← Chapters

ပင်မခုန်အိမ်တော်မှ အကြီးအကဲ(၅)ယောက်

Vol. 9 Ch. 101

ပင်မခုန်အိမ်တော်မှ အကြီးအကဲ(၅)ယောက်

Vol. 9 Ch. 101

ခုန်မင် စာအုပ်ကို သေချာကြည့်လိုက်တော့ အစိမ်းရောင်စာအုပ်ဖုံးထက်တွင် ရေးသားထားသည့် စာလုံးများကို တွေ့လိုက်ရသည်။

“စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်”

ဤကျင့်စဉ်က ပင်မခုန်အိမ်တော်ရှိ “ဒြပ်စင်ငါးပါးသံသရာကျင့်စဉ်” တွင် တစ်ခုအပါအဝင်ဖြစ်သော ‘ဒြပ်စင်စွမ်းအားထိပ်တန်းသခင်’ အဆင့်ရှိ သစ်သားဒြပ်စင်စွမ်းအား ကျင့်စဉ်ပင် ဖြစ်သည်။

ဤသို့သောကျင့်စဉ်မျိုး ခုန်မင်၏လက်ထဲ ထည့်သွားသည်ဆိုကတည်းက ထိုအစိမ်းရောင်ဝတ်လူရွယ် မည်သူမည်ဝါဖြစ်ကြောင်း ခုန်မင် ခန့်မှန်းလိုက်မိသည်။

ခုန်မင်က ကျေးဇူးတင်စကားပြောချင်သည့်တိုင် ထိုလူရွယ်က သဲလွန်စမကျန် ပျောက်ကွယ်သွားပြီဖြစ်လေသည်။

ချိတ်ပိတ်ထားသည့်ကျောက်ဂူထဲသို့ စိတ်ရှိတိုင်းဝင်ထွက်သွာလာနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုသူက သေချာပေါက် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။

ခုန်မင် အတော်လေး အားကျသွားမိသည်။

သို့သော် နောင်တစ်ချိန်မှာတော့ သူက ထိုသူများခေါင်းမော့ကြည့်ရသူတစ်ယောက် သေချာပေါက် ဖြစ်လာပေမည်။

ခုန်မင် အတွေးများကိုဖယ်ရှားလိုက်ပြီး ‘စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်’ ကို ကောက်ယူကာ အာရုံစိုက်လျှက် အသေးစိတ်ဖတ်ရှုလိုက်သည်။

ဤစာအုပ်က ပင်မခုန်အိမ်တော် သိုင်းကျမ်းစာကြည့်တိုက်တွင် သိမ်းဆည်းထားသည့် မူရင်းစာအုပ်တော့ မဟုတ်ပေ။ လက်ရေးဖြင့်ကူးရေးထားသည့် မိတ္တုစာအုပ်တစ်အုပ်သာ ဖြစ်သည်။

ခွန်းကာမြို့ ၊ ခုန်အိမ်‌တော်ရှိ သိုင်းကျမ်းစာကြည့်တိုက်တွင်လည်း ပြီးပြည့်စုံခြင်းမရှိသော ‘စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်’ အပိုင်းအစတစ်ခု သိမ်းဆည်းထားသည်။

ယခု ခုန်မင်လက်ထဲရောက်လာသည့်စာအုပ်ကတော့ လက်ရေးမိတ္တူဖြစ်သည့်တိုင် ပြီးပြည့်စုံသည့်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

“စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်’ က အဆင့်မြင့် ‘ထိပ်တန်းသခင်အဆင့်’ ကျင့်စဉ်တစ်ခုဖြစ်လေရာ ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ထက် များစွာသာလွန်သည်။

ခုန်မင် စတင်ဖတ်ရှုလိုက်သည်နှင့် စိတ်ရောကိုယ်ပါ စာအုပ်ထဲနစ်မျောသွားလေတော့၏။

***

ခုန်မင်အား “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” လက်ရေးမိတ္တူစာအုပ် လက်ဆောင်ပေးခဲ့သော အစိမ်းရောင်ဝတ်လူရွယ်က အခြားသူ မဟုတ်ပေ။

သူက ပင်မခုန်အိမ်တော်မှ နာမည်ကျော် “အကြီးအကဲ(၅)ယောက်” တွင် တစ်ယောက်အပါအဝင်ဖြစ်သော ‘ခုန်ယင်းကျီ’ ပင် ဖြစ်သည်။

ပင်မခုန်အိမ်တော်၏ “အကြီးအကဲ(၅)ယောက်” က ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများဖြစ်ကြသည်။

သူတို့ကို ပင်မခုန်အိမ်တော်၏ ‘စောင့်ရှောက်သူ(၅)ယောက်’ ဟုလည်း ခေါ်ဆိုကြပြီး ခုန်မျိုးနွယ်များ၏ အမြင့်ဆုံးအဆင့် တန်ခိုးစွမ်းအားကို ကိုယ်စားပြုသည်။

ပင်မခုန်အိမ်တော်အား အခြားသော အင်အားစုများ ရန်စကျူးကျော်ခြင်း မပြုဝံ့စေရန် ဟန့်တားပေးထားသည့် ခိုင်မာလှသော အကာအကွယ်တံတိုင်းကြီးများလည်း ဖြစ်ကြသည်။

ဒြပ်စင်စွမ်းအားထိပ်တန်းသခင် တစ်ယောက်တည်းသည်ပင် လူတစ်ယောက်ကို မူးဝေနောက်ကျိသွားစေသည်ဖြစ်ရာ ၊ ထိပ်တန်းသခင် (၅)ယောက်ဆိုပါက မည်မျှလွှမ်းမိုးနိုင်စွမ်းမြင့်မားမည်ကို တွေးကြည့်စရာပင် မလိုချေ။

ဤသည်က ချန်နန်အင်ပါယာ၏ အထက်တန်းလွှာမျိုးနွယ်တစ်ခုဖြစ်သော ခုန်မိသားစု၏တန်ခိုးစွမ်းအား မည်မျှကြီးမားသည်ကို ပြသနေသည်။

ခုန်ယင်းကျီက ပင်မခုန်အိမ်တော်သခင် ‘ခုန်ဖန်စူး’ ၏ အမိန့်ဖြင့် ခွန်းကာမြို့သို့ရောက်လာပြီး ခုန်မင်၏ တိုးတက်ပြောင်းလဲမှုများကို တိတ်တဆိတ်စောင့်ကြည့်ရင်း စောင့်ရှောက်ပေးနေသူ ဖြစ်သည်။

ခုန်မျိုးနွယ်များက အင်ပါယာနေရာအနှံ့အများတွင် ပျံ့နှံ့နေပြီး ပါရမီရှင်ဟု သတ်မှတ်ခံရသည့်လူငယ်များသည်လည်း ဒုနှင့်ဒေးပင်။

သို့သော် ပင်မခုန်အိမ်တော်၏ အာရုံစိုက်မှုခံရလောက်အောင် ထူးခြားထက်မြက်သည့် ပါရမီရှင်များကိုတော့ ဤသို့ အုပ်ထိန်းသူတစ်ယောက်စေလွှတ်ပြီး စောင့်ကြည့်စေသည်။

ထိုသို့ စောင့်ကြည့်ခံရသည့်ပါရမီရှင်များက နောက်ပိုင်းတွင် ပင်မခုန်အိမ်တော်၏ တိုက်ရိုက်တပည့်များအဖြစ် ရွေးချယ်ခံရရန် အလားအလာမြင့်မားသည်။

သို့သော် ပင်မခုန်အိမ်တော်မှ အကြီးအကဲ(၅)ယောက်က ပါရမီရှင်တစ်ယောက်ကို စောင့်ရှောက်သည့်ကိစ္စမျိုး ဘယ်သောအခါမှ မပြုလုပ်ကြပေ။

ယခု ခုန်မင်ကိုစောင့်ရှောက်ရန်အတွက် ပင်မခုန်အိမ်တော်၏ “အကြီးအကဲ(၅)ယောက်” မှ တစ်ယောက်ဖြစ်သည့် ခုန်ယင်းကျီအား စေလွှတ်လိုက်ခြင်းမှာ မကြုံစဖူး ထူးခြားသောလုပ်ရပ်ပင် ဖြစ်၏။

ခုန်ယင်းကျီက ရေနှင့်သစ်သား ဒြပ်စင်စွမ်းအားနှစ်မျိုး တပြိုင်တည်းကျင့်ကြံထားသူဖြစ်သည်။

အသက်(၁၀၀)ကျော်မျှသာရှိသေးသော်လည်း ‘ဒြပ်စင်စွမ်းအားထိပ်တန်းသခင် ကနဦးအဆင့်’ အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချန်နန်အင်ပါယာတွင် နာမည်ကျော်ကြားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဤသို့ နာမည်ကြီးကျင့်ကြံသူတစ်ယောက်ကို ဝေးလံခေါင်သီလှသော ခွန်းကာမြို့သို့စေလွှတ်ပြီး ခုန်အိမ်တော်အခွဲတစ်ခုမှ လူငယ်လေးတစ်ယောက်ကို စောင့်ကြည့်ခိုင်းခြင်းမှာ အနည်းငယ် ရယ်စရာကောင်းသည်ပင်။

ခုန်ယင်းကျီကိုယ်တိုင်လည်း ဤတာဝန်ကို စတင်လက်ခံစဉ်က အနည်းငယ်တွန့်ဆုတ်ပြီး မကျေမနပ် ဖြစ်ခဲ့ရသည်။

သို့သော် ခုန်ဖန်စူးက ပင်မခုန်အိမ်တော်သခင်ဖြစ်သလို သူ၏ဖခင်ရင်းလည်းဖြစ်လေရာ ခုန်ယင်းကျီမှာ ပေးအပ်သည့်တာဝန်ကို မနာခံဘဲ မနေဝံ့ပေ။

ခုန်ဖန်စူးက မှာကြားလိုက်သေးသည်။

“ငါတို့မိသားစုက ဘိုးဘေးတစ်ယောက်က ဒီကလေးကို သဘောကျနေတယ် ၊ ဒါကြောင့် ခုန်မင်ကို သေချာဂရုစိုက်ပြီး စောင့်ကြည့်ပေးစေချင်တယ်”

ထို့ကြောင့် ခုန်ယင်းကျီမှာ မကျေမနပ်ဖြစ်မိသည့်တိုင် တစ်ချက်ပင်မပေါ့ဆရဲဘဲ ခွန်းကာမြို့သို့ အမြန်ဆုံး ခရီးထွက်လာရတော့သည်။

သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ခုန်မင်ကို တိတ်တဆိတ်စောင့်ကြည့်နေသည်ကို မည်သူမှရိပ်မိမည် မဟုတ်ပေ။

သို့သော် ခုန်ယင်းကျီ ခွန်းကာမြို့သို့ရောက်လာသည်နှင့် ယူဂျီးန်က ခုန်မင်ကို လာရောက်တွေ့ဆုံသည်နှင့် တိုက်ဆိုင်သွား၏။

ခုန်မင်၏အမြင်မှာ ယူဂျီးန်က လူထူးလူဆန်းအဘိုးကြီးတစ်ယောက် ဖြစ်သည်။ သို့သော် ခုန်ယင်းကျီကတော့ ယူဂျီးန် မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ သိရှိပေသည်။

အဘယ်ကြောင့်ဆို‌သော် ယူဂျီးန်သည်လည်း ခုန်ယင်းကျီကဲ့သို့ပင် ချန်နန်အင်ပါယာရှိ နာမည်ကြီး ထိတ်တန်းပုဂ္ဂိုလ်များထဲမှတစ်ယောက် ဖြစ်နေသောကြောင့်ပင်။

သူတို့နှစ်ယောက် တစ်ခါမှ မဆုံဖူးကြသော်လည်း အချင်းချင်းနာမည်ကြားဖူးနေကြမှာ ကြာပေပြီ။

ခုန်ယင်းကျီက ခုန်မင်၏ စောင့်ရှောက်သူဖြစ်လေရာ ယူဂျီးန်က ခုန်မင်အပေါ် မကောင်းသောရည်ရွယ်ချက်ထားမည်ကို မည်သည့်နည်းနှင့်မှ ခွင့်မပြုနိုင်ပေ။

ထို့ကြောင့် သူက ယူဂျီးန်နောက်သို့ မိုင်ပေါင်းရာချီ လိုက်ပါသွားပြီး တိုက်ကွက်တစ်ကွက်ထုတ်ဖော်ပြသကာ သူ၏လွှမ်းမိုးနိုင်စွမ်းမြင့်မားမှုကိုပြသပြီး သတိပေးခဲ့ခြင်း ဖြစ်၏။

သူ ခွန်းကာမြို့သို့ ပြန်ရောက်လာချိန်မှာတော့ ခုန်မင်က တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားပေပြီ။

ထို့ကြောင့် သူက ခုန်မင်ကျင့်ကြံနေသည့် ကျောက်ဂူထဲသို့ဝင်ရောက်ကာ ကိုယ်ယောင်ဖျောက်လျှက် ခဏမျှစောင့်ကြည့်နေခဲ့သည်။

ဤသို့စောင့်ကြည့်လိုက်ခြင်းက ခုန်ယင်းကျီကို အတော်လေး ထိတ်လန့်အံ့သြသွားစေသည်။

ပြောမယုံ ကြုံမှသိဆိုသလို ခုန်မင်၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်က ကြားထားသောသတင်းများထက် များစွာသာလွန်နေပေသည်။

ခုန်ယင်းကျီက ရေနှင့်သစ်သား ဒြပ်စင်နှစ်မျိုး ကျင့်ကြံသူဖြစ်သော်လည်း “ထိပ်တန်းသခင်အဆင့်” မီးဒြပ်စင်ကျင့်စဉ်ဖြစ်သော ‘မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်’ ၏ ကြောက်မက်ဖွယ်ရာ ကျော်ကြားမှုကို ကြားဖူးထားသည်ပင်။

ခုန်မင်က (၁၀)ရက်ခန့် ကျင့်ကြံပြီးသည်နှင့် ဤကျင့်စဉ်၏ “အခြေခံအောင်မြင်မှုအဆင့်’ သို့ ရောက်ရှိနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ပြင်ပတွင်ပင် ဒြပ်စင်မီးလျှံများ ဖန်ဆင်းနိုင်ခဲ့သည် မဟုတ်လား။

ဤလူငယ်လေးက အံ့မခန်းပါရမီရှင်တစ်ယောက်ပင်။

ဤအချက်ကို သိရှိသွားသည်နှင့် ခုန်ယင်းကျီစိတ်ထဲမှ မကျေနပ်ချက်များ လုံးဝ ပျောက်ကွယ်သွားပြီး ပါရမီရှင်လူငယ်လေးကို သဘောကျသွားတော့သည်။

ခုန်မင်ကိုသာ စနစ်တကျ ပြုစုပျိုထောင်ပေးမည်ဆိုပါက ခုန်မိသားစု အားကိုးနိုင်သည့် အဓိကကျွမ်းကျင်သူတစ်ယောက် သေချာပေါက် ဖြစ်လာပေမည်။

ထို့ကြောင့် ခုန်ယင်းကျီက ခုန်မင်၏ စိတ်ဓာတ်နှင့် အပြုအမူကိုစမ်းသပ်ရန် ကိုယ်ထင်ပြလိုက်ခြင်း ဖြစ်၏။

ခုန်မင်က ရုတ်တရက် အပြောင်းအလဲနှင့် ရင်ဆိုင်ရချိန်မှာပင် အလွန်တည်ငြိမ်စွာ တုံ့ပြန်လေရာ ခုန်ယင်းကျီမှာ ပို၍ပင် သဘောကျသွားရသည်။

ထို့ကြောင့် သူက ပင်မခုန်အိမ်တော်၏ ထုံးတမ်းများကိုပင် အရေးမစိုက်တော့ဘဲ ကိုယ်နှင့်မကွာ ယူဆောင်လာသည့် ‘စိမ်းလန်သစ်သားဒြပ်စင်ကျင့်စဉ်’ ကို ခုန်မင်အား လက်ဆောင်ပေးလိုက်တော့သည်။

ပုံမှန်ဆိုလျှင် အုပ်ထိန်းသူတစ်ယောက်က ပါရမီရှင်လူငယ်၏ နေ့စဉ်စွမ်းဆောင်ရည်ကိုစောင့်ကြည့်ရန်နှင့် ပြင်ပရန်သူများ၏ အန္တရယ်မှ ကာကွယ်ပေးရန်သာ တာဝန်ရှိသည်။ ကျင့်စဉ်များ သင်ကြားပြသပေးရန် မလိုအပ်ပေ။

ပါရမီရှင်လူငယ်က ပင်မခုန်အိမ်တော်၏ တိုက်ရိုက်တပည့်အဖြစ် တရားဝင်သတ်မှတ်ခံရပြီးမှသာ မိသားစု၏ အဆင့်မြင့်ကျင့်စဉ်များကို သင်ယူခွင့်ရှိသည်။

သို့သော် ခုန်မင်က တော်လွန်းသည်ဖြစ်ရာ ဤသို့သောလူငယ်မျိုးကို အဆင့်မြင်ပညာတစ်ခု သင်ပြပေးရန် တစ်ရက်နောက်ကျခြင်းက သူ၏ပါရမီကို ဖြုန်းတီးရာရောက်သည်ဟု ခုန်ယင်းကျီက ယူဆသည်။

ထို့ကြောင့် သူက ခုန်မင်အား ကိုယ့်သဘောနှင့်ကိုယ် “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” လက်ဆောင်ပေးလိုက်ခြင်း ဖြစ်ပေ၏။

ခုန်မင်က သစ်သား ၊ မီး ၊ မြေ ဒြပ်စင်(၃)မျိုး ကျင့်ကြံနေသူဖြစ်ကြောင်း ခုန်ယင်းကျီ သိရှိထားသည်။

သို့သော် သူကိုယ်တိုင်က ရေနှင့် သစ်သား ဒြပ်စင်နှစ်မျိုးကိုသာ ကျင့်ကြံထားသဖြင့် ခုန်မင်အတွက် သစ်သားဒြပ်စင်ကျင့်စဉ်ကိုသာ ပေးအပ်နိုင်ခြင်း ဖြစ်၏။

အကယ်၍ ခုန်မင်သာ ရေဒြပ်စင်စွမ်းအားကို ကျင့်ကြံနိုင်မည်ဆိုပါက ခုန်ယင်းကျီက သူ့ကို “ပျော့ပြောင်းရေလွှာဒြပ်စင်ကျင့်စဉ်” ကိုပါ မဆိုင်းမတွ လက်ဆောင်ပေးခဲ့မည်သာ။

ထို့ပြင် ခုန်ယင်းကျီစိတ်ထဲ အနည်းငယ် နောင်တရနေမိသေးသည်။

သူ ဤခရီးကိုထွက်လာစဉ်က အဘယ့်ကြောင့် ‘လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်’ နှင့် ‘အသင်္ချေမြေကမ္ဘာဒြပ်စင်ကျင့်စဉ်’ လက်ရေးမိတ္တူများကို အဘယ့်ကြောင့် ယူဆောင်မလာခဲ့မိပါလိမ့်ဟု တွေးတောနေမိသည်။

ထိုကျင့်စဉ်များအားလုံးကို ခုန်မင်အား လက်ဆောင်ပေးနိုင်မည်ဆိုလျှင် အရာအားလုံး ပိုမိုအဆင်ပြေသွားပေမည်။

ထိုကျင့်စဉ်များကိုသာ ကျင့်ကြံထားပါက ခုန်မင်အတွက် ‘ဖီးနစ်ကျဆုံးတောင်ကြား’ သို့ သွားရောက်မည့်ခရီးစဉ် ပိုမိုလွယ်ကူသွားနိုင်သည်။

လက်ရှိမှာတော့ ခုန်ယင်းကျီက ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ အထက်ကောင်းကင်ယံတွင် တင်ပျဉ်ခွေထိုင်ရင်း ခုန်မင် တံခါးပိတ်ကျင့်ကြံသည်ကို တိတ်တဆိတ် စောင့်ကြည့်နေလေတော့သည်။

All Chapters