← Chapters

အပိုင်း (၁၈)

Vol. 2 Ch. 18

အပိုင်း (၁၈)

Vol. 2 Ch. 18

ကျန်းထျန် ထိုင်ခုံတစ်ခုကို ရွှေ့လိုက်ပြီး ကုလျန်ရွှမ်ညာဘက် စားပွဲတစ်ဖက်တွင် ထိုင်လိုက်သည်။

ထို့နောက် ကုလျန်ရွှမ်ကို မေးလိုက်သည်။ "ကျွန်မ မြို့မှာ အသိတွေရှိတယ်။ ကျွန်မ ပစ္စည်းတွေအများကြီး ဝယ်လို့ရနိုင်မှာ။ ရှင် အိမ်မှာ ဘာလိုလဲသိလား?"

ကုလျန်ရွှမ် ကျန်းထျန်ကို သံသယနှင့် ကြည့်လိုက်သည်။ "မင်းပြောတဲ့အသိဆိုတာ မင်းအဘိုးရဲ့သူငယ်ချင်းတွေလား?"

ကျန်းထျန် သူ့ကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။ "ရှင်က အရမ်းတော်တာပဲ! ဒါပေမယ့် ကံမကောင်းစွာနဲ့...."

ကုလျန်ရွှမ် နားမလည်နိုင်ဖြစ်သွားသည်။ ဒါဆို ဘယ်သူဖြစ်နိုင်လို့လဲ ဟု တွေးလိုက်သည်။

"ကျွန်မ သူငယ်ချင်းတစ်ယောက်ကို သိတယ်" ကျန်းထျန် တစ်ခါတည်း ရှင်းပြထားလိုက်သည်။ "အဲ့ဒါက ပိုက်ဆံပဲလိုတာ။ ကျွန်မ ပိုက်ဆံပေးရင် ပစ္စည်း ရောင်းတယ် "

ကျန်းအဘိုးဆုံးသွားပြီဖြစ်၍ ကုလျန်ရွှမ် မှန် မမှန် မေးရမည့်သူ မရှိတော့ပေ။ " လုံခြုံလိုလား? စိတ်ချရလို့လား?" ကုလျန်ရွှမ် စားပွဲပေါ်တွင် စာရွက်ကို ဖြန့်ရင်းမေးလိုက်သည်။ "မိသားစုက အဆင်ပြေပါတယ်။ မင်း အရဲစွန့်စရာမလိုပါဘူး။ ပြီးတော့ ကိုယ်လည်း မိသားစုအတွက် အသားအနည်းငယ် ဝယ်ပေးနိုင်ပါတယ် "

ကျန်းထျန် သူမမျက်နှာကို ကိုင်ရင်း စိတ်လှုပ်ရှားသွားသည်။ သို့သော် ကုမိသားစုက အလွန်ပျော်နေသည်လည်းမဟုတ်ပေ။ သူမ နေရာလွတ်မှ ပစ္စည်းများထုတ်ရန် နည်းလမ်းအမျိုးမျိုး စဥ်းစားကြည့်သည်။ ဒါက သူမ မိသားစုကို ဂရုစိုက်ချင်လို့လားဆိုလျှင်လည်း မဟုတ်ပါ။ သူမ၏ စားချင်စိတ်ကို ဖြည့်ဆည်းရန်အတွက်သာ။

ဝက်သားနှင့် ငါးသာမရှိဘူးဆိုလျှင် သူမ အချဥ်စိမ်၊ အရွက်စိမ်းများနှင့် ပန်ကိတ်များသာ စားရမည်ဖြစ်ပြီး အသားပါမည်မဟုတ်ပါ။

နေရာလွတ်တွင် အရာအားလုံးရှိသည်။ ကျန်းထျန် ဘယ်သူမှ မရှိသည့်နေရာတွင် သူမဘာသာ စားနိုင်‌သော်လည်း ရလာဒ်က အတူတူပဲဖြစ်သည်။ ကုအိမ်က လူများမှာ မအပါ။ မိသွားလျှင် သူမဘယ်လိုရှင်းပြရမည်နည်း?

ကုမိသားစုကို သူမနေရာလွတ်က ပစ္စည်းများ စားခိုင်း သုံးခိုင်းလျှင်လည်း သူမနှင့်တည့်နေလျှင််တော့ သူတို့ လျှောက်ပြောမှာ မဟုတ်ဘဲ သူမကို ဖုံးထားပေးမည်ဖြစ်သည်။

အရင်က သူမ မကြိုက်ခဲ့သော ပွားယူနိုင်သည့်စွမ်းအားလည်း ရှိသေးသည်။ သူမ လိုချင်လျှင် တစ်ခြားသူများကို ဂရုစိုက်စရာမလိုပါ။ အမျိုးသားဇာတ်ဆောင်မိသားစုအတွက်နှင့် ထိုပစ္စည်းများကို လဲလှယ်ရသည်က ဖြုန်းတီးသလိုဖြစ်သည်။

"အန္တရာယ်များပေမယ့် အဲ့ဒီလူက ကျွန်မနဲ့ ရင်းနှီးတယ်ဆိုတော့ ပစ္စည်းပြတ်မှာပဲ စိုးရိမ်ရတာပါ" ကျန်းထျန် ပြောလိုက်သည်။ ပစ္စည်းရသည့်အကြောင်း သေချာရှင်းပြ၍လည်းမရပါ။ မဟုတ်လျှင် ပိုပြသာနာကြီးနိုင်သည်။

"မင်းတကယ် သွားချင်တာလား?" ကုလျန်ရွှမ် မေးလိုက်သည်။

ကျန်းထျန် မတ်မတ်ထိုင်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "တကယ်သွားချင်တာ။ ကျွန်မ ထမင်းလည်းစားချင်တယ်" ပန်ကိတ်က စားလို့ရသော်လည်း တစ်ခါတစ်ရံစားလျှင်သာ စားနိုင်ပြီး အမြဲတမ်းတော့ မစားနိုင်ပါ။ သူမ ဆန်ကိုသာ အကြိုက်ဆုံးဖြစ်သည်။

ကုလျန်ရွှမ် မျက်နှာအမူအရာထူးဆန်းသွားသည်။ "......မင်း ဆန်ဝယ်ချင်တာလား?" ဒါက အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်သည်။ ချွီကျင်းခရိုင်က တောင်အရပ်တွင် တည်ရှိပီး ၆ ခုမြောက်အဖွဲ့တွင် စပါးခင်းများရှိသော်လည်း ဆန်က ဘယ်လောက်ကောင်းကောင်း ပြောင်းဖူးမှုန့်လောက် မသက်သာပါ။ ရွာသားများ တရုတ်နှစ်သစ်ကူးတွင်သာ ထမင်းနှင့် ဂျုံချောကို စားကြသည်။ ကုမိသားစုလည်း ထိုနည်းတူပင်ဖြစ်သည်။

ကျန်းထျန်က လက်မလျှော့သေးသည်ကို ကုလျန်ရွှမ် မြင်၍ ပြောလိုက်သည်။ "အခန်းထဲက သံသေတ္တာထဲမှာ ယွမ်၂၀၀ရှိ‌တယ်။ မင်း စျေးသွားရင် မင်း အဲ့ဒါ ယူသွား"

ထိုယွမ်၂၀၀ က သူ့အတွက် ဆေးဝယ်ရန် သိမ်းထားခြင်းဖြစ်သည်။ ‌ငွေအများကြီး ကုန်သွားသည့်တောင် ဘာမှမထူးခြား ကုမရမည့်ပုံပေါ်နေ၍ တစ်မိသားစုလုံးစားလို့‌ရအောင် စားစရာဝယ်သည်ကမှ ပိုကောင်းသေးသည်။

"အိုး ဒါဆို ကျွန်မ သိမ်းထားလိုက်ပါမယ်" တစ်နေ့က ယူပြီး ပြန်ထား‌လိုက်‌ပေမယ့် အခုသူမလက်ထဲ ပြန်ရောက်ပြန်ပြီ။ အဲ့ငွေက သူမလက်ထဲတွင်သာ နောက်ဆုံးရောက်မည့်ပုံနေမည်။

ကျန်းထျန် ထပ်မေးလိုက်သည်။ "အိမ်မှာ ဘာလိုလဲဆိုတာ ရှင် ကျွန်မကို မပြောရသေးဘူး"

"အဲ့ဒီလူမှာ တကယ်ပဲ အကုန်ရှိတာလား?" ကုလျန်ရွှမ် မေးသည်ကိုမဖြေဘဲ ပြန်မေးလိုက်သည်။

ကျန်းထျန် ခေါင်းခါကာ မျက်လုံးပြူးရင်း ပြန်ပြောလိုက်သည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ? လုပ်ငန်းသေးသေးလေးပါပဲ။ အကုန်ရနိုင်တယ်ဆိုရင် ခုလိုခရိုင်လေးမှာ ဘယ်ရောင်းမလဲ?"

"ဟုတ်ပါတယ်" ကုလျန်ရွှမ် အံဆွဲမှ ခဲတံတစ်ချောင်းထုတ်လိုက်ပြီး ပြောလိုက်သည်။ "ကားတော့ ဘယ်ရှိမလဲ"

ကျန်းထျန် - .....

သူက တကယ်ပြောရဲတာပဲ။ သူမနေရာလွတ်တွင် ကားမရှိပေမယ့် ကားထက် ‌ပိုစျေးကြီးသည့် အရာများစွာရှိသည်။

"ရှင် ဘာလုပ်မလို့လဲ? " ကုလျန်ရွှမ် စားပွဲပေါ်တွင် စာရွက်ဖြန့်နေသည်ကို ကြည့်ရင်း ကျန်းထျန်မေးလိုက်သည်။

လက်ထဲ ခဲတံတစ်ချောင်းကိုကိုင်ရင်း ကုလျန်ရွှမ် စာရွက်ပေါ်တွင် ‌မျဥ်းဖြောင့်တစ်ကြောင်းဆွဲလိုက်သည်။ "ကိုယ် ပင်းပင်းနဲ့ အန်းအန်းအတွက် တွန်းလှည်းလုပ်ပေးမလို့။ ကလေးနှစ်ယောက် အိမ်ထဲမှာပဲနေရတာ ၂လရှိပြီ။ အမြဲ အိမ်ထဲ နေလို့မရဘူးလေ။ ကလေးနှစ်ယောက် ခြံထဲထွက်လို့ရအောင် လုပ်ပေးချင်လို့"

နေပူစာလှုံလျှင် ကလေးအငယ်လေးတွေ ဖြစ်သဖြင့် တစ်ခြားသူတွေ ချီထား၍လည်း မပြေပါ။ အားနည်းပြီး ကလေး၂ယောက်ကို မနိုင်လျှင် ပြုတ်ကျမည်က စိုးရိမ်ရသည်။ တွန်းလှည်းသုံးသည်က အန္တရာယ်ကင်းသည်။

စာရွက်ပေါ်တွင် တစ်ကြောင်းပြီး တစ်ကြောင်းဆွဲ၍ပြီးသွားသော မျဥ်းများကို ကျန်းထျန်ကြည့်ရင်း ဒီလူက ဂရုစိုက်တတ်သားဟု တွေးလိုက်သည်။ သူမ စားပွဲပေါ် လက်ချောင်းများကို ခေါက်ရင်း ပြတင်းပေါက်ကို ငေးကြည့်လိုက်သည်။

ဝတ္ထုတွင် ကုမိသားစုဒုတိယမြောက်သမီးကုလျန်ရှန်၏ အမွှာသမီးနှစ်ယောက်ကို အဆုံးတွင် ကုလျန်ရွှမ်သာ ပျိုးထောင်ရပုံပေါ်သည်ကို သူမ သတိရသွားသည်။ သူ့ဇနီးကျန်းထျန်က ပိုက်ဆံများယူပြီး ဘယ်ရောက်သွားသည်ကိုမသိပေ။ သူလည်း ထပ်လိုက်မရှာပါ။ ကုမောင်နှမထဲတွင် ကုလျန်ရွှမ်က အမွှာလေးတွေကို စောင့်ရှောက်ရန် အသင့်တော်ဆုံးဖြစ်သည်။

"ပျင်းနေပြီလား?" ကျန်းထျန် ငေးကြည့်နေသည်မှာ အနည်းငယ်ကြာပြီပင်။ ကုလျန်ရွှမ် ပုံကြမ်းရေးဆွဲပြီးနောက် ကျန်းထျန် စားပွဲထောင့်စွန်းတွင် လှဲနေပြီး ငေးနေသည်ကိုမြင်၍ မေးလိုက်ခြင်းဖြစ်သည်။

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ကျွန်မ ဘာလုပ်ရမယ် မသိလို့" သူမ ဘက်ပြောင်းလိုက်ပြီး သူမခေါင်းကို လက်ပေါ်မှီရင်း မေးလိုက်သည်။ "ကျွန်မ အလုပ်သွားလုပ်သင့်လား?" အချိန်ကုန်ရန် တစ်ခုခုလုပ်ရမည်။

ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။ "မင်း မလုပ်နိုင်ဘူး"

ကျန်းထျန် - .... မိန်းမတစ်ယောက်က မလုပ်နိုင်ဘူးလို့ အပြောခံရတယ်လား? "ဘာလို့လဲ?"

"သာမန်လူတွေက လယ်အလုပ်ကို မလုပ်နိုင်ဘူး" ကုလျန်ရွှမ် ရှင်းပြလိုက်သည်။ အထူးသဖြင့် မြို့ကလူများ မလုပ်နိုင်ပါ။ ဆောင်းဦးလယ်ရိတ်သိမ်းချိန်တွင် ရွာက အသန်မာဆုံး ယောင်္ကျားသားများတောင် အသား၂လွှာလောက် ကွာကျလုနီးပါးဖြစ်သည်။

အဖွဲ့အနောက်ဘက်အခြမ်းက ထိုပညာတတ်လူငယ်များက မြို့မှလာသည်။ သူတို့ ပထမနေ့တွင် မြေကြီးပေါ်တွင် ထိုင်ပြီး ပေါင်းပင်များနှုတ်ရာ နောက်တစ်နေ့ အိပ်ရာကနေ မထနိုင်တော့ပေ။

ပေါင်းပင်နှုတ်ခြင်းဆိုသည်မှာ အဖွဲ့တွင် လုပ်ခအနည်းဆုံးရပြီး အသက်သာဆုံး အလုပ်ဖြစ်သည်။ ဒါက မြေကြီးကို ပေါက်ပြားနှင့် တူးဆွရသကဲ့သို့ဖြစ်သည်။ သို့သော် ရွာသားများ အတွေ့အကြုံအရ ပေါက်ပြားနှင့်သာဆိုလျှင် ပညာတတ်လူငယ်များ ဒုက္ခရောက်မည်ကိုစိုးရိမ်ရသည်။

သို့‌သော် ကျန်းထျန်က ပညာတတ်လူငယ်များနှင့် မတူပါ။ ပညာတတ်လူငယ်များက လယ်ထဲမသွားလျှင် ငတ်မည်ဖြစ်သော်လည်း ကျန်းထျန်ကတော့ မသွားလည်း အိမ်က ကျွေးထားနိုင်သည်။

"မင်းတကယ် ပျင်းနေရင် သုံးခန်းမြောက်အခန်းနဲ့ ငါးခန်းမြောက်အခန်းက ဘီဒိုမှာ စာအုပ်တွေ ရှာဖတ်လို့ရတယ်" ကုလျန်ရွှမ် ထပ်ပြောလိုက်သည်။"မင်းအရင်ကလည်း အလုပ်မသွားပေမယ့် မပျင်းပါဘူး"

ကျန်းထျန် အရင်ကမပြောသဖြင့် မိသားစုက ဘယ်သူမှလည်း မပြောပါ။ ရှောင်းမင်လည်း သွားစရာမလိုသလို ကျန်းထျန်လည်း မလိုပါ။

အဓိကအ‌ကြောင်းပြချက်ကတော့ သူ့‌အမေ မမြင်နိုင်၍ ဖြစ်သည်။ ကျန်းထျန်ပုံစံနှင့် အပြင်ထွက်လျှင် မြို့ကမှန်း မသိမည့်လူမရှိပါ။ သူမသာ နေပူထဲ ထွက်လုပ်လျှင် မကြာမီ နေလောင်မည်မှာ သေချာသည်။

ရွာတွင် သက်သက်သာသာ အလုပ်သိပ်မရှိပေ။ တစ်ခုမှာ ဝက်အစာကျွေးခြင်းဖြစ်ပြီး တတိယမြောက်အဒေါ်က ဦးဆောင်၍ ရွာမှကိုယ်ဝန်သည်များ လုပ်ကြသည်။

တစ်ခြားတစ်ခုမှာ ရွာမှ မူလတန်းကျောင်းတွင်ကျောင်းဆရာလုပ်သည်ဖြစ်သည်။ အလုပ်အမှတ်သာရရုံမက တစ်လ ၁၀ယွမ်အထက် လခရသည်။ သို့သော် ဆရာအလုပ်က ကျန်းထျန် မလာခင်တည်းက နေရာချထားပေးပြီးသည်မှာ ကြာပြီဖြစ်ပြီး ရွာမှ ပညာတတ်လူငယ်များနှင့် အထက်တန်းကျောင်းသားများ လုပ်ကိုင်ကြသည်။

"အဲ့ဒါက အတိတ်မှာ။ ကျွန်မ လတော်တော်ကြာနားပြီးလို့ ပျင်းရိနေပြီ" ဒီလူက စကားမပြောတတ်ဟု ကျန်းထျန် တကယ်ခံစားလိုက်ရသည်။ သူမ စားပွဲပေါ်က ရေးဆွဲထားသည်ကိုမြင်ပြီး အကြံတစ်ခုရသွားကာ မျက်လုံးများအရောင်တောက်လာပြီး အလျင်လိုစွာ မေးလိုက်သည်။ "ရှင့်မှာ ခဲတံနဲ့ စာရွက်ရှိသေးလား?"

ကုလျန်ရွှမ် ကျန်းထျန် ချက်ချင်းတက်ကြွသွားသည့်အမူအရာကို မြင်ပြီး သူမ ပျော်ရွှင်လွယ်သည်ကို သဘောကျ၍ ပြုံးလိုက်ကာ အံဆွဲမှာ စာရွက်တစ်ထပ်နှင့် ခဲတံကို ထုတ်ပေးလိုက်သည်။ "ဒီမှာ အကုန်လုံးပဲ"

ကျန်းထျန်ကြည့်လိုက်ပြီး ကုလျန်ရွှမ်လက်ထဲက ခဲတံဆီ အကြည့်ရောက်သွားကာ ညွှန်ပြလိုက်ရင်း ပြောလိုက်သည်။ "ကျွန်မ ဒါလိုချင်တယ်"

ကုလျန်ရွှမ် ခဏမျှ ကြောင်သွားပြီးနောက် စာရွက်များနှင့်ခဲတံကို ကျန်းထျန်ရှေ့ တွန်းပေးလိုက်သည်။

အပြင်မှ အသံကြားသဖြင့် ကုလျန်ရွှမ် ပြောလိုက်သည်။ "ကလေးတွေ နိုးပြီနေမယ်။ ကိုယ် အပြင်ထွက်ပြီး သွားကြည့်လိုက်ဦးမယ်"

ကျန်းထျန် ခေါင်းစိုက်ကာ စာရေး ပုံဆွဲ‌နေပြီး ကုလျန်ရွှမ် ပြောသည်ကိုကြားကာ လက်က ဆက်ဆွဲနေရင်း မော့မကြည့်ဘဲ ပြောလိုက်သည်။ "ရှင် ရေချိုးချင်ရင် ကျွန်မကို ခေါ်လိုက်နော်"

ကုလျန်ရွှမ် ဝှီးချဲကို တံခါးဆီ တွန်းစဥ် ကုလျန်မင် တံခါးလာခေါက်သည်နှင့် ကွက်တိဖြစ်သွားသည်။ "အကိုအကြီးဆုံး ပင်းပင်းနဲ့ အန်းအန်းနိုးလာပြီး အခုငိုနေတုန်းပဲ။ သမီး အနောက်ခြံမှာ မုန်ညှင်းစေ့သွားဆေးမလို့။ အကို ကလေးတွေကို ကြည့်ပေးဦး"

အမွှာအငယ်လေးများမှာ အိပ်လျှင် ငြိမ်ပေမယ့် နိုးလာသည်နှင့် ဆူညံသည်ဖြစ်သည်။ ရှောင်းဝူနှင့် ရှောင်းလျို ထိန်းမနိုင်တော့ပေ။

"အစ်ကို့ကို တွန်းပေး "ကုလျန်ရွှမ် ပြောလိုက်သည်။ "ညီမလေး မုန်ညှင်းစေ့ဆေးပြီးရင် အနောက်အခန်းကို သွားပြီး ဖျာတွေထုတ်လိုက်ဦး။ နေ့လည်ကျ ရေနှင့်လျှော် အခြောက်လှမ်းပြီးရင် မနက်ဖန် အိပ်ရာပေါ် ခင်းလိုက်"

ကုလျန်မင် ‌အခန်းထဲဝင်သောအခါ သူမ ကျန်းထျန်ကို စားပွဲထောင့်စွန်းတွင် လှဲနေသည်ကို မြင်၍ သူမ အစ်ကိုအကြီးဆုံးကို မေးလိုက်သည်။ " ယောင်းမက ဘာလုပ်နေတာလဲ?"

ကုလျန်ရွှမ် ခေါင်းခါလိုက်သည်ကိုမြင်၍ ကုလျန်မင် ဆက်မမေးတော့ပါ။

ကုလျန်မင် တွန်းပေးသဖြင့် ကုလျန်ရွှမ် ပြတင်းပေါက်နားရောက်လာသောအခါ သူခေါင်းကိုလှည့်၍ ပြောလိုက်သည်။ "ရှောင်းမင် လေရအောင် ဒီပြတင်းပေါက်ကို ဖွင့်လိုက်ဦး" ပြတင်းပေါက် အောက်တည့်တည့်တွင် စားပွဲရှိသဖြင့် ဖွင့်ပြီး နေအလင်းရောင် ဝင်သောအခါ အခန်းက ပိုလင်းသွားသည်။

ကျန်းထျန် ခေါင်းငုံ့၍ ပုံဆွဲနေရင်း အလင်းရောင်ပိုလင်းလာသည်ကို သတိထားမိပြီး ကြည့်လိုက်ရာ ကုလျန်မင် ပြတင်းပေါက်ဘောင်ကို ကိုင်ထားသည်ကိုမြင်၍ ကျေးဇူးတင်လိုက်သည်။

ကျန်းထျန် ကျေးဇူးတင်သည်ကို ကြား၍ ကုလျန်မင် ထိတ်လန့်ပြီး လက်များပင်တုန်လှုပ်ကာ ကိုင်ထားသော ပြတင်းပေါက်ဘောင်ကို ဖျက်ဆီးမိတော့မလိုဖြစ်သွားသည်။ သူမ ကျန်းထျန်ကို ပြန်ကြည့်လိုက်ရာ ခေါင်းငုံ့သွားပြီဖြစ်ကြောင်း တွေ့လိုက်သည်။

ကုလျန်မင် ကုလျန်ရွှမ်ကို တွန်းပေးရင်း တိုးတိုးလေးမေးလိုက်သည်။ " အစ်ကို ကျန်းထျန် မနေ့က ခရိုင်က ပြန်လာပြီး တစ်ခုခုမူမမှန်ဘူးလို့ မခံစားရဘူးလား"

ကုလျန်ရွှမ် မျက်ခုံးများတွန့်သွားပြီး ရှင်းပြလိုက်သည်။ "သူမ‌အကြောင်း သိသွားတယ်ဆိုတာသိလို့ အသိတရားဝင်သွား‌တာနေမှာပေါ့" သူ့စကားများထွက်လာလာချင်း သူပင်် ပြောသည်မှာ တစ်ခုခုမှားနေမှန်း သိလိုက်သည်။ ကာပြောနေခြင်းထက်စာလျှင်် လှောင်နေသည်နှင့်တူသည်။

ကုလျန်မင် - "...."ကျန်းထျန် သူမ အကြီးဆုံးအစ်ကိုကို မုန်းသည်ကလည်း မထူး‌ဆန်းတော့ပေ။

"အကြီးဆုံး အစ်ကို စကားမပြောတတ်ဘူးလား?" သူမပင် နားထောင်ရသည်က အဆင်မပြေပါ။

သူမအမေ သူမကို ပြောသည်က မှန်သည်ဟု သူမခံစားရသည်။ ကျန်းထျန် သူမ အစ်ကိုအကြီးဆုံးနှင့် အိမ်ထောင်ကျပြီးနောက် မြို့မှ ကျေးရွာသို့ ပြောင်း၍ နေရသည်။ ဒီလို ကွာခြားမှုက လူအများစု မခံနိုင်လောက်ပေ။

ရွာအနောက်ဘက်တွင်နေသော ပညာတတ်လူငယ်များ တစ်နေ့တစ်နေ့ သည်းမခံနိုင်ဘဲ ပြန်ချင်သည်ကို မြင်ဖူးသည်။ ထိုပညာတတ်လူငယ်များ မြို့သို့ပြန်နိုင်ရန် ဘာမဆို လုပ်နိုင်သည်။ တချို့ဆို ဇနီးသည်များနှင့် ကလေးများကိုပင် ထားခဲ့သည်။

ပြီးတော့ ကျေးရွာကလူများလည်း မြို့တွင် အလုပ်သမားအဖြစ် လုပ်နိုင်ရန် အကောင်းဆုံးကြိုးစားကြသည်မလား? သူတို့ကိုယ်တိုင်တောင် မနေချင်သောကြောင့် သူတို့က သူများကို ဖိအားမပေးနိုင်ပါ။

တစ်ခြားတစ်ဖက်မှ တွေးကြည့်လျှင်လည်း သူမသာ ကျန်းထျန်ဆိုလျှင် ကျေးရွာသို့လာပြီး ဒုက္ခခံစားရမည်ကို ကြိုက်မည် မဟုတ်ပါ။

သူမ ကျန်းထျန်ကို အရင်က ဘယ်လောက်မုန်းခဲ့မုန်းခဲ့ သူမ ကျန်းထျန်ကို ကျိန်ဆဲသည်ထိတော့ မရှိပါ။

ကျန်းထျန်က သူမကို လျှော်ဖွတ်ရန် အဝတ်များ အခင်းများ ပစ်ပေးပေမယ့် နောက်ဆုံးကျ သူမအမေသာလျှော်ပေးရသည်ဖြစ်သည်။

သူမမိသားစုက ကိုယ့်ပစ္စည်းကို ကိုယ်တိုင် အမြဲလျှော်ရသည်ဖြစ်ပြီးတော့ သူမအမေကလည်း ‌ရွာထဲကတစ်ချို့အမေတွေကဲ့သို့ ‌သားကို သမီးထက် ပိုဦးစားပေးတတ်သည့်အမေမျိုးလည်း မဟုတ်ပါ။ သို့သော် မြို့က တချို့မိသားစုများကဲ့သို့ သမီးကို ပိုချစ်သည်လည်း မဟုတ်ပေ။

သားသမီးအားလုံးကို ညီတူညီမျှဆက်ဆံသည်ဖြစ်သည်။ အကိုအကြီးဆုံးနှင့် တတိယမြောက်အကို တစ်ခုရှိလျှင် သူမနှင့် ဒုတိယ အစ်မလည်း ပိုင်ရမည်။ အကိုအကြီးဆုံးနှင့် တတိယ အစ်ကို စာသင်ချင်လျှင် သူမနှင့် ဒုတိယ အစ်မလည်း စာသင်ရမည်။

လယ်ထဲနေ့တိုင်းသွားစရာမလိုဘဲ သူမနှင့် ဒုတိယ အစ်မက အလုပ်ရှုပ်သောရာသီမှသာ သွားကူစရာလိုသည်။ ကျောင်းသွားသည့်အပြင် ကျန်သည့်အချိန်များတွင်လည်း အလကားမနေပါ။ သူမ အိမ်က ကိုယ်ပိုင်ခြံမှ တစ်ခါတစ်ရံ ပိုက်ဆံရှာသည်။

သူမ ကျန်းထျန်ကို အမုန်းရဆုံးအချက်မှာ ကျန်းထျန်က ပညာတတ်လူငယ်နှင့် ရောထွေးနေပြီး ခိုးပြေးမည့်အကြောင်းပင် တိုင်ပင်လိုက်သေးသည်။ ကြားပြီး သူမ ကျန်းထျန်ကို ရွံ့မုန်းသွားသည်။

မနေ့က ကျန်းထျန်နှင့် ကျောင်းရွှယ်မင်း ခိုးပြေးပြီး ချွီကျင်းခရိုင်မှ ထွက်သွားမည့်နေ့ဖြစ်သော်လည်း ကျန်းထျန် ပြန်ရောက်လာကာ အိမ်ဖို့ပင် ပစ္စည်းအများကြီး ဝယ်လာပေးပြီး သူမကိုလည်း သကြားလုံးပေးသေးသည် !!? ပြီးတော့ ဒီနေ့ သူမ ငါးအသားလွှာလုပ်သည်ကိုလည်း ကူညီပေးပြန်ပြီး အခု သူမကို ကျေးဇူးတင်စကားပြောပြန်သည်။

ကျန်းထျန်က ‌ကောင်းသည့်ဘက် ပြောင်းလဲသွားသည်ဟု ကုလျန်မင် ခံစားရသည်။ ပြီးတော့ သူမလည်း ဒီလိုကျန်းထျန်ကို ပိုသဘောကျသည်။

သူမ‌အမေပြောပုံအရ ကျန်းထျန်က သူမအကိုအကြီးဆုံးကို လက်ထပ်ပြီးပြီဆိုသည့် အချက်ကို လက်ခံလိုက်၍ ဖြစ်နိုင်သည်။

ထို့ကြောင့် အခု သူမ ကျန်းထျန်ကို မုန်းသေးပေမယ့်လည်း အစကလောက်တော့ မဟုတ်ပါ။

အိမ်တွင် ကျန်းထျန်ကို အမုန်းဆုံးဖြစ်သော ရှောင်းမင်က သူ ကျန်းထျန်အပေါ် စကားပြောမတတ်သည်ကို မေးခွန်းထုတ်မည်ဟု ကုလျန်ရွှမ် မထင်ထားပါ။ သူစကားအပြောမတတ်သည်ကို သူကိုယ်တိုင်သိ‌သော်လည်း ရှောင်းမင်က ဘယ်တုန်းက ကျန်းထျန်ဘက်က ဖြစ်သွားသနည်း? မနေ့ကပင် ရှောင်းမင် ကျန်းထျန် အတင်းပြောနေသေးသည်မလား?

ကုလျန်ရွှမ် ထပ်ရှင်းပြရန် ကြံစဥ် ကုလျန်မင် နားမထောင်တော့ပေ။ "ထားလိုက်တော့ သမီး အကြီးဆုံးအစ်ကိုကို မပြောတော့ဘူး။ သမီး အမေ ပြန်လာမှ အမေ့ကိုပြောတော့မယ်။ တတိယ အစ့ကို‌ကို ပြောတာကမှ အကိုအကြီးဆုံးကို ပြောတာထက် တော်သေးတယ်"

ကုလျန်ရွှမ် - ငါ့ညီမမှ ဟုတ်သေးရဲ့လား?!!

ကုလျန်မင် သူမ အကြီးဆုံးအစ်ကိုကို အမွှာလေးတွေကို ကြည့်ပေးရန် အခန်းထဲတွန်းပေးပြီးနောက် အနောက်ခြံသို့ ထည့်စရာတစ်ခုကိုင်ကာ သွားလိုက်သည်။

ရှောင်းဝူနှင့် ရှောင်းလျို ကုတင်ပေါ်တွင် အမွှာအငယ်လေးတွေကို ချော့နေသည်ဖြစ်ပြီး ကုလျန်ရွှမ်ကို မြင်လိုက်ရာ ကယ်တင်ရှင် ရောက်လာသကဲ့သို့ မျက်လုံးများအရောင်တောက်လာခဲ့သည်။

"အကြီးဆုံးအစ်ကို၊ ပင်းပင်းနဲ့ အန်းအန်း ငိုတာဆက်တိုက်ပဲ။ ဘယ်လိုချော့ချော့ မတိတ်ဘူး" ရှောင်းလျို ငိုသံများ နားထောင်ပြီး ခေါင်းပင်နောက်လာသည်။

All Chapters