စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်
Vol. 9 Ch. 102
ကျောက်ဂူထဲတွင် ခုန်မင် ထိုင်နေလေသည်။
သူ့လက်ထဲတွင် "စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်" စာအုပ်ကိုကိုင်ထားသည်။
သူ၏စိတ်အာရုံတစ်ခုလုံးက ထိပ်တန်းသခင်အဆင့်ရှိသော နက်နဲဆန်းကြယ်သည့်ကျင့်စဉ်အတွင်း စီးဆင်းနစ်မျောလျှက် ရှိ၏။
လက်ရှိတွင် ခုန်မင်က သစ်သား-မီး-မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း သူ၏မူလအခြေခံက သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ဖြစ်သည်။
ထို့ပြင် ငယ်စဉ်ကတည်းကပင် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်၏ အစိတ်အပိုင်းတစ်ခုမှ ဆင်းသက်လာသည့် "လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်" ကို ကျင့်ကြံခဲ့ခြင်းကြောင့် သူ၏ခန္ဓာကိုယ်က သစ်သားဒြပ်စင်ကျင့်စဉ်များနှင့် အလွန်ပင် လိုက်လျောညီထွေ ရှိနေခဲ့သည်။
အရင်က ပြီးပြည့်စုံခြင်းမရှိသော စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို လေ့လာခဲ့ဖူးသော်လည်း စာသားများ ပြတ်တောက်ပျောက်ဆုံးနေခြင်းကြောင့် အရေးကြီးသောအချက်အလက်အတော်များများကို နားလည်ခြင်း မရှိခဲ့ပေ။
ယခု ပြီးပြည့်စုံသည့် ကျင့်စဉ်ကို ရရှိပြီဖြစ်ရာ ယခင်က နားမလည်ခဲ့သောအချက်များကို ရုတ်တရက်နားလည်သွားပြီး ကျင့်ကြံခြင်းလမ်းစလည်း ပွင့်သွားလေသည်။
ခုန်မင်၏ သိစိတ်တစ်ခုလုံး စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်၏ လျှို့ဝှက်ချက်များကို ဆင်ခြင်သုံးသပ် ဖော်ထုတ်ခြင်းအတွင်း နစ်မြုပ်သွားပြီး ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို လုံးဝမသိရှိတော့ပေ။
သူ၏စိတ်အာရုံတွင် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို ပုံဖော်နေစဉ်မှာပင် သူ၏ခန္ဓာကိုယ်တွင်းမှ သစ်သားဒြပ်စင်စွမ်းအားများသည်လည်း ကျင့်စဉ်တွင်ဖော်ပြထားသည့် လမ်းကြောင်းများအတိုင်း သွေးကြောများအတွင်း စတင်လှည့်ပတ်စီးဆင်းလာသည်။
သူ၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများ လျှင်မြန်စွာစီးဆင်းမှုကြောင့် ပတ်ဝန်းကျင်မှ ဒြပ်စင်စွမ်းအားများသည်လည်း လိုက်ပါပြေင်းလဲလာသည်။
ထိုအထဲတွင် သစ်သားဒြပ်စင်စွမ်းအားက အလှုပ်ရှားဆုံးဖြစ်နေပြီး ခုန်မင်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်စီးဆင်းလာလေသည်။
သစ်သားဒြပ်စင်စွမ်းအားသည် မျှတငြိမ်းချမ်းပြီး နူးညံ့သိမ်မွေ့သော သဘာဝရှိလေရာ ကုသခြင်း ၊ ချီစွမ်းအားပြန်လည်ဖြည့်တင်းနိုင်ခြင်း စသည့်ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားသည်။
ယခု သစ်သားဒြပ်စင်စွမ်းအားများ ခုန်မင်၏ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် စီးဆင်းဝင်ရောက်လာသည့်အခါ "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" အား ဆက်တိုက်ကျင့်ကြံခဲ့မှုကြောင့် ကုန်ခမ်းသွားသော ဒြပ်စင်စွမ်းအားများ လျှင်မြန်စွာ ပြန်လည်ပြည့်ဝလာတော့၏။
ထို့ပြင် သူ၏ အသက်စွမ်းအားနှင့် ခွန်အားများမှာလည်း အံ့သြစရာ ကောင်းလောက်အောင် အလျင်အမြန် ပြန်လည်ပြည့်ဝလာသည်။
စွမ်းအားများ ပြန်လည်ပြည့်ဝလာသည်နှင့် “ကိုယ်တွင်းမျက်စိ” ဖြင့် ကြည့်ရှုသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို အားသွန်ခွန်စိုက် ကျင့်ကြံသကဲ့သို့ "စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်" ကို စတင်ကျင့်ကြံလေသည်။
"လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်" အခြေခံကောင်းများ ရှိထားပြီးဖြစ်၍ ခုန်မင်က စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်၏ အခြေခံအဆင့်များကို အချိန်တိုအတွင်း၌ပင် ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်။
မကြာမီ သူ၏ခန္ဓာကိုယ်မှ တောက်ပသည့် အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
မျှတငြိမ်းချမ်းပြီး နူးညံ့သိမ်မွေ့သော သစ်သားဒြပ်စင်စွမ်းအားများက ခုန်မင်၏ခန္ဓာကိုယ်တွင်း၌ အဆက်မပြတ် လှည့်ပတ်စီးဆင်းနေပြီး ၊ သူ၏ စွမ်းအင်ဗဟိုချက်ရှိ ထိုက်ကျိယင်ယန်သင်္ကေတမှတစ်ဆင့် စစ်ထုတ်လိုက်ရာ စွမ်းအားများက ယခင်ကထက် ပိုမိုသန့်စင်လာ၏။
ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်လှမ်းပြီးနောက် ခုန်မင်၏ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားများက အရည်အသွင်ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် ကိုယ်တွင်းမျက်စိဖြင့် ကြည့်မြင်သည့်အခါ သွေးကြောများထဲတွင် စီးဆင်းနေသည့် သစ်သားဒြပ်စင်စွမ်းအားများကို အစိမ်းရောင်စမ်းချောင်းများသဖွယ် တွေ့မြင်ရပေမည်။
ယခု စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ဖြင့် သစ်သားဒြပ်စင်စွမ်းအားများကို စစ်ထုတ်သန့်စင်လိုက်သည့်အခါ အစိမ်းရောင်စမ်းချောင်းများက သတ္တုရောင်အသွေး မှိန်ပျပျတောက်ပလာသည်။
ဤဖြစ်စဉ်က ခုန်မင်၏ ကျင့်ကြံခြင်းအဆင့် ထပ်မံတိုးတက်လာသည့် အခြေအနေကို ဖော်ပြသည်။
ထို့ထက်ပို၍ထူးခြားသည်မှာ ခုန်မင်၏ခန္ဓာကိုယ်တွင်းမှ မီးဒြပ်စင်နှင့် မြေဒြပ်စင်စွမ်းအားများမှာ အခြေခံသစ်သားဒြပ်စင်စွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ယခု သစ်သားဒြပ်စင်စွမ်းအား ပိုမိုသန့်စင်လာသည့်အခါ မီးနှင့်မြေ ဒြပ်စင်စွမ်းအားများမှာလည်း အလိုအလျောက် ဆက်စပ်ပြောင်းလဲမှုဖြစ်ပေါ်လာပြီး ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ တက်လှမ်းသွားကြတော့သည်။ ဤသည်မှာ ခုန်မင်၏ သစ်သား-မီး-မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ၏ အားသာချက်ပင် ဖြစ်သည်။
သူ၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအား(၃)မျိုးက တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုနေကြပြီး အချင်းချင်း ပံ့ပိုးပေးနေကြသည်။
ထို့ကြောင့် ဒြပ်စင်စွမ်းအားတစ်ခု စွမ်းအားမြင့်တက်လာပါက ကျန်ဒြပ်စင်စွမ်းအားနှစ်ခုမှာလည်း အလိုအလျောက် စွမ်းအားမြင့်တက်လာသည်ဖြစ်ရာ ခုန်မင်အတွက် ကျင့်ကြံခြင်းတွင် များစွာအချိန်ကုန်သက်သာစေသည်။
ထို့အပြင် သူ၏ကိုယ်တွင်းမှ ထိုက်ကျိယင်ယန်သင်္ကေတကြောင့် သစ်သား ၊ မီး ၊ မြေ ဒြပ်စင်စွမ်းအားများ စွမ်းအားမြင့်တက်လာသည်နှင့်အမျှ ခရမ်းရောင်နှင့် အပြာရောင် နတ်ဘုရားစွမ်းအားများမှာလည်း လိုက်ပါအားကောင်းလာခဲ့သည်။
ထိုသို့ဖြင့် ထိုက်ကျိယင်ယန်သင်္ကေတအတွင်းရှိ စွမ်းအားများအားလုံး ဟန်ချက်ညီလျှက် ရှိကြလေသည်။
ခုန်မင် မနားမနေကျင့်ကြံရင်း (၂)လဆိုသောအချိန် ကုန်ဆုံးသွားခဲ့သည်။
ခုန်မင်က စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အဓိကထား၍ ကျင့်ကြံနေခြင်းဖြစ်ရာ ကိုယ်တွင်းမှ စွမ်းအားများအားလုံး တပြိုင်တည်းမြင့်တက်လာသော်လည်း သူ၏အပြင်ပန်းခန္ဓာကိုယ်ကတော့ အစိမ်းရောင်အလင်းတန်းများဖြင့်သာ ဖုံးလွှမ်းနေသည်။
စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို စတင်ကျင့်ကြံစဉ်ကနှင့်နှိုင်းယှဉ်လျှင် ယခု အစိမ်းရောင်အလင်းတန်းများက ပိုမိုသိပ်သည်းခိုင်မာလာပြီး ကျောက်စိမ်းပမာ ကြည်လင်တောက်ပနေပေပြီ။
ယခု ခုန်မင်က “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” ၏ အခြေခံအောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပေပြီ။
သူ၏ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသည့်အပြင် သူ၏ဦးခေါင်း ၊ မျက်နှာ ၊ လက်ချောင်း ၊ အရေပြားများအားလုံးက ခြောက်သွေ့တွန့်လိမ်သည့် သစ်ခက်များပမာဖြစ်နေပြီး လုံးဝ အသက်ဓာတ်ကင်းမဲ့နေသူပမာ ထင်မှတ်ရသည်။
သစ်သားဒြပ်စင်စွမ်းအားကို သက်ရှိတို့၏ ရှင်သန်ခြင်းရင်းမြစ်ဟု တင်စားကြသည်။
သစ်သားဒြပ်စင်ကျင့်စဉ်များ၏ စွမ်းပကားမှာလည်း များသောအားဖြင့် ကုသခြင်းနှင့် ပြန်လည်နိုးထစေခြင်းတို့တွင် ထင်ရှားသည်။
သို့ဆိုလျှင် ခုန်မင်က စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အပတ်တကုတ် ကျင့်ကြံပြီးနောက် အခြေခံအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါလျက် ၊ အဘယ့်ကြောင့် သူ၏ရုပ်သွင်က ဤသို့ပြောင်းလဲသွားရပါသနည်း။
ဤသို့ဖြစ်ရသည်မှာ "စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်" ၏ အခြေခံအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားခြင်းအားပြဆိုသည့် အထင်ရှားဆုံးလက္ခဏာ ဖြစ်သောကြောင့်ပင်။
ဤအဆင့်သို့ ရောက်ရှိသွားသော ကျင့်ကြံသူသည် မိမိ၏အသက်ဓာတ်စွမ်းအင်အားလုံးကို ခန္ဓာကိုယ်အတွင်းပိုင်းသို့ ရုပ်သိမ်းထားနိုင်စွမ်းရှိသဖြင့် အပြင်ပန်းအရေပြားများက အသက်မဲ့ကာ ခြောက်သွေ့သွားရခြင်း ဖြစ်သည်။
သို့သော် ခြောက်ကပ်နေသည့်အရေပြားလွှာကို အထင်သေး၍မရပေ။
ထိုအရေပြားက အလွန်တရာခိုင်ခံ့သည့် သံချပ်ကာပမာ မာကျောလေရာ သာမန်ဒြပ်စင်စွမ်းအားလက်နက်များဖြင့် ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
ထို့ပြင် ကျင့်ကြံခြင်းအဆင့်တူညီသူတစ်ယောက်က အားကုန်သုံးတိုက်ခိုက်လျှင်ပင် ထိုသစ်သားဒြပ်စင် အရံအတားကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ဤသည်ကမြေဒြပ်စင်စွမ်းအားအပြင် သစ်သားဒြပ်စင်စွမ်းအား၏ ကြောက်မက်ဖွယ်ရာ ခံစစ်စွမ်းအားပင် ဖြစ်သည်။
ခုန်မင်အနေဖြင့် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ် တန်ခိုးစွမ်းအားကို အသုံးမပြုလျှင် သူ၏ခန္ဓာကိုယ်က ပုံမှန်အတိုင်း ရှိနေပေမည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားလာပါက စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ် တန်ခိုးစွမ်းအားကို အသုံးပြုနေလျှင်ပင် အရေပြားတွင် ဤကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
ခုန်ယင်းကျီကဲ့သို့ နတ်ဘုရားတစ်ပါးပမာ အေးချမ်းတည်ငြိမ်သည့်အသွင်မျိုး ပိုင်ဆိုင်ချင်လျှင်တော့ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို အနည်းဆုံး အမြင့်ဆုံးအောင်မြင်မှုအဆင့်ထိရောက်အောင် ကျင့်ကြံရန် လိုအပ်ပေမည်။
ခုန်မင်က ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများကို နောက်ဆုံးတစ်ကြိမ် အပြီးသတ်လှည့်ပတ်လိုက်ပြီးနောက် ကျင့်ကြံခြင်းကိုအဆုံးသတ်ကာ မတ်တတ်ထရပ်လိုက်၏။
“စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” ကို ကျင့်ကြံခြင်းက "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" ကို ကျင့်ကြံခြင်းနှင့် မတူညီပေ။ သစ်သားဒြပ်စင်စွမ်းအား၏ ပင်ကိုယ်ဂုဏ်သတ္တိကြောင့် ခုန်မင်၏ကိုယ်တွင်းစွမ်းအားများ လုံးဝကုန်ခမ်းသွားခြင်း မရှိပေ။
ထို့ကြောင့် အနည်းငယ် စိတ်ပင်ပန်းသည်မှလွဲပြီး ရုပ်ခန္ဓာက အကောင်းဆုံးအနေအထားတွင် ရှိနေပေသည်။
ဇွဲကောင်းကောင်းဖြင့် (၂)လတိုင်တိုင် ကျင့်ကြံခဲ့သည့် ခုန်မင်အတွက် "စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်" ၏ အခြေခံအောင်မြင်မှုအဆင့်ကို ရောက်ရှိခဲ့ရုံသာမက အခြားသောအကျိုးကျေးဇူးများစွာလည်း ရရှိခဲ့သည်။
သူ၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများအားလုံး တပြိုင်တည်းမြင့်တက်လာသည့်အတွက် ကျင့်ကြံခြင်းစွမ်းအားသည်လည်း ရှေ့သို့ခုန်တက်သွားခဲ့သည်။
ယခု ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့် အထွတ်ထိပ်သို့ ရောက်ရှိသွားပြီဖြစ်ရာ အချိန်မရွေး ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သို့ တက်လှမ်းရန် အဆင်သင့်ဖြစ်နေပေပြီ။
ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်ရောက်ခဲ့ပြီး (၃)အတွင်းမှာပင် ကနဦးအဆင့် အထွတ်ထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ဤသည်က ခုန်မင် စိုက်ထူလိုက်သည့် နောက်ထပ် စံချိန်တင် သမိုင်းမှတ်တမ်းတစ်ခုပင် ဖြစ်၏။
ထိုအချိန်...
ခွန်းကာမြို့ ၊ ခုန်အိမ်တော်အထက်ရှိ မီတာထောင်ပေါင်းများစွာ မြင့်မားသော ကောင်းကင်ယံထွက်တွင် ခုန်ယင်းကျီ တင်ပျဉ်ခွေထိုင်လျှက်ရှိသည်။
သူ၏ရှည်လျားသောဆံနွယ်များနှင့် အင်္ကျီဝတ်ရုံရှည်က လေထဲတွင် တဖျတ်ဖျတ်လွင့်မျောနေသည်ဖြစ်ရာ သူ့ပုံစံက ကောင်းကင်ကိုးထပ်မှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့် ဆင်တူလွန်းသည်။
သူနှင့် ခုန်မင်ကြား အကွာအဝေး အလွန်ကြီးမားသော်လည်း ခုန်မင် ကျင့်ကြံနေစဉ်တွင် ပြောင်းလဲသွားသော စွမ်းအားရောင်ဝါများကို ခုန်ယင်းကျီ ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။
“အံ့သြစရာကောင်းလိုက်တာ...”
ခုန်ယင်းကျီ ရေရွတ်လိုက်သည်။
သူက လောတစ်ခွင် လှည့်လည်သွားလာနေသည့် အတွေ့အကြုံရင့်ကျက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သို့သော် ခုန်မင်ကဲ့သို့ အချိန်(၃)လအတွင်း ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်မှ ကနဦးအဆင့် အထွတ်ထိပ်သို့ တက်ရောက်သွားသည့် ကျင့်ကြံသူမျိုး သူ့ဘဝတွင် တစ်ခါမှ မတွေ့ကြုံဖူးပေ။
“ဒီလိုပါရမီရှင်မျိုး ပေါ်ထွက်လာတာ... ငါတို့ ခုန်မျိုးနွယ်တွေအတွက် ကံကောင်းခြင်းတစ်ခုပဲ ၊ အင်း... နှမျောစရာကောင်းတာက သူ့ကို အဆင့်မြင့်ကျင့်စဉ်တွေ ဒီထက်ပိုပြီး မပေးနိုင်သေးတာပဲ ၊ မဟုတ်ရင် ဒီကောင်လေး တစ်ခါတည်းနဲ့ ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်ကိုရောက်သွားမှာ...”