← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

ကုလျန်ရွှမ် ခေါင်းမော့ကာ ပြောလိုက်သည်။ "ဘာလို့ ရေထည့်စရာလိုမှာလဲ?"

ကျန်းထျန် ပြန်ဖြေလိုက်သည်။ "သကြားက ရေမထည့်ရင်ရလို့လား?"

"ဒီအတိုင်းထုပ်လိုက်ရင်ရပြီ" ကုလျန်မင်အသံက သံသယများနှင့်ဖြစ်ပြီး ကျန်းထျန်နားထဲတွင်တော့ မသိသည့်လူရှိသေးလားဟု အဓိပ္ပါယ်ထွက်သည်။

ကျန်းထျန် - ...ငယ်စဥ်တည်းက အပြင်စာသာဝယ်စားပြီး ဘွဲ့ရပြီးနောက် ‌အသင့်စားများကိုသာ စားသော သူမက ဒီလိုအရာများကို နားမလည်နိုင်ပါ။ ပြီးတော့ သူမ ကြည့်သော အစား‌အ‌သောက် ဘလော့ဂါများကလည်း ‌ဤကဲ့သို့ အကြောင်းအရာများအကြောင်း သေချာမတင်ပါ။

"ကျွန်မ ဒီအတိုင်းပြောတာပါ" ကျန်းထျန်ပြောပြီးနောက်နောက်လှည့်ကာ စားပွဲတွင် စိတ်ဓါတ်ကျစွာထိုင်လိုက်သည်။

သူမ ဟင်းပွဲအကြီးများ ချက်ရာတွင်သာ သင့်တော်ပြီး ဒီလို အရာများတွင်သူမ မပါချင်ဟု တွေးလိုက်သည်။

"ရေထည့်လို့မရပေမယ့် တစ်ခြားပစ္စည်းတွေထည့်လို့ရတယ် " ကုလျန်ရွှမ် ကျန်းထျန်စားပွဲပေါ်တွင် စိတ်ဓါတ်ကျပြီး အလွန်သနားစရာကောင်းပုံပေါ်သည်ဟု သူမြင်သည်။

ကျန်းထျန် ခေါင်းလှည့်လာပြီး သူမလက်ပေါ် မေးတင်ကာ ကုလျန်ရွှမ်ကို ကြည့်၍ မေးလိုက်သည်။ "တကယ်လား?"

ကျန်းထျန် ဒီနေ့ ဆံပင်ထောင်စီးထားပြီး အာဟာရသိပ်မရပုံပေါ်ကာ ဆံပင်များကလည်း ပါးပြီးဝါနေသည်။ လှုပ်ရှားမှုများကလည်း နှေးကွေးသည်။ ကျန်းထျန်နဖူးပေါ်မှ ကျနေသော ဆံပင်ကြားမှ လှပသောဗာဒံစေ့မျက်လုံးများနှင့် ကုလျန်ရွှမ် အကြည့်ချင်းဆုံသွားသည်။ မျက်လုံးအဆုံးက အနည်းငယ်ကော့တက်သွားပြီး နူးညံ့ကာ လှပသည်။ သို့‌သော် အခုတွင်တော့ ပိုင်ရှင်၏ စိတ်အခြေအနေအရ အသက်မဲ့နေပုံပေါ်သည်။

ကုလျန်ရွှမ် ခေါင်းအသာညိတ်ကာ "ဟုတ်တယ်"ဟု ပြန်ဖြေလိုက်သောအခါ ကျန်းထျန် မျက်လုံးများ ချက်ချင်းတောက်ပလာပြီး အပြုံးကြောင့် အသက်ဝင်လာသည်။ ကုလျန်ရွှမ် သူ့ခေါင်းကို အမြန်လှည့်လိုက်ရသည်။ သူနားရွက်များ ပူလာကာ ရင်ဘတ်ထဲက နှလုံးသားကလည်း အဆမတန်ခုန်လာသည်ဟု ခံစားရသည်။

ကျန်းထျန် တွေးကြည့်ပြီး "ဒါဆို ကျွန်မ နို့သကြားလုံးထည့်ချင်တယ်!" သူမပြောပြီး ကုလျန်ရွှမ် ဘာမှ‌ပြန်မပြောသည်ကို မြင်၍ သူမ စားပွဲကို ခေါက်ကာ ခေါ်လိုက်သည်။ "ကုလျန်ရွှမ်?"

"အာ အင်းအင်း မင်းထည့်လို့ရတယ် " ကုလျန်ရွှမ်် အသိပြန်ဝင်လာပြီး မုန့်နှစ်ကို ပိုအားထည့်၍ နယ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူအဖျားဝင်လို့များလား အပူကြီးသွားတာများလားဟု အတွေးများနေသည်။

"ဒါဆို ကျွန်မ သွားယူလိုက်မယ်!" ကျန်းထျန် မီးဖိုချောင်မှ လေအလျင်ကဲ့သို့ပြေးသွားရာ တံခါး၌ သံအိုးနှင့်ပြန်လာသော ကုလျန်မင်နှင့်ဆုံခဲ့သည်။

ကုလျန်မင် ကျန််းထျန်ကို အမြန်ရှောင်လိုက်ပြီး ကျန်းထျန်ကျောကို ကြည့်ကာ မေးလိုက်သည်။ "အစ်မ ဘာလို့ အလျင်လိုနေတာလဲ?"

"အစ်မ သကြားလုံးသွားယူမလို့!" ကျန်းထျန်အသံက ကုလျန်မင်နားကို လေနှင့်အတူ ဝင်လာသည်။

ကုလျန်မင် - "..."သူမ မီးဖိုချောင်ထဲ ဝင်သွားလိုက်ပြီး သိချင်၍ သူမအကြီးဆုံးအစ်ကိုကို မေးကြည့်လိုက်သည်။ "အခုက နေ့လည်စာစားချိန်မလား ယောင်းမက ဘာလို့ သကြားလုံးသွားယူတာလဲ?"

"သကြားလုံးကို သကြားညိုထဲ ထည့်မလို့" ကုလျန်ရွှမ် ရှင်းပြလိုက်သည်။

ကုလျန်မင် - မြို့ကလူများက ထိုသို့စားကြသည်လား? သူမ ဘယ်လိုဖြစ်မလဲ ကြည့်ချင်သည်။

ကျန်းထျန် သကြားလုံးကို ၆ခု ၇ခုယူလိုက်ပြီး နောက် ထပ်တွေးပြီးနောက် လက်တစ်ဆုပ်စာ သူမအိတ်ကပ်ထဲထည့်လိုက်ပြီး မီးဖိုချောင်သို့ အမြန်ပြေးသွားပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။ " သကြားညိုထဲ နှစ်လုံးထည့်မလား တစ်လုံးပဲ ထည့်မလား?"

ကုလျန်ရွှမ် ကြည့်လိုက်ရာ ကျန်းထျန် ဘယ်လက်နှစ်ချောင်းထောင်ထားပြီး ညာလက်တစ်ချောင်းထောင်ထားကာ သူမ နှစ်ခုထည့်ချင်မှန်းကလည်း ပေါ်လွင်နေပြန်၍ ကုလျန်ရွှမ် "နှစ် "ဟုဖြေလိုက်သည်။

သူမ လိုချင်သောအဖြေရပြီးနောက် ကျန်းထျန် သူမအိတ်ကပ်ထဲက သကြားလုံးကို စားပွဲပေါ်တင်လိုက်ပြီး ဘေးမှ ပန်းကန်လုံးတစ်လုံးယူကာ တစ်ခုပြီးတစ်ခု သီချင်းညည်းကာ ဂရုတစိုက်ခွာလိုက်သည်။

သကြားလုံး ပန်းကန်လုံးပေါ်ကျသံကို ကြားတိုင်း ကုလျန်မင် မျက်နှာ နာကျင်စွာ ရှုံ့မဲ့သွားသည်။ ထိုအရာက စျေးကြီးသောသကြားလုံးဖြစ်သည်။

ကုလျန်မင် မူးနောက်လာပြီး ကျန်းထျန်သာ သကြားညိုထဲ နို့သကြားလုံးထပ်ထည့်လျှင် သူမ သေချာပေါက် .... စားချင်သည်။

ကျန်းထျန် သကြားလုံးများကို ခွာလိုက်ပြီးနောက် ကုလျန်ရွှမ်လက်ထဲ ထည့်လိုက်ကာ ပြောလိုက်သည်။ "စုစုပေါင်း ၁၃ခုရှိတယ်"

ကုလျန်ရွှမ် ကြည့်လိုက်ရာ ပန်းကန်လုံးထဲ ပြည့်လျှံနေသည်ကို တွေ့လိုက်သည်။

"ကိုယ် ရောလိုက်ပြီး တြိဂံပုံတစ်ခု၊ လပုံတစ်ခု လုပ်လိုက်ရမလား? မင်းထပ်လိုချင်သေးလား?" ကုလျန်ရွှမ်အကြံပြုလိုက်သည်။

သကြားညိုက အလွန်ချိုနေပြီးဖြစ်သည့်အပြင် သကြားလုံး ထပ်ထည့်လိုက်လျှင် အချိုတော်တော်ကဲမည်မှာ သေချာသည်။

ကျန်းထျန် ခေါင်းညိတ်လိုက်သည်။

သကြားပေါက်စီပြင်ပြီးကာ အိုးထဲက ရေဆူလျှင် ထည့်ပေါင်းလိုက်လျှင် မြန်မြန်ရမည်။

နောက် ကုလျန်ရွှမ် အရွက်တစ်မျိုးကြော်၊ အချဥ်စိမ်ကြော်၊ နောက်ဆုံးမှ ကြက်ဥတစ်ဥတစ်လုံးကြော်လိုက်သည်။ ဟင်းများအားလုံး‌ ချက်ပြီးသည့်နောက် ရွှီကျင််းဖန်နှင့် ကုလျန်ရုန် အလုပ်မှ ပြန်လာသည်။

"ဒီနေ့ နေ့လယ်စာက ဘာလဲ?" ရွှီကျင်းဖန်် မျက်နှာသစ်ပြီး ပင်မအခန််းသို့တစ်ခါတည်းသွားကာ ထမင်းစားပွဲကို ကြည့်လိုက်သည်။ "သကြားပေါက်စီပဲ!"

ရွှီကျင်းဖန်လည်း အချိုကြိုက်သည်။ သူမ စျေးတွင်ရောင်းသော ဒင်းဆမ်းကို စားကြည့်သော်လည်း အရသာမရှိဟု ခံစားမိသည်။ သူမ အိမ်တွင် သကြားညိုထည့်ပြီး လုပ်စားမှ ချိုသည်။

ရွှီကျင်းဖန် အမူအရာကိုကြည့်ပြီး ရွှီကျင်းဖန်လည်း အချိုကြိုက်မည်မှန်း ကျန်းထျန်သိလိုက်သည်။ သူမ ရွှီကျင်းဖန်ပန်းကန်လုံးထဲ တြိဂံပုံသကြားပေါက်စီကို ထည့်ကာပြောလိုက်သည်။ "အမေ ဒါစားကြည့်၊ အမေကြိုက်သွားလိမ့်မယ်!"

ကုလျန်မင် သူမဖို့ တစ်ခု၊ ရှောင်းလျိုဖို့ တစ်ခု နှစ်ခုကို အမြန်ယူလိုက်သည်။ ရှောင်းဝူက အမွှာအငယ်လေးတွေကို ကြည့်နေတုန်းဖြစ်သည်။ တြိဂံပုံသကြားပေါက်စီက ၅ခုပဲ ရှိသဖြင့် အရင်ယူမှသာရမည်။ ကုလျန်ရွှမ်လည်း သတိထားမိ၍ ကုလျန်ရုန်မလာခင် သူ့ဖို့တစ်ခု ကျန်းထျန်ဖို့ တစ်ခုအမြန်ယူလိုက်သည်။

ကုလျန်ရုန် သူ့နေရာတွင် ထိုင်လိုက်စဥ် တခြားလူများပန်းကန်လုံးထဲတွင် တြိဂံပေါက်စီတစ်ခုစီရှိပြီး သူ့တွင်တော့ မရှိပါ။ ပြီးတော့ သူ လည်ဆန့်ပြီး ကြည့်လိုက်ရာ "ဘာလို့ မရှိတော့တာလဲ?"သူ မတ်တပ်ရပ်ပြီး သေချာကြည့်လိုက်ရာ တကယ်ပင် တြိဂံပုံကို ‌မတွေ့တော့ပေ။

လပုံပေါက်စီ ၃လုံးသာ ရှိတော့သည်။ "လပုံပေါက်စီတွေကလည်း သကြားပေါက်စီမလား?" သူ သူတို့ကို ကြည့်လိုက်ရင်း မေးလိုက်သည်။ ကုလျန်ရွှမ် မျက်နှာထားတည်တည်နှင့် ခေါင်းငြိမ့်လိုက်သည်။

ကုလျန်ရုန် တစ်လုံးကို သူ့ပန်းကန်လုံးထဲထည့်လိုက်သည်။ သူ ဘယ်လိုတွေးတွေး မပျော်နိုင်ပါ။ တစ်ခြားသူများက တြိဂံပုံ စားရပြီး သူက လပုံ စားရသည်။ သူဘယ်လိုပျော်နိုင်မည်နည်း?

ကုလျန်မင် သူမပါးစပ်ကို အုပ်ကာ ရယ်လိုက်သည်။ အရူးတတိယအစ်ကို၊ ဘာလို့ ပုံစံ၂ခုလုပ်သည်နည်း? အစာမတူမည်က သေချာသည်။

ပန်းကန်လုံးထဲက တြိဂံပုံသကြားပေါက်စီကို ကြည့်ရင်း ရွှီကျင်းဖန် မေးလိုက်သည်။ "ဘာပါလို့လဲ?" သကြားအများကြီး ပါတာများလား?

ကျန်းထျန် ပြန်‌မဖြေဘဲ ပြုံး၍ ပြောလိုက်သည်။ "အမေ မြည်းကြည့်တာနဲ့ သိမှာ။ အရသာရှိမှာ‌ သေချာတယ်!"

စားပွဲရှိလူတိုင်း၏ အကြည့်အောက် ရွှီကျင်းဖန် ခေါင်းငုံံ့လိုက်ကာ တစ်ကိုက်ကိုက်ကြည့်ရာ ပူပူချိုချိုအရသာက သူမပါးစပ်ထဲ ပျော်ဝင်သွားသည်။ ပြီးတော့ ....သိသာသော နို့အနံံံ့ပါ ပါသည်လား?

သူမ မြန်မြန် ဝါးစားလိုက်ကာ မျက်လုံးပြူးကျယ်ရင်းပြောလိုက်သည်။ "ဒီထဲ...ဘယ်လိုလုပ် နို့အနံ့ပါနေတာလဲ?" အလွန်အရသာရှိသည်။

"ဘာနို့အနံံ့လဲ?" ကုလျန်ရုန် အနံ့ခံကြည့်ရာ တကယ်ပင် နို့အနံ့ရသည်။

ကုလျန်မင် တံတွေးမျိုချရင်း မေးလိုက်သည်။ "အမေ အရသာရှိလား?"

ရွှီကျင်းဖန် ဆက်တိုက် ခေါင်းညိတ်လိုက်သည်။ "အရသာရှိတယ်။ သမီးစားကြည့်ကြည့်!" သူမ ပါးစပ်ထဲ ရှိသည်ကို မျိုချပြီးနောက် ကျန််းထျန်ကို ကြည့်ကာ မေးလိုက်သည်။ "ထျန်ထျန်် သမီးဘာထည့်ထားတာလဲ? ဘာလို့အရမ်းအရသာရှိပြီး နို့အနံ့လည်းရနေရတာလဲ?"

"နို့သကြားလုံးနှစ်လုံး ထည့်ထားလို့"

ရွှီကျင်းဖန် - ?!

ကုလျန်ရုန် - ?!

ကျန်းထျန်လေသံက ပေါ့ပါးနေပေမယ့် ဤလူနှစ်ယောက်၏ နားထဲတွင်တော့ မုန်တိုင်းတစ်ခုဝင်လာသလိုဖြစ်သည်။

"သကြားလုံး...နှစ်လုံး?" ရွှီကျင်းဖန် သူမ တောင့်သွားပြီး တံတွေးအသာမျိုချရသည်။

ကုလျန်ရုန် ‌သဘောပေါက်သွားသည့်ပုံပေါ်ကာ ခေါင်းငုံ့၍ လပုံသကြားပေါက်စီကို မြန်မြန်တစ်ကိုက််ကိုက်ကြည့်ပြီး ဝါးကြည့်ရာ တစ်ခုခုလွဲနေသလို ခံစားရသည်။

ကျန််းထျန် ခေါင်းညိတ်ကာ "ဟုတ်တယ်၊ အမေ၊ အရသာရှိလား?" သူမ ပြောပြီးနောက် သူမလည်း တစ်ကိုက်ကိုက်ကြည့်ပြီး မြည်းကြည့်လိုက်ရာ နို့အနံံ့နှင့် သကြားညို၏ ချိုမြမှုက ရောနေကာ အလွန်ချိုသည်။

ရွှီကျင်းဖန် တြိဂံပုံသကြားပေါက်စီကို အလုတ်ကြီးကိုက်ရင်း ဒီအတိုင်းမျိိုချလိုက်သည်။ သေချာပင် အရသာမခံနိုင်ပေ။ သူမ အလွန်နှမြောသည်။ သို့‌သော် ကျန်းထျန်ကိုတော့ ဖြုန်းတီးသည်ဟု အပြစ်မတင်ပါ။

"သကြား‌ပေါက်စီက တကယ်အရသာရှိတယ်" ရွှီကျင်းဖန် သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။ "အမေတို့ တရုတ်နှစ်သစ်ကူး ဒါမှမဟုတ် တစ်ယောက်ယောက်မွေးနေ့ဆိုရင် စားလို့ရတယ်"

ကုလျန်မင် နှလုံးခုန်မြန်လာပြီး အမြန်ဝင်‌ပြောလိုက်သည်။ "နောက်လက ရှောင်းဝူနဲ့ ရှောင်းလျိုမွေးနေ့!"

ရှောင်းလျိုက ရွှီကျင်းဖန် မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ကြည့်နေလေရာ ရွှီကျင်းဖန် ပြုံးကာပြောလိုက်သည်။ "သကြားပေါက်စီစားကြမယ်!"

ရှောင်းလျို သူ့စတုတ္ထအစ်မကို ကြည့်ရင်း ‌ထခုန်တော့မလို ဖြစ်‌သွားပေမယ့် ရွှီကျင်းဖန် ဆက်ပြောလိုက်သည်ကိုကြားလိုက်ရသည်။ "ဒါပေမယ့် အဲ့အချိန်ဆို အမေတို့ဆီမှာ သကြားလုံးရှိမှရမှာ။ သကြားလုံးက ရဖို့မလွယ်ဘူး"

"သားတို့ သကြားလုံးကို သိမ်းထားမယ်!" ရှောင်းလျို အသံအက်ကွဲကွဲနှင့်ပြောလိုက်သည်။ "ရှောင်းဝူနဲ့ ကျွန်တော် တစ်နေ့တစ်လုံးပဲစားပြီး မွေးနေ့ဖို့ သိမ်းထားမယ်!"

ကျန်းထျန် - "...အဲ့အချိန်ဆို သကြားလုံးတွေ မကောင်းလောက်တော့ဘူး"

ရှောင်းလျို ပုခုံးများလျော့ကျကာ မျက်နှာလည်းငြှိုးငယ်သွားသည်။

ကုလျန်ရုန် သကြားပေါက်စီကို ဆက်ဆက်ကိုက်ကြည့်ရာ လွဲနေသည်ကို သိသွားသည်။ သူတို့ပြောနေသည်ကို ကြား၍ သူဝင်ပြောလိုက်သည်။ "တတိယအစ်ကို ညီလေးတို့ဖို့ လုပ်ပေးမယ်။ ညီလေးတို့ သကြားပေါက်စီစားရမယ်လို့ အစ်ကို အာမခံတယ်!"

ရှောင်းလျို ချက်ချင်း မျက်နှာရွှင်ပြလာကာ သကြားပေါက်စီကို ပျော်ရွှင်စွာ စားလိုက်သည်။

ကုလျန်ရုန် သူ့အကြီးဆုံးအစ်ကိုကို ကြည့်လိုက်ရင်း ပြောလိုက်သည်။ "အစ်ကို လပုံသကြားပေါက်စီမှာ သကြားလုံးတစ်လုံးပဲ ထည့်ထားတာလား?"

ကုလျန်ရွှမ် တည်ငြိမ်စွာ တြိဂံပုံသကြားပေါက်စီကျန်သည်ကို အကုန်ကိုက်ပြီးနောက် မျိုချလိုက်ကာ ပြောလိုက်သည်။ "ဟုတ်တယ်"

ကုလျန်ရုန် ဒေါသထွက်စွာမေးလိုက်သည်။ "အစ်ကို ဘာလို့ ကျွန်တော့်အတွက် တစ်ခုလုပ်‌မပေးတာလဲ?" သူ ဒေါသတကြီး နောက်ထပ်လပုံပေါက်စီတစ်ခုကို ယူလိုက်သည်။ သူလည်း နှစ်လုံးစားချင်သည်။

"မင်းမှ ဆီးသီးခြောက်မကြိုက်တာ" ကုလျန်ရွှမ်ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ကုလျန်ရုန် - ?

"ဒါက ဆီးသီးခြောက်နဲ့ ဘာဆိုင်လို့လဲ?" ပြီးတော့ သူ့အကြီးဆုံးအစ်ကို သူကြိုက်သည်မကြိုက်သည်ကို သိပါသည်။ ဒါကြောင့် အခုက ဆင်ခြေလျှောက်ပေးနေတာဖြစ်သည်!

"ဆီးသီးခြောက်ကလည်း ချိုတယ်။ သကြားညိုကလည်း ချိုတယ်။ သကြားလုံးလည်း ချိုတယ် " ကုလျန်ရွှမ် ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။ ကုလျန်ရုန် အချိုမကြိုက်၍ဟု ‌ပြောချင်သည်ဖြစ်သည်။

ကုလျန်ရုန် - ... ဘယ်သူမှ သူ့ကို တားလို့မရတော့ဘူး။ သူ ဒီနေ့ လပုံပေါက်စီ၃လုံးကို အကုန်စားချင်သည်။

ကျန်းထျန် သကြားပေါက်စီကိုစားရင်း ညီအစ်ကိုနှစ်ယောက် စကားများနေသည်ကို နားထောင်နေလိုက်သည်။

ရွှီကျင်းဖန် ပေါက်စီစားရင်း ကျန်းထျန်ကို မေးလိုက်သည်။ "ဝါးခြင်းထဲက မျှစ်စို့က သမီးဒီမနက် ဝါးတောကနေ တူးလာတာလား? ပြီးတော့ အနောက်ခြံက အိုးထဲစိမ်ထားတဲ့ရစ်ငှက်ကရော?" ရစ်ငှက်က ရိုးရိုးကြက်နှင့် ခွဲရလွယ်သည်။

ဒီ‌အကြောင်းပါလာပြီဖြစ်၍ ကုလျန်မင် ဆက်မစားတော့ဘဲ ခါးမတ်ကာ ပြောလိုက်သည်။ "အဲ့ဒါ သမီးယောင်းမ ဖမ်းလာတဲ့ ရစ်ငှက်!"

ရွှီကျင်းဖန်၊ ကုလျန်ရုန် - ?!!

ကုလျန်မင် သူတို့နှစ်ယောက်အမူအရာကို ကြည့်ရင်း အားရစွာ ဆက်ပြောလိုက်သည်။ "သမီးပြောပြမယ်၊ ယောင်းမနဲ့ ရစ်ငှက်က အဲ့အချိန်တုန်းက ၂၀မီတာကျော်ကျော်ကွာတာ!"

ကုလျန်ရွှမ် - .....ဆယ်မီတာကျော် မဟုတ်ဘူးလား? ဘာလို့ ခုပြောင်းသွားသည်လဲ?

"ရစ်ငှက်ကို ရှောင်းဝူအရင်တွေ့တာ။ သူအော်ပြီး ပြောလို့မပြီးသေးခင် ယောင်းမက ဝါးရွက်တစ်ရွက်ကို ကောက်ပြီး သူမလက်ကြားထဲ ထားလိုက်ပြီးတော့ မျက်လုံးမှေးကြည့်ရင်း ပါးစပ်ကနေ လေမှုတ်ထုတ်လိုက်တာ။ သူမ လက်ထဲကနေလွှတ်လိုက်တာနဲ့ ဝါးရွက်က မရပ်မနား အရှိန်နဲ့ ရစ်ငှက်ဆီပျံသွားတာ တစ်ခါတည်း ရစ်ငှက်မျက်လုံးကို ထိသွားရော။ အိုးထဲကရစ်ငှက်မှာ မျက်လုံးအဖောက်ခံထားရတယ်မလား?"

ရွှီကျင်းဖန်နှင့် ‌ကုလျန်ရုန်ကြောင်‌သွားပြီး ပြန်တွေးကြည့်ရာ အမှန်ပင် ရစ်ငှက် မျက်လုံး ထိထားသည်ဖြစ်၍ ခေါင်းညိတ်လိုက်သည်။

သူရဲကောင်းကဲ့သို့ ကျန်းထျန် - သူမ ဝါးရွက်သုံးခဲ့မိလို့လား?

ကုလျန်ရွှမ် - ကျောက်ခဲ မဟုတ်ဘူးလား?

All Chapters