အခန်း (၁၆)
Vol. 2 Ch. 16
ရွှီကျင်းဖန် ထွက်သွားသောအခါ ကျန်းထျန်လည်း ကုတင်ပေါ် ပြန်လှဲလိုက်သည်။ ခဏကြာတော့ သူမဘေးမှ သူမကို စိုက်ကြည့်နေသော အကြည့်စူးစူးတစ်စုံကို ခံစားမိလိုက်သည်။ သူမခေါင်းလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှင် မနားသေးဘူးလား?"
ပြောသည်ကိုကြား၍ ကုလျန်ရွှမ် သတိမထားမိဘဲ ခေါင်းခါလိုက်သည်။ ခေါင်းခါပြီးမှ ကျန်းထျန် ပြောချင်သည်ကို သဘောပေါက်သွားသည်။ သူ လက်ကိုအားပြု၍ကိုယ်ကို လှည့်လိုက်ပြီး ကုတင်ပေါ်လှဲကာ ကျန်းထျန်ကို ကျောပေးလိုက်သည်။
အကြည့်စူးစူးကို မခံစားတော့၍ ကျန်းထျန် စောင်ကို ဆွဲခြုံလိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။ စက္ကန့်ပိုင်းကြာသောအခါ သူမ ချွေးထွက်လာ၍ စောင်ကို ပြန်ဆွဲချကာ စောင်ကို ဖက်ပြီး ပြန်အိပ်လိုက်သည်။
အချိန်ကြာပြီး ကျန်းထျန်ပြန်အိပ်မောကျတော့မည့် အချိန်တွင် ကုလျန်ရွှမ်အသံ အခန်းထဲတွင် ထွက်လာသည်။ "ကိုယ်..ကိုယ့်ဘာသာ ထလို့ရတယ်"ကျန်းထျန် မျက်လုံးပွင့်လာပြီး သူမ အိမ်မက်မက်နေသည်ဟုထင်ပြီး "အိုး"ဟုပြန်ဖြေပြီးနောက် ပြန်အိပ်ပျော်သွားသည်။
ကုလျန်ရွှမ် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူပြောပြီးနောက် ခေါင်မိုးကိုကြည့်ရင်း ကျန်းထျန််ပြန်ပြောမည်ကို စောင့်နေလိုက်သည်။ ကျန်းထျန်က ဘာမှသေချာမပြောသဖြင့် သူ့ကို ယောင်နေသည်ဟုထင်သွားသည်လား၊ သူမ သေချာကြားသည်လားတောင် မသိပေ?
သူခေါင်းလှည့်ကြည့်လိုက်သောအခါ ကျန်းထျန် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။
ကုလျန်ရွှမ် - ....
ကုလျန်ရုန် ၈ခုမြောက်အဖွဲ့က ရွှီဦးလေးအိမ်သို့ ခြင်းတစ်လုံးနှင့် သွားလိုက်သည်။ သူရောက်သောအခါ ဦးလေးမှာ နေ့လည်စာစားပြီး၍ အနားယူတော့မည်ဖြစ်သည်။
တံခါးပွင့်နေသည်ကို မြင်၍ ကုလျန်ရုန် တံခါးကို ဖွဖွလေး ၂ကြိမ်လောက် ခေါက်လိုက်သည်။
အကြီးဆုံးဝမ်းကွဲ ရွှီကျန့်ကောက အသံကိုကြား၍ ကြည့်လိုက်ရာ တံခါးအဟကြားမှ လူကို သေချာမြင်လိုက်သည်။ သူ တံခါးကို မြန်မြန်ဖွင့်လိုက်ပြီး အံ့သြစွာ မေးလိုက်သည်။ "ဒီအချိန်ကြီး ဘယ်လိုရောက်လာတာလဲ? နေ့လည်စာရော စားပြီးပြီလား?"
"စားပြီးပြီ။ အိမ်မှာချက်ထားတဲ့ ငါး အချဥ်စိမ်" ကုလျန်ရုန် သူ့လက်ထဲက ခြင်းကို ကမ်းပေးလိုက်ပြီး အိမ်ထဲဝင်လိုက်သည်။ ခြံထဲကြည့်လိုက်သောအခါ တစ်ယောက်မှ မမြင်သဖြင့် အသံတိုးတိုးနှင့် မေးလိုက်သည်။ "ဦးလေး အိပ်သွားပြီလား?"
"အိပ်နေပြီ" ရွှီကျန့်ကော ပြန်ဖြေလိုက်ပြီး ခြင်းကိုကိုင်ရင်း မေးလိုက်သည်။ "ဒီထဲမှာ ဘာတွေလဲ? အဒေါ် မင်းကို ဒီယူလာခိုင်းတာလား?"
"အထဲမှာ ငါး၅ကောင် ဘဲဥ၆လုံးရှိတယ်" ကုလျန်ရုန်က ခြင်းအပေါ်တွင် အဝတ်စတစ်စအုပ်လာသည်။ အဝတ်စကို ဖယ်လိုက်ပြီး ပြောလိုက်သည်။ "ငါးက အစ်ကိုအကြီးဆုံး ကျွန်တော်လာခါနီးလေးပဲ သတ်ပေးလိုက်တာ။ ဆားနည်းနည်းထည့်လိုက်ရင်ရပြီ"
"ဒီငါးကို ငါးအချဥ် လုပ်လို့ရတယ်။ အရိုးဖယ်ပြီးသား ငါးအသားလွှာပါးပါးလေးတွေထဲ ငါးညှီနံ့ပျောက်အောင် ဝိုင်၂စက်လောက်ချ။ ပြီးရင် ကြော်၊ စမုန်စပါးထည့် ဂေါ်ဖီချဥ်ထည့် အချဥ်စိမ်များများထည့်။ ပြီးရင် ပန်ကိတ်နဲ့စားလို့ရပြီ။ ချဥ်ချဥ်စပ်စပ်ထုံထုံ။ အရသာအရမ်းရှိတယ်။"
ကုလျန်ရုန် ပြောရင်း သူအခုလေးတင်စားခဲ့ရသော ငါးအသားလွှာအကြောင်း တွေးမိသွား၍ တံတွေးအသာမျိုချရသည်။ "ဘဲဥကနည်းတော့ နှပ်ဖို့တော့ မပြောဘူး။ အမေကတော့ တစ်ခါတည်း ကြော်စားလို့တော့ပြောလိုက်တယ်။ ကြက်သွန်နီ ကြက်သွန်မြိတ်ခူးပြီး ထည့်ကြော်ရင် အများကြီးရတယ်။ တစ်မိသားစုလုံး အကုန်စားလို့ရတယ်"
ရွှီကျန့်ကော ခြင်းထဲမှ ငါးများ ဘဲဥများကိုကြည့်ရင်း နေရာတွင် ကြောင်သွားကာ ဘာဖြစ်နေသည်ကို ဆက်တွေး၍မရတော့။ သူ ကုလျန်ရုန် တတွတ်တွတ်နှင့် ငါးအချဥ်လုပ်နည်းကို ပြောနေ၍ သူအံ့သြသွားသည်။ လုပ်နည်းကို သူမှတ်မိအောင် ကြိုးစားရင်း ကုလျန်ရုန်လက်ကို ဖမ်းကိုင်၍ မေးလိုက်သည်။ "တတိယ ညီ ဒါတွေ ဘယ်ကရတာလဲ?"
ကုလျန်ရုန် သူ့နောက်က တံခါးကိုပိတ်ရင်း ခေါင်းတစ်ခြမ်းပြန်လှည့်ကာ တိုးတိုးပြောလိုက်သည်။ "အကုန် ကျွန်တော့် မရီးယူလာတာ။ မနေ့က သူမ ရှောင်းဝူနဲ့ ရှောင်းလျိုကို ခေါ်ပြီး ထင်းသွားကောက်တယ်။ နောက် မြစ်ကို ပတ်ကြည့်တော့ ဒီပစ္စည်းတွေ ရလာတာ။ ငါးကလည်း ဝါးခြင်းအပြည့်ပဲ "
ကုလျန်ရုန် လက်ဟန်ခြေဟန်နှင့် ဆက်ပြောလိုက်သည်။ "ဦးလေးလုပ်သလို ဝါးခြင်းအကြီးလေ။ အိမ်က သစ်သားစည်ပိုင်း၂ခုနဲ့ ဘူးကြီးတစ်လုံးထဲ အပြည့်ပဲ"
"ကျွန်တော်် နေ့လည်စာပြန်မစားခင် ရှောင်းမင် ငါးအသားလွှာနဲ့ ဘဲဥကြော် လုပ်ထားတာ။ အမေက ကျွန်တော့်ကိို လုပ်နည်းပြောခိုင်းလိုက်တာ။ အကြီးဆုံးဝမ်းကွဲနဲ့ ဒုတိယ ဝမ်းကွဲကို ဦးလေးဖို့ ညစာချက်စေချင်လို့်။"
ရွှီကျန့်ကော ခေါင်းညိတ်လိုက်ပြီးနောက် ထစ်ထစ်ငေါ့ငေါ့နှင့် မေးလိုက်သည်။ "ဒါဆို ဒီငါးတွေကရော? အစ်ကိုတို့အိမ် တစ်နှပ်ထဲစားရင် မကုန်ဘူးလေ"
ကုလျန်ရုန် - "...ကျွန်တော် အကြီးဆုံးဝမ်းကွဲကို အကုန်ချက်ဖို့ပြောတာမဟုတ်ပါဘူး။ ၂ကောင်ကို ညစာချက်။ ကျန်တာတွေနဲ့ ငါးစွပ်ပြုတ်လုပ်လိုက်လေ။ ရှောင်းပေါင် အခုတလော ဖြည့်စွက်စာစားလို့ရပြီမလား?"
ရွှီကျန့်ကောလည်း တွေးမိသွား၍ ပြုံးလိုက်ပြီး ကုလျန်ရုန် ပုခုံးကို ပုတ်ကာ ချီးကျူးလိုက်သည်။ "မင်းက တကယ် ငါတို့မိသားစုက အထက်တန်းကျောင်းသားပဲ!"
ကုလျန်ရုန် သေချာရှင်းပြပြီး အိမ်သို့ ငါးဟင်းပြန်စားရန် အလျင်လိုနေသည်။ သို့သော် သူအိမ်ကထွက်လာစဥ်က နေမွန်းတည့် ချစ်ချစ်တောက် ပူနေသဖြင့် သူ့တစ်ကိုယ်လုံးချွေးအပြည့်ဖြစ်၍ သူ ရေတွင်းသို့ သွားလိုက်ပြီး ရေခပ်ကာ သူ့ကိုယ်ကို ဆေးကြောလိုက်သည်။
"အကြီးဆုံးဝမ်းကွဲ။ ကျွန်တော် ပစ္စည်းတွေပို့ပြီးပြီဆိုတော့ ပြန်တော့မယ်။ အဖွဲ့မှာလည်း နေ့လည်လုပ်စရာရှိသေးလို့"
ရွှီကျန့်ကော ခြင်းကို အဝတ်ပြန်ဖုံးလိုက်ပြီး အံ့သြစွာပြောလိုက်သည်။ "ဒါဆို အစ်ကို မင်းကို လိုက်ပို့ပေးမယ်လေ"
"ရတယ်။ နေ့လည်နားချိန်က တိုတယ်။ အကြီးဆုံးဝမ်းကွဲ နားနေပါ။ ဒီနေရာကလည်း ကျွန်တော်တို့အိမ်နဲ့ သိပ်မဝေးပါဘူး။ ကျွန်တော် ၁၅မိနစ်လောက်ဆို အိမ်ရောက်ပြီ" ကုလျန်ရုန် သူ့မျက်နှာကို သုတ်လိုက်ပြီး ပြန်ရန် ပြင်လိုက်သည်။
ရွှီကျန့်ကော မီးဖိုချောင်ကို ခြင်းအမြန်သွားထားစဥ် သူ ဒုတိယမြောက်ညီအခန်းကို ဖြတ်သောအခါ ပြတင်းပေါက်က ပွင့်နေပြီး ရွှီကျန့်ရယ် သန်းရင်း သူ့ကို မေးလိုက်သည်။ "အစ်ကို လျန်ရုန် ရောက်နေတာလား?"
"ဟုတ်တယ်။ အဒေါ်က လျန်ရုန်ကို အိမ်ဖို့ ငါးနဲ့ ဘဲဥတွေလာပို့ခိုင်းတာ။ အဖေ့အတွက် ငါတို့ကို ညစာချက်ခိုင်းထားတယ်"ရွှီကျန့်ကော ဆက်ပြောလိုက်သည်။ "လျန်ရုန်က အလုပ်ပြန်လုပ်ရမှာဆိုတော့ အိမ်အမြန်ပြန်သွားရမယ်။ အစ်ကို ခြင်းကို ရှင်းမလို့။ မင်း ထွက်လာဦး"
ရွှီကျန့်ရယ် သူအကိုအကြီးဆုံး၏ လက်ထဲက ခြင်းကို ကြည့်လိုက်သော်လည်း ငါး ဘဲဥများမမြင်ပါ။
သူ အမြန် ဖိနပ်ဝတ်လိုက်ပြီး အိပ်ရာပေါ်မှ ထလိုက်ကာ အိမ်က ဘီဒိုထိပ်ဆုံးက ဆီးသီးခြောက်၂ထုပ်ကို ယူလိုက်သည်။ သူ့ဇနီး ဝမ်ရှို့မေ သူမ သားကို လက်ဖြင့်ပုတ်သိပ်နေရင်း မေးလိုက်သည်။ "ရှင်ဘာလုပ်နေတာလဲ?"
ရွှီကျန့်ရယ် လှည့်ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။ "ကိုယ်တို့ အဒေါ်က လျန်ရုန်ကို အိမ်ဖို့ ငါးတွေ ဘဲဥတွေ ပို့ခိုင်းလိုက်လို့ ကိုယ် ဆီးသီးခြောက်လက်၂ဆုပ်စာနဲ့ ကြက်ဥ နည်းနည်း လျန််ရုန်ကို ပြန်ပေးလိုက်မလို့"
အဒေါ့်မိသားစုက လစဥ် ထောက်ပံ့ငွေ၃ခုရသည်ဖြစ်၍ အခြေအနေကောင်းသည်ဟုထင်ရသော်လည်း အခုနှစ်များတွင် အဒေါ်အိမ်တွင်ကိစ္စတစ်ခုပြီးတစ်ခုဖြစ်ပြီး ခက်ခဲနေ၍ အဒေါ်တို့ပေးသည်ကို ဒီအတိုင်းမယူနိုင်ပါ။ ဆီးသီးခြောက်နှင့် ကြက်ဥများက သေးငယ်လှသော်လည်း ဒါတွေက သူအကောင်းဆုံးတွေးလို့ရသည်များဖြစ်သည်။
ဝမ်ရှို့မေ မျက်နှာ မည်းသွားသည်။ ထပ်ပေးပြန်ပြီလား?
အဒေါ့်မိသားစု အိမ်လာပြီး ပြန်သွားလျှင် အမြဲ အိမ်ကပစ္စည်းကောင်းများ ပါသွားသည်။ အဒေါ့်မိသားစုက လက်ဖြန့်တောင်းသည့်သူများမဟုတ်ဘဲ သူတို့အိမ်က လိုလိုလားလားပေးချင်သည်ကို သူမ သိသော်လည်း သူမ တွေးကြည့်လျှင် မသက်မသာခံစားရဆဲဖြစ်သည်။
အိမ်ထောင်ကျသွားသည်က ဆယ်စုနှစ်ချီနေသော်လည်း အကိုအကြီးဆုံးနှင့် တူနှစ်ယောက် အခုချိန်ထိ ကူညီနေသည်ကို သူမ မကြားဖူးပါ။
တကယ့်ကို အံ့အားသင့်ဖွယ်ဖြစ်သည်။
သူမအိမ်က ထွက်လာစဥ်က သူမ အစ်ကိုများက သူမကို ဂရုတောင်မစိုက်ပါ။ သူတို့ ပစ္စည်းကောင်းရှိလျှင် သူတို့အိမ်ကိုသာ သတိရကြသည်။ သူမ မိဘများကတော့ သားများကိုသာ အမြဲချစ်သည်။ သူမလည်း သားရလာပြီဖြစ်၍ အရှုံးသမားအဖြစ် နေစရာမလိုတော့ချေ။
သူမ ရွှီအိမ်တွင် အိမ်ထောင်ကျပြီးနောက် သူမမိဘအိမ်နှင့် အဆက်အဆံသိပ်မရှိတော့ပေ။ သူမ မိဘများ အစ်ကိုများက သူမကို ကူညီသည်ဆိုသည်မှာ ဝေး၍ သူမမိဘအိမ် ခဏပြန်ချိန် ကြက်ဥ အနည်းငယ်ယူသည်ကိုတောင် သူမကို ဝေဖန်သည်ဖြစ်သည်။
ဒီလိုမျိုး နှိုင်းယှဥ်ကြည့်လျှင် ဝမ်ရှို့မေ သူမ ဒီလို စိတ်ကောင်းရှိသောအိမ်တွင် အိမ်ထောင်ကျ၍ ပျော်ရမည်လား သို့မဟုတ် အခုထိ အိမ်ထောင်ကျပြီးသော အဒေါ်အား ကူညီနေသည်ကို စိတ်တိုရမည်လား မသိတော့။
"ဘီဒိုဒုတိယထပ်မှာ သကြားညိုတစ်ထုတ်ရှိသေးတယ်။ ရှင် တစ်ဝက်ခွဲပြီး တတိယ ဝမ်းကွဲကို ပြန်ယူသွားဖို့ပြောလိုက်ဦး" ဝမ်ရှို့မေ သူမဘေးက ပိတ်စွယ်ယပ်တောင်ကို လေအေးရန် ခပ်လိုက်ရင်း ပြောလိုက်သည်။
ရွှီကျန့်ရယ် `ဟေး´ဟုပင် အသံထွက်သွားပြီး "ရှို့မေ၊ မင်း ရက်ရောလှချည်လား။ တစ်ခြားချွေးမသာဆို ထပ်ပေးဖို့ နေနေသာသာ။ ကိုယ့်ကို လက်သည်းနဲ့ကုတ်ပြီးပြီ။"
ပိတ်စွယ်ယပ်တောင် ခပ်နေသော ဝမ်ရှို့မေ၏ လက် ခေတ္တမျှရပ်သွားသည်။ သူမ မျက်လုံးပိတ်လိုက်ပြီး တစ်ဖက်လှည့်ကာ သူမနှုတ်ခမ်းများ တဖြည်းဖြည်းကွေးတက်သွားပြီးနောက် သူမအော်ရယ်မိသွားသည်။ "ဟုတ်ပါပြီ။ ရှင် မှတ်မိဖို့ပဲလိုတာပါ"
သူမ မသက်မသာဖြစ်ပေမယ့်လည်း မပေးချင်သည်ကတော့ မဟုတ်ပါ။ ပြီးတော့ အဒေါ်မိသားစုက တစ်ခါမှတောင်းသည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် အဒေါ်မိသားစုက ကောင်းသည်တစ်ခုခုရှိလျှင် သူတို့အိမ်ကို အမြဲသတိရသည်။
သူမ ရွှီမိသားစုတွင် အိမ်ထောင်ကျသည်မှာ ၇နှစ် ၈နှစ်ခန့်ရှိပြီ။ ကိစ္စတစ်ခုမှ မဖြစ်ခင် အဒေါ်မိသားစုက အကျိုးခံစားခွင့်များ လစာများရသောအချိန်တွင် အဒေါ်အိမ်က အချိန်တိုင်း သူတို့ဆီ အသားလက်မှတ်များနှင့် အဝတ်လက်မှတ်များ လာပို့ပေးလေ့ရှိသည်။
ကျေးရွာက လူတွေအတွက် အသားလက်မှတ်ဆိုတာ ဘယ်လိုတောင်ရှားသည်လဲ။ ဒီလို ပို့ပေးသည်ဆိုသည်က ဘယ်လိုတောင်ကြင်နာသည်လည်း။
ပြီးတော့ သူမ ရွှီမိသားစု ဒုတိယမြောက်သားကို လက်ထပ်စဥ်က သူမမိဘအိမ်က ဘာမှလုပ်မပေးပေမယ့် အဒေါ်အိမ်က သူမနှင့် ရွှီမိသားစု ဒုတိယမြောက်သားအတွက် အစိမ်းရောင်အဝတ်စကို ၁၂ပေကျော်ပို့ပေးပြီး စစ်ယူနီဖောင်းချုပ်ပေးသည်။ ဒီအကြောင်းကို တွေးမိတိုင်း သူမ အဒေါ်၏ ကြင်နာမှုကို မမေ့နိုင်ပါ။
ထို့ကြောင့် ရွှီမိသားစုနှင့် ကုမိသားစုက အချင်းချင်းကူညီသည်ဖြစ်သည်။
ပြီးတော့ သူမလက်ထပ်ထားသည့် သူမှာလည်း ဒုတိယမြောက်သားသာဖြစ်သည်။ ရွှီအကြီးဆုံးသား၏ ဇနီးကတောင် အဒေါ်မိသားစုကို ဘာမှမပြောပါ။
ဇနီးသည်၏ ခွင့်ပြုချက်ကြောင့် ရွှီကျန့်ရယ် ဒုတိယအထပ်က သကြားညိုကိုထုတ်လိုက်ပြီး ဘေးမှ ဆီစာရွက်ဖြင့် ထုပ်လိုက်သည်။ နောက် အခန်းထဲမှ ထွက်လာစဥ် မီးဖိုချောင်မှ အသံထွက်လာသည်။
"တတိယမြောက်ညီ ဒါယူသွား" ရွှီကျန့်ကော ခြင်းပြန်ပေးလိုက်သည်။ ရွှီကျန့်ရယ် ခြင်းကိုဖွင့်ကြည့်လိုက်ရာ ဆန်ပေါင်ဝက်နှင့် ကြက်ဥ ၁၂လုံးခန့်တွေ့လိုက်ရသည်။ သူလည်း သူယူလာသော သကြားညိုနှင့် ဆီးသီးခြောက်ကို ထည့်ပေးလိုက်သည်။
ကုလျန်ရုန်လည်း သူ လက်ဗလာနှင့် မပြန်ရမည်ကို သိသည်။ သူ ရွှီကျန့်ကော ကမ်းပေးသောခြင်းကို ပုံမှန်အတိုင်းယူလိုက်ပြီး အပေါ်က အဝတ်စကို ဖယ်ကြည့်ရာ ဆန်ထည့်ထားသော အိတ်ကိုမြင်၍ ပြန်ပေးလိုက်သည်။
" အကြီးဆုံးဝမ်းကွဲ ကျွန်တော်တို့ ဒါ အိမ်မှာ ရှိတယ်။ ကျွန်တော့်မရီး ဝယ်လာတာ။ ပေါင်၂၀ ၃၀လောက်ရှိတယ်ဆိုတော့ ပင်းပင်းနဲ့ အန်းအန်းစားဖို့ သိပ်ပူစရာမလိုတော့ဘူး "
ဒီလိုဆန်ကောင်းကို အမွှာအငယ်လေး၂ယောက်သာ စားနိုင်သည်။ စျေးကွက်ထဲက စားစရာစျေးနှုန်းက တက်နေသဖြင့် ကုလျန်ရုန် ဤဆန်ကို မယူနိုင်ပါ။
"မင်းမရီးဆိုတာ အဒေါ် အရင်တစ်ခါ ဒီအိမ်လာတုန်းကပြောတဲ့ ထျန်ထျန်ဆိုတာလား?"ရွှီကျန့်ကော အံ့သြသွားသည်။ သူ ကုအိမ်ကို ကုလျန်ရွှမ် မင်္ဂလာဆောင်သည့်နေ့က သွားပေမယ့် ချွေးမအသစ်ကိုတော့ မမြင်လိုက်ပါ။ နောက် အဒေါ်ပြောမှ ကြားဖူးသည်။
သူ အစက ကုလျန်ရုန်ပြောသည်ကို အမှတ်တမဲ့နားထောင်လိုက်ပေမယ့် အခု ဒုတိယမြောက်အကြိမ်မှ သူသတိထားမိသွားခြင်းဖြစ်သည်။ ထိုအခါမှ သူမေးလိုက်သည်။ "မင်းခုနက သူမ ငါးလည်းရလာတယ်လို့ ပြောလိုက်သေးတယ်မလား"
"ဘဲဥတွေလည်း ပါတယ်။ အကြီးဆုံးဝမ်းကွဲ ဆန်ကို အစ်ကို့ကလေး စားဖို့ပဲထားလိုက်ပါ" ကုလျန်ရုန် ပြောပြီး သူတို့ခြင်းထဲ ထပ်ထည့်ပေးမည်စိုး၍ ကုလျန်ရုန် တံခါးသို့ အမြန်ပြေးကာ သူတို့၂ယောက်ကို လက်ဝေ့ရမ်းနှုတ်ဆက်လိုက်ပြီး တံခါးကိုဖွင့်ပြီး ပြန်သွားသည်။
ကုလျန်ရုန် ပြန်သွားမှ ရွှီညီအစ်ကို၂ယောက်လည်း သူတို့ပစ္စည်းများကို မီးဖိုချောင်ထဲ ပြန်ထားလိုက်ပြီး ကိုယ့်အခန်းကိုပြန်သွားကြသည်။
ရွှီကျန့်ကော အခန်းထဲရောက်သောအခါ ဟွမ်မေရှားက ရှောင်းပေါင်ကို ချော့သိပ်နေသည်။ ဟွမ်မေရှား တံခါးဖွင့်သံကြား၍ ကြည့်လိုက်ပြီးမေးလိုက်သည်။ "တတိယဝမ်းကွဲ လာသွားတာလား?"
ရွှီကျန့်ကော ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ ကိုယ်တို့အဒေါ် သူ့ကို အိမ်ဖို့ ငါးနဲ့ ဘဲဥလာပို့ခိုင်းတာ" သူပြောပြီး အိပ်ရာသို့သွားကာ အိပ်နေသော ရှောင်းပေါင်ကို ကြည့်လိုက်သည်။ သူ ကလေးနှာခေါင်းကို လက်နှင့်ပွတ်သပ်ပြီးနောက် ခေါင်းကိုလှည့်၍ ပြုံးကာပြောလိုက်သည်။
"ငါး၅ကောင် ဘဲဥ၆လုံး။ အဒေါ်က ညစာအတွက် ငါးအသားလွှာချက်လို့ ပြောတယ်။ ကျန်တာကို စွပ်ပြုတ်လုပ်ပြီး တစ်အိမ်လုံးစားကြတဲ့။ မင်းလည်း ခန္ဓာကိုယ်အားပြန်ဖြည့်လို့ရအောင် ပိုသောက်လို့ရတယ်"
ဟွမ်မေရှား ခေါင်းညိတ်လိုက်သည်။ အဒေါ်မိသားစုက သူတို့နှင့် ဆက်ဆံရေးကောင်းသဖြင့် သူမ ဘာမှ သိပ်မပြောပေ။
ရွှီကျန့်ရယ်ဘက်တွင်တော့ သူအခန်းပြန်ရောက်ပြီး သူ့ဇနီးကို ပြောလိုက်သည်။"အစ်ကိုက ဆန်ပေါင်ဝက်နဲ့ ကြက်ဥ ၁၂လုံး ထုတ်ပေးတာ။ ကိုယ်တောင် အရမ်းအံ့သြသွားတယ်"
"၁၀လုံးထက်တောင်ပိုတယ်!"ဝမ်ရှို့မေလည်း အံ့သြသွားသည်။ "ကျွန်မတို့ အစ်ကိုကတော့ တကယ် ရက်ရောတာ!"
"ဟုတ်တယ်။ ပြီးတော့ ရှောင်းပေါင်စားတဲ့ ဆန်ချောကိုပေးတာ။ အစ်ကိုအကြီးဆုံးပဲ အဲ့လိုစေတနာရှိတာ" ရွှီကျန့်ရယ် လက်တစ်ဖက်နှင့် ယပ်တောင်ကို ပြင်းပြင်းခပ်ရင်း ဆက်ပြောလိုက်သည်။
"နောက် ကိုယ်မီးဖိုချောင်ထဲ ဝင်ပြီး ကြည့်လိုက်မှ အကိုအကြီးဆုံး ရက်ရောတယ်ဆိုတာက မထူးဆန်းတော့ဘူး။ ဘာလို့ထင်လဲ?"
"ဘာဖြစ်လို့လဲ?" ဝမ်ရှို့မေ အနားကပ်သွားပြီး မေးလိုက်သည်။
"အဒေါ်တို့ ပေးတဲ့ငါးက အရမ်းရှည်ပြီးတော့ ကိုယ်တို့မှာရှိတဲ့ အကြီးဆုံး ပန်းကန်ထက်တောင် ကြီးတယ်!" ရွှီကျန့်ရယ် သူ့လက်၂ဖက်စလုံးနှင့် အမူအရာလုပ်ပြသည်။
"ပြီးတော့ သာ့ပေါင်ရဲ့လက်သီးဆုပ်လောက်ကြီးတဲ့ ဘဲဥတွေရောပဲ!" သာ့ပေါင်ဆိုသည်မှာ ရွှီကျန့်ကော၏ သားအကြီးဆုံးဖြစ်ပြီး ဒီနှစ်တွင် အသက်၈နှစ်ရှိပြီဖြစ်သည်။ ထိုကလေးမှာ အလွန်သန်မာသည်။ သာ့ပေါင်က သူမကလေး ရှောင်းဟိုင်ထက် ၃နှစ်ပိုကြီးသည်။
ဝမ်ရှို့မေ မယုံနိုင်အောင်ဖြစ်သွားပြီး သူမ ဘာပြောရမည်ကို မသိတော့ပေ။ အဒေါ်က တကယ်စေတနာရှိတာပဲ။ ငါး၅ကောင်နှင့် ဘဲဥ၆လုံးတောင်ပေးသည်။
အံ့သြပြီးနောက် ဝမ်ရှို့မေ ထပ်မေးလိုက်သည်။ "ယောင်းမကရော ဘာပေးလိုက်လဲ?" သူမက ဒုတိယချွေးမဖြစ်၍ ပထမချွေးမကို ဦးစားပေးရမည်ဖြစ်သော်လည်း သူမ တစ်ခါတစ်ရံ ဒီလိုပြိုင်ပြီး နိုင်လျှင် ပြသာနာမရှိပါ။
ရွှီကျန့်ရယ် ခေါင်းခါလိုက်ပြီး "မရီးက ကလေးကို ချော့သိပ်နေတာနေမယ် မရီးထွက်မလာဘူး။ အစ်ကိုပဲ ထွက်လာတာ။ တတိယမြောက်ဝမ်းကွဲက ဆန်ကိုပြန်ပေးပြီးတော့ ကြက်ဥတွေကိုလည်း အကုန်ယူမသွားဘူး။မင်းပေးလိုက်တဲ့ ဆီးသီးခြောက်နဲ့ သကြားညိုကလည်းကောင်းပါတယ်။ တတိယ ဝမ်းကွဲယူလာတာတွေက အရမ်းရက်ရောမှန်း သိသာတယ်။ ကိုယ်တို့လည်း အစ်ကိုကောင်း မရီးကောင်းဖြစ်အောင် နေရအောင်။ ဝမ်းကွဲတွေကို ဒုက္ခခံခိုင်းလို့မဖြစ်ဘူး။ ကောင်းပေးရမယ်" ရွှီကျန့်ရယ် မေးခွန်းထုတ်သည့်ပုံစံဖြင့်ပြောလိုက်သည်။
ဝမ်ရှို့မေ ခေါင်းညိတ်လိုက်သည်။ " ဟုတ်တယ်။ ကျွန်မတို့ လုပ်ငန်းအဖွဲ့မှာလည်း မြစ်ကနေ မြောင်းတွေဖော်ထားပေမယ့် ကျွန်မတို့ ငါးများများစားစားတွေ့ရတာမဟုတ်ဘူး။ ၆ ခုမြောက်အလုပ်အဖွဲ့က မြစ်ကနက်ပြီး ဆောင်းတွင်းဆို ခဲနေတတ်တော့ ဘယ်သူမှ အရဲမစွန့်ရဲဘူး။ ရှင်ပြောတာ မှန်တယ်"
ပိုအရေးကြီးဆုံးက သူမခင်ပွန်းက သူမပေးလိုက်သည့်ပစ္စည်းများကို ကောင်းသည်ပြော၍ ဖြစ်သည်။ ဒါက ဝမ်ရှို့မေကို အလွန်ပျော်ရွှင်စေသည်။ တတိယညဝမ်းကွဲပြန်ပြီးမှ သူမခင်ပွန်း မီးဖိုချောင်ထဲသွားကြည့်သည်ကိုတော့ သူမ လုံးဝသတိမရပေ။