ပြတ်ပြတ်သားသား
Vol. 9 Ch. 97
ခုန်မင် ပြုံးလျှက် ရှိလေသည်။
ယူဂျီးန်၏အမြင်မှာတော့ ခုန်မင်၏အပြုံးက ဉာဏ်များသည့်ကုန်သည်တစ်ယောက်၏အပြုံးပမာ ကောက်ကျစ်စဉ်းလဲသည်ဟု ခံစားနေရသည်။
သို့သော် နောက်ဆုံးမှာတော့ ယူဂျီးန် မချိပြံးတစ်ချက်ပြုံးလိုက်ပြီး သူ၏ဝတ်ရုံထဲမှ ပစ္စည်းတစ်ခုထုတ်ယူကာ ခုန်မင်ထံသို့ ကမ်းပေးလိုက်သည်။
"'မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်' အပြင် ဒီပစ္စည်းကိုပါ ဒုတိယသခင်လေးကို လက်ဆောင်အဖြစ် ပေးပါရစေ ၊ သခင်လေး ဘယ်လိုသဘောရပါသလဲ ၊ ပြီးတော့ သခင်လေးသာ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် ဒီကျင့်စဉ်ရော ဒီပစ္စည်းရော ချက်ချင်းကို သခင်လေးလက်ထဲ ပေးထားခဲ့မှာပါ”
ယူဂျီးန် ထုတ်ပေးလာသောပစ္စည်းမှာ လူကြီးတစ်ယောက်၏ လက်ဖဝါးအရွယ်ခန့် စတုရန်းပုံ သစ်သားဒိုင်းငယ်လေးတစ်ခု ဖြစ်သည်။
ကြည့်ရသည်မှာ ကလေးကစားစရာ ဒိုင်းငယ်လေးနှင့် ပို၍တူနေပေသည်။
သို့သော် အံ့သြစရာကောင်းသည်မှာ ထိုသစ်သားဒိုင်းငယ်လေးမှ သစ်သားဒြပ်စင်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်နေခြင်း ဖြစ်၏။
ဒြပ်စင်စွမ်းအားလှိုင်းများက ခုန်အိမ်တော်၏အမွေအနှစ်ဖြစ်သော ‘ရောင်ခြယ်သစ်သားတောင်ဝှေး’ ထက်ပင် ပိုမိုပြင်းထန်နေလေရာ ၊ ဤသစ်သားဒိုင်းငယ်လေးမှာ ‘ရောင်ခြယ်သစ်သားတောင်ဝှေး’ ထက်ပင် အဆင့်အတန်းပိုမိုမြင့်မားသော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုဖြစ်နိုင်သည်။
ခုန်မင်က ချက်ချင်းပင် “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းအားကို ထပ်မံအသက်သွင်းလိုက်သည်။
ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး သစ်သားဒိုင်းငယ်လေး၏ပတ်ပတ်လည်တွင် ကြည်လင်သော ခရမ်းရောင်စာလုံးများ လှည့်ပတ်ထွက်ပေါ်လာသည်။
[နက်ရှိုင်းသစ်သားဒိုင်း - နှောင်းပိုင်းအဆင့် သစ်သားဒြပ်စင်ဝိညာဉ်လက်နက် ၊ အလွန်တန်ဖိုးကြီးမားသည်။]
နတ်မျက်စိမှ ထွက်ပေါ်လာသည့်ရလဒ်ကိုတွေ့မြင်သည်နှင့် ယူဂျီးန်၏ ရက်ရောမှုကို ခုန်မင် အသိအမှတ်ပြုလိုက်ရတော့သည်။
ဤလျှို့ဝှက်ဆန်းကြယ်သောအဘိုးအိုက 'ထိပ်တန်းသခင်အဆင့်' ကျင့်စဉ်တစ်ခုကို ကမ်းလှမ်းပြီးနောက်တွင် နှောင်းပိုင်းအဆင့်ရှိ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခုကိုပါ ထပ်မံပေးအပ်နေပြန်သည်။
ခွန်းကာမြို့ငယ်လေးက အလွန်ဝေးလံခေါင်သီသည်ဖြစ်ရာ ဤသို့သောပစ္စည်းများက စိတ်ကူးမရနိုင်လောက်အောင် ရှားပါးလွန်းသည်။
ချန်နန်အင်ပါယာတစ်ခုလုံးတွင်ပင် ခုန်မျိုးနွယ်နှင့် ချောင်မျိုးနွယ်ကဲ့သို့ အထက်တန်းလွှာမိသားစုကြီးများမှလွဲပြီး 'ထိပ်တန်းသခင်အဆင့်' ကျင့်စဉ်များနှင့် 'နှောင်းပိုင်းအဆင့်' ဝိညာဉ်လက်နက်များကို အလဲအထပ်ပြုရဲသည့်သတ္တိမျိုး မည်သူ့တွင် ရှိနိုင်ပါသနည်း။
ယူဂျီးန်က တစ်ကိုယ်တော်လှုပ်ရှားသူတစ်ယောက် ဖြစ်သည်။
သူ၏နောက်ခံက မည်မျှထူးခြားသည်ဆိုဦးတော့ သူ၏ကြွယ်ဝချမ်းသာမှုက ခုန်မျိုးနွယ် ၊ ချောင်မျိုးနွယ်များနှင့် ယှဉ်နိုင်ရန်ခဲယဉ်းလွန်းသည်။
သို့ပေသိ 'မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်' နှင့် 'နက်ရှိုင်းသစ်သားဒိုင်း' ကို ပေးအပ်လိုက်ခြင်းမှာ သူ့အတွက် အလွန်နာကျင်စရာကောင်းသော ရင်းနှီးမြှုပ်နှံမှုကြီးလည်း ဖြစ်နိုင်သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ပြန်လည်မွေးဖွားလာသည့် ဖီးနစ်ငှက်ဥက ယူဂျီးန်အတွက် မည်မျှအရေးပါကြောင်း သိသာနိုင်သည်။
ထို “ဥ” ကို ရရှိနိုင်မည့် အခွင့်အရေးလေးတစ်ခုအတွက်ပင် ယူဂျီးန်သည် မည်သည့်အဖိုးတန်ပစ္စည်းကိုမဆို ပေးအပ်ရန် အသင့်ဖြစ်နေခဲ့သည်။
တကယ်တော့ ခုန်မင်ကိုယ်တိုင် ဖီးနစ်ကျဆုံးတောင်ကြားသို့ သွားရောက်လျှင်ပင် ထိုနေရာတွင် ဖီးနစ်ပြန်လည်မွေးဖွားလာသည့်ငှက်ဥ အမှန်တကယ် ရှိ မရှိ မသေချာလှပေ။
ဖီးနစ်ငှက်ဥ အမှန်တကယ်ရှိသည်ဆိုလျှင်လည်း ခုန်မင်အနေဖြင့် ထိုငှက်ဥကို အပြင်သို့ တကယ်တမ်း ယူဆောင်လာနိုင်မည်လား အာမမခံနိုင်သေးပေ။
သို့တိုင် ယူဂျီးန်ကတော့ ကြိုတင်၍ လောင်းကြေးထပ်ထားခဲ့သည်။
အဘိုးကြီး’ယူဂျီးန်’ ကို ခေါင်းအစ ခြေအဆုံး အကဲခတ်မည်ဆိုလျှင် တစ်ကိုယ်လုံး ဉာဏ်နီဉာဏ်နက်များဖြင့်ပြည့်နေသည့် လူလည်စီးပွားရေးသမားဖြစ်ကြောင်း သိသာလှသည်။
လူလည်စီးပွားရေးသမားတစ်ယောက်က မရေရာသည့်ကိစ္စတစ်ခုအတွက် ဤမျှကြီးမားစွာ ရင်းနှီးမြှုပ်နှံသည်ဆိုလျှင် ၊ ဤကိစ္စနောက်ကွယ်တွင် ထို့ထက်မက ပိုမိုကြီးမားသည့် အကျိုးအမြတ်တစ်ခု ရှိနေပေမည်။
သို့သော် ယူဂျီးန်ရရှိမည့်အကျိုးအမြတ်များက ခုန်မင်နှင့် သက်ဆိုင်ခြင်း မရှိပေ။
ခုန်မင်ကတော့ လတ်တလောရရှိသည့်အကျိုးအမြတ်များကိုသာ အရင်ဆုံး ဆုပ်ကိုင်ထားရန်လိုအပ်သည်။
ခုန်မင်က ခေါင်းညိတ်လိုက်ပြီး...
“ကောင်းပြီလေ... ဆရာကြီး’ယူဂျီးန်’ က ဒီလောက်စိတ်ရင်းမှပြသနေမှတော့ ကျုပ်လည်း ခင်ဗျားနဲ့ ပူးပေါင်းပါ့မယ် ၊ ဒါပေမဲ့... တစ်ခုတော့ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ် ၊ ကျုပ် ဖီးနစ်ကျဆုံးတောင်ကြားကိုရောက်တဲ့အခါ အစွမ်းကုန်ကြိုးစားပေးမယ် ၊ ဒါပေမဲ့ ကျုပ်အသက်နဲ့တော့ အလဲအထပ်လုပ်မှာ မဟုတ်ဘူး ၊ ဆိုတော့... ခင်ဗျားလိုချင်တဲ့ပစ္စည်းကို ကျုပ် ယူလာနိုင်သည်ဖြစ်စေ ယူမလာနိုင်သည်ဖြစ်စေ... အခုပေးထားတဲ့ပစ္စည်းတွေကို ပြန်ပေးမှာမဟုတ်ဘူးနော်”
ထိုစကားကြားတော့ ယူဂျီးန် အားတင်းကာ ပြုံးလိုက်သည်။
သူက...
“ဒုတိယသခင်လေးသာ ဒီအဘိုးကြီးနဲ့ပူးပေါင်းဖို့ သဘောတူတယ်ဆိုရင် ကျေနပ်လှပါပြီ ၊ ဒုတိယသခင်လေးရဲ့ အစွမ်းအစနဲ့တောင် ဒီအဘိုးကြီးဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင်တော့... အင်း... ကျုပ်လည်း ဒီကိစ္စကို လက်လျှော့လိုက်ရုံပဲရှိတာပေါ့ ၊ ဘာပဲဖြစ်ဖြစ်... ကျုပ်တို့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စ အောင်မြင်ပါစေလို့ပဲ ဆုတောင်းနေပါတယ်ဗျာ”
ပြောပြီးသည်နှင့် ယူဂျီးန်က သူ၏ဝတ်ရုံထဲမှ ရှေးဟောင်းကျမ်းစာတစ်အုပ်ကိုထုတ်ယူလိုက်ပြီး ‘နက်ရှိုင်းသစ်သားဒိုင်း’ ၊ ‘စမ်းသပ်ပွဲလက်မှတ်’ နှင့်အတူ ခုန်မင်လက်ထဲသို့ အပ်နှံလိုက်လေသည်။
ရှေးဟောင်းကျမ်းစာက 'ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်' ကျင့်စဉ်ဖြစ်သော "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ပင် ဖြစ်သည်။
'ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့်' ကျင့်စဉ်ဆိုသည်က ကျင့်ကြံသူအများစုအတွက် အနှိုင်းမဲ့မြင့်မားလှသော ကျင့်စဉ်မျိုး ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုသို့သောကျင့်စဉ်မျိုး ရရှိခဲ့မည်ဆိုပါက မည်သူက စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။
နှောင်းပိုင်းအဆင့် 'ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်' ဆိုသည်မှာလည်း ထို့အတူပင် အလွန်တရာ ရှားပါးသော ရတနာပစ္စည်းဖြစ်သည်။
အထူးသဖြင့် မိမိကျင့်ကြံထားသည့် ဒြပ်စင်စွမ်းအားနှင့်ကိုက်ညီမည့်လက်နက်မျိုး ရရှိရန်ဆိုသည်မှာ လိုက်လံရှာဖွေနေရုံနှင့်မပြီးဘဲ ကံကောင်းမှသာ ပိုင်ဆိုင်ခွင့်ရနိုင်သည်။
အခြားကျင့်ကြံသူဆိုလျှင် ဤပစ္စည်းနှစ်မျိုး လက်ထဲရောက်သည်နှင့် တည်ငြိမ်အောင် ထိန်းထားနိုင်မည် မဟုတ်ပေ။
ခုန်မင်ကတော့ အဖိုးတန်ရတနာများမဟုတ်ဘဲ သာမန်အသုံးအဆောင်ပစ္စည်းများကို လှမ်းယူလိုက်သည့်ပမာ အလွန်တည်ငြိမ်စွာဖြင့်ပင် "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" နှင့် "နက်ရှိုင်းသစ်သားဒိုင်း" ကို လှမ်းယူလိုက်သည်။
ခုန်မင်က နဂိုကပင် အလွန်စိတ်တည်ငြိမ်သူဖြစ်သည်။
သူ၏တည်ငြိမ်နိုင်စွမ်းက လောကတွင် ရှာမှရှားဟု ဆိုရမည်။
မဟုတ်ပါက သုံးပြည်ထောင်ခေတ်တွင် ခုန်မင်က “ခံတပ်ဗလာဗျူဟာ” ကို တည်ငြိမ်စွာအသုံးပြုပြီး ခေတ်အဆက်ဆက် ကမ္ဘာကျော်စေမည့် စစ်ရေးပြကွက်တစ်ခုကို မည်သို့ဖန်တီးနိုင်ခဲ့ပါမည်နည်း။
ခုန်မင်က ပစ္စည်းများကိုလှမ်းယူလိုက်သည်နှင့် ယူဂျီးန်၏မျက်နှာထက် နှမျောတသသည့်အမူအရာ အတိုင်းသား ထွက်ပေါ်လာသည်။
မရေရာသောအလုပ်တစ်ခုအတွက် အဖိုးတန်ရတနာနှစ်ခုကို လွှဲပြောင်းပေးလိုက်ရသည်မှာ နှလုံးသားကို ဓားနှင့်မွှန်းသည့်ပမာ နာကျင်ရပေမည်။
ယူဂျီးန်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နှမျောတသမှုကိုထိန်းချုပ်ရင်း ခုန်မင်ကို စကားဆိုလိုက်သည်။
"ဒုတိယသခင်လေးက ဒီအဘိုးကြီးနဲ့ ပူးပေါင်းဖို့ သဘောတူလိုက်ပြီဆိုတော့... ကျုပ်က သခင်လေးကို အပြည့်အဝ ယုံကြည်ပါတယ် ၊ နောက်(၃)လနေရင် 'ဖီးနစ်နားခိုရာမျိုးနွယ်စု' ရဲ့ အရွယ်ရောက်ခြင်းအခမ်းအနား ကျင်းပပါလိမ့်မယ် ၊ သခင်လေးအနေနဲ့ ဖီးနစ်ကျဆုံးတောင်ကြားမှာ အစွမ်းကုန် အရည်အချင်းပြသပြီး အောင်မြင်မှုတွေအများကြီးရနိုင်ဖို့ မျှော်လင့်ပါတယ် ၊ စိတ်မကောင်းစရာတစ်ခုက... ဒီအဘိုးကြီးကတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုတွေ နေတဲ့နေရာအထိ လိုက်လာပြီး သခင်လေးကို အားပေးနိုင်မှာမဟုတ်ပါဘူး ၊ ဒီတော့... ကျုပ်နေထိုင်ရာ လေမိုးကြိုးတောင်ကုန်းကနေပဲ သခင်လေးရဲ့ အောင်ပွဲသတင်းကို စောင့်စားနေပါ့မယ်”
ယူဂျီးန်က စကားဆိုရင်း ဖီးနစ်ငှက်မွှေးမြေပုံနှင့်အတူ မြေပုံနှင့်တူသည့် အခြားအရာတစ်ခုကိုပါ ခုန်မင်ထံသို့ ပေးအပ်လိုက်သည်။
ထို့နောက် လေးနက်စွာဖြင့်...
"ဒုတိယသခင်လေး... ဖီးနစ်ကျဆုံးတောင်ကြားကိုသွားတဲ့အခါ ဒီလျှို့ဝှက်မြေပုံရှိနေရင် အန္တရယ်ကြီးကြီးကျရောက်နိုင်မှာ မဟုတ်ပါဘူး ၊ မြေပုံအဆုံးမှာဖော်ပြထားတဲ့ ဖီးနစ်သစ်ပင်ကို သခင်လေး သတိထားမိမှာပါ ၊ အဲဒီအပင်ကိုရှာတွေ့တဲ့အချိန် ဒီလျှို့ဝှက်မြေပုံလည်း လက်ထဲမှာရှိနေမယ်ဆိုရင် လုံးဝ ထူးခြားတဲ့အခွင့်အရေးတစ်ခု ရလာနိုင်ပါတယ် ၊ အဲဒီလိုဆိုရင် သခင်လေးအနေနဲ့ ဖီးနစ်ငှက်ဥကိုရှာပြီး အပြင်ကိုယူဆေင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ် ၊ ဒီအဘိုးကြီး ထာဝရကျေးဇူးတင်နေမှာပါ”
ထို့နောက် ယူဂျီးန်က မြေပုံနှင့်ဆင်တူသည့် အခြားပစ္စည်းတစ်ခုကို ညွှန်ပြလိုက်ပြီး...
“ဒီမြေပုံကတော့ ကျုပ်ကိုယ်တိုင်ရေးဆွဲထားတာပါ ၊ မြေပုံထဲကအတိုင်း တစ်ဆင့်ချင်းစီလိုက်လာမယ်ဆိုရင် ကျုပ်နေထိုင်တဲ့ 'လေမိုးကြိုးတောင်ကုန်း' ကို ရှာတွေ့ပါလိမ့်မယ် ၊ ဖီးနစ်ကျဆုံးတောင်ကြား ခရီးစဉ်ပြီးဆုံးရင် သခင်လေးကို လေမိုးကြိုးတောင်ကြားမှာ အသင့်စောင့်ကြိုနေပါ့မယ်”
မှာကြားစရာများ အဆုံးသတ်ပြီးနောက် ယူဂျီးန်က ထိုင်ရာမှထလိုက်ပြီး ခုန်မင်ကို ဦးညွှတ်ဂါရဝပြုကာ လှည့်ထွက်သွားလေသည်။
သူလှည့်ထွက်သွားပုံက အံ့ဩစရာကောင်းလောက်အောင် ပေါ့ပါးသွက်လက်လွန်းလှသည်။
ကြည့်ရသည်မှာ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်ပြီးသည်နှင့် လက်လွှတ်သင့်သည်ကို လက်လွှတ်ပြီး တစ်ချက်မတုံ့ဆိုင်းဘဲ ပြတ်သားစွာ ထွက်ခွာသွားခြင်း ဖြစ်နိုင်သည်။
နှုတ်ကတိမျှဖြင့် သဘောတူညီခြင်းဖြစ်သော်လည်း အဘိုးအိုက ခုန်မင်အပေါ် ဤမျှပုံအောကာ လောင်းကြေးထပ်သည်ကိုကြည့်ခြင်းအားဖြင့် သူ၏စိတ်ဓာတ်ကတော့ ရှာမှရှားဟု မှတ်ချက်ပြုရပေမည်။