အစိမ်းရောင်ဝတ်လူရွယ်
Vol. 9 Ch. 99
အစိမ်းရောင်ဝတ်လူငယ်က လေထဲတွင်လွင့်မျောနေရင်း ယူဂျီးန်ကို စူးစိုက်ကြည့်လိုက်သည်။
ပြီးမှ ဖြည်းညင်းသည့်လေသံဖြင့်...
“ခွန်းကာမြို့က ခုန်မင်ဆိုတဲ့ကောင်လေးက ငါတို့ ပင်မခုန်အိမ်တော်ရဲ့ စောင့်ရှောက်ပေးမှုအောက်မှာ ရှိနေတယ် ၊ သူ့အနားကို အပြင်လူတွေ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ချဉ်းကပ်တာမျိုးကို ခွင့်မပြုနိုင်ဘူး ၊ ခုန်မင် တစ်ခုခုထိခိုက်သွားလို့ကတော့ ငါတို့ ပင်မခုန်အိမ်တော်က ရှေးဟောင်းသဘောတူညီချက်ကိုဖျက်သိမ်းပြီး မင်းအသိုက်ကို ဖျက်ဆီးပစ်မယ်”
ထိုစကားကြားတော့ ယူဂျီးန်က နှုတ်ခမ်းများတွန့်ကွေးသွားပြီး...
“မင်းတို့ ပင်မခုန်အိမ်တော်က အင်အားကြီးတယ်ဆိုပြီး အားနည်းသူကို အနိုင်ကျင့်ချင်တာလား ၊ ဟွန်း... တစ်ယောက်ချင်းတိုက်လို့ကတော့ ဒီအဘိုးကြီး ဘယ်သူ့ကိုမှ မကြောက်ဘူး”
ထို့နောက် အဘိုးအိုက တစ်ချက်စဉ်းစားလိုက်ပြီး...
“နေပါဦး... မင်းတို့ ပင်မခုန်အိမ်တော်က ခုန်မင်ကို တကယ်ပဲ အလေးထားတယ်ဆိုရင် ဘာလို့ (၁၀)နှစ်ကျော်လောက် သူ့ကိုပစ်ထားရတာလဲ ၊ သူက မင်းတို့စွန့်ပစ်လိုက်တဲ့ တန်ဖိုးမရှိတဲ့ အခြေခံကျင့်စဉ်လေးတွေနဲ့ပဲ ကျေနပ်ခဲ့ရတယ် ၊ အခု ကောင်လေး နာမည်ကြီးလာတော့ မင်းတို့က ချက်ချင်းလာပြီး အသီးအပွင့်ခူးစားချင်နေတယ် ၊ ကျုပ်အမြင်တော့ ခုန်မင်ကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဉ်းကပ်နေတဲ့သူက တခြားသူမဟုတ်ဘူး ၊ မင်းတို့ကိုယ်တိုင်ပဲ...”
အစိမ်းရောင်ဝတ်လူရွယ်က မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။
သူက တည်ငြိမ်စွာဖြင့်...
“ခုန်မင်က ငါတို့ ပင်မခုန်အိမ်တော်ရဲ့ အဆက်အနွယ်ပဲ ၊ သူ့ကို ငါတို့ကိုယ်တိုင် ကာကွယ်ပေးမယ် ၊ မင်းတို့လို အပြင်လူတွေက ဘာမှဝင်စွက်ဖက်စရာ မလိုဘူး ၊ ပြီးတော့ မင်းက ခုန်မင်ကို ဖီးနစ်ကျဆုံးတောင်ကြား စမ်းသပ်မှုမှာပါဝင်ဖို့ သွားပြီးလှုံ့ဆော်ခဲ့တယ် မဟုတ်လား ၊ ဒါက သူ့ကိုအန္တရယ်များတဲ့ အခြေအနေထဲ တွန်းပို့လိုက်တာပဲ ၊ ဒါက ရှေးဟောင်းသဘောတူညီချက်ကို ချိုးဖောက်ရာကျတယ် ၊ မင်းဘက်စပြီး စည်းဖောက်တာဆိုတော့ ငါတို့ ပင်မခုန်အိမ်တော်က မင်းအသိုက်ကိုဖျက်ဆီးပစ်လည်း ဘာပြဿနာမှမရှိနိုင်ဘူး”
ယူဂျီးန်က အေးစက်စွာ ရယ်မောလိုက်သည်။
“မင်းတို့ ပင်မခုန်အိမ်တော်ကလူတွေလောက် လျှာရှည်တဲ့သူတွေကို ဒီလောကမှ တစ်ခါမှမတွေ့ဖူးဘူး ၊ ပွင့်ပွင့်လင်းလင်းပြောရရင်... ငါက ထိပ်တန်းသခင်အဆင့် မီးဒြပ်စင်ကျင့်စဉ်တစ်ခု ခုန်မင်ကို လက်ဆောင်ပေးခဲ့တယ် ၊ အဲဒါက မင်းတို့ခုန်အိမ်တော်အတွက် ကြီးမားတဲ့အကျိုးမြတ်ဖြစ်နေပြီ...”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့ သူ့ကို ဖီးနစ်ကျဆုံးတောင်ကြားကို သွားခိုင်းတယ်ဆိုတာကလည်း... ကျင့်စဉ်လမ်းမှာ ဘာမိုးသက်မုန်တိုင်းမှ မခံစားရဘဲ ဘယ်လိုလုပ် ကြီးထွားလာနိုင်မှာလဲ ၊ ခုန်မင် ဖီးနစ်တောင်ကြားထဲ အခမဲ့ဝင်ရောက်ပြီး လေ့ကျင့်နိုင်အောင် ငါက အခွင့်အရေးဖန်တီးပေးခဲ့တာ... မင်းတို့ ခုန်မျိုးနွယ်တွေ ငါ့ကိုတေင် ကျေးဇူးတင်သင့်သေးတယ်”
အစိမ်းရောင်လူရွယ်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။
“ယူဂျီးန်က သေမလောက် လောဘကြီးတယ်ဆိုတာ လျန်ကျိုးနယ်က တန်ခိုးစွမ်းအားရှင်တိုင်း သိကြတယ် ၊ မင်းလား... အရှုံးခံပြီး ခုန်မင်နဲ့ပူးပေါင်းမှာ ၊ မင်းအတွက် ကြီးမားတဲ့အကျိုးအမြတ်ရှိလို့ ဒီလိုလုပ်တာ မဟုတ်လား ၊ ပြောလိုက်မယ်... ငါတို့ခုန်မျိုးနွယ်တပည့်တွေ ဘေးကင်းဖို့က ငါတို့တာဝန်ပဲ ၊ မင်းလိုအပြင်လူတွေ ဝင်ရောက်စွက်ဖက်တာကို ခွင့်မပြုနိုင်ဘူး ၊ မဟုတ်လို့ကတော့ ငါ့ကို ယဉ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်နဲ့”
စကားဆုံးသွားသည်နှင့် လူရွယ်၏ ညာဘက်လက်ဖဝါးမှ အပြာနုရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ထက်သို့ ရိုက်ချလိုက်သည်။
အသံတစ်ချက်မထွက်သော်သော်လည်း မြေပြင်ထက် ဖုန်မှုန့်လှိုင်းလုံးကြီးများ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး တောင်တန်းများပင်ပြိုကျလုနီးပါး ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည်။
ဖုန်မှုန့်များ ငြိမ်သက်သွားသည်နှင့် မြေပြင်ထက်တွင် နက်ရှိင်းရှည်လျားသော ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်းကင်ထက်မှကြည့်မည်ဆိုလျှင် ငလျင်ဒဏ်ကြောင့် ကမ္ဘာမြေကြီးပြတ်ရွေ့များ အက်ကွဲရွေ့လျားသွားသည့်ပမာ ထင်မှတ်ရသည်။
အစိမ်းရောင်ဝတ်လူရွယ်၏ လက်ဝါးရိုက်ချက်တစ်ချက်က တောင်ကိုဖြိုကာ မြေကိုခွင်းနိုင်လောက်သည်အထိ စွမ်းအားကြီးမားလှသည်။
ပို၍အံ့သြစရာကောင်းသည်မှာ သူ၏လက်ဝါးရိုက်ချက ဤမျှအဖျက်စွမ်းအားကြီးမားသည့်တိုင် အသံတစ်ချက်ပင် ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
အစိမ်းရောင်ဝတ်လူရွယ်၏လက်မှ ထွက်ပေါ်လာသော အပြာနုရောင်အလင်းတန်းမှာ ရေဒြပ်စင်စွမ်းအားကို စုစည်းအသုံးပြုထားခြင်း ဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်ငြိမ်သက်သွားသည့်တိုင် ယူဂျီးန်ကတော့ မြေပြင်ထက်တွင် တစ်ချက်မလှုပ်ရှားဘဲ မတ်တတ်ရပ်နေဆဲပင်။
အဆုံးမရှိရှည်လျားသော ချောက်နက်ကြီးက သူ၏ခြေထောက်နားမှ ဖြတ်သန်းသွားခြင်း ဖြစ်သည်။ သို့သော် ယူဂျီးန်ကတော့ တစ်ချက်လေးပင် တုန်လှုပ်ဟန် မပေါ်ပေ။
သူ၏စွမ်းအားကို ပြသပြီးသည်နှင့် လူရွယ်က ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ပျောက်ကွယ်သွားလေသည်။
လူကပျောက်သွားသော်လည်း အသံတစ်သံကတော့ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည်။
“ယူဂျီးန်... နောက်ဆုံးအကြိမ် သတိပေးလိုက်မယ် ၊ ငါတို့ ခုန်မျိုးနွယ်တပည့်တွေကို မကြံစည်နဲ့ ၊ မဟုတ်လို့ကတော့ မင်းနေတဲ့အသိုက်က အခု မင်းမြင်ရတဲ့ ချောက်နက်ကြီးလို ဖြစ်သွားလိမ့်မယ်”
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည့် ယူဂျီးန်၏မျက်နှာထက် အထီမဲ့မြင်အပြုံးတစ်ခု ထင်ဟပ်လာသည်။
“လေပဲကျယ်ပြီး ဘာမှလည်းမဟုတ်ဘူး ၊ ခုန်အိမ်တော်က ဒီလို သောက်ကြီးသောက်ကျယ်တွေလုပ်ရတာ အတော်သဘောကျပုံရတယ်...”
သူက ဆက်ပြီးရေရွတ်လိုက်သည်။
“ပင်မခုန်အိမ်တော်က အကြီးအကဲ(၅)ယောက်လုံး ရောက်လာတာမှမဟုတ်တာ ၊ ပြီးတော့ ဘိုးဘေးကြီးတစ်ပါး ဆင်းသက်လာတာလည်း မဟုတ်ဘူး ၊ ခုန်ယင်းကျီတစ်ယောက်တည်းကိုများ... ဒီအဘိုးကြီးက ကြောက်မယ်ထင်သလား ၊ ဒီလောက်လေးနဲ့ ငါနဲ့ ခုန်မင်ကြားက သဘောတူညီချက် ပျက်ဆီးသွားမယ်မထင်နဲ့”
ပြောပြီးသည်နှင့် ယူဂျီးန်က သူ၏လက်နှစ်ဖက်ကို အင်္ကျီလက်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်သည်။
သူ၏လက်ဖဝါးများထက်တွင် မီးလျှံတစ်ခုနှင့်ဆင်တူသော လျှပ်စီးများတလက်လက်တောက်ပနေသည်ကိုတွေ့မြင်ရပြီး ၊ ထိုလျှပ်စီးများက ဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။
***
ယူဂျီးန်နှင့်တွေ့ဆုံပြီးနောက် ခုန်မင်က တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့သည်။
မိမိလက်ထဲသို့ ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ကဲ့သို့သော ထိပ်တန်းသခင်အဆင့် ကျင့်စဉ်တစ်ခု ရောက်ရှိလာပါလျှက် သေချာအာရုံစိုက် မကျင့်ကြံဘူးဆိုလျှင် ကျင့်စဉ်ကိုပင် အားနာစရာဖြစ်သွားပေမည်။
ခုန်မင်က ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ အမွေအနှစ်ဖြစ်သော အရှင်သခင်အဆင့် ကျင့်စဉ်ဖြစ်သည့် “လောင်ကျွမ်းသစ်သားဒြပ်စင်စကျင့်စဉ်” နှင့် အကျွမ်းဝင်ဆုံးဖြစ်သည်။
ထို့ပြင် သူကိုယ်တိုင်ဖန်တီးထားသည့် အရှင်သခင်အဆင့်ကျင့်စဉ်ဖြစ်သော ‘မီးလျှံနဂါးကျင့်စဉ်’ နှင့် ဆရာသခင်အဆင့်ဖြစ်သော ‘သံမဏိမြေသားကျင့်စဉ်’ တို့ကိုလည်း ကျင့်ကြံထားသည်။
ထိုကျင့်စဉ်များအနက် “လောင်ကျွမ်းသစ်သားဒြပ်စင်စကျင့်စဉ်” နှင့် “မီးလျှံနဂါးကျင့်စဉ်” တို့က ပင်မခုန်အိမ်တော်မှ ကျော်ကြားသော ထိပ်တန်းသခင်အဆင့်ကျင့်စဉ်များဖြစ်သည့် “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” နှင့် “လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်” များမှ ဆင်းသက်လာခြင်း ဖြစ်၏။
ထိုကျင့်စဉ်များက သာမန်ကျင့်ကြံသူများအတွက်တော့ အလွန်ပင်ထူးခြားကောင်းမွန်သည့် ထိပ်တန်းကျင့်စဉ်များ ဖြစ်ပေမည်။
သို့သော် စစ်မှန်သော “ထိပ်တန်းသခင်အဆင့်” ကျင့်စဉ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ထိုကျ့င်စဉ်များက ဘာမှမဟုတ်တော့ပေ။
ချန်နန်အင်ပါယာတစ်ခုလုံးတွင်ပင် ထိပ်တန်းသခင်အဆင့် ကျင့်စဉ်များပိုင်ဆိုင်ထားသည့် အင်အားစုဆို၍ လက်ချိုးရေတွက်၍ ရနိုင်သည်။
ဤအချက်တစ်ခုတည်းနှင့်ပင် ထိုသို့သော အဆင့်မြင့်ကျင့်စဉ်များက မည်မျှတန်ဖိုးကြီးမားကြောင်း သိသာနိုင်သည်။
ခုန်မင်က “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” နှင့် “လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်” တို့၏ မပြည့်စုံသော အစိတ်အပိုင်းများကို ဖတ်ရှုဖူးသည်။
ထို့ကြောင့် ထိပ်တန်းသခင်အဆင့် ကျင့်စဉ်များ၏ နက်နဲဆန်းကြယ်မှုက အဆင့်နိမ့်ကျင့်စဉ်များနှင့် လုံးဝနှိုင်းယှဉ်၍မရကြောင်း သူ ကောင်းကောင်းနားလည်ထားသည်။
စာသားအနည်းငယ်မျှသာရှိသော မပြည့်စုံသည့်စာပိုဒ်လေးတစ်ခုကပင် ခုန်မင်ကို တစ်နေကုန် စဉ်းစားခန်းဖွင်စေနိုင်လောက်သည်အထိ အစွမ်းရှိပေသည်။
ယခု ပြီးပြည့်စုံသော ‘ထိပ်တန်းသခင်အဆင့်’ ကျင့်စဉ်တစ်ခု သူ့ရှေ့သို့ရောက်လာပြီဖြစ်ရာ ခုန်မင်အနေဖြင့် အချိန်မဆွဲဘဲ ကျင့်ကြံရပေမည်။
ယခု...
ခုန်မင်က သူ ပန်းပဲသွန်းလုပ်ခြင်း ၊ ဆေးလုံးဖော်စပ်ခြင်းများ ပြုလုပ်လေ့ရှိသည့် ကျောက်ဂူထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။
သူ့ရှေ့တွင် ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ စာအုပ်ကို ဖြန့်ခင်းထားသည်။
ကျင့်စဉ် နိဒါန်းပိုင်းကတော့ သိပ်ပြီးခက်ခဲနက်နဲခြင်း မရှိလှပေ။
ကျင့်ကြံခြင်းစတင်ရန် လိုအပ်သည့်စာပိုဒ်များ ၊ ကျင့်စဉ်၏ဇာစ်မြစ် စသည်များကိုသာ အဓိကထား ဖော်ပြထားသည်။
‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ဟူသော အမည်နှင့်အညီ ၎င်းသည် အလွန်တရာ အားကောင်းလှသော တိုက်စစ်စွမ်းရည်ရှိသည့် မီးဒြပ်စင်ကျင့်စဉ် တစ်ခုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဤကျင့်စဉ်၏ အခြေခံသဘောတရားမှာ ဒဏ္ဍာရီလာ နတ်သားရဲတစ်ကောင်ဖြစ်သော ‘မီးလျှံဖီးနစ်’ ၏ သဘာဝကို တုပကာ ဖန်တီးထားခြင်း ဖြစ်၏။
ဒဏ္ဍာရီလာစကားများအရ ‘မီးလျှံဖီးနစ်’ ပေါ်ထွက်လာသည့် မည်သည့်နေရာတွင်မဆို မိုင်ပေါင်းထောင်ချီ နီရဲတောက်လောင်နေသော မီးတောက်မီးလျှံများ ဖုံးလွှမ်းသွားပြီး တောင်တန်းမြစ်ချောင်းများနှင့် ကမ္ဘာမြေပြင်တစ်ခုလုံးကိုပါ လောင်ကျွမ်းစေက မိုးနှင့်မြေကို မီးလျှံကမ္ဘာအဖြစ် ပြောင်းလဲပစ်နိုင်သည်ဟု ဆိုကြသည်။
ထို့ကြောင့် ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ကို အထွတ်ထိပ်အဆင့်ထိ အောင်မြင်စွာကျင့်ကြံနိုင်လျှင် ဒဏ္ဍာရီလာ မီးလျှံဖီးနစ်ကဲ့သို့ပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြာကျအောင် လောင်ကျွမ်းစေနိုင်မည်ဖြစ်သည်။
ဤမျှကြောက်မက်ဖွယ်ကောင်းသော ကျင့်စဉ်မျိုးဖြင့်ဆိုလျှင် စစ်မြေပြင်တိုက်ပွဲများတွင် အံ့မခန်းစွမ်းအားများကို ထုတ်ဖော်နိုင်မည်မှာ ဧကန်မလွဲပင်။
ဤကျင့်စဉ် တန်ခိုးစွမ်းအားကို စစ်မြေပြင်တွင် အသုံးပြုမည်ဆိုလျှင် ၊ ကောင်းကင်တစ်ခွင်သို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် လွှမ်းခြုံစေနိုင်သည့် ချောင်အိမ်တော်မှ ဧကရာဇ်အဆင့် ကျင့်စဉ်ဖြစ်သော “မရဏဖန်သားကျင့်စဉ်” ထက် နိမ့်ကျမည် မဟုတ်ပေ။
ခုန်မင်အတွက်တော့ ဤကျင့်စဉ်က တိုက်ခိုက်ရေးတွင်သာမက လက်နက်များသွန်းလုပ်ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်းတို့အတွက်လည်း အလွန် တန်ဖိုးရှိသည်။
အကြောင်းမှာ ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ မှ ထွက်ပေါ်လာသော ကောင်းကင်တခွင် လောင်မြိုက်စေနိုင်သည့် မီးလျှံအပူရှိန်မှာ သာမန်လောင်စာများထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သောကြောင့်ဖြစ်၏။
ဤသို့နှယ် များစွာအကျိုးရှိသည်ဖြစ်ရာ ခုန်မင်က ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ကို အောင်မြင်သည်အထိ ကျင့်ကြံရန် စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။