← Chapters

မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်

Vol. 9 Ch. 100

မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်

Vol. 9 Ch. 100

‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ နိဒါန်းပိုင်းကို ဖတ်ရှုပြီးနောက် ခုန်မင်က ကျန်ရှိသောအပိုင်းများကိုလည်း အသေးစိတ် ဆက်လက်ဖတ်ရှုလိုက်သည်။

ကျမ်းစာအုပ်တစ်အုပ်လုံး အလွတ်မှတ်မိသွားစေရန် (၃)နာရီနီးပါး အချိန်ပေးလိုက်ရလေသည်။

ကျင့်စဉ်က နက်နဲ‌လေ မှတ်မိသိရှိရန် ခက်ခဲလာလေဟု ဆိုရမည်။

လက်ရှိတွင် ခုန်မင်အနေဖြင့် ကျမ်းစာထဲပါ စာသားများကို မှတ်ဉာဏ်ထဲတွင် စွဲမြဲနေအောင် မှတ်သားထားသော်လည်း ကျင့်စဉ်တစ်ခုလုံးကို အသေးစိတ်နားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကျင့်ကြံရန်ကတော့ အချိန်ယူရပေမည်။

ကျမ်းစာကိုဖတ်ရှုပြီးနောက် ခုန်မင်က မျက်လုံးများကို အသာမှေးမှိတ်လိုက်ပြီး ကိုယ်တွင်းမျက်စိဖြင့် အာရုံဝင်စားရင်း ခန္ဓာကိုယ်တွင်းမှအခြေအနေကို ကြည့်ရှုလိုက်သည်။

သူက ဝိညာဉ်စွမ်းအား ကောင်းလွန်းသဖြင့် ထိုအခြေအနေသို့ရောက်သည်နှင့် ခန္ဓာကိုယ်ထဲမှ မီးဒြပ်စင်စွမ်းအားများကို ဆန္ဒရှိသည့်အတိုင်း သွေးကြောမျှင်များထဲသို့ လွတ်လပ်စွာ စီးဆင်းပို့လွှတ်နိုင်စွမ်း ရှိသည်။

ထိုသို့ဖြင့် ခုန်မင်၏ ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်မှုအောက်တွင် မီးဒြပ်စင်စွမ်းအားများက ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ တွင် ဖော်ပြထားသည့် ထူးခြားသောလမ်းကြောင်းများအတိုင်း လျှင်မြန်စွာ စတင်လည်ပတ် စီးဆင်းသွားသည်။

အခြားသောကျင့်ကြံသူများအတွက် မိမိတို့ခန္ဓာကိုယ်တွင်းမှ စွမ်းအားစီးဆင်းမှုလမ်းကြောင်းကို ဤသို့ပြောင်းလဲပစ်ရန်မှာ လုံးဝမလွယ်ကူပေ။ ဤသည်က ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။

သို့သော် ခုန်မင်ကတော့ ‘သစ်သား-မီး-မြေ ဒြပ်စင်ဝိညာဉ်ခန္ဓာ’ ပိုင်ဆိုင်ထားပြီး ဝိညာဉ်စွမ်းအားလည်း ပုံမှန်ထက်ကောင်းမွန်သည်ဖြစ်ရာ ဤအဆင့်ကို လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်ခဲ့သည်။

သူ့အတွက်တော့ နဂိုကျင့်ကြံထားသည့် မီးဒြပ်စင်ကျင့်စဉ်ကို ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ သို့ ပြောင်းလဲလိုက်ခြင်းက အလွန်ရိုးရှင်းသည့် ကိစ္စတစ်ခုပင်။

တကယ်တော့ သူအလိုရှိပါက သစ်သား-မီး- မြေ ဒြပ်စင်များတွင် မည်သည့်ကျင့်စဉ်ကိုမဆို စိတ်ကြိုက်လွတ်လပ်စွာ ပြောင်းလဲကျင့်ကြံနိုင်စွမ်း ရှိပေသည်။

ဤမျှအစွမ်းထက်သည့် ဝိညာဉ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအားတို့ ပေါင်းစပ်လိုက်ခြင်းက ခုန်မင်အတွက် ကျင့်ကြံခြင်းတွင် အံ့သြဖွယ်နိမိတ်တစ်ခုကို ဖန်တီးစေနိုင်သည့် အကြောင်းရင်းပင် ဖြစ်သည်။

ပိုပြီးအရေးကြီးသည်မှာ ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်အတွင်း၌ ထူးဆန်းသော ထိုက်ကျိယင်ယန်သင်္ကေတ တည်ရှိနေခြင်းပင်။

သူ မည်သည့်ကျင့်စဉ်ကိုကျင့်ကြံပါစေ ထိုယင်ယန်သင်္ကေတ လည်ပတ်နေသရွေ့ ကျင့်ကြံခြင်းတွင် အားစိုက်ထုတ်စရာမလိုဘဲ အလိုအလျောက်ကျင့်ကြံပြီးသားဖြစ်နေကာ ကျင့်ကြံခြင်းစွမ်းအားသည်လည်း အလိုလိုမြင့်တက်နေပေသည်။

ထိပ်တန်းသခင်အဆင့်ဖြစ်သော ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ က အမှန်တကယ်ပင် ကျယ်ပြန့်နက်ရှိုင်းလွန်းသည်။

သို့ပေသိ ခုန်မင်၏ လက်ရှိ ‘ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်’ အခြေခံဖြင့်ဆိုလျှင် ကျင့်စဉ်နိဒါန်းပိုင်းဖြစ်သော စွမ်းအားလှည့်ပတ်မှုက သူ့အတွက် ကြီးမားသောအခက်အခဲ မရှိပေ။

မကြာမီ မီးဒြပ်စင်စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲတွင် တစ်ပတ်အပြည့် လည်ပတ်သွားပြီး ပတ်ဝန်းကျင်လေထုသည်လည်း စတင်ပူလောင်လာတော့သည်။

ဤသည်က ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ ကြီးမားသော အစွမ်းသတ္တိကြောင့် ဖြစ်ပေါ်လာခြင်းပင်။

‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ နိဒါန်းအဆင့် အောင်မြင်စွာ ကျင့်ကြံပြီးနောက်တွင် ဒဏ္ဍာရီလာ မီးလျှံဖီးနစ်ကဲ့သို့ မိုင်ပေါင်းထောင်ချီ မီးလောင်ကျွမ်းစေနိုင်သည့်အဆင့်သို့ မရောက်ရှိသေးသော်လည်း ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးဒြပ်စင်စွမ်းအားများ သိသိသာသာ ထကြွနိုးကြားလာခဲ့သည်။

ထို့ကြောင့် ပတ်ဝန်းကျင်အပူချိန် ရုတ်တရက်မြင့်တက်လာခြင်း ဖြစ်၏။

ကျင့်ကြံခြင်းနက်ရှိုင်းလာပြီး ပတ်ဝန်းကျင်လေထု အလိုအလျောက်မီးလေင်ကျွမ်းသွားကာ လေထုထဲတွင် မီးလျှံများဖြစ်ပေါ်စေသည့်အဆင့်သို့ ရောက်ရှိပါက ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ ‘အခြေခံအောင်မြင်မှုအဆင့်’ သို့ ရောက်ရှိပြီဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

ထို့ထက်ပိုပြီး အဆင့်မြင့်လာပါက စိတ်ကူးလိုက်ရုံဖြင့် ပြင်းထန်သောမီးပင်လယ်ကြီးကို ဖန်တီးနိုင်ပေမည်။ ထိုအဆင့်သို့ရောက်လျှင်တော့ ‘အစစ်အမှန်အောင်မြင်မှုအဆင့်’ သို့ စတင်ဝင်ရောက်ပြီဟု ဆိုနိုင်သည်။

အကယ်၍ ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ အား ‘အထွတ်ထိပ်အောင်မြင်မှု’ အဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုပါက ဒဏ္ဍာရီလာ မီးလျှံဖီးနစ်ကဲ့သို့ မိုင်ပေါင်းထေင်ချီအကွာအဝေးသို့ မရောက်နိုင်သည့်တိုင် ပတ်ဝန်းကျင် မီတာ(၁၀၀) ပတ်လည်ကို ချက်ချင်းဆိုသလို မီးလျှံလွင်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်နိုင်ပေမည်။

မိမိထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများဆိုလျှင် ပြင်းထန်လှသော မီးလျှံစက်ကွင်းကြောင့် ခဏအတွင်း ပြာကျသွားပေမည်။

သို့တိုင် ထိပ်တန်းသခင်အဆင့် မီးဒြပ်စင်ကျင့်စဉ်များကြားတွင် ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ စွမ်းအားမှာ အောက်ခြေအဆင့်တွင်သာ ရှိသည်ဟု ဆိုနိုင်သည်။

သို့သော် စစ်မြေပြင်ကဲ့သို့ ကျယ်ပြန့်သည့်နေရာမျိုးတွင် လူအစုလိုက်အပြုံလိုက်ကို တိုက်ခိုက်မည်ဆိုပါက ဤကျင့်စဉ်၏ထိရောက်မှုက အဆင့်မြင့် ‘ထိပ်တန်းသခင်အဆင့်’ ကျင့်စဉ်များထက်ပင် သာလွန်ပေသည်။

ခုန်မင်၏အမြင်မှာတော့ ဤကျင့်စဉ်က သူ့အတွက်သာမက ခုန်မျိုးနွယ်တစ်ခုလုံးအတွက်ပါ အရေးကြီးသည့် ပညာရပ်တစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ချန်နန်အင်ပါယာတွင် ခုန်အိမ်တော်၏ အခြေခံအုတ်မြစ်မှာ စာပေပညာနှင့် စာပေပညာရှင် မှူးကြီးမတ်ရာများအပေါ်တွင် အခြေပြုထားသောကြောင့်ပင်။

ရံဖန်ရံခန် ခုန်မျိုနွယ်အချို့ စစ်သူကြီးများဖြစ်လာတတ်သော်လည်း စစ်တပ်အတွင်း၌ သူတို့၏ ဩဇာအာဏာက ချောင်အိမ်တော်ကို မယှဉ်နိုင်ခဲ့ပေ။

ယခု ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ကိုသာ လက်ဝယ်ပိုင်ဆိုင်ထားမည်ဆိုလျှင် အခြေအနေက သိသိသာသာ ပြောင်းလဲသွားနိုင်သည်။

တန်ခိုးစွမ်းအားနှင့်ပတ်သက်လျှင်တော့ ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ က ချောင်အိမ်တော်၏ ဧကရာဇ်အဆင့် ကျင့်စဉ်ဖြစ်သော “မရဏဖန်သားကျင့်စဉ်” ကို လုံးဝ မယှဉ်နိုင်သေးပေ။

သို့သော် ဤကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်းကျင့်ကြံပြီး စစ်မြေပြင်တွင် ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် ၎င်း၏သတ်ဖြတ်နိုင်စွမ်းက ကြောက်မက်ဖွယ်ရာကောင်းသည်ဟု ဆိုနိုင်ပေမည်။

အကယ်၍ ခုန်မျိုးနွယ်များထဲမှ ဤကျင့်စဉ်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်သော စစ်သူကြီးတစ်ယောက်သာ ပေါ်ထွက်ခဲ့လျှင် စစ်မြေပြင်တွင် “သတ်ဖြတ်သူနတ်ဘုရား” ဆိုသော ဘွဲ့အမည်မှာ ချောင်အိမ်တော်တစ်ခုတည်းအတွက် သီးသန့်ဖြစ်နေမည် မဟုတ်‌တော့ပေ။

ဤကျင့်စဉ်ကို ပိုင်ဆိုင်ထားခြင်းဖြင့် ခုန်မင်အနေဖြင့် နောင်တစ်ချိန်တွင် ပင်မခုန်အိမ်တော်သို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့လျှင် ဘေးဖယ်ခံရခြင်း သို့မဟုတ် အနှိမ်ခံရခြင်းများအတွက် စိုးရိမ်စရာ မလိုတော့ပေ။

အကြောင်းမှာ ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ က ခုန်မင်နှင့် ပင်မခုန်အိမ်တော်ကြား သဘောတူညီမှုများပြုလုပ်ရန်အတွက် အားအကောင်းဆုံး အပေးအယူတစ်ခု ဖြစ်လာနိုင်သောကြောင့် ဖြစ်၏။

ယခု ဤကျင့်စဉ်ကို ကျင့်ကြံနေရင်းဖြင့်ပင် ခုန်မင်က နောင်တစ်ချိန်တွင် ဤကျင့်စဉ်ကိုအသုံးချပြီး ပင်မခုန်အိမ်တော်နှင့် မည်သို့အပေးအယူလုပ်ရမည်ကို ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။

ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် သုံးပြည်ထောင်ခေတ် စစ်ရေးဗျူဟာရှင် ကျူးကဲခုန်မင်၏ အမြော်အမြင်နှင့် ရေရှည်တွေးခေါ်နိုင်စွမ်းကို မည်သူမှယှဉ်နိုင်မည် မဟုတ်ပေ။

‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ နိဒါန်းအဆင့်မှာ ခုန်မင်အတွက် အတားအဆီးမရှိသဖြင့် သူက ဆက်တိုက်ဆိုသလို ဆက်လက်ကျင့်ကြံနေခဲ့သည်။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် ကျောက်ဂူထဲမှ အပူရှိန်သည်လည်း ပိုမိုပြင်းထန်လာခဲ့သည်။

နောက်ဆုံး လေထုထဲတွင် မီးလျှံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ခုန်မင်က မီးဒြပ်စင်စွမ်းအားကို ဆက်လက်လှည့်ပတ်လိုက်သည်နှင့် လေထုထဲတွင် မီးတောက်မီးလျှံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

နောက်ဆုံးမှာတော့ ခုန်မင်၏ ခန္ဓဦကိုယ်ပတ်ပတ်လည်တွင် နီရဲတောက်ပနေသော မီးလျှံ(၄)ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ဗဟိုပြုကာ မရပ်မနားလှည့်ပတ်နေသည်။

ဤမီးလျှံ(၄)ခုက အလွန်တရာ သန့်စင်လှသော မီးဒြပ်စင်စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော် ဤမီးဒြပ်စင်စွမ်းအားများသည် ခုန်မင်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ခုန်မင်က ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ကို အသုံးပြုကာ ပတ်ဝန်းကျင်လေထုထဲတွင် ပျံ့နှံ့နေသော မီးဒြပ်စင်စွမ်းအားများကို စုစည်းလိုက်ပြီး ထိုမှတစ်ဆင့် ဤဒြပ်စင်စွမ်းအားမီးလျှံလေးခုကို ဖြစ်ပေါ်လာစေခြင်း ဖြစ်၏။

ပိုပြီးထူးခြားသည်မှာ ထိုမီးလျှံတစ်ခုချင်းစီက ခုန်မင် အားကုန်သုံးတိုက်ခိုက်သည့် တိုက်ကွက်တစ်ကွက်၏ (၃၀)ရာနှုန်းနှင့်ညီမျှသော တိုက်စစ်စွမ်းအားကို ဖော်ထုတ်နိုင်ခြင်းပင်။

ထိုမီးလျှံ(၄)ခုကို လျှော့တွက်၍ မရပေ။

မီးလျှံတစ်ခုချင်းစီ၏စွမ်းအားက အလွန်အမင်း ပြင်းထန်ခြင်း မရှိသော်လည်း ၊ ဤမီးလျှံများက ပတ်ဝန်းကျင်လေထုထဲမှ မီးဒြပ်စင်စွမ်းအားများကိုစုစည်း၍ ဖြစ်ပေါ်လာခြင်းဖြစ်ရာ ခုန်မင်၏ ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသော ဒြပ်စင်စွမ်းအားများကို အနည်းငယ်မျှ ကုန်ဆုံးစေခြင်း မရှိပေ။

ထို့အပြင် ခုန်မင်အနေဖြင့် ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ကို လှည့်ပတ်နေသရွေ့ ဤသို့သော မီးတောက်မီးလျှံများက လေထုထဲတွင် အဆက်မပြတ် ဖြစ်ပေါ်နေပေလိမ့်မည်။

ပုံမှန်ဆိုလျှင် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများသာ ပြင်ပဒြပ်စင်စွမ်းအားကို ထိန်းချုပ်ပြီး တိုက်ခိုက်မှုပြုလုပ်နိုင်ကြသည်။

သို့သော် ဒြပ်စင်စွမ်းအားဆရာသခင် ကန်ဦးအဆင့်သာ ရှိသေးသော ‘ခုန်မင်’ ကတော့ ထိပ်တန်းသခင်အဆင့်ရှိ မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်ကို ကျင့်ကြံရုံဖြင့် ဤအရာကို ပြုလုပ်နိုင်ခဲ့သည်။

ဤသည်မှာ ကျင့်ကြံသူအပေါင်းကို အံ့အားသင့်စေမည့် ကြီးကျယ်လှသော အောင်မြင်မှုတစ်ခုဖြစ်မည်မှာ ဧကန်ပင်။

ဤသို့ဖြစ်ရာသည်မှာ သူ၏ သစ်သား-မီး-မြေ ဒြပ်စင်ဝိညာဉ်ခန္ဓာကြောင့်သာမက ဝိညာဉ်စွမ်းအား အလွန်အားကောင်းသောကြောင့်လည်း ဖြစ်၏။

ထိုဝိညာဉ်စွမ်းအားကြောင့်ပင် ခန္ဓာကိုယ်ပြင်ပတွင် ဖန်တီးထားသော မီးလျှံဒြပ်စင်စွမ်းအားများကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီး ဆန္ဒရှိသည့်အတိုင်း တိုက်ခိုက်ရန် ညွှန်ကြားနိုင်ခြင်း ဖြစ်သည်။

အခြားသောကျင့်ကြံသူဆိုပါက ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်တွင် ပြင်ပမီးလျှံကို စုစည်းဖန်တီးနိုင်သည့်တိုင် ထိုမီးလျှံများကို လွတ်လပ်စွာ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ယခုဆိုလျှင် ခုန်မင်က မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်၏ ‘အခြေခံအောင်မြင်မှုအဆင့်’ သို့ ရောက်ရှိခဲ့ပေပြီ။

မသိမသာဖြင့် အချိန်(၁၀)ရက် ကုန်ဆုံးသွားခဲ့ပေပြီ။

မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်အား (၁၀)ရက်မျှကျင့်ကြံရုံဖြင့် ‘အခြေခံအောင်မြင်မှုအဆင့်’ သို့ ရောက်ရှိနိုင်ခြင်းမှာ ခုန်မင်၏သမိုင်းတွင် နောက်ထပ်မှတ်ကျောက်တင်နိုင်ခဲ့သည့် အံ့သြဖွယ်ရာတစ်ခုသာပင်။

နှမျောစရာကောင်းသည်မှာ ဤအဆင့်ရောက်ရှိပြီးသည်နှင့် ကျင့်ကြံခြင်းအဆင့်၏ ကန့်သတ်ချက်များကြောင့် ဆက်လက်ကျင့်ကြံ၍မရတော့ဘဲ ရပ်တန့်သွားရခြင်း ဖြစ်၏။

သူ၏ခန္ဓာကိုယ်အတွင်းရှိ မီးဒြပ်စင်စွမ်းအားက မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်ကို ဆက်လက်လည်ပတ်ရန် မတတ်နိုင်တော့ပေ။

ခုန်မင် အသက်တစ်ချက်ရှူထုတ်လိုက်ပြီး မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ် လည်ပတ်ခြင်းအား ရပ်တန့်လိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအားများကို စုပ်ယူကာ ကျင့်ကြံခြင်းပြုလုပ်စဉ် ကုန်ခမ်းသွားသော ဒြပ်စင်စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်သည်။

မကြာမီပင် ကျောက်ဂူအတွင်း လောင်မြိုက်နေသည့် အပူရှိန်သည်လည်း ငြိမ်သက်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

သို့သော် ထိုအချိန်မှာပင်...

ခုန်မင် မျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

သူ့ရှေ့ မီတာအနည်းငယ်အကွာတွင် အနည်းငယ်မူမမှန်သော လေထုလှိုင်းတစ်ခု ဖြစ်ပေါ်သွားကြောင်း အာရုံခံလိုက်မိသောကြောင့်ပင်။

ခုန်မင် တံခါးပိတ်ကျင့်ကြံတိုင်း ကျောက်ဂူဝင်ပေါက်ကို ချိတ်ပိတ်ထားခဲ့သည်ဖြစ်ရာ ကျောက်ဂူအတွင်းပိုင်းလေထုက အကြောင်းမဲ့ လှိုင်းထသွားစရာ အကြောင်းမရှိပေ။

ခုန်မင် ပတ်ပတ်လည်သို့ အကဲခတ်လိုက်သော်လည်း မည်သည့်ထူးဆန်းမှုကိုမှ မတွေ့ရပေ။

ထင်ယောင်ထင်မှား ဖြစ်ခြင်းများလားဟု သံသယဝင်လိုက်မိသည်။

စိတ်မချသဖြင့် ခုန်မင်က ပတ်ဝန်းကျင်ကို ထပ်မံစူးစိုက်ရှာဖွေကြည့်သော်လည်း မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။

ရုတ်တရက်...

သူ့နားထဲတွင် သက်ပြင်းချသံတစ်သံ ကြားလိုက်ရသည်။

“တကယ့်ကို မိုးကောင်းကင်က ကောင်းချီးပေးတဲ့ ပါရမီရှင်ပဲ ၊ ကျင့်စဉ်တစ်ခုကို အခုမှစပြီးကျင့်ကြံတာတောင် အချိန်တိုအတွင်း အများကြီးတိုးတက်အောင် ကျင့်ကြံနိုင်တယ် ၊ ဒီလောကမှ ရှာမှရှားပဲ ၊ ပြီးတော့ သတိလည်းကြီးတယ် ၊ ငါရောက်လာလို့ ဖြစ်သွားတဲ့ မသိမသာ စွမ်းအားလှိုင်းလေးကိုတောင် အာရုံခံနိုင်တယ် ၊ သာမန် ဒြပ်စင်စွမ်းအားဆရာသခင် ကန်ဦးအဆင့်ထက် အဆပေါင်းများစွာ သာလွန်တာပဲ”

အသံသာကြားရပြီး လူမမြင်ရသဖြင့် ခုန်မင် မျက်မှောင်ကျုံ့သွားရသည်။ သို့သော် သူက ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

ခုန်မင်က အေးဆေးသည့်လေသံဖြင့်...

“ဘယ်က အကြီးအကဲများ ရောက်လာတာပါလဲ ၊ ခုန်မင် လေးစားစွာနဲ့ နှုတ်ဆက်ပါတယ်”

သို့သော် လူတစ်ယောက်မှ ထွက်ပေါ်မလာဘဲ အသံသာလျှင် ထပ်ထွက်လာလေသည်။

ထိုအသံက ချီးကျူးဟန်အပြည့်ဖြင့်...

“ဒီလောက်အသက်ငယ်ငယ်နဲ့ စိတ်မလှုပ်ရှားတတ်ဘဲ တည်ကြည်မှုရှိတယ် ၊ တကယ့် ပါရမီရှင်ပဲ... ကောင်းတယ် သိပ်ကောင်းတယ် ၊ မင်းက ကြားရတဲ့သတင်းထက်တောင် ပိုပြီးထူးချွန်နေသေးတယ်”

စကားသံအဆုံးသတ်သွားသည်နှင့် ခုန်မင်၏ရှေ့တွင် အစိမ်းရောင်ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ပေါ်လာလေသည်။

သူ့ပုံစံက နတ်ဘုရားတစ်ပါးနှင့် ဆင်တူလှသည်။

ထိုသူက လွန်ခဲ့သော(၁၀)ရက်က ယူဂျီးန်ကို သတိပေးစကားဆိုခဲ့ဖူးသည့် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် အကြီးအကဲပင် ဖြစ်သည်။

တံခါးပိတ်ကျင့်ကြံရန်အတွက် ကျောက်ဂူတံခါးအား ချိတ်ပိတ်ထားသည့်တိုင် ဤလူရွယ်ကတော့ တိတ်တဆိတ် ဝင်ရောက်လာနိုင်ခဲ့သည်။

ထို့ပြင် ခုန်မင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုစဉ်တွင် ဤအစိမ်းရောင်ဝတ်လူရွယ်က တစ္ဆေသရဲတစ်ကောင်ပမာ ခုန်မင်၏နောက်ကျောတွင် မတ်တတ်ရပ်နေခဲ့သည်။

ခုန်မင် ခန္ဓာကိုယ်ကိုလှည့်လိုက်တိုင်း သူက အသံတစ်ချက်မထွက်ဘဲ ခုန်မင်နောက်ကျောသို့ ရောက်ရှိသွားသည်။

ထို့ကြောင့် ခုန်မင်အနေဖြင့် ကျောက်ဂူထဲတွင် လူတစ်ယောက်မှ မတွေ့ရခြင်း ဖြစ်၏။

ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းဖြင့်ဆိုလျှင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကိုပင် အနိုင်ယူနိုင်သည်။

သို့သော် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရှေ့မှာတော့ သူ့အဆင့်က ကလေးငယ်တစ်ယောက်ပမာသာ ရှိနေသေးသည်။

သို့တိုင် ခုန်မင်က တစ်စက်လေးပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

ယခု သူ့ရှေ့ရောက်နေပြီဖြစ်သော အစိမ်းရောင်ဝတ်လူရွယ်ကို ခုန်မင်က ဦးညွှတ်ဂါရဝပြုလိုက်ရင်း...

“ခုန်မင်... အကြီးအကဲကို ဂါရဝပြုပါတယ်”

ဤအစိမ်းရောင်ဝတ်လူငယ်က သူ့ကိုအန္တရယ်ပြုရန် ရည်ရွယ်ချက်မရှိကြောင်း ခုန်မင် သိရှိသည်ပင်။

မဟုတ်ပါက သူ့တွင် ယခုကဲ့သို့ စကားပြောနေရန်ပင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

အစိမ်းရောင်ဝတ်လူရွယ်က ခေါင်းညိတ်လိုက်ရင်း...

“အခုမှ ပထမဆုံးတွေ့ခွင့်ရတာဆိုပေမယ့်... မင်းရဲ့ပုံစံကိုရော အမူအရာကိုပါ သိပ်သဘောကျမိတယ် ၊ အင်း... မင်းအရည်အချင်းနဲ့ဆိုရင် ဖီးနစ်ကျဆုံးတောင်ကြားကို ခရီးထွက်တာက သိပ်ကောင်းတဲ့စမ်းသပ်မှု ဖြစ်လိမ့်မယ်”

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

“မင်း ဒီလောက်တော်တယ်ဆိုတာ ငါ ကြိုသိခဲ့ရင်... မင်းအတွက် အများကြီးပိုပြီး ပြင်ဆင်လာခဲ့မှာ ၊ ထားလိုက်ပါ... ကိစ္စတော့ မရှိပါဘူး ၊ ‌လောလောဆယ်တော့ ငါ့ဆုံးဖြတ်ချက်နဲ့ငါ မင်းကို ကျင့်စဉ်တစ်ခု လက်ဆောင်ပေးလိုက်မယ် ၊ အလေးအနက်ထားပြီး ကျင့်ကြံစေချင်တယ် ၊ ဒါမှ ဖီးနစ်ကျဆုံးတောင်ကြားကို ခရီးထွက်တဲ့အခါ ပိုပြီးဘေးကင်းနိုင်မယ်...”

လူရွယ်က ပြုံးလိုက်ပြီး...

“ဘာပဲဖြစ်ဖြစ် မင်း ဒီကျင့်စဉ်ကို နောက်လည်းကျင့်ကြံရမှာပဲလေ ၊ ငါက စောစောစီးစီးပေးလိုက်တော့လည်း စောစောကျင့်ကြံလို့ ရသွားတာပေါ့”

စကားဆုံးသွားသည်နှင့် ခုန်မင့်ရှေ့မှ အစိမ်းရောင်ဝတ်လူရွယ်မှာ ရိပ်ခနဲပင် သဲလွန်စမကျန် ပျောက်ကွယ်သွားလေသည်။

သို့သော် ခုန်မင့်ရှေ့တည့်တည့်တွင် အစိမ်းရောင်အဖုံးရှိသည့် စာအုပ်တစ်အုပ် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကျန်ရစ်ခဲ့လေသည်။

All Chapters