← Chapters

ယွဲ့အာ၏အလားအလာ

Vol. 9 Ch. 98

ယွဲ့အာ၏အလားအလာ

Vol. 9 Ch. 98

ထွက်ခွာသွားသည့် ယူဂျီးန်၏ နောက်ကျောကို စူးစိုက်ကြည့်ရင်း ခုန်မင် အနည်းငယ် ပြုံးလိုက်သည်။

“ဒီအဘိုးကြီး ယူဂျီးန်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ် ၊ ငါ အခုထိ သူ့ကို အပြည့်အဝ နားမလည်နိုင်သေးဘူး..”

ဘေးနားတွင်ရပ်နေသည့် ‘မော့ယွဲ့’ က အနည်းငယ်စိတ်ရှုပ်ထွေးဟန်ဖြင့်...

“သခင်‌လေး... အဲဒီအဘိုးကြီးက လူလိမ်ကြီးတစ်‌ယောက်ပဲ မဟုတ်ဘူးလား ၊ သူ့ပုံစံက ဒီနေ့ အရင်ကနဲ့မတူသလိုပဲ ၊ သူ သခင်လေးကိုပေးလိုက်တဲ့ပစ္စည်းတွေက တကယ်ရော အသုံးဝင်ရဲ့လား ၊ ပြီးတော့ သခင်လေးသာ ဖီးနစ်ကျဆုံးတောင်ကြားကိုသွားမယ်ဆိုရင် တကယ်ပဲ အန္တရယ်မရှိဘူးလား”

ခုန်မင်က ရယ်မောရင်း မော့ယွဲ့၏ဆံပင်လေးများကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။

“ယွဲ့အာ စိတ်ချပါ... ဒီအဘိုးကြီး ငါ့ကိုလှည့်စားဖို့ဆိုတာ မလွယ်ပါဘူး ၊ သူက ငါနဲ့ပူးပေါင်းချင်လို့ စိတ်ရင်းမှန်ပြချင်ရုံ သက်သက်ပါ ၊ ဒီလိုအချိန်မှာ သူ ငါ့ကိုလှည့်စားမယ်ဆိုရင် ဘာအကျိုးအမြတ်မှ မရှိနိုင်ဘူးလေ”

မော့ယွဲ့က နှုတ်ခမ်းလေးစူလိုက်ပြီး...

“ဘာလို့မှန်းမသိပေမယ့်... အဲဒီအဘိုးကြီးကို လုံးဝမယုံဘူး ၊ သခင်လေး... သူနဲ့ဆက်ဆံရင် သတိထားပါနော်”

ခုန်မင်က ပြုံးလျှက် ခေါင်းညိတ်လိုက်ပြီး မော့ယွဲ့ကို စူးစိုက်ကြည့်လိုက်သည်။

“ဒါနဲ့ ယွဲ့အာ... မင်း စောစောက ငါ့ဆီက ထူးဆန်းတဲ့ကိစ္စတစ်ခုခုတွေ့လိုက်တာလား...”

မော့ယွဲ့ “......”

မေးခွန်းကြောင့် မော့ယွဲ့ အံ့အားသင့်သွားချိန် ခုန်မင်က စကားဆက်ပြောလိုက်သည်။

“ငါ့အထင်တော့... အဲဒီထူးဆန်းတဲ့ကိစ္စကို မင်းတစ်ယောက်တည်းပဲ မြင်နိုင်မယ်ထင်တယ် ၊ ဟုတ်တယ်မလား”

မော့ယွဲ့ ပို၍အံ့အားသင့်သွားပြီး ပါးစပ်ကို လက်ဖြင့်ပင်အုပ်လိုက်မိသည်။ သူမ၏မျက်နှာကို အနက်ရောင်ပုဝါဖြင့်သာ ဖုံးမထားလျှင် အလွန်အံ့အားသင့်နေသည့်အမူအရာကို တွေ့မြင်ရပေမည်။

သို့သော် ခုန်မင်က မေးလာသည့်အခါ မော့ယွဲ့က ဘာကိုမှဖုံးကွယ်ထားရန် ဆန္ဒမရှိချေ။

သူမက ရိုးသားစွာဖြင့်ပင်...

“ဟုတ်ပါတယ် သခင်လေး ၊ သခင်လေးဆီက ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာတာ ယွဲ့အာမြင်လိုက်ရတယ် ၊ ဒါပေမဲ့ အဲဒီအလင်းတန်းထွက်ပေါ်လာတာနဲ့ သခင်လေးက ပစ္စည်းတွေကို အတုအစစ် ခွဲခြားနိုင်စွမ်း ရှိနေသလိုပဲ”

သူမက ဆက်ပြောလိုက်သည်။

“အဲဒါကို ပထမဆုံးမြင်ဖူးတာက လေလံပွဲနေ့က စျေးဆိုင်တွေထဲ လျှောက်လည်တုန်းကပါ ၊ အဲဒီနေ့ကတည်းက ဒီခရမ်းရောင်အလင်းတန်းကို ယွဲ့အာတစ်ယောက်ပဲမြင်နိုင်တယ်ဆိုတာ သတိထားမိခဲ့ပါတယ် ၊ ပြီးတော့... အဲဒါက သခင်လေးရဲ့ လျှို့ဝှက်ပညာ မဟုတ်လား ၊ ဒါကြောင့် ကျွန်မ ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ထားခဲ့ပါတယ် ၊ အစ်ကိုဖေးကိုတောင် ပြောမပြခဲ့ပါဘူး”

ခုန်မင်က အနည်းငယ် ပြုံးလိုက်ပြီး...

“ယွဲ့အာ... မင်းက အရမ်းဉာဏ်ကောင်းတယ် ၊ ငါ့လျှို့ဝှက်ချက်ကို လျှောက်မပြောဘူးဆိုတာ သိပြီးသားပါ ၊ ဒါပေမဲ့... မင်းတစ်ယောက်တည်းပဲ ဒီအလင်းတန်းကိုမြင်နိုင်တယ်ဆိုတော့ ငါတို့နှစ်ယောက်ကြားကရေစက်က ထူးခြားတာပဲ...”

သူက မော့ယွဲ့ကို ကြင်နာစွာဖြင့် ကြည့်လိုက်ပြီး...

“မင်းကို မိသားစုဝင်တစ်ယောက်လို သဘောထားမယ်လို့ ငါကတိပေးခဲ့တာ အလကားပြောခဲ့တာ မဟုတ်ပါဘူး”

ထိုစကားကြားတော့ မော့ယွဲ့၏မျက်နှာလေး ပန်းရောင်သမ်းသွားသည်။

သူမက တိုးလျသည့်လေသံဖြင့်...

“ကျွန်မက သခင်လေးအပိုင်ပါ ၊ ဘာကိစ္စတွေပဲဖြစ်လာပါစေ... သခင်လေးအနားပဲ အမြဲရှိနေမှာပါ”

ခုန်မင်က ပြုံးရင်းခေါင်းညိတ်လိုက်သည်။

ပြီးမှ...

“ယွဲ့အာ... မင်းမြင်ရတဲ့ ခရမ်းရောင်အလင်းတန်းက တကယ်ပဲ ငါ့ရဲ့လျှို့ဝှက်ပညာပဲ ၊ ဒါပေမဲ့ ငါကိုယ်တိုင်လည်း အဲဒီပညာကို အပြည့်အဝ မလေ့လာရသေးဘူး ၊ မင်းက အဲဒါကိုမြင်နိုင်တယ်ဆိုတော့... အဲဒီ ထူးဆန်းတဲ့အလင်းတန်းနဲ့ပတ်သက်ပြီး ငါ ပိုပြီးနားလည်လာအောင် ကူညီပေးနိုင်တာပေါ့”

ထို့နောက် သူက ခဏမျှစဉ်းစားပြီး ထပ်မေးလိုက်သည်။

“ယွဲ့အာ... မင်းက ခရမ်းရောင်အလင်းတန်းကို မြင်နိုင်တယ်ဆိုတော့... အဲဒီအလင်းရောင်ထဲက စာလုံးတွေကိုရော မင်းမြင်သလား”

မော့ယွဲ့ကစိတ်ရှုပ်ထွေးသွားဟန်ဖြင့်...

“စာလုံးတွေ ဟုတ်လား... ၊ ကျွန်မက အဲဒါတွေကို ထူးဆန်းတဲ့ အင်းသင်္ကေတတွေလို့ပဲ ထင်ခဲ့တာ ၊ စာလုံးတွေ ဆိုတာ လုံးဝမသိခဲ့ဘူး...”

ခုန်မင် ခေါင်းညိတ်လိုက်သည်။

ထျန်းယွမ်ကုန်းမြေတွင် အသုံးပြုသောစာပေနှင့် စာလုံးရေးသားနည်းစနစ်က အက္ခရာစနစ်နှင့်ဆင်တူပြီး စာလုံးများကို အက္ခရာများ အသံသင်္ကေတများဖြင့် ဖွဲ့စည်းထားသည်။

ထို့ကြောင့် ရိုးရှင်းလွယ်ကူသည့် စာလုံးများသာ ဖြစ်သည်။ ခုန်မင် သိရှိနားလည်သည့် တရုတ်စာလုံးများနှင့် လုံးဝ တူညီခြင်း မရှိပေ။

တရုတ်စာလုံးများကတော့ ပန်းချီကိုအခြေခံသည့် ပုံဆောင်စာလုံးများဖြစ်ပြီး အထက် ၊ အောက် ၊ ဘယ် ၊ ညာ စုတ်ချက်ပုံစံများဖြင့် ဖွဲ့စည်းထားသည်။

တရုတ်စာလုံးများက ရေးသားဖတ်ရှုရခက်ခဲသော်လည်း ပိုမိတိကျသည့်အဓိပ္ပါယ်ကို ဖော်ဆောင်နိုင်သည်။

သို့သော် အက္ခရာစာလုံးများကိုသာ တွေ့မြင်လေ့ရှိသူမျးအဖို့ တရုတ်စာလုံးများက “သရဲရေးထားသည့် ထူးဆန်းသည့်အင်းသင်္ကေတများပမာ” ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် မော့ယွဲ့သည်လည်း တရုတ်စာလုံးများကို မှတ်မိသိရှိခြင်း မရှိခဲ့ပေ။

မော့ယွဲ့နှင့် စကားပြောပြီးနောက် ခုန်မင် နားလည်သွားသည်မှာ -

သူမသည်လည်း ခရမ်းရောင်အလင်းတန်းအတွင်းမှ စာလုံးများကို တွေ့မြင်နိုင်ခြင်းရှိသည်ဆိုသော အချက်ပင်။ သူမက တရုတ်စာလုံးကိုမသိသဖြင့် စာလုံးများ၏အဓိပ္ပါယ်ကိုသာ နားမလည်ခြင်း ဖြစ်လေသည်။

မော့ယွဲ့က အဘယ့်ကြောင့် နတ်မျက်စိဖြင့်သုံးသပ်ခြင်း ခရမ်းရောင်အလင်းတန်းကို တွေ့မြင်ရသနည်းဆိုသည်ကိုတော့ ခုန်မင်လည်း အတိအကျ မသိသေးပေ။

သူမ၏ရုပ်ခန္ဓာထူးခြားချက်ကြောင့် ဖြစ်နိုင်သည်ဟုသာ ယူဆလိုက်မိသည်။

နတ်မျက်စိစွမ်အားကို မော့ယွဲ့တွေ့မြင်နိုင်သည်ဆိုလျှင် မော့ယွဲ့ကဲ့သို့သော အခြားသူများသည်လည်း တွေ့မြင်နိုင်ပေလိမ့်မည်။

ယနေ့မှစ၍ နတ်မျက်စိစွမ်းအား အသုံးပြုတိုင်း ပိုပြီးသတိထားရမည်ဟု ခုန်မင် တွေးလိုက်သည်။ တတ်နိုင်မျှ လူအများရှေ့တွင် ထုတ်သုံးခြင်းကို ရှေင်ရှားရပေမည်။

လူအုပ်ကြီးထဲတွင် မော့ယွဲ့ကဲ့သို့ ခရမ်းရောင်အလင်းကို မြင်နိုင်သူတစ်ယောက် ရှိကောင်းရှိနေနိုင်သည်။

မော့ယွဲ့ သူ၏လျှို့ဝှက်ချက်ကို သိရှိသွားခြင်းက ပြဿနာမရှိပေ။ သို့သော် အခြားသူများ သိရှိမသွားစေရန် ဖုံးကွယ်ထားရပေမည်။

မော့ယွဲ့ က ခရမ်းရောင်အလင်းတန်းကို တွေ့မြင်နိုင်ကြောင်း အစပိုင်းတွင် ခုန်မင် သတိမထားခဲ့မိပေ။

သို့သော် သူ နတ်မျက်စိစွမ်းအားအသုံးပြုတိုင်း မော့ယွဲ့၏မျက်ဝန်းများက ထူးဆန်းသွားသည်ကို သတိပြုမိသဖြင့် သံသယဝင်သွားခြင်း ဖြစ်သည်။

မော့ယွဲ့က ခရမ်းရောင်အလင်းတန်းကို တွေ့မြင်နိုင်ခြင်းမှာ သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထူးခြားမှုကြောင့်ဟု ယူဆနိုင်သည်။

နတ်သားရဲမျိုးနွယ်၏ သန့်စင်သောသွေးမျိုးဆက်အနေဖြင့် မော့ယွဲ့သည် ဤမျှ “နူနယ်အားနည်း” သူတစ်ယောက် ဖြစ်မနေသင့်ပေ။

ဤအချက်က အလွန်ထူးခြားပေသည်။

တစ်နေ့တွင် အခွင့်အရေးရသည်နှင့် သူမသည်လည်း ခုန်မင်ကဲ့သို့ “လျှို့ဝှက်ပညာရပ်” တစ်ခု ပိုင်ဆိုင်ခွင့် ရရှိလာနိုင်သည်။

ဤသို့တွေးလိုက်တော့ မော့ယွဲ့၏ အလားအလာက အကန့်အသတ်မရှိကြောင်း သိလိုက်ရသည်။

သို့သော် လက်ရှိမှာတော့ သူမက တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကိုသာ ကြိုးစားကျင့်ကြံရင်း ရုပ်ခန္ဓာကြံ့ခိုင်အောင် ပြုလုပ်သည်က အကောင်းဆုံးဖြစ်သည်။

မော့ယွဲ့၏စကားများကိုနားထောင်ရင်း ခုန်မင်သည်လည်း နတ်မျက်စိစွမ်းအားကို ပိုမိုနားလည်လာချင်မိသည်။ ဤမျှ ဆန်းကြယ်သောစွမ်းအားက အဘယ့်ကြောင့် သူ့ထံတွင် ထွက်ပေါ်လာရပါသနည်း။

ထျန်းယွမ်ကုန်းမြေက အဆုံးမစမရှိ ကျယ်ပြန့်သည်ဖြစ်ရာ လူဦးရေသည်လည်း ဘီလီယံ ရာနှင့်ချီအောင် များပြားလွန်းသည်။

သို့ဖြစ်ရာ ခုန်မင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးစွမ်းအားကိုပိုင်ဆိုင်သော အခြားသူများလည်း ရှိနေနိုင်သည်။

အမြင်ကျယ်စေရန်အတွက် လောကအဆုံးထိ ခရီးထွက်ပြီးမှသာ ဤတန်ခိုးစွမ်းအားက ဘာကိုကိုယ်စားပြုကြောင်း ရှာဖွေတွေ့ရှိနိုင်ပေမည်။

အချိန်အတန်ကြာတွေးတောနေပြီးမှ ခုန်မင်က လက်ထဲတွင်ရှိနေသည့် “မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်” စာအုပ်ကို ငုံ့ကြည့်လိုက်၏။

နတ်မျက်စိစွမ်းအားအကြောင်း ခဏမေ့ထားပြီး ဤ ထိပ်တန်းသခင်အဆင့်ကျင်စဉ်ကို အာရုံစိုက်လေ့လာသင့်သည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ခရီးထွက်ရန် (၃)လမျှသာ လိုတော့သည်။

ယခုအချိန်မှစပြီး မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်ကို စတင်ကျင့်ကြံပါက ထိုအချိန်ရောက်လျှင် သူ၏တန်ခိုးစွမ်းအားလည်း များစွာမြင့်တက်နေနိုင်သည်။

ထို့ကြောင့် ခုန်မင်က ထပ်မံပြီး တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်လေသည်။

***

ခုန်မင် တံခါးပိတ်ကျင့်ကြံရန် စဉ်းစားနေချိန်...

အဘိုးကြီး’ယူဂျီးန်’ ကတော့ ခွန်းကာမြို့မှ အေးဆေးစွာပင် ထွက်ခွာသွားသည်။

မြို့ထဲတွင်ရှိစဉ်က ထိတ်လန့်ကြောက်ရွံ့ဟန်ဖြင့် ကုတ်ချောင်းချောင်း လမ်းလျှောက်နေသည့် ယူဂျီးန်မှာ မြို့ပြင်ရောက်သည်နှင့် ခြေလှမ်းများက ပိုမိုမြန်ဆန်လာသည်။

ထူးဆန်းသည်ကတော့ အဘိုးအို၏လမ်းလျှောက်ပုံက မတည်မငြိမ် ဖြစ်နေခြင်းပင်။ ‌

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ယိမ်းယိုင်နေပြီး လဲပြိုတော့မည့်အလားဖြစ်နေသော်လည်း သူ၏လမ်းလျှောက်နှုန်းက မြင်းစီးသမားတစ်ယောက်ပင် လိုက်မမီနိုင်အောင် မြန်ဆန်လွန်းသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ယူဂျီးန်၏ ကျင့်ကြံခြင်းအဆင့် မည်မျှမြင့်မားကြောင်း ပြသနေသည်။

ခွန်းကာမြို့အပြင်ဘက်တွင် လူသူကင်းရှင်းနေသည်ဖြစ်ရာ သူ၏စွမ်းရည်ကို အခြားသူများသိရှိသွားမည်ကို စိုးရိမ်စရာမလိုတော့ပေ။

ထို့ကြောင့် သူက လျှင်မြန်စွာ ခရီးနှင်နေခြင်း ဖြစ်၏။

အချိန်မည်မျှကြာသွားသည်မသိ...။

ယူဂျီးန်မှာ ခွန်းကာမြို့မှ မိုင်ပေါင်းရာနှင့်ချီသည့် အကွာအဝေးတစ်ခုသို့ ရောက်ရှိလာသည်။

ထိုအချိန် ယူဂျီးန်က ရုတ်တရက် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

ထို့နောက် ကောင်းကင်ထက် ခေါင်းမော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ရင်း...

“မိတ်ဆွေ... လမ်းတစ်လျှောက်လုံး ဒီအဘိုးကြီးနောက် လိုက်လာနေတာ ၊ အောက်ဆင်းပြီး အနားလေးဘာလေး ယူပါဦးလား”

အပြာရောင်ကောင်းကင်ထက်ရှိ လွင့်မျောနေသည့်တိမ်တိုက်များကြားတွင် အမှန်တကယ်ပင် လူတစ်ယောက် ပုန်းအောင်းနေသည်လား ထင်မှတ်ရအောင် ယူဂျီးန်က ကောင်းကင်ထက်သို့ ဆက်လက်စူးစိုက်ကြည့်နေလေသည်။

ခဏအကြောမှာတော့...

တိမ်ဆိုင်များကြားမှ လူရိပ်တစ်ခုထွက်ပေါ်လာပြီး ယူဂျီးန် မတ်တတ်ရပ်နေသည့်နေရာသို့ ရောက်ရှိလာသည်။

ထိုသူက အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားဆန်သော ခန့်ညားသည့်အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

သူက ယူဂျီးန်၏ဦးခေါင်းထက် မီတာအနည်းငယ်အကွာ လေထုထဲတွင် လွင့်မျောနေလေသည်။ သူ၏ဝတ်ရုံက လေထဲတွင်လွင့်ပျံနေလေရာ နတ်ဘုရားတစ်ပါး ကောင်းကင်ယံမှ ဆင်းသက်လာသည်နှင့်ပင် ဆင်တူတော့သည်။

ဟုတ်ပေ၏။

ဤသို့ ကောင်းကင်ယံတွင် ပျံသန်းနိုင်ခြင်းမှာ ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် တန်ခိုးစွမ်းအားရှင်များ၏ အထင်ရှားဆုံးလက္ခဏာ ဖြစ်၏။

ထို့ပြင် အစိမ်းရောင်ဝတ်လူရွယ်က ကောင်းကင်ထက်တွင် ပျံသန်းလာသည်သာမက သူ၏အရှိန်အဟုန်ကလည်း အသံထက်ပင် လျှင်မြန်ပေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် လူရွယ်၏တန်ခိုးစွမ်းအား မည်မျှနက်ရှိုင်းကြောင်း သိရှိနိုင်သည်။

ဤမျှစွမ်းအားကြီးမားသူတစ်ယောက်ကိုတွေ့ရသည့်တိုင် အဘိုးကြီး’ယူဂျီးန်’ ကတော့ လုံးဝ ထိတ်လန့်တုန်လှုပ်ဟန် မရှိပေ။

သူက ပြုံးလိုက်ရင်း...

“လူကြီးမင်း... မိုင်ပေါင်းရာနဲ့ချီပြီး ဒီအဘိုးကြီးနောက်ကိုလိုက်လာတာ ဘာရည်ရွယ်ချက်များ ရှိလို့ပါလဲ ၊ ကျုပ်ဆီက ဓားပြတိုက်ဖို့များ ရည်ရွယ်ထားသလား...”

ယူဂျီးန်က စိတ်မကောင်းဟန်ဖြင့် ခေါင်းခါရမ်းလိုက်ရင်း...

“ကျစ် ကျစ်... နှမျောစရာကောင်းတာက ဒီအဘိုးကြီး လုပ်ငန်းကြီးတစ်ခုလုပ်လိုက်တာ ရှိသမျှအကုန်ဆုံးရှုံးသွားတယ် ၊ တစ်သက်လုံးစုဆောင်းထားသမျှ တစ်ချီတည်းနဲ့ ပြောင်းသလင်းခါသွားပြီ ၊ ကျုပ်ဆီဓားပြတိုက်လည်း ဘာမှရမှာမဟုတ်ဘူးနော်...”

All Chapters