← Chapters

အခန်း (၂၄)

Vol. 3 Ch. 24

အခန်း (၂၄)

Vol. 3 Ch. 24

ကျန်းထျန် တံခါးဖွင့်ပြီး စကားပြောနေသည်ကို ကြား၍ နေမည်။ အမွှာအငယ်လေးနှစ်ယောက် ရယ်‌လိုက်သည်။ ကျန်းထျန်် သွားကြည့်လိုက်ရာ ကလေးနှစ်ယောက် နိုးနေသည်ကို တွေ့လိုက်သည်။

"ရှင် အဲ့မှာ ဘာလုပ်နေတာလဲ?" ကျန်းထျန် ကုလျန်ရွှမ်ကို မေးလိုက်သည်။ သူ ကလေးတွေကို ကြည့်မယ်ဆိုရင် ဘာလို့ အနီးကပ်မကြည့်ရသည်နည်း?

ကုလျန်ရွှမ် အမွှာအငယ်နှစ်ယောက်၏ ရယ်သံကို ကြားလိုက်ရ၍ သူ၏တည်ကြည်ခန့်ညားသော မျက်နှာသေက ခေတ္တမျှ မဲ့သွားသည်။

သူအံကြိတ်ရင်း ပြောလိုက်သည်။ "ကိုယ်... ကိုယ် အနားကပ်လိုက်ရင် ကလေးတွေ ငိုလိမ့်မယ်" သူတို့နှင့် ဝေးရာတွင်နေလျှင် သူတို့ဒီအတိုင်း လှဲနေပြီး ခေါင်းတွေ ခါ၊ သရေတွေကျနှင့် ဒီတိုင်းဆော့နေကြမည်ဖြစ်သည်။

ကျန်းထျန် - "..."ကလေးနှစ်ယောက် ဘယ်လောက်တောင် သူ့ကို ကြည့်၍မရလို့များလဲ? "သမီးလေးတို့ ကြိုးစားပြီးနေလို့ ‌ကျေးဇူးတင်ပါတယ်" သူမ ကလေးနှစ်ယောက်ကို ကြည့်ရင်း ကိုယ်ချင်းစာစွာ ပြောလိုက်သည်။

ကုလျန်ရွှမ် - ?

"နေ့လည်စာက ဘာလဲ?" ကျန်းထျန် ကုလျန်ရွှမ်ဘက်လှည့်ကြည့်ရင်း မေးလိုက်သည်။ သူမ အမွှာအငယ်လေးများကို မကိုင်ရဲသေးပေ။ သူမအခုမှ တောင်ပေါ်က ဆင်းလာသည်ဖြစ်ပြီး လက်လည်းမဆေးရသေးပါ။

ကျန်းထျန် သူ့ခြေ‌ဖဝါးကို ထုတ်လိုက်ကာ ဂျိုင်းထောက်ကို ကိုင်လိုက်ပြီး ထလိုက်သည်။ သူလုပ်တာအသံမထွက်သဖြင့် သက်ပြင်းချနိုင်သွားသည်။ သူ အမွှာအငယ်လေးတွေကို တစ်ချက်ကြည့်လိုက်သည်။

ကျန်းထျန် သူ့ကို ကြည့်ရင်း ‌ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာစီစာကုံးတစ်ပုဒ်တောင် ထွက်နိုင်သည်။ သူနှင့် အမွှာအငယ်လေးတွေကြား ဘယ်သူက ပိုအခြေအနေဆိုးသည်မသိပေ။

"ငါးစွပ်ပြုတ်ချက်ဖို့ အချိန်မလောက်တော့ဘူး။ ကြက်ဥမွှေကြော်ပြီး အချဥ်စိမ်ရယ်၊ ပေါက်စီတစ်အိုးပေါင်း‌လိုက်မယ်" ကုလျန်ရွှမ် ကျန်းထျန်သဘောထားကို မေးလိုက်သည်။

ကျန်းထျန် မျက်လုံးများ တောက်ပလာသည်။ "ပေါက်စီ?"

"မုန့်နှစ်ကို မနက်က လုပ်ထားတာ။ ပေါင်းလိုက်ရင် စားလို့ရပြီ" ကုလျန်ရွှမ်ပြောလိုက်သည်။

ကျန်းထျန် ခေါင်းမြန်မြန်ညိတ်ကာ သဘောတူလိုက်သည်။ သူတို့နေ့တိုင်း ပန်ကိတ်စားနေရသဖြင့် သူမ ပြန်အန်မိတော့မည်။ ‌ပေါက်စီ ပြောင်းစားသည်က ကောင်းသည်။

" ဒါဆို ကိုယ်သွားချက်လိုက်မယ်" ကုလျန်ရွှမ် လှည့်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ "မင်းဒီမှာ ‌ကြည့်နေမလား?"

"ကြည့်ထားလိုက်မယ်" ကျန်းထျန် သဘောတူလိုက်သည်။ အမွှာအငယ်လေးတွေက ငြိမ်သဖြင့် ဒုက္ခမများပါ။

သူမ ဝက်ခြေထောက်နှပ်အကြောင်း ဆက်တိုက်တွေးမိနေသဖြင့် ကုလျန်ရွှမ်ကို မေးလိုက်သည်။ "ကျွန်မတို့ ညကို ဝက်ခြေထောက်နှပ်နဲဲ့ မှိုကြက်ဥခေါက်ဆွဲစားကြမလား?"

ထိုအချိန််တွင် ကုလျန်မင် ကျန်းထျန်ဆီပြေးလာကာ ပြောလိုက်သည်။ "ယောင်းမ၊ ညီမတို့ သဘောတူပြီးပြီလေ!"

ကုလျန်ရွှမ် - "..."

"မင်းတို့ တော‌င်‌ပေါ်သွားတာ ဘာဖြစ်ခဲ့လို့လဲ?" ကုလျန်ရွှမ် အခုမြင်ကွင်းက ထူးဆန်းနေသဖြင့် သူမေးလိုက်သည်။

ကုလျန်မင် ကုတင်စွန်းတွင် ထိုင်လိုက်ပြီး ကျန်းထျန်ကို တစ်ချက်ကြည့်ပြီးနောက်ပြောလိုက်သည်။ "ယောင်းမ ရစ်ငှက်တစ်ကောင် ဖမ်းမိလို့"

ကုလျန်ရွှမ် - ...

ကုလျန်မင် ‌ဆက်ပြောလိုက်သည်။ "လေထဲ ကျောက်ခဲတစ်ခဲပစ်လိုက်တာနဲ့ ရစ်ငှက်က မြေပေါ်ကျသွားရော။ ထကိုမထနိုင်တော့ဘူး"

ကုလျန်ရွှမ် - ....

ကုလျန်ရွှမ် ကျန်းထျန်ကို ကြည့်လိုက်ရာ ကျန်းထျန် ခေါင်းညိတ်ပြလိုက်သည်။

ကုလျန်ရွှမ် - ...

သူ ကြားလိုက်ရသည်ကို နားလည်ရန် အချိန်ယူလိုက်ရသည်။ "မင်းအားကောင်းတယ်ဆိုတာ ကိုယ်...အရင်ရက်တည်းက သိပါတယ်"

ကုလျန်ရွှမ် ခက်ခက်ခဲခဲ ဆက်ပြောလိုက်သည်။ "မင်း မတော်တဆ မှန်သွားတာလား?" တကယ်က ကံကောင်းသည်ဆိုတာက ပိုခက်‌သောအရာဖြစ်သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ?" ကုလျန်မင်‌ ဘေးကနေ အားရစွာ ဆက်ပြောလိုက်သည်။

"အဲ့အချိန်က ‌ရှောင်းဝူ ရစ်ငှက်တွေ့တာကို ပြောလို့မပြီးသေးခင်ကို ယောင်းမ ကျောက်ခဲပျံပစ်လိုက်တာ။ ပြီးတော့ ယောင်းမနဲ့ ရစ်ငှက်အကွာအဝေးက နည်းနည်း..."

ကုလျန်မင် ခေါင်းစောင်းကာ ပြန်စဥ်းစားပြီးနောက် ပြောလိုက်သည်။ "ဆယ်မီတာထက်တော့ ပိုဝေးတယ်။ ညီမလေး ကြည့်လိုက်တာ ကျောက်ခဲက ရစ်ငှက်မျက်လုံးကို တည့်တည့်ဖောက်သွားတာ!"

ကုလျန်မင် မြင်ကွင်းကို သေချာပုံဖော်လိုက်သည်။ သူမတစ်ယောက်တည်းတော့ မထိတ်လန့်နိုင်ချေ။

ကုလျန်ရွှမ် - !

သူ စစ်တပ်တွင် ရှိစဥ်က အပစ်တော်သူ၊ အားသန်သူ၊ ပြေးနိုင်သူ စသဖြင့် ထူးခြားသည့်သူများကို ခေါင်းဆောင်များက ကမ္ဘာအနှံ့မှ ခေါ်ထားကြောင်းကြားဖူးသည်။ သို့သော် ထိုသို့ထူးခြားသည့်သူက သူ့ဘေးတွင်ရှိမည်ဟု ကုလျန်ရွှမ် မထင်ထားပေ။

"ဒါဆို ရစ်ငှက်ကို ကင်စားမလား?" ဒီလိုထိတ်လန့်ဖွယ်အခြေ‌အနေတွင် ရစ်ငှက်ကို ဘယ်လိုလုပ်စားရမည်ကို တွေးမိမည်ဟု ကုလျန်ရွှမ် သူ့ကိုယ်သူ မထင်ထားပေ။

ကျန်းထျန်၏ အစားခုံမင်သည့်ဗီဇက ထွက်ပေါ်လာသည်။ "ငှက်ကင်?"

"ဟုတ်တယ်။ အသားကို အရသာမှုန့်တွေနဲ့သေချာနယ်ပြီး တစ်နေ့လည်လောက် နှပ်ထား။ ပြီးရင် သစ်ရွက်ကြီးကြီးတွေနဲ့ထုပ်ပြီး ရွှံ့နဲ့တစ်လွှာပတ်ပြီးရင် မီးဖိုထဲ နာရီဝက်လောက် ထည့်ထားလိုက်ရင်ရပြီ" ကုလျန်ရွှမ် နေရာတွင်သာ ရပ်နေ၍ မလှုပ်ရှားမိသဖြင့် သူခြေများ အနည်းငယ် ထုံနေသည်။

သူ ဖမ်းမိလာသော ရစ်ငှက်ကို ကြည့်ရန် မစောင့်နိုင်တော့ပါ။ ဒီအတိုင်း ကြည့်ချင်ရုံသာဖြစ်သည်။

ကျန်းထျန် တွေးလိုက်ပြီးနောက် သူမ ကုလျန်မင်နှင့် ဆွေးနွေးလိုက်သည်။ "အစ်မတို့ နောက်ရက်မှ မှိုကြက်ဥ ခေါက်ဆွဲစားမလား?"

ကုလျန်မင် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြန်ပြောလိုက်သည်။ "ဒါဆို ဝက်ခြေထောက်ကိုရော နောက်ရက်မှစားပါလား?"

"ဟုတ်ပြီ" ကျန်းထျန်် တွေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "နောက်ရက်မှ ဝက်ခြေထောက်နဲ့ မှိုကြက်ဥခေါက်ဆွဲစားကြမယ်"

ကုလျန်မင် ခေါင်းညိတ်လိုက်ပြီးနောက် ဆက်မေးလိုက်သည်။ "ညီမတို့ ညကျ ဘာစားမှာလဲ? ပေါက်စီလား?"

ကျန်းထျန် ကုလျန်ရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။ ဒီလူက အိမ်တွင်ဟင်းချက်မည့်လူဖြစ်သည်ကို သူမ မေ့ထား၍မရပေ။ "နေ့လည်စာစားပြီးမှ စဥ်းစားကြတာပေါ့။ အခုက စောပါသေးတယ်"

ကုလျန်မင် သဘောတူလိုက်ရသည်။ "ဒါဆို အစ်မ ခေါက်ဆွဲကို ဘယ်အချိန်စားချင်တာလဲ? တစ်ခြားရော ဘာလုပ်ချင်‌သေးလဲ။ တစ်ခုခုဆို ညီမကို ‌ပြောနော် "

ကျန်းထျန် ခေါင်းသာညိတ်လိုက်ပြီး ကုလျန်မင်ကို မေးလိုက်သည်။ "ရှောင်းမင်၊ ညီမလေး ဒီအခန်းမှာ ကလေးတွေကို စောင့်ပေးချင်လား?"

ကုလျန်မင် မဖြေရ‌သေးခင် ကျန်းထျန် ဖြောင့်ဖြလိုက်သည်။ "ညီမလေး ဒီမှာနားနေလို့ရတယ်။ တောင်‌ပေါ်ကနေ မျှစ်စို့အများကြီး သယ်လာရတော့ ပင်ပန်းနေမှာပေါ့။ အစ်မပဲ ညီမလေးအစ်ကိုကို ကူလိုက်ပါ့မယ်"

ကျန်းထျန််၏ ကြည်လင်ပြီး လှပသော မျက်နှာကို ကုလျန်မင်ကြည့်ရင်း အကြောင်းပြချက် တွေ့မလားရှာလိုက်သော်လည်း မူမမှန်တာ မတွေ့သဖြင့် ကုလျန်မင် သဘောတူလိုက်သည်။

နောက်စက္ကန့်အကြာ ကျန်းထျန် မျက်လုံးများတောက်ပလာပြီး ကုလျန်ရွှမ်ဆီသွားကာ ပြောလိုက်သည်။ "လျန်ရွှမ်၊ ကျွန်မတို့ ချက်ကြတော့မလား?"

ကုလျန်မင် - ကျန်းထျန် အရင်က သူမအစ်ကို၏ နာမည်အပြည့်အစုံကို ခေါ်သည်မလား?

ကုလျန်ရွှမ် ကြက်သီးထသွားသည်။ ကုလျန်ရွှမ်က ဂျိုင်းထောက်နှင့် သွားရသဖြင့် ကျန်းထျန်လောက်မမြန်ပေ။ ကျန်းထျန် ထွက်လာပြီးနောက် ကုလျန်ရွှမ်ကို စောင့်ကာ တံခါးကို ကူပိတ်ပေးလိုက်သည်။

တံခါးပိတ်ပြီးနောက် ကျန်းထျန် ကုလျန်ရွှမ်ကိုကြည့်ကာ မေးလိုက်သည်။ " ညကျ ထမင်းစားကြရအောင်!"

ကုလျန်ရွှမ် - သူသာ ခေါင်းခါလိုက်လျှင် အရိုက်ခံရမည်လား? "မင်းအတွက် တစ်ပန်းကန်ချက်‌ပေးရမလား?"

ကျန်းထျန် - "ဒါဆို ရှင်တို့က ကျွန်မစားတာ ထိုင်ကြည့်မလို့လား?" ဒါကအလွန်ရိုင်းသလိုဖြစ်မည်။

ကုလျန်ရွှမ် ပြောသည်ကိုမစောင့်ဘဲ ကျန်းထျန်အလျင်အမြန် ပြောလိုက်သည်။ "မိုးကရပ်သွားပြီဆိုတော့ ကျွန်မ ခရိုင်သွားပြီး စားစရာသွားဝယ်လို့ရတော့မယ်။ အိမ်မှာ ဆန်တွေ ပေါင်အများကြီး ရှိပါသေးတယ်။ စားလည်း ဘာမဖြစ်ပါဘူး?"

ကုလျန်ရွှမ် - " မင်းအတွက် နှစ်ပန်းကန်ချက်ပေးရမလား?"

သူမ ဒီလို ဆိုလိုချင်သည် မဟုတ်ပါ။ "ကျွန်မက ထမင်းနှစ်ပန်းကန်မစားနိုင်ပါဘူး" သူမ ထမင်းနှစ်ပန်းကန်စားရန် ခဲယဥ်းမည်ဟု အရင်က မထင်ခဲ့ဖူးပါ။

ကုလျန်ရွှမ် - "ဒါဆို ကိုယ့်ထဲက တစ်ဝက်ကို မင်းကို ပေးမယ်လေ"

ကျန်းထျန် ကုလျန်ရွှမ်ဆိုလိုသည်ကို သဘောပေါက်သွား၍ အံ့သြသွားသည်။ "ရှင်သဘောတူတယ်လား?! ညစာအတွက် ထမင်းပေါ့!"

ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ အိမ်ကဆန််က အမွှာအငယ်လေးတွေ စားရန် အဓိကဖြစ်သော်လည်း ရံဖန်ရံခါ အနည်းငယ်ကို ဆန်ပြုတ်ချက်သည်။

ကျန်းထျန်က အစားမက်သည်ကို မြင်၍ ပြီးတော့ ဒီရက်ပိုင်း ပန်ကိတ်သာစားနေရသဖြင့် သူ ဒီမနက် ပေါက်စီလုပ်ရန် တွေးလိုက်သည်။ ‌သဘောတရားတူသော်လည်း အရသာကတော့ ပြောင်းလဲသွားသည်။

သူ့ဘယ်ခြေလည်း ပြန်ကောင်းသွားပြီဖြစ်၍ သူလုပ်နိုင်သည်မှာ ပိုများသွားကာ သူ ငွေရှာရန်နည်းလမ်းကိုလည်း စဥ်းစားပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းထျန်ထမင်းစားချင်လျှင် သူတတ်နိုင်သည်။

နေ့လည်တွင် ပေါက်စီစားမည်ဖြစ်၍ မှုန့်နှစ်မနယ်ခင် ကျန်းထျန် ကုလျန်ရွှမ်သုံးရန် ရေကိုအနားယူလာပေးလိုက်သည်။ "ရှင့်လက်ဆေးဖို့!"

ကုလျန်ရွှမ် နှုတ်ခမ်းများ မြင့်တက်သွားပြီး အနည်းငယ် ရယ်ချင်သွားသည်။ အရင်ရက်ကလည်း ရှောင်းမင်ကို ဟင်းမချက်ခင် လက်ဆေးရန် သူမ အဆင်သင့် ရေယူလာပေးသည်ကို သူတွေ့သည်။ အိမ်တွင် ဟင်းချက်မည့်လူကို သူမ စတင်ခယသည်။ တကယ်ပင် ပါးနပ်သည်။

"စားပွဲမှာ သွားထိုင်နေလို့ရတယ်။ မီးဖိုပေါ်မှာက ရေနွေး။ မင်း ရေဆာရင် ဘီဒိုထဲမှာ သကြားညိုနဲ့ မင်း သကြားညို ဖျော်သောက်လို့ရတယ်" ကုလျန်ရွှမ် လက်ဆေးရင်း ကျန်းထျန်ကို ပြောလိုက်သည်။

ကုလျန်မင် တစ်ခုမေးရန် ရောက်လာသည်နှင့် သူမအကြီးဆုံးအစ်ကို စကားအရှည်ကြီးပြောသည်ကို ကြားလိုက်ရ၍ သူမ ချော်လဲပြီး ခြေထောက်ခေါက်မိမလိုဖြစ်သွားသည်။

ဒီနေ့ သူမ လက်ရှိအချိန်ကို အစစ်အမှန်လားဟု ပြန်စဥ်းစားနေရသည်က အကြိမ်မနည်းတော့ပါ။ သူမအစ်ကို ကျန်းထျန်အပေါ် တစ်ခုရှိလို့လား မဟုတ်ဘူး စိတ်ဝင်စားနေတာများလား?

သူမ အခု ၁၃ နှစ်သာရှိသေးသော်လည်း သူမ ဂျူနီယာအထက်တန်းကျောင်းသို့ တက်နေပြီဖြစ်ပြီး တစ်တန်းကျော်လိုက်သဖြင့် သူမက အတန်းထဲတွင် အငယ်ဆုံးဖြစ်သည်။ တစ်ခြားသူများက ၁၆နှစ် ၁၇နှစ်ဖြစ်ကြ၍ ယောကျ်ားလေးများက မိန်းကလေးများကို စိတ်ဝင်စားကြသည်ကို သူမ အများကြီးတွေ့ဖူးသည်။

ဥပမာအားဖြင့် အခု သူမအကြီးဆုံး အစ်ကိုဆိုလျှင် မျက်နှာကလွဲ၍ ကျန်တာသုံးစားမရပေ။ ပါးစပ်က အပြောမတတ်လွန်း၍ မကြာခဏ အမေဆိုလျှင်ပင် သူ့ပါးစပ်ကို ချုပ်ထားချင်သည်အထိ ဖြစ်သည်။ ထိုသို့သောသူက အခု ကျန်းထျန်ကို သကြားညိုဖျော်တိုက်ရန် သိသည်လား?!

ပြီးတော့ သူမသာ အကြီးဆုံးအစ်ကို နေရာတွင်ဆိုလျှင် `မင်းရေဆာရင် ကိုယ် မင်းအတွက် သကြားညိုဖျော်ပေးရမလား´ဟု မေးမှာဖြစ်သည်။ မိန်းကလေးတွေက သူတို့ဘာသာ လုပ်ရမည်လား?

အတန်းထဲက ယောကျ်ားလေးများ မိန်းကလေးများကို လက်ဆောင်ပေးပြီးပိုးပန်းရာတွင် ပိုက်ဆံ ကိုယ့်အိတ်ကပ်ထဲမှာရှိတယ်။ စျေးသွားပြီး မင်းကြိုက်တာဝယ်လို့ရတယ်လို့မပြောပါ။

ပြီးတော့ သူမ ယောကျ်ားလေးများကို စိတ်ဝင်စားသောမိန်းကလေးများကိုလည်း အများကြီးတွေ့ဖူးသည်။ သို့သော် အခု ကျန်းထျန် အမူအရာက သူမအကြီးဆုံးအစ်ကို၏ စကားအဓိပ္ပါယ်ကို ‌နားလည်သည်နှင့်မတူပါ။

ကျန်းထျန်် ပြန်ဖြေသည်ကလည်း "အိမ်မှာ သကြားညိုအများကြီးရှိလား? သကြားညိုမုန့်လုပ်စားလို့ရလား" ဖြစ်သည်။

ကုလျန်မင် - "...."

သူမ ဒီနှစ်ယောက်၏ တုံးအမှုအတွက် သက်ပြင်းသာချရမည်လားမသိပေ။

"ကောင်းပြီ။ မင်း ဘယ်လောက်လိုချင်လဲ?" ကုလျန်ရွှမ် သူ့အင်္ကျီလက်ကို တင်လိုက်ပြီး မုန့်နှစ်ကို ထုတ်ကာ စင်နီတုံးပေါ် တင်လိုက်သည်။

ကုလျန်မင် သူမအကြီးဆုံးအစ်ကိုပြန်ဖြေသည်ကို ကြား၍ သူမအံ့သြသွားသည်။ သူမကသာ ဤနှစ်ယောက်အတွက် စိတ်ပူနေပေမယ့် သူတို့ကတော့ရော? တစ်ယောက်ပြီး တစ်ယောက် မယုံရပါ။

ကုလျန်မင် ချောင််းဟန့်လိုက်၍ သူတို့နှစ်ယောက် သူမကို ကြည့်လိုက်ကြသည်။ "ညီမ ရေပူရှိလားလာကြည့်တာ။ ရစ်ငှက်အမွေးနှုတ်ဖို့ အရင်စိမ်ထားမလို့"

"ငှက်အမွေးကို ရှောင်းဝူနဲ့ ရှောင်းလျိုဆော့ဖို့ ကြက်တောင်လုပ်လို့ရတယ်" ကျန်းထျန် ပြောလိုက်သည်။

ကုလျန်မင် ခေါင်းညိတ်လိုက်သည်။ "ညီမ လုပ်လိုက်မယ်"

သူတို့နှစ်ယောက် စကား‌ပြောပြီး၍ အလုပ်ကိုယ်စီလုပ်နေကာ စကားဆက်မပြောကြတော့သည်ကို ကုလျန်မင်မြင်ပြီး သူမရောက်လာလို့ သူတို့နှစ်ဦးသားပိုရင်းနှီးမည့်အခွင့်အရေးကို ဖြတ်တောက်မိလိုက်သလို ဖြစ်သွားသည်နေမည်။

ကုလျန်မင် စိတ်ဓါတ်ကျသွားပြီးနောက် ရေပူကို ယူကာ အမြန်ပြန်ထွက်သွားလိုက်သည်။

ကျန်းထျန် ဘီဒိုထဲ သကြားညိုကိုရှာလိုက်သည်။ ဒီခေတ်က သကြားညိုများက ခေတ်သစ်က သကြားညိုများလိုတစ်မှုန်စီမဟုတ်ဘဲ အခဲလိုက်ဖြစ်သည်။ ပြီးတော့ မွှေးလည်းမွှေးသည်။

ကျန်းထျန် သကြားညိုကို ပန်းကန်လုံးထဲ ထည့်ပြီး ကုလျန်ရွှမ်ကို မေးလိုက်သည်။ "သကြားညိုထဲ ရေထည့်စရာလိုလား?"

All Chapters