင်အနေနှင့် ဖတ်ပြီး အခု နှစ်အများကြီး ကြာမှ သူမမျက်လုံးနှင့် ကိုယ်တိုင်မြင်ရမည်ဟု မမျှော်လင့်ထားပါ။
ဒီလို ထူးခြားသည့်လူက သူမ၏ ချွေးမကျန်းထျန်လား?
ရွှီကျင်းဖန် အံ့သြပြီးမှ သူမ သဘောပေါက်သွားသည်။ ထျန်ထျန် အားအများကြီးရှိရက်နှင့် အလုပ်ကောင်းကောင်း မလုပ်နိုင်သည်မှာ မထူးဆန်းတော့ပါ။ ထျန်ထျန် လက်ထပ်ပြီး ဝမ်းနည်းနေကာ မပျော်ရသည်ကလည်း မထူးဆန်းပေ။ ထျန်ထျန် အသားများသကြားလုံးများ အမြဲစားချင်ရသည်မှာလည်း ထူးဆန်းသည်မဟုတ်ချေ။
ဒီနေ့တွေ့လိုက်ရပြီး သူမအရာအားလုံးနားလည်သွားသည်။
ကျန်းထျန် - ? အမေဘာနားလည်တာလဲ?
ရွှီကျင်းဖန် သူမငယ်စဥ်က စာအုပ်ထဲတွင် ဖတ်ဖူးသည်။ ထူးခြားသည့် လူတစ်ယောက်က တစ်နေရာရာတွင် ကောင်းချီးပေးခံရလျှင် စွမ်းအားသို့မဟုတ် သက်တမ်းသုံးရသည်။ မဟုတ်လျှင် ကောင်းကောင်းသုံး၍မရ။ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ပစ္စည်းကောင်းများလည်းလိုသည်။
သူမအမြင်အရ ထျန်ထျန်ခွန်အားက စွမ်းအားသုံးရမည်။ မကြာခဏသုံးလျှင် ခန္ဓာကိုယ်ကို ပြင်းထန်သောဒဏ်များဖြစ်စေလိမ့်မည်။ ထို့ကြောင့် ပစ္စည်းကောင်းများနှင့် ပြန်အားဖြည့်ရမည်။ မဟုတ်လျှင် ထျန်ထျန် ပြန်လည်အားဖြည့်မတင်းနိုင်သဖြင့် မကြာမီ လဲမည်ဖြစ်သည်။
မဟုတ်ဘူး။ မဖြစ်ရဘူး!
ရွှီကျင်းဖန် အခန်းထဲပြန်ပြီး ကုတင်ပေါ်လှဲကာ သေချာစဥ်းစားနေလေသည်။ ကျန်းဦးလေးနှင့် ကျောင်းအဒေါ်က ထျန်ထျန်ကို သူမဆီ စိတ်ချစွာ ပေးခဲ့သည်။ လူကြီးများ တမလွန်တွင် စိတ်မအေးရမည့်အဖြစ်ကို သူမအဖြစ်မခံနိုင်။
အိမ်တွင် တစ်နေ့ ကြက်ဥ ၄လုံး ၅လုံးဥသော အနောက်ခြံက ကြက်၆ကောင်ကလွဲ၍ အိမ်တွင် တခြားကောင်းသည့်အရာမရှိပါ။ အရင်က သူမ သိမ်းထားပြီး ရောင်းရန် ကြံရွယ်ထားပေမယ့် အခု သူမ ထျန်ထျန်ကို တစ်နေ့၃လုံးကျွေးရန် စဥ်းစားထားသည်။ မနက် တစ်လုံးချက်၊ နေ့လည် ၂လုံးကြော်၊ ညကျ ထျန်ထျန်ကို သကြားညိုရည်ဖျော်တိုက်ရမည်။
ငါးကိုလည်း ဒီနေ့နေ့လည် စားသလို စား၍မဖြစ်ပေ။ ၃ရက် ၅ရက်ကြာလျှင် တစ်ကောင်ချက်ရမည်။ ရေများများထည့်ချက်၍ လူတိုင်း မျှစားကြရမည်။
ရှောင်းမင်လည်း ကြီးလာပြီ။ ရှောင်းဝူနှင့် ရှောင်းလျိုလည်း အနစ်နာခံ၍မဖြစ်ချေ။ နေ့တိုင်း နေပူထဲတွင် အလုပ်လုပ်ရသော တတိယကလေးလည်း စားရမှဖြစ်မည်။ အကြမ်းဖျင်းတွက်ချက်ကြည့်လျှင် အိမ်က စားစရာများကို အပြတ်ရှင်း၍လည်း မဖြစ်ပေ။
ပထမ၂လကုန်သွားပြီဖြစ်သဖြင့် ဒီနေ့ရက်တွက်ကြည့်လျှင် လျန်ရွှမ် အလုပ်ပြောင်းလျှောက်လွှာ ပြန်ကျလာတော့မည်။ လျန်ရုန် မြို့တွင် သွားအလုပ်လုပ်လျှင် ဂျူနီယာအလုပ်သမားများက ယွမ်၂၀ရပြီး လက်မှတ်အနည်းငယ်လည်း ရမည်ဖြစ်၍ မိသားစုလည်း နည်းနည်းသက်သာမည်။
တွေးမိသွားပြီး ရွှီကျင်းဖန် ထိုင်လိုက်ကာ ကုတင်ပေါ်မှဆင်းပြီးနောက် ကြမ်းပြင် အနောက်ဘက်ကစရေလျှင် ခြောက်တန်းမြောက်က တတိယမြောက် အုတ်ခဲကိုဖယ်၍ အထဲမှ သံသေတ္တာကို ထုတ်လိုက်သည်။
ဒါက မိသားစု နှစ်များစွာစုထားသည့်ပိုက်ဆံဖြစ်သည်။ အစက ကလေးတွေ အိမ်ထောင်ကျလျှင် အိမ်တစ်လုံးဆောက်ပေးရန်အတွက် ကြံရွယ်ထားသည်ဖြစ်သည်။ အိမ်တွင် ကိစ္စအများကြီး ဖြစ်ပျက်ပြီးနောက် သူမ အထဲမှ တစ်ချို့တစ်ဝက် ထုတ်ယူလိုက်ရပြီး အခု သူမ အရေးတကြီးသုံးရန်အတွက် ထပ်ထုတ်ရမည်။
ရွှီကျင်းဖန် ငွေလက်မှတ်များကို အရှေ့အနောက် ပြန်ရေတွက်လည်း တူတူပင်ဖြစ်သည်။ အပိုတစ်ရွက်ပင်ထွက်မလာ။
သူမ ပေါင်အနည်းငယ်လောက်ရမည့် အစားအစာလက်မှတ်၅ခုကို ထုတ်လိုက်သည်။ တွက်ကြည့်သောအခါ ပေါင်၃၀သာရှိ၍ မိသားစုစားရန်အတွက်ပင် မလုံလောက်ပါ။ ကံကောင်းစွာ မှောင်ခိုစျေးက တစ်ယောက်က တတိယမြောက်ကလေးကို ညဘက် မြို့သို့လာ၍ ဂျုံလာယူရန်ပြောသည်။
ကုလျန်မင် မျက်လုံးမှိတ်၍ နံရံကိုမျက်နှာမူလိုက်စဥ် သူမအမေ အုတ်ခဲကို ဆွဲထုတ်၍ သံသေတ္တာကိုဖွင့်ကာ ငွေများကို တစ်ရွက်ပြီး တစ်ရွက် သေချာရေတွက်နေသည်ကို ကြားလိုက်သည်။ ခါးသီးမှုများ သူမရင်ထဲ စုပြုံလာကာ မျက်ရည်ပူများက သူမမျက်လုံးထဲက ထွက်ကျလာသည်။
ကုလျန်မင် အသံမထွက်မိစေအောင် ငြိမ်နေပြီး မျက်ရည်များကို လက်နှင့် သုတ်လိုက်သည်။
သူမအဖေက လွန်ခဲ့သောနှစ်အနည်းငယ်က ဆုံးပါးသွားခဲ့သည်။ ထိုအချိန်က သူမအမေ ကိုယ်ဝန်နှင့်ဖြစ်ပြီး သူမ အစ်ကိုအကြီးဆုံးက အခုသူမအရွယ် ဆယ်နှစ်ကျော်ဖြစ်သည်။ မိသားစုတွင် ဝင်ငွေ အလုပ်အမှတ်လုံးဝနီးပါးမရှိပါ။ သူမ မိဘများစုထားသည့် ပိုက်ဆံများကို မှီခိုပြီး နေရခြင်းဖြစ်သည်။
မိသားစုဝင်အားလုံး စားဖို့ထိုင်စောင့်သလိုဖြစ်ကာ သူမအမေကို ကူညီနိုင်သည့်သူမှာ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်မသာဖြစ်သည်။ သူတို့ ဒီအတိုင်း နေကြရင်း နောက် သူမအစ်ကိုအကြီးဆုံး စစ်တပ်ထဲဝင်သွား၍ သူတို့မိသားစု လစဥ်ထောက်ပံ့ငွေ ရသဖြင့် မိသားစု ပိုအဆင်ပြေလာသည်။
သို့သော် အဆင်ပြေသည့်နေ့ရက်များ မကြာလိုက်ပါ။ အစ်ကိုအကြီးဆုံးနှင့် ဒုတိယမြောက်အစ်မ မတော်တဆများဖြစ်၍ အိမ်တွင် အရေးတကြီး ငွေသုံးရမည့်နေရာများ များပြားလာသည်။ ညတိုင်း ကုလျန်မင် ခဏနိုးသောအခါ သူမအမေ ကြမ်းပြင်တွင်ထိုင်ပြီး ငွေများရေတွက်ကာ သက်ပြင်းချသည်ကို ကြားရသည်။
မိသားစုက ငွေအနည်းငယ် ပြန်ရသော်လည်း ကုန်ကျသည်များကလည်း များသည်။
သူမအစ်ကိုအကြီးဆုံး ခြေထောက်ဒဏ်ရာအတွက်ဆေးလိုသည်။ အနာအရောင်ကျဆေးနှင့် တခြားဆေးများစွာလိုသည်။
နောက် ဒုတိယခဲအို ဆုံးပါးသွား၍ ဒုတိယအစ်မလည်း ကလေးမွေးပြီးနောက် ဆုံးပါးခဲ့သည်။ ထိုအချိန်က သူမအမေ ငိုနေကာ မျက်ရည်များ သုတ်နေသည့်အသံကို သူမ ညတိုင်းတရေးနိုးထစဥ် ကြားရသည်။ သူမ မနက်အိပ်ရာ ထချိန်တွင် သူမ သူမအမေ မျက်လုံးတွေနီရဲနေပြီး အဝေးသို့ ငေးကြည့်နေသည်ကို မြင်ရသည်။ သူမအမေပုံစံက တစ်ညလုံး အိပ်မထားမှန်းပေါ်လွင်နေသည်။
အမေနှင့် သမီးဆိုသည်မှာ ရင်ဘတ်ချင်းပိုနီး၍ ဒုတိယအစ်မကလည်း ဆုံးပါးသွားခဲ့စဥ် သူမအမေနာကျင်ခံစားရပြီး အခုသူမ အမေကို ဒီလိုတွေ့ရသောအခါ သူမလည်းနာကျင်ခံစားရသည်။
သူမကိုယ်သူမ ငယ်ရွယ်ပြီး ငွေမရှာနိုင်သေးသည်ကို မုန်းသည်။ သူမအမေကို လယ်အလုပ်မလုပ်စေချင်တော့ပါ။ ကုလျန်မင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်မွန်းကြပ်ကာ နာကျင်ပြီး ရင်တစ်ခုလုံးပူလောင်နေသည်။