အခန်း (၂၇)
Vol. 3 Ch. 27
"ကိုယ်...မေ့သွားပြီ" ကုလျန်ရွှမ် ခေါင်းစောင်းကာ အကြောင်းအရာလွှဲရန် ကြိုးစားနေသည်။ "ကိုယ် အနောက်ခြံမှာ ဖျာလှမ်းနေတာ။ ကိုယ် မီးဖိုချောင်မှာ ငါးစွပ်ပြုတ်ချက်စားမလို့။ မျှစ်စို့လတ်လတ်ဆတ်ဆတ်နဲ့ ငါးစွပ်ပြုတ်ဆိုရင်ရော?"
ကျန်းထျန် - သူ တစ်ခုခုဖြစ်နေတယ်
ကျန်းထျန် - "ကောင်းပြီ!"
နောက် သူမ ကုလျန်ရွှမ် ဂျိုင်းထောက်နှင့် မီတာဝက်ကို လမ်းလျှောက်သွားကာ အနောက်ခြံမှ ထွက်ပြေးသည့်အတိုင်း ထွက်သွားသည်ကိုမြင်လိုက်ရသည်။
ကျန်းထျန် - ခြေတံရှည်ရှည်ရှိသည်က တကယ် အဆင်ပြေသည်။
သူမ ခေါင်းငုံ့ကာ ရေထဲက သူမဆံပင်ပုံစံကို ဆက်ကြည့်ရှုလိုက်သည်။ ဆံပင်တစ်ချောင်းချင်းစီက တသီးတသန့်ထွက်နေကာ ထိုးထောင်နေသည်။
ကျန်းထျန် အော်ပြောလိုက်သည်။ "ရှောင်းလျို၊ မရီးကို အိမ်ထဲက ခေါင်းဘီးတစ်ချောင်းယူပေးပါဦး!" သူမ သူမလက်ကို ရေထဲနှစ်ကာ နောက် သူမဆံပင်ကို ဖိလိုက်သည်။ တစ်ချို့ဆံပင်များက ဖိအားကြောင့် ပြန်ကျကာ တစ်ချို့ကတော့ တောင့်ခံနေပြီး တောင့်တင်းထိုးထောင်နေသေးသည်။
ရှောင်းလျို ခဏကြာပြီးနောက် ပြန်လာပြီး ကျန်းထျန်ကို ခေါင်းဘီးပေးကာ ကျန်းထျန်မျက်နှာကို ကြည့်၍ သတိထားမေးလိုက်သည်။ "ယောင်းမ၊ ရှီရှီက ကျွန်တော်နဲ့ ရှောင်းဝူကို အပြင်ထွက်ဆော့ဖို့ လာမေးလို့ ကျွန်တော် သွားလို့ရလား မရဘူးလား?"
"ရှီရှီ?" ကျန်းထျန် သူမဆံပင်ကို ဖြီးရင်း ရှောင်းလျိုကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ "မောင်လေးတို့ ဘယ်မှာဆော့မှာလဲ?"
မရီးက ရှီရှီကို မသိသည်ကို မြင်၍ ရှောင်းလျို ရှင််းပြလိုက်သည်။ "ရှီရှီက ဦးလေးချန်ရှူယီအိမ်က။ ကျန်တဲ့ကလေးတွေလည်း ရောက်နေပြီ"
"တစ်ခြားနေရာတွေကို မသွားနဲ့။ တံခါးမှာပဲ ဆော့နေနော်?"
ရှောင်းဝူနှင့် ရှောင်းလျို ကျန်းထျန်ကို မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် ကြည့်နေလေသည်။
"ဟုတ်ပါပြီ။ သွားလို့ရတယ် ဒါပေမယ့် အဝေးကြီးတော့ မသွားနဲ့နော်။ မရီး မင်းတို့ကို ညစာစားဖို့ခေါ်ရင် ကြားကြားချင်း တန်းပြန်လာရမယ် " ကျန်းထျန် အမွှာလေးတွေကို ရုပ်တည်နှင့် စည်းကမ်းသတ်မှတ်ပေးလိုက်သည်။
ရှောင်းဝူနှင့် ရှောင်းလျို ဆန်ကိုကောက်စားနေသော ကြက်ပေါက်ကလေးများကဲ့သို့ ခေါင်းဆက်တိုက်ညိတ်ကာ "ဟုတ်ကဲ့။ ကျွန်တော်တို့မှတ်မိပါပြီ။ မရီး!"
"သွားဆော့ကြတော့" ကျန်းထျန်် လက်ဝေ့ရမ်းရင်း ပြောလိုက်ရာ ကလေးနှစ်ယောက် ဖျတ်ခနဲ ပျောက်သွားသည်။
သူမ သူမဆံပင်များကို သပ်သပ်ရပ်ရပ် လုပ်လိုက်ပြီး မီးဖိုချောင်သွားကာ သူမခေါင်းကို ကုလျန်ရွှမ်ရှေ့ တမင်တကာ ခါနေလိုက်သည်။ သို့သော် သူ လုံးဝ မတုန့်ပြန်ပေ။
ကျန်းထျန် သူ့ကို ဂရုမစိုက်တော့ဘဲ သူမ အိုးထဲ တစ်ချက်ကြည့်လိုက်သည်။ ငါးစွပ်ပြုတ်ထဲ ကြက်သွန်မြိတ်ရှည်ရှည်နှင့် ဂျင်းပါးပါးလှီးထားသည်များမှ လွဲ၍ ဘာမှမရှိ။
တို့ဖူး လုံးဝမရှိပေ။ သံပူပူအိုးထဲက တို့ဖူးငါးစွပ်ပြုတ်က အလွန်အရသာရှိသည်။
"ကြာဆံထည့်လိုက်ဦး" ကျန်းထျန် တံတွေးမျိုချရင်းပြောလိုက်သည်။ အိမ်တွင် တို့ဖူးမရှိလျှင် ကြာဆံကိုအစားထိုး အသုံးပြု၍ ရသည်။
ကုလျန်ရွှမ် အိတ်ထဲမှ ကြာဆံကို လက်တစ်ဆုပ်စာယူလိုက်ရင်း ကျန်းထျန်ကို ကြည့်ကာ မေးလိုက်သည်။ "မင်း အပြင်ထွက်ဆော့ဖို့ ခွင့်ပြုတယ်လို့ ရှောင်းဝူနဲ့ ရှောင်းလျိုပြောတယ်"
အမွှာလေးတွေက သူမကို စကားပြောရလွယ်မှန်း မြင်၍ သူမကို အရင်ရှာပြီးမှ သူမနာမည်သုံးကာ ကုလျန်ရွှမ်နှင့် ကုလျန်မင်ကို လှည့်စားလိုက်သည်လား? အမွှာလေးတွေက တော်တော်လည်သည်။
"ကျွန်မ သူတို့ကို တံခါးမှာပဲ ဆော့ခိုင်းတာ။ လှမ်းအော်ခေါ်ရင် သူတို့ပြန်လာရမယ် မှာထားတယ်" ကျန််းထျန်ပြောလိုက်သည်။
ကုလျန်ရွှမ် ငါးစွပ်ပြုတ်ချက်နေသော သံအိုးကို ဖုံးလိုက်ပြီး "ကလေးနှစ်ယောက်လည်း အိမ်မှာပဲနေနေရတာ ကြာနေပြီဆိုတော့ အပြင်ထွက်ဆော့တာ ကောင်းပါတယ်"
နောက် သူ ရစ်ငှက်နှပ်ထားသော ကြွေထည်ဘက်သွားရာ ကျန်းထျန် အမြန်နောက်ကလိုက်သွားသည်။
"ကျွန်မတို့ အခု ရွှံ့နဲ့ ထုပ်တော့မှာလား?" ကျန်းထျန့် လုပ်ကြည်ချင်သည်။
ကုလျန်ရွှမ် အသားကို တစ်ချက်ကြည့်လိုက်ပြီး "ရခါနီးပြီဆိုတော့ ကိုယ် အိမ်နောက်မှာ မြေကြီးတူးရမယ်"
"ကျွန်မလည်း သွားမယ်။ ကျွန်မ ပုံးသွားယူလိုက်ဦးမယ်!" ကျန်းထျန် အနောက်ခြံထဲ သစ်သားပုံးသွားရှာပြီး ကုလျန်ရွှမ်နှင့် လိုက်သွားလိုက်သည်။
အိမ်အရှေ့ဘက်တွင်ကလေးများ အိမ်ဆောက်တိုင်း ဆော့နေကြသည်။ သူတို့ တံခါးဖွင့်သည့်အသံကြားသောအခါ ကြည့်လိုက်ပြီး အော်ကြသည်။ "ဦးလေးလျန်ရွှမ်၊ အဒေါ်"
ကုလျန်ရွှမ် ခေါင်းညိတ်လိုက်ပြီးနောက် အိမ်အနောက်သို့ ဆက်လျှောက်သွားသည်။ ကျန်းထျန်မြောက်လိုက်သော သူမလက်ကတော့ လေထဲတွင် တစ်ဝက်တစ်ပျက်ဖြစ်သွားသည်။
ကျန်းထျန် - သူမ နှုတ်ဆက်ချင်သေးသည်။
ကုလျန်ရွှမ်ကို မှီအောင်လိုက်ရင်း ကျန်းထျန်ပြောလိုက်သည်။ "ကုလျန်ရွှမ် ရှင်ဘာလို့ ကလေးတွေကို အရမ်းခြောက်လှန့်နိုင်တာလဲဆိုတာ ကျွန်မသိသွားပြီ"
ကုလျန်ရွှမ် ခဏရပ်သွားပြီးနောက် နားစွင့်လိုက်သည်။ သို့သော် သူ့မျက်နှာကတော့ အမူအရာမဲ့နေတုန်းဖြစ်သည်။"ဘာလို့လဲ?"
ကျန်းထျန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူက စိတ်ဝင်စားပုံမပေါ်၍ သူမလက်ကို ဝေ့ရမ်းရင်း "ထားလိုက်ပါတော့။ ကျွန်မ ဒီအတိုင်းပြောလိုက်တာ"
"ပြောလို့ရတယ်"
ကုလျန်ရွှမ် - မင်း ဒီအတိုင်း ဆက်ပြောလို့ရတယ်။
ကုလျန်ရွှမ်နှလုံးသား ကြောင်လက်သည်းဖြင့် အကုတ်ခံလိုက်ရသလိုဖြစ်ကာ ကျန်းထျန်ပြောသည့်အကြောင်းအရာကို သူအလွန်သိချင်နေသည်။
သို့သော် သူ အိမ်နောက်တွင် မြေကြီးတူးနေသည်အထိ ကျန်းထျန် ဘာမှထပ်မပြောလာပေ။
သူတို့ တူးမည့်နေရာရောက်သောအခါ ကျန်းထျန် စည်ပိုင်းကို ချထားလိုက်ပြီး အင်္ကျီလက်ကို တင်ကာ မြေကြီး တူးရန်ပြင်လိုက်သည်။ "ဒီလောက်မြေကြီးဆို လုံလောက်ပြီလား?"
ကုလျန်ရွှမ် မြေကြီးပေါ်တွင် ခြေတစ်ချောင်းထောက် ထိုင်ကာ သူ တစ်စက္ကန့်အတွင်း ပြုတ်ကျတော့မည်ဟု ကျန်းထျန် သံသယဝင်နေမိသည်။
ကျန်းထျန် မြေကြီးပေါ်က ကျောက်ခဲကျောက်စများ သစ်သားစများကို သူမခြေဖြင့် အဝေးသို့ကန်လိုက်သည်။ "အို၊ ရှင် ဟိုဘက်မှာ သွားရပ်နေလေ။ ကျွန်မ တူးလိုက်မယ်"
ကုလျန်ရွှမ် သူရွေးထားသောမြေကို ညွှန်ပြရင်း ဂျိုင်းထောက်နှင့် မတ်တပ်ရပ်လိုက်သည်။ "ဒီကမြေက အဆင်ပြေတယ်။ တူးပြီး ရေနဲ့ ဆေးလိုက်ရင် သုံးဖို့အဆင်သင့်ဖြစ်သွားပြီ"
ကျန်းထျန် ဒီတစ်ခေါက် ကိရိယာများဖြင့် ထွက်လာသည်။ အိမ်တွင်ရှိသော ထင်းတုတ်ချောင်းများဖြစ်သည်။ မနက်က သူမ ဝါးတောတွင် တူးသည့် အတွေ့အကြုံအရ သူမ သေချာပြင်ဆင်ထားခြင်းဖြစ်သည်။
တုတ်ချောင်းကို မြေကြီးထဲ ထိုးလိုက်ပြီး အားနှင့် ဆွကာ မြေကြီးများထွက်လာသည်။ နောက် ကျန်းထျန် စည်ပိုင်းထဲထည့်လိုက်သည်။ ဤသို့ ဆက်တိုက်လုပ်နေလိုက်သည်။
သူမ တူးနေစဥ် ကုလျန်ရွှမ် အနောက်ဘက်သို့ကြည့်ကာ အသံကို နားထောင်လိုက်သည်။ "မင်း အသံတစ်ခုခု ကြားလား?"
ကျန်းထျန် ခေါင်းလှည့်ကြည့်လိုက်ပြီး ခဏရပ်ကာ နားထောင်လိုက်သည်။ "အဲ့မှာ ကြားတယ်" ခြေလှမ်းသံများနှင့် အော်သံများ အနောက်လယ်မှ လာသည်ကို ကြားနိုင်သည်။
သူမ မတ်တပ်ရပ်လိုက်ပြီး မြင်သည့်နေရာလျှောက်သွားလိုက်ပြီး ခြေဖျားထောက်ကာ ကြည့်လိုက်သည်။ "တစ်ယောက်ယောက်က တစ်ခုခုကို အဲ့ဘက်လယ်မှာ လိုက်နေတဲ့ပုံပဲ?"
"အိမ်ပြန်ကြစို့။ ကိုယ်တစ်ချက် လယ်ထဲ သွားကြည့်ကြည့်ဦးမယ်"
ကျန်းထျန် သူမလက်က မြေကြီးများကို ခါလိုက်ပြီး အိမ်သို့အမြန် သူ့နောက်ကလိုက်လိုက်သည်။
ကုလျန်ရွှမ် သစ်သားစည်ပိုင်းကို ခြံထဲ ထားလိုက်ပြီး အပြင်ထွက်ရန်ပြင်စဥ် ကျန်းထျန် သူ့ကို တားလိုက်သည်။ "ရှင်က ဒီလိုဖြစ်နေတာ။ တစ်ခုခုဖြစ်ရင် ပိုဆိုးသွားလိမ့်မယ်"
ကုလျန်ရွှမ် ဂျိုင်းထောက်ကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်ပြီး တိတ်ဆိတ်သွားကာ နောက်ထပ်ပြောလိုက်သည်။ "မင်းပြောတာမှန်တယ်"
အချိန်တိုအတွင်းပင် ပြေးလိုက်သည့်အသံက သူ့နားထဲ ချက်ချင်းရောက်လာကာ အလွန်နီးကပ်နေသည့်ပုံပေါ်သည်။
သေချာနားထောင်ကြည့်လျှင် အသံများကို ကြားနိုင်သည် "မြန်မြန်" "လယ်တွေလည်း သူတို့ကြောင့် ပျက်စီးသွားပြီ" "ဒီအကောင်တွေ!" ဟိုဘက်မှာ ကလေးတွေ။ ပစ်ကြတော့။ မြန်မြန်!"
ကျန်းထျန် မျက်မှောင်ကြုတ်ကာ အပြင်မှ အသံကို နားစွင့်နေကာ ကလေးများဆိုသည့်အသံကို ကြားလိုက်သောအခါ သူမ ဒီနေ့နေ့လယ်က ကြားလိုက်သော တောဝက်များအကြောင်း ချက်ချင်းသတိရသွားသည်။
ကုလျန်ရွှမ်လည်း သဘောပေါက်သွားသည်။ "မဖြစ်ဘူး။ ရှောင်းဝူနဲ့ ရှောင်းလျိုက အပြင်မှာပဲ ရှိသေးတယ်!" သူပြောပြီးပြီးချင် ပြေးထွက်ရန်ပြင်လိုက်သည်။
သူမအံကြိတ်ရင်း ကျန်းထျန် ကုလျန်ရွှမ်လက်မှ ဂျိုင်းထောက်ကို ဆွဲယူလိုက်ကာ တံခါးကို တွန်းဖွင့်၍ ပြေးထွက်သွားသည်။ ကုလျန်ရွှမ် ဘေးကနံရံကို လဲမကျရန် အမြန်မှီလိုက်ရသည်။
"ကျန်းထျန် ကျန်းထျန်။ ပြန်လာ!" ကုလျန်ရွှမ် ခြေထောက်တစ်ဖက်ထောက်ကာ နောက်ကလိုက်ပြီး ရုတ်တရက် ကျောက်တုံးနှင့်တိုက်မိကာ ခြေချော်သွားပြန်သည်။
ကျန်းထျန် အပြင်ထွက်ထွက်ချင်း တောဝက် ၃ ကောင်က ကလေးများဆီကို ဦ်းတည်နေသည်ကို မြင်လိုက်ရသည်။ သူမအိမ်က ကလေးများကလည်း သူမဆီပြေးလာသည်။ သူမ ဘာမှမတွေးတော့ဘဲ လက်ထဲဂျိုင်းထောက်ကို မြှောက်ကာ သူမရှေ့က တောဝက်၏ လည်ကို ရိုက်လိုက်သည်။
တောဝက်၏ ဘယ်အစိတ်အပိုင်းက အထိခိုက်လွယ်ဆုံးဖြစ်သည်ကို သူမ မသိ၍ သေနိုင်ဆုံးနေရာကိုသာ သူမ ရွေးလိုက်ရသည်။
ဂျိုင်းထောက်လည်း တစ်ချက်တည်းကျိုးသွားကာ တောဝက် ခေါင်းလည်း လည်ထွက်သွားသည်။ ကျန်းထျန်ကို ကိုယ်စောင်းလိုက်ပြီး တောဝက်ကို ကန်လိုက်သည်။ နောက်က ဒုတိယတောဝက်ကိုလည်း ထိုနည်းအတိုင်း ဖြေရှင်းလိုက်သည်။
တတိယ တောဝက်ကတော့ ကျန််းထျန် မလှုပ်ရှားရသေးခင် သေနတ်သံတစ်ခုထွက်ပေါ်ကာ တောဝက် မြေပေါ် လဲကျသွားသည်။
သေနတ်သံထွက်ပြီးနောက် ကျန်းထျန်သေလုနီးပါးဖြစ်အောင်ရိုက်လိုက်သော တောဝက်များ တစ်ချက်တစ်ချက် ညည်းတွားသံမှလွဲ၍ အရာအားလုံး တိတ်ဆိတ်သွားသည်။
ကုလျန်ရွှမ် - "...."
ကလေးများ - "...."
၆ခုမြောက် ထုတ်လုပ်ရေးအဖွဲ့ဝင်များ - "....."
ရှိနေသောခေါင်းဆောင်များ - "...."
ခုနက တောဝက်က ရှောင်းဝူ ရှောင်းလျိုတို့နှင့် ၇မီတာ ၈မီတာလောက်သာ ဝေးတော့၍ သူမသာ မလှုပ်ရှားလိုက််လျှင် ဘာဖြစ်မည်ကို သူမ မသိနိုင်ပေ။
သို့သော် သူမ အခု သူမခွန်အား ၁၀၀ရာခိုင်နှုန်းကို သုံးလိုက်၍ သူမ ခြေလက်များ အနည်းငယ် အားနည်းသွားသည်။ သူမ မတ်တပ်မရပ်နိုင်လောက်ဘူးထင်၍ သူမ မြေကြီးပေါ် ထိုင်ချလိုက်သည်။
ကျန်းထျန် သူမချွေးများကို သုတ်ကာ တိတ်ဆိတ်နေသော ရှောင်းဝူနှင့် ရှောင်းလျိုကို ပြောလိုက်သည်။ "တောဝက်ကို မြင်တာ မောင်လေးတို့ ဘာလို့မပြေးတာလဲ?"
ကျန်းထျန် သူတို့ကို မတွေ့သေး၍ နောက်က အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ ချောင်းဟန့်လိုက်သည်။
ကျန်းထျန် - !
သူမခေါင်းကို စက်ရုပ်လို လှုပ်ရှားကာ ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး အတန်ကြာငြိမ်သက်နေသည်။
ရွှီကျင်းဖန်လည်း အသိပြန်ဝင်လာကာ လူအုပ်ကြားထဲ တိုးဝှေ့ရင်း အရှေ့သို့အမြန်ထွက်လာလိုက်ပြီး စိုးရိမ်စွာ မေးလိုက်သည်။ "ထျန်ထျန်။ သမီးဘယ်လိုနေလဲ? လက်နာသွားလား ခြေနာသွားလား?" နောက် ရှောင်းဝူနှင့် ရှောင်းလျိုကို ဝေ့ရမ်းပြလိုက်သည်။
ကလေးနှစ်ယောက် သူတို့အမေဆိုလိုသည်ကို နားလည်ကာ ခြံထဲ ပြန်ပြေးသွားသည်။
ကျန်းထျန် နောက်ကလူအုပ်ကြီးကို ကြည့်ပြီး ဉာဏ်နီဉာဏ်နက်များကာ သူမပေါင်ကို သူမလက်နှင့် ဆွဲလိမ်လိုက်ပြီး နာ၍ မျက်ရည်များ ချက်ချင်းကျလာသည်။
"အမေ! သမီးလက်တွေ ခြေထောက်တွေ ကျိုးပြီနဲ့ တူပါတယ်!"
ရွှီကျင်းဖန် ကျန်းထျန်ကို အမြန်ဖက်ကာ ကျန်းထျန်မျက်နှာကို သူမကိုယ်နှင့် ကာလိုက်ပြီး တိုးတိုးမေးလိုက်သည်။ "သမီးတကယ် နာသွားတာလား?"
ကျန်းထျန် အသာခေါင်းခါလိုက်ပြီး တိုးတိုးဖြေလိုက်သည်။ "ဘာမဖြစ်ဘူး။ သမီး အားအကုန်သုံးလိုက်လို့ အားနည်းသွားတာပဲ ရှိတာ" သူမ အားအကုန်မသုံးလျှင် ကလေးတွေ အသက်ဆုံးရှုံးမည်ကို ထိတ်လန့်သည်။
"သမီး ခဏနေ မူးချင်ယောင်ဆောင်လိုက်နော် နားလည်တယ်မလား?" ရွှီကျင်းဖန် ကျန်းထျန်ပုခုံးကို ပုတ်လိုက်သည်။
ထိုအချိန်တွင် တတိယအဒေါ်လည်း အရှေ့သို့လာကာ ကျန်းထျန် မျက်လုံးများလည်ကာ မေ့လဲသွားသည်ကို မြင်လိုက်၍ သူမ စိုးရိမ်စွာမေးလိုက်သည်။ "ဘာဖြစ်တာလဲ? သမီးက ဘာလို့ မေ့လဲသွားတာလဲ ? ထိခိုက်သွားလို့လား?"
ထို ဂျိုင်းထောက်နှင့် ရိုက်သည်နှင့် ခြေထောက်နှင့် ကန်သည်က ဟာသမဟုတ်ပါ။ တကယ် သူမအရိုးများ နာသွားလောက်မည်။
"မြန်မြန် ထျန်ထျန်ကို ဆေးခန်းပို့ကြမယ်!" တတိယအဒေါ် ကူညီရန် အမြန်ဆော်သြလိုက်သည်။
ကုပေါင်ကော သူတစ်ခုခုပြောရန် ပါးစပ်ဟလိုက်ပေမယ့် ဘေးက လီအတွင်းရေးမှူးတားသည်ကို ခံလိုက်ရသည်။ "ဒီရဲဘော်ရဲဘက်ကို ဒဏ်ရာအရင်သွားပြခိုင်းလိုက်ပါ။ သူမအနာက ပြင်းထန်တယ်"
အဖွဲ့၏ ကျောင်းအတွင်းရေးမှူးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ အတွင်းရေးမှူးပြောတာမှန်တယ်"
ရွှီကျင်းဖန်နှင့် တတိယအဒေါ် ကျန်းထျန်ကို ရွာတောင်ပိုင်းက ကျန်းမာရေးစင်တာသို့ ခေါ်သွားလိုက်သည်။
ကုမိသားစုခြံထဲတွင်တော့ ဘယ်သူမှ သတိမထားမိခင် ကုလျန်မင် တိတ်တဆိတ် မြေပေါ် လဲနေသော သူမအစ်ကိုကို ဆွဲထူလိုက်သည်။
"အစ်ကိုက အရမ်း..." ကုလျန်မင် အမူအရာက ရှုံ့ချမှုအပြည့်နှင့်ဖြစ်သည်။
ကုလျန်ရွှမ်က သူ့မျက်နှာကို သုတ်ရင်း သူနားလည်သည်ဟု စိတ်ထဲကပြောလိုက်သည်။
ခြံအပြင်တွင်တော့ ကုပေါင်ကော သူ့နောက်မှ ရွာသားများကို လက်ဝေ့ရမ်းရင်း "လူတိုင်း လယ်ထဲပြန်ပြီး လဲသွားတဲ့ စပါးခင်းတွေကိုအရင် ပြန်ပြင်လိုက်ကြဦး"
လူအုပ်ကြားက ကုလျန်ရုန်က စိတ်ထဲ သူ့မရီး တောဝက်များကို ဂျိုင်းထောက်နှင့်ရိုက်ကာ ကန်လိုက်သည့် မြင်ကွင်းက စွဲကျန်ကာ သူကြောင်နေသည်။
ကုပေါင်ကော လူငယ်အချို့ကို နေခဲ့ရန် ခေါ်လိုက်သည်။ "ရှန်လီ လျန်ရုန် ပြီးတော့ မင်းတို့လူငယ်တွေ ဒီမှာနေခဲ့ကြ"
သူပြောပြီးနောက် လီအတွင်းရေးမှူးဘက်လှည့်ကာ "အတွင်းရေးမှူး၊ ဒီတောဝက်တွေကို ဘယ်လိုလုပ်မယ်တွေးထားလဲ?"
လီအတွင်းရေးမှူး ကျောင်းအတွင်းရေးမှူးကို ကြည့်လိုက်ရာ ကျောင်းအတွင်းရေးမှူး ခဏများစဥ်းစားပြီးနောက် ပြောလိုက်သည်။
"အစကတော့ အဖွဲ့နဲ့၇ခုမြောက်ထုတ်လုပ်ရေးအဖွဲဲ့က ဒီတောဝက်တွေကို ခွဲဝေယူဖို့တွေးထားတာ။ အဖွဲ့က တောဝက်တွေကို သတ်ဖို့ လူလွှတ်ပေးပြီး ၇ခုမြောက်အဖွဲ့ကလည်း လျော်ကြေးယူရမယ်။ ဒါပေမယ့် ဒီတောဝက် ၃ကောင်က ၆ခုမြောက်အဖွဲ့က စပါးခင်းတွေထဲ ဖြတ်ပြီး နှစ်ကောင်ကို ခုနက အမျိုးသမီး ဖြေရှင်းလိုက်တာ ဒါကြောင့် ဒီတောဝက်တွေက အဖွဲ့နဲ့ ၇ခုမြောက်အဖွဲ့ ဝေစုရဖို့ မသင့်တော်ဘူး"
ကျောင်းအတွင်းရေးမှူး ပြောပြီးနောက် လီအတွင်းရေးမှူး အမူအရာကြည့်လိုက်ရာ ခေါင််းညိတ်ပြသည်ကို မြင်မှ စိတ်အေးသွားကာ အသက်ရှူနိုင်သည်။
ကုပေါင်ကောလည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။ ဒီတောဝက်နှစ်ကောင်ကို သူတို့ ၆ခုမြောက်အဖွဲ့ပိုင်သွား၍ အဆင်ပြေသွားသည်။ မဟုတ်လျှင် သူ လျန်ရွှမ်တို့မိသားစုကို လျော်ပေးဖို့ တစ်ခြားနည်းလမ်း ရှာရမည်ဖြစ်သည်။