ကောင်းကင်ဘုံကငါတို့ကို ကူညီနေတာပေါ့ကွာ
Vol. 27 Ch. 375
အခန်း (၃၇၅) ကောင်းကင်ဘုံကငါတို့ကို ကူညီနေတာပေါ့ကွာ
မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ စိတ်မကြည်လင်တော့ပေ။
ရန်သူက ရတနာပစ္စည်း၏ရောင်ဝါကိုသာမက လူသားအငွေ့အသက်ကိုပါ ထိန်းချုပ်ထားလိုက်ကြောင်း သူ ခန့်မှန်းမိသည်။
သို့သော် ယခုကဲ့သို့ သဲလွန်စမကျန် ပျောက်ကွယ်သွားခြင်းက မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သောကိစ္စပင်။
ပင်လယ်ရေနက်ထဲသို့ ရောက်ရှိသွားပါက မီးတောက်မိစ္ဆာများ၏ အာရုံခံနိုင်စွမ်းကို တားဆီးနိုင်သော်လည်း ချန်ဟွမ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ပင်လယ်ရေအောက် မိုင်ပေါင်းများစွာသို့ ရောက်ရှိနေဦးတော့ ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်ကိုရှာဖွေရန် မခက်ခဲပေ။
မီးတောက်မိစ္ဆာဘုရင်က သူ၏အာရုံခံနိုင်စွမ်းကို ကြီးမားသည်ပိုက်ကွန်ကြီးတစ်ခုပမာ နေရာအနှံ့သို့ ဖြန့်ကျက်လိုက်သည်။
ပတ်ဝန်းကျင် မိုးမြေတစ်ခွင်နှင့် ပင်လယ်ရေနက်အတွင်းပိုင်းရှိ သက်ရှိသတ္တဝါမျိုးစုံ၏ ပုံရိပ်များက သူ့မျက်စိရှေ့တွင် ထင်ဟပ်လာသည်။
ရန်ကျောက်ကဲက မီးတောက်မိစ္ဆာ ‘သောချီ’ ကို တိုက်ခိုက်ပြီး ဒဏ်ရာများစွာ ရရှိစေခဲ့သည်။
မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ က သောချီ၏ ဒဏ်ရာများမှတစ်ဆင့် ရန်ကျောက်ကဲ၏ အငွေ့အသက်ကို မှတ်မိနေခဲ့သည်။ ပင်လယ်ထဲတွင် ရန်ကျောက်ကဲတစ်ယောက်တည်းသာရှိသည်မဟုတ်သော်လည်း ရန်ကျောက်ကဲ၏ အငွေ့အသက်ကို အာရုံခံမိသည်နှင့် ချန်ဟွမ်က သူ့ကို ပိတ်ဆို့ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ယခုတော့ လက်စွပ်သာမဟုတ် ၊ ရန်ကျောက်ကဲသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။ မိုးမြေတစ်ခွင်တွင် တစ်ခုမကျန်သိမြင်နိုင်သော ချန်ဟွမ်၏စွမ်းရည်ဖြင့်ပင် ရန်ကျောက်ကဲ၏ အငွေ့အသက်ကို အာရုံခံနိုင်ခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်က သူ၏ အာရုံခံစွမ်းအားကို မည်သို့ ရှောင်တိမ်းနိုင်ပါမည်နည်း။
မီးတောက်မိစ္ဆာများအားလုံးက ဒေါသကြီးကြလေရာ မီးတောက်မိစ္ဆာဘုရင်များသည်လည်း ချွင်းချက်မရှိပေ။ ဤသည်က သူတို့မျိုးနွယ်၏ မွေးရာပါပင်ကိုယ်ဗီဇ ဖြစ်သည်။
သို့သော် ထိုသို့ဒေါသကြီးခြင်းကြောင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိဟု မဆိုလိုပေ။
မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ သည် ရန်ကျောက်ကဲတို့အုပ်စုကို လုံးဝရှာမတွေ့တော့ကြောင်း သိရှိလိုက်သည်နှင့် စိတ်ပျက်မှုနှင့်ဒေါသတရားကို ခံစားရသည့်အပြင် သူ့စိတ်ထဲ ပထမဆုံးပေါ်လာသည့်အတွေးက “ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်နိုင်သည်လား” ဟူ၍ ဖြစ်သည်။
အကယ်၍ ရန်ကျောက်ကဲနှင့်အတူ သိုင်းသူတော်စင်တစ်ယောက် ရှိနေမည်ဆိုပါက သူ၏အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ထားရန် ကူညီပေးနိုင်ပေလိမ့်မည်။
ဤသည်က လူသားများဘက်မှ အလစ်ချောင်းတိုက်ခိုက်ရန် ပြင်ဆင်ထားသော မြှားတစ်စင်း ဖြစ်နိုင်ပါသလား။
ဒေါသထွက်နေသည့်တိုင် ချန်ဟွမ်က ဖြစ်နိုင်ခြေများကို လျစ်လျူမရှုဘဲ စဉ်းစားလျှက်ရှိသည်။
သူ ဤနေရာသို့ တတ်နိုင်သမျှ အမြန်ဆုံးလာရောက်ခဲ့သည်။ မီးတောက်မိစ္ဆာဘုရင်တစ်ယောက်၏ အရှိန်အဟုန်က လျှင်မြန်လွန်းလေရာ ရန်ကျောက်ကဲအနေဖြင့် သူ၏အာရုံခံနိုင်စွမ်းနှင့် လွတ်ကင်းသောအဝေးတစ်နေရာသို့ ရောက်ရှိသွားရန် အချိန်အလုံအလောက် မရှိပေ။
သို့ပေသိ ချန်ဟွမ်က ရန်ကျောက်ကဲကို လုံးဝ ခြေရာခံမရခဲ့ပေ။
ထိုအချက်က သူ့ကို အလွန်စိတ်ပျက်စေသလို အမျက်ဒေါသများကိုလည်း ပြင်းထန်လာစေသည်။
***
ပင်လယ်ရေအနက်ရှိုင်းဆုံးတစ်နေရာတွင်တော့...
ရေခဲစက်ဝန်းတစ်ခုက ရေအောက်လျှို့ဝှက်ရေစီးကြောင်းများအတိုင်း တိတ်တဆိတ်မျောပါလျှက်ရှိသည်။ ထိုရေခဲစက်ဝန်းက ပင်လယ်ပြင်ထက်သို့ မြင့်တက်သွားမည့်အစား အောက်သို့သာ အဆက်မပြတ် နိမ့်ဆင်းသွားသည်။
ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့သည် ရေခဲစက်ဝန်းအတွင်းတွင်ရှိနေပြီး အပြင်ဘက်ရှိ ပင်လယ်ရေနက် မြင်ကွင်းများကို ကြည့်နေကြသည်။
သူတို့က ပင်လယ်ပြင်ထက်သို့ တစ်ချက်ပင် ခေါင်းမော့မကြည့်ကြသလို မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ၏ လှုပ်ရှားမှုများကိုလည်း အာရုံမစိုက်ကြပေ။
မီးတောက်မိစ္ဆာဘုရင်က သိုင်းသူတော်စင်တစ်ယောက်အဆင့်နှင့် ညီမျှလေရာ သူတို့၏အကြည့်တစ်ချက်ကိုပင် အာရုံခံနိုင်စွမ်းရှိပြီး သူတို့တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိသွားနိုင်ပေသည်။
“မီးတောက်မိစ္ဆာတွေကြောင့် ပင်လယ်ရေက အပူအအေးမမျှတတော့ဘဲ ပင်လယ်အောက်ရေစီးကြောင်းတွေကို ပိုပြီးပြင်းထန်မြန်ဆန်လာစေတယ် ၊ အရင်ကဆိုရင် ဒီလောက် မြန်မှာမဟုတ်ဘူး”
ရန်ကျောက်ကဲက အနည်းငယ်ခေါင်းညိတ်ရင်း တွေးလိုက်သည်။
အတွေးနှင့်အတူ ရန်ကျောက်ကဲက ရေခဲစက်ဝန်းကို သူ၏ကြယ်တာရာချီစွမ်းအားအသုံးပြုကာ ထိန်းချုပ်ထားသည်။
အားဟူကတော့ ရေခဲစက်ဝန်းကို ဖြစ်တည်လာစေသည့် သူတို့ပတ်ပတ်လည်တွင်ရှိနေသော ရေခဲစူးချွန်ကိုးခုကို စူးစိုက်ကြည့်နေသည်။
ရေခဲစက်ဝန်းမှတစ်ဆင့် ပတ်ဝန်းကျင်ပင်လယ်ရေ အပူအချိန်ကို ခံစားသိရှိနိုင်သည်။
ပင်လယ်ရေများ တဖြည်းဖြည်းအပူချိန်ကျဆင်းလာသည်ကို ခံစားမိသည်နှင့် သူတို့အုပ်စု မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ စွမ်းအားလွှမ်းခြုံထားသောနေရာဒေသနှင့် ဝေးကွာသွားပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိလိုက်သည်။
ရန်ကျောက်ကဲ တစ်ချက်ပြုံးလိုက်ပြီး အသံပို့လွှတ်စနစ်ဖြင့် အားဟူကို စကားဆိုလိုက်သည်။
“ငါတို့ အခုစကားပြောလို့ရပြီ ၊ ဆူညံသံတော့ မလုပ်နဲ့ဦး”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း ရိုးရှင်းစွာ ပြုံးလိုက်သည်။
“သခင်လေး... ဒီတစ်ခေါက်လှုပ်ရှားမှုကတော့ နတ်ဘုရားတစ်ပါးလို့ပဲ အရမ်းလန်းတယ်ဗျာ ၊ ဒါနဲ့ ... ဒီရေခဲစူးချွန်ကိုးခုက ဘာတွေလဲ”
ရန်ကျောက်ကဲက...
“ဒါတွေက အေးစိမ့်ချောက်နက်အရံအတားလုပ်ဖို့ ပစ္စည်းတွေလေ ၊ အပြည့်အဝ မသန့်စင်ရသေးလို့ သူတို့ရဲ့ အကျိုးသက်ရောက်မှု အစစ်အမှန်ကို ထုတ်ဖော်လို့မရဘူး ၊ ဒါပေမဲ့ ငါတို့ရှိတဲ့နေရာကို မီးတောက်မိစ္ဆာဘုရင် အာရုံမခံမိအောင် ဖုံးကွယ်ထားလို့တော့ ရတယ်”
သူက ဆက်ပြောသည်။
“အင်း... ဒါပေမဲ့ ဒီပစ္စည်းတွေက မီးတောက်မိစ္ဆာတွေ ဒါမှမဟုတ် မီးစွမ်းအားသိုင်းပညာတစ်ခုခိုကု လေ့ကျင့်ထားတဲ့ သိုင်းသမားတွေဆီက ခြေရာဖျောက်ချင်ရင်ပဲ အသုံးဝင်တာ ၊ တခြားသူတွေကိုတော့ ခြေရာဖျောက်လို့ မရနိုင်ဘူး”
ရန်ကျောက်ကဲက ပင်လယ်ပြင်ကို လှမ်းကြည့်ရင်း...
“ပင်လယ်ရေအောက်စီးကြောင်းတွေကလည်း အရမ်းမြန်နေတော့ မီးတောက်မိစ္ဆာဘုရင်နဲ့ဝေးရာကို မြန်မြန်ရောက်တာပေါ့ ၊ မဟုတ်ရင် ပင်လယ်ထဲမျောမသွားဘဲ တစ်နေရာတည်းမှာငြိမ်နေရင် အန္တရယ်များနိုင်တယ်”
သူတို့စကားပြောနေစဉ်မှာပင် သူတို့ထွက်ခွာလာသော ပင်လယ်ပြင်အဝေးတစ်နေရာမှ စွမ်းအားအတက်အကျများ ဖြစ်ပေါ်သွားသည်ကို ခံစားလိုက်ရသည်။
မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ဒေါသမထိန်းနိုင်တော့ဘဲ ရူးသွပ်လောက်သောစွမ်းအားများဖြင့် ပင်လယ်ပြင်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
အလစ်ချောင်းတိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရသည့်အခါ မီးတောက်မိစ္ဆာများ၏ပင်ကိုယ်ဗီဇအရ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အသေခံတိုက်ပွဲဝင်လေ့ ရှိကြသည်။
ထို့ကြောင့် သူက ရန်သူကိုမတွေ့သည့်အခါ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ သူ၏ကြီးမားသောစွမ်းအားဖြင့် ပင်လယ်တစ်ခွင်မှ အရာအားလုံးကို ဖျက်ဆီးပစ်ရန် စတင်တော့သည်။
ရန်ကျောက်ကဲကို ရှာမတွေ့သည့်အခါ ချန်ဟွမ်က သူ့မျက်စိရှေ့မှအရာအားလုံးကို ဖျက်ဆီးပြီး သူ၏ကြီးမားသောစွမ်းအားဖြင့် ဖုံးကွယ်ထားသောအရာမှန်သမျှကိုချေမှုန်းကာ ငါးကြီး ၊ ငါးလေးများနှင့် ပင်လယ်သတ္တဝါများအားလုံးကို သတ်ဖြတ်ပစ်နေတော့သည်။
ရန်ကျောက်ကဲနှင့် အားဟူအနေဖြင့် ချန်ဟွမ်၏ စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်းမသိသော်လည်း သူတို့နောက်တွင် ကျန်ခဲ့သောပင်လယ်ပြင်အဝေးတစ်နေရာမှ မြင့်တက်လာသောပင်လယ်လှိုင်းများကိုခံစားရင်း မီးတောက်မိစ္ဆာဘုရင် ဘာလုပ်နေကြောင်း ခန့်မှန်းနိုင်ကြသည်။
ဤသည်က အလွန်တရာမိုက်မဲသောနည်းလမ်း ဖြစ်သည့်တိုင် မီးတောက်မိစ္ဆာဘုရင်တစ်ယောက်က ကြမ်းတမ်းသောစွမ်းအားဖြင့် ဖိအားပေးတိုက်ခိုက်ခြင်းဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုသာ မူလနေရာတွင်ရှိနေပါက ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။
ယခုမူကား…
ချန်ဟွမ်က ပင်လယ်ပြင်ထက် အချိန်အတန်ကြာ သောင်းကြမ်းနေသည့်တိုင် ရန်ကျောက်ကဲ၏ခြေရာတစ်စကိုပင် ရှာမတွေ့ခဲ့ပေ။
သူ့မှာ ဒေါသများကြားမှ မအံ့သြဘဲလည်း မနေနိုင်ပေ။
ချန်ဟွမ်က သူ၏ တိုက်ခိုက်မှုကို အရှိန်မြှင့်လိုက်ပြီး ပတ်ဝန်းကျင်ပင်လယ်ဒေသတစ်ခုလုံးကို ပြောင်းဆန်အောင် ပြုလုပ်လိုက်သည်။
ရန်ကျောက်ကဲကိုရှာမတွေ့လေ သူ၏တိုက်ခိုက်မှုက ပိုမိုပြင်းထန်လေဖြစ်ရာ ကြီးမားသောအပျက်အဆီးများ ဖြစ်ပေါ်စေလျှက် ပင်လယ်အောက် ရေစီးကြောင်းများကို အရပ်ရပ်သို့ပျံ့နှံ့စေကာ ပိုမိုလျှင်မြန်လာစေသည်။
ပင်လယ်အောက်ရေစီးကြောင်းများက ရေခဲစက်ဝန်းကို တွန်းထုတ်လိုက်ရာ ဒေါသထွက်နေသည့် ကြောက်မက်ဖွယ်ရာ မီးတောက်မိစ္ဆာဘုရင်နှင့် ပို၍ပင် ဝေးကွာသွားခဲ့သည်။
ထို့ကြောင့် မီးတောက်မိစ္ဆာဘုရင်၏ အာရုံခံနိုင်စွမ်းက ပိုမိုရှုတ်ထွေးလာပြီး ရန်ကျောက်ကဲတို့အုပ်စုကို ရှာမတွေ့နိုင်တော့ပေ။
ပင်လယ်ပြင်တစ်ခုလုံး ပြင်းထန်သောစွမ်းအားများဖြင့် ပေါက်ကွဲထွက်စေသည့်တိုင် သူတို့အုပ်စုကတော့ လွတ်မြောက်နေဆဲ ဖြစ်သည်။
မီးတောက်မိစ္ဆာဘုရင်ချန်ဟွမ်၏ အမျက်ဒေါသက အလွန်အမင်းပြင်းထန်လာပြီး ဒေါသကို မည်သည့်နေရာတွင်ပေါက်ကွဲထွက်ရမည်မှန်း မသိတော့ပေ။
ရေခဲစက်ဝန်းထဲတွင်ရှိနေသည့်အားဟူမှာ မီးတောက်မိစ္ဆာဘုရင်၏အန္တရယ်မှ မည်သို့ရှောင်ထွက်လာနိုင်ကြောင်း တွေးမိသည့်အခါ အနည်းငယ်ကြောက်ရွံ့သွားမိသည်။ သို့သော် ရန်သူက သူတို့ကို ရှာမတွေ့နိုင်သည့်အတွက် အနည်းငယ် ဝမ်းသာမိ၏။
“မီးတောက်မိစ္ဆာဘုရင်တော့ သေလောက်အောင် ဒေါသထွက်နေတော့မှာပဲ ၊ သခင်လေးကတော့ တကယ့်ကို ဉာဏ်ကောင်းလွန်းတယ်ဗျာ”
ပန်ပန်က သူ့ဦးခေါင်းကြီးကို လှည့်လိုက်ပြီး ရန်ကျောက်ကဲမျက်နှာကို လျှာဖြင့်လျက်လိုက်သည်။
ရန်ကျောက်ကဲက ပန်ပန်၏ခေါင်းကို လက်ဖြင့်လှမ်းပုတ်ရင်း...
“သူက ဒီလက်စွပ်ကိုလိုချင်နေတော့ လက်စွပ်ပျက်ဆီးသွားမှာစိုးရိမ်လို့ အစပိုင်းမှာ အပြင်းအထန်မတိုက်ခိုက်ဘဲ အာရုံခံနိုင်စွမ်းအသုံးပြုပြီး ငါတို့ကို ရှာဖွေခဲ့တာ ၊ အဲဒါကြောင့် ငါတို့လွတ်အောင်ပြေးဖို့ အခွင့်အရေးရသွားတာပဲ”
သူက ဆက်ပြောသည်။
“ငါတို့နဲ့သူက သတ်မှတ်ထားတဲ့ နေရာတစ်ခုအထိ ဝေးကွာနေသရွေ့ သူ ဘယ်လောက် ဒေါသတကြီးတိုက်ခိုက်ပါစေ ငါတို့အတွက် ခြိမ်းခြောက်မှု မရှိဘူး ၊ အဲဒီအစား သူ ဒေါသတကြီးတိုက်ခိုက်လေ ပင်လယ်အောက်ရေစီးကြောင်းတွေ ပိုမြန်ဆန်လာလေဆိုတော့ ငါတို့ကို ပိုပြီးဝေးဝေးရောက်သွားအောင် ကူညီပေးနေသလိုပဲလေ”
အားဟူက...
“သခင်လေး... အခု ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှာ မီးတောက်မိစ္ဆာဘုရင်တစ်ယောက် ကျန်နေသေးတယ်နော် ၊ အဲဒီတော့ ကျွန်တော်တို့နောက်လိုက်နေတဲ့ မီးတောက်မိစ္ဆာဘုရင်က ကျွန်တော်တို့ကို ရှာမတွေ့ရင် ကျောက်စိမ်းပင်လယ်မြို့တော်ကို ပြန်သွားမှာပဲ”
ရန်ကျောက်ကဲက...
“ဟုတ်တယ် ၊ အဲဒါကြောင့် ငါတို့ ပေါ့လျော့လို့မရဘူး ၊ ငါတို့ကြားမှာ အကွာအဝေးတစ်ခုဖန်တီးပြီးရင် ဒီမီးတောက်မိစ္ဆာဘရင်ရဲ့ အာရုံစိုက်မှုပြန်ရအောင် နောက်တစ်ကြိမ် ကိုယ်ယောင်ထပ်ပြရဦးမယ်”
“ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဒီတစ်ခေါက်ကတော့ အန္တရယ်ပိုကြီးမှာ အမှန်ပဲ ၊ ငါတို့ကိုယ်ယောင်ပြလိုက်တာနဲ့ မီးတောက်မိစ္ဆာဘုရင် ပိုဒေါသထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အကြမ်းပတမ်း ဖျက်ဆီးပစ်လိမ့်မယ် ၊ ဒီတော့ ငါတို့ ချက်ချင်းခြေရာဖျောက်ရလိမ့်မယ်”
သူ့စကားဆုံးသွားသည်နှင့် သူတို့နောက်မှ စွမ်းအားလှိုင်းလုံးများ နောက်တစ်ကြိမ်မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး ဒီရေစီးကြောင်းများ ပိုမိုလျှင်မြန်လာကာ ရေခဲစက်ဝန်းကို ပို၍မြန်မြန်ဆန်ဆန် တွန်းထုတ်နေသည်။
ရန်ကျောက်ကဲ မနေနိုင်ဘဲ ရယ်မောလိုက်ရင်း...
“တွေးကြည့်ရင် ငါတို့က လှော်တက်မသုံးဘဲ လှေစီးနေရတာပဲ ၊ ရေစီးအတိုင်း မျောနေရုံပဲလေ ၊ အဟမ်း... ကောင်းကင်ဘုံက ငါတို့ကိုကူညီနေတာပေါ့ကွာ”