ယွဲ့အာ၏မျှော်လင့်ချက်
Vol. 9 Ch. 103
ခုန်မင်ကတော့ သူ့ကိုစောင့်ကြည့်နေသည့် ခုန်ယင်းကျီအကြောင်း မသိခဲ့ပေ။
သူက ကျင့်ကြံခြင်းအဆုံးသတ်လိုက်ပြီး ကျောက်ဂူတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လိုက်သည်။
ယခုတစ်ကြိမ် တံခါးပိတ်ကျင့်ကြံသည်က (၂)လတိတိ ကြာမြင့်ခဲ့သော်လည်း အရင်တစ်ခေါက်ကလို ကြီးမားသည့်လှုပ်ခတ်မှုများ မဖြစ်ပေါ်ခဲ့ပေ။
ထို့ကြောင့် လူအများ၏အာရုံစိုက်ခြင်းမခံရသလို ကျောက်ဂူအပြင်ဘက်တွင် စောင့်ကြိုနေသူများလည်း မရှိခဲ့ပေ။
ခုန်မင် အေးအေးဆေးဆေးပင် နေထိုင်ရာခြံဝင်းဆီသို့ ပြန်လာခဲ့သည်။
အိမ်ထဲရောက်သည်နှင့် သူ ပထမဆုံးမြင်လိုက်ရသူက မော့ယွဲ့ဖြစ်သည်။ သူမက "တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်" ကို ကျင့်ကြံနေလေသည်။
မော့ယွဲ့က မွေးရာပါဉာဏ်ရည်ထက်မြက်သည်သာမက သူမ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံက "တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်" ကျင့်ကြံရန် အလွန်သင့်တော်သည်။
အချိန် (၂)လအတွင်းမှာပင် သူမက ကနဦးအဆင့် ကိုယ်ဟန်အနေအထား(၉)မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ကျင့်ကြံနိုင်ပေပြီ။
ခုန်မင် အိမ်ထဲဝင်လာချိန်တွင် သူမက ကိုယ်ဟန်အနေအထား(၉)မျိုးကို တစ်ဆက်တည်းဖြစ်အောင် ပေါင်းစပ်လှုပ်ရှားရန် ကြိုးစားနေခဲ့သည်။
ဤအဆင့်ကိုကျော်ဖြတ်နိုင်လျှင် မော့ယွဲ့အနေဖြင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ပထမအဆင့် အောင်မြင်သွားမည်ဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း သိသိသာသာ တိုးတက်လာပေမည်။
တစ်နည်းအားဖြင့် ဤကျင့်စဉ် ပထမအဆင့် အောင်မြင်သွားသည်နှင့် သူမကို ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေမည်။
သို့သော် မော့ယွဲ့က အခြားကျင့်ကြံသူများလို မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားများကို စုပ်ယူကျင့်ကြံသူမဟုတ်ပေ။ သူမက ခုန်မင်တစ်ယောက်တည်းသာ နားလည်နိုင်သည့် နတ်မျိုးနွယ်ကျင့်စဉ်ကို ကျင့်ကြံနေခြင်း ဖြစ်၏။
ခုန်မင်က တံခါးဝတွင် မတ်တတ်ရပ်ရင်း သူမကိုအကဲခတ်ကြည့်လိုက်ရာ ၊ သူမ၏လှုပ်ရှားမှုများက တော်လေးချောမွေ့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူ တံခါးပိတ်ကျင့်ကြံနေစဉ်ကာလအတွင်း မော့ယွဲ့သည်လည်း အတော်လေး ကြိုးစားအားထုတ်ခဲ့သည်မှာ ထင်ရှားသည်။
ခုန်မင်သာ တံခါးပိတ်ကျင့်ကြံခြင်းမပြုဘဲ သူမကို အနီးကပ်သင်ပြပေးမည်ဆိုလျှင် ဤမိန်းကလေးငယ်အနေဖြင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ပထမအဆင့်ကို အောင်မြင်သွားနိုင်သည်။
မော့ယွဲ့က ကျင့်ကြံခြင်းတွင် အာရုံစိုက်နေသဖြင့် ခုန်မင် ပြန်ရောက်လာသည်ကိုပင် သတိမထားခဲ့မိပေ။
ထို့ကြောင့် ခုန်မင်ကလည်း သူမကို အနှောက်အယှက်မပေးဘဲ တိတ်တဆိတ် မတ်တတ်ရပ်ရင်း သူမကျင့်ကြံနေသည်ကို ဂရုတစိုက် ကြည့်နေလိုက်၏။
မော့ယွဲ့၏ ကိုယ်ဟန်အနေအထားတွင် လိုအပ်နေသည်များကို ခုန်မင်က မှတ်ထားလိုက်သည်။ နောက်မှ သူမကို လမ်းညွှန်သင်ပြပေးရပေမည်။
အချိန်မည်မျှကြာသွားသည်မသိ...။
မော့ယွဲ့ နဖူးထက်တွင် ချွေးများစိုလာပြီး အနည်းငယ်ပင်ပန်းလာမှသာ သူမက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
မိန်းကလေးက လက်ကိုင်ပုဝါတစ်ထည်ထုတ်ယူပြီး နဖူးထက်မှချွေးစများကို သုတ်ရန်ဟန်ပြင်လိုက်စဉ် သူ့ကို တိတ်ဆိတ်စွာကြည့်နေသည့် ခုန်မင်ကို ရုတ်တရက် တွေ့လိုက်ရလေသည်။
သူမ၏ ရွှန်းလဲ့တောက်ပသော မျက်ဝန်းများက အစပိုင်းတွင် အံ့အားသင့်သွားပြီး နောက်ပိုင်း ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲဿွားသည်။
သူမက ဝမ်းသာအားရဖြင့် အော်ခေါ်လိုက်သည်။
“သခင်လေး...”
ခုန်မင် တံခါးပိတ်ကျင့်ကြံနေသည့်အချိန်များက မော့ယွဲ့အတွက် အထီးကျန်ဆုံးအချိန်များ ဖြစ်ခဲ့သည်။
သူမက သခင်လေးဘေးတွင် အရိပ်တစ်ခုပမာ အချိန်ပြည့်ကပ်နေသည်ဖြစ်ရာ ၊ သခင်လေးမရှိသည့်အခါ ဘာလုပ်လို့ဘာကိုင်ရမှန်းပင် မသိတော့ပေ။
ထို့ကြောင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို စိတ်နှစ်ကာ ကျင့်ကြံနေခြင်း ဖြစ်၏။
အံ့သြဝမ်းသာနေသည့် မော့ယွဲ့၏မျက်ဝန်းလေးများကိုကြည့်ရင်း ခုန်မင်ပြုံးလိုက်မိသည်။
သူက မော့ယွဲ့လက်ထဲမှ လက်ကိုင်ပုဝါလေးကိုလှမ်းယူလိုက်ပြီး မိန်းကလေး၏နဖူးထက်မှချွေးစများကို ညင်သာစွာ သုတ်ပေးလိုက်သည်။
သခင်လေး၏အပြုအမူကြောင့် မော့ယွဲ့ ကြည်နူးသွားသည့်တိုင် ၊ သူမက အစေခံမိန်းကလေးတစ်ယောက်၏ တာဝန်ကို မေ့လျော့ခဲ့ခြင်း မရှိပေ။
သူမက သိမ်မွေ့သည့်လေသံဖြင့်...
“သခင်လေး... ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံတာ အရမ်းကြာတာပဲ ၊ အခု ရေချိုးမယ် မဟုတ်လားဟင် ၊ ယွဲ့အာ ရေနွေးပြင်ဆင်လိုက်ပါ့မယ်”
ခုန်မင်က ပြုံးလိုက်ရင်း...
“အရေးမကြီးဘူး... ၊ ယွဲ့အာလေးပဲ အရင်ဆုံး ရေချိုးလိုက်နော် ၊ အခု တစ်ကိုယ်လုံးချွေးတွေထွက်နေတာ... နေရတာ သက်သောင့်သက်သာရှိမှာ မဟုတ်ဘူးလေ”
မော့ယွဲ့က နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။
သူမက သခင်လေး၏စကားတိုင်းကို အမိန့်တစ်ခုပမာ အမြဲနာခံတတ်သည်။ သခင်လေးအတွက်ဆိုလျှင် ဘာပဲလုပ်ရလုပ်ရ စိတ်အားထက်သန်မှု အပြည့်ရှိနေတတ်သည်ပင်။
ခဏအကြာမှာတော့ မော့ယွဲ့ရော ခုန်မင်ပါ ရေချိုးသန့်စင်ပြီး အဝတ်အစားအသစ်များ လဲလှယ်ဝတ်ဆင်ပြီး ဖြစ်သည်။
ထိုအခါမှ ခုန်မင်က မော့ယွဲ့၏ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ချို့ယွင်းချက်များကို တစ်ချက်ချင်း လမ်းညွှန်သင်ပြပေးလေသည်။
မော့ယွဲ့ကလည်း သခင်လေးသင်ပြပေးသည်ကို အာရုံစိုက်ကာ သေချာမှတ်သားလိုက်သည်။
ခုန်မင်၏လမ်းညွှန်ချက်အတိုင်း ကျင့်ကြံသွားမည်ဆိုပါက ကိုယ်ဟန်အနေအထား(၉)မျိုးလုံးကို သဘာဝကျစွာ ပေါင်းစည်းနိုင်ပြီး တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ပထမအဆင့်ကို ကျော်ဖြတ်နိုင်မည် ဖြစ်ပေ၏။
မော့ယွဲ့ကို သင်ပြပေးပြီးနောက် ခုန်မင်က ဖခင်ဖြစ်သူနှင့်တွေ့ဆုံရန် ခုန်ကျွင်းနေထိုင်ရာနေရာသို့ ထွက်ခွာသွားသည်။
မော့ယွဲ့ကတော့ သခင်လေး၏ဂရုစိုက်မှုများကြောင့် ရင်ထဲတွင်နွေးထွေးစွာခံစားနေရပြီး အနာဂတ်မျှော်လင့်ချက်တစ်ခုကို ရင်ဝယ်သိမ်းဆည်းရင်း ခုန်မင်၏ပုံရိပ် အဝေးသို့ပျောက်ကွယ်သွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
***
ခုန်ကျွင်းနေထိုင်ရာ ခြံဝင်းသို့ ခုန်မင် ရောက်ရှိလာသည်။
ခုန်မင် တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီဖြစ်ကြောင်း သတင်းရသည်နှင့် ခုန်ကျွင်းက ခုန်ကျောင်းကိုပင် အတူခေါ်ကာ သူ့ကိုစောင့်ကြိုနေပြီ ဖြစ်၏။
ခုန်မင်ကိုမြင်သည်နှင့် ခုန်ကျွင်းက ရယ်မောလိုက်ပြီး...
“မင်အာ... ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ တကယ်အကျိုးရှိတယ်ထင်တယ် ၊ ကျင့်ကြံခြင်းစွမ်းအားတွေ အများကြီးမြင့်တက်လာတာပဲ... ၊ မင်းရဲ့ပါရမီကတော့ အဖေဖြစ်တဲ့ငါတောင် လိုက်မမီတော့ဘူး”
ခုန်ကျွင်းက ဒြပ်စင်စွမ်းအားအရှင်သခင်ဖြစ်လေရာ တစ်ချက်ကြည့်ရုံဖြင့် ခုန်မင်၏ ကျင့်ကြံခြင်းစွမ်းအားတိုးတက်လာမှုကို သိရှိနိုင်သည်။
သားဖြစ်သူ၏ ပါရမီထူးခြားမှုအတွက်လည်း သူက အလွန်ပင် ကျေနပ်ဝမ်းမြောက်နေခဲ့၏။
ခုန်မင်က ပြုံးလိုက်ရင်း...
“ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာ တကယ်အကျိုးရှိပါတယ် ၊ ပြီးတော့ အဖေနဲ့တိုင်ပင်ဖို့ အရေးကြီးကိစ္စတစ်ခုလည်း ရှိသေးတယ်”
ခုန်ကျွင်းက ခေါင်းညိတ်လိုက်ပြီး...
“တောရိုင်းဒေသကိုသွားဖို့ ခရီးစဉ်လား... အဖေနဲ့ ကျောင်းအာ အဲဒီကိစ္စကို ကြိုဆွေးနွေးပြီး ပြင်ဆင်မှုတွေလည်း လုပ်ထားပြီးပြီ ၊ ပြီးတော့ အဖေတို့ ခုန်အိမ်တော်က လူတွေကို လျှို့ဝှက်စေလွှတ်ပြီး တောရိုင်းဒေသမှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ခိုင်းထားတယ် ၊ အခုဆို အတော်တောင် အောင်မြင်မှုရနေပြီ...”
ခုန်ကျွင်းက ဆက်ပြောလိုက်သည်။
“မင်အာ... သား လုပ်ရမှာက... ခုန်အိမ်တော်ရဲ့ လျှို့ဝှက်ကုန်သည်အုပ်စုနဲ့ လိုက်သွားရုံပဲ ၊ ဒါဆို တောရိုင်းဒေသကို ချောချောမွေ့မွေ့ဝင်ရောက်နိုင်မယ် ၊ အချိန်တန်ရင် ချီတိမျိုးနွယ်စုလို မိတ်ဖက်တွေဆီ အကူအညီတောင်းပြီး ဖီးနစ်နားခိုရာမျိုးနွယ်စုကို ဆက်သွယ်မယ်ဆိုရင် ဘာအခက်အခဲမှ မရှိနိုင်ပါဘူး”
တံခါးပိတ်ကျင့်ကြံခြင်း မပြုလုပ်မီကပင် ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြားသို့ခရီးထွက်ကာ စမ်းသပ်မှုတွင် ပါဝင်မည့်အကြောင်း ခုန်ကျွင်းကို ပြောပြထားပြီး ဖြစ်သည်။
ခုန်ကျွင်းက ထိုကိစ္စကို အလွန်အလေးထားခဲ့ပြီး ခုန်မင် တံခါးပိတ်ကျင့်ကြံစဉ်တွင် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့သည်။
ခုန်ကျွင်းက ဖီးနစ်ကျဆုံးတောင်ကြားအကြောင်း အသေးစိတ်မသိရှိသော်လည်း ဖီးနစ်နားခိုရာမျိုးနွယ်စု၏ အရွယ်ရောက်ခြင်းအခမ်းအနားအကြောင်းကိုတော့ ကြားဖူးထားသည်။
ထိုစမ်းသပ်မှုတွင် မျိုးနွယ်စုအသီးသီးမှ လူငယ်လူရွယ်များပါတင်ကြပြီး သေဆုံးမှုနှုန်းလည်းများပြားလှသည်။
ထိုစမ်းသပ်မှုတွင် ပါဝင်ခြင်းက ခုန်မင်အတွက် အတွေ့အကြုံများစွာရရှိနိုင်သော အခွင့်အရေးတစ်ခု ဖြစ်၏။ သို့သော် မမျှော်လင့်သည့်ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ပါက ခုန်ကျွင်း၏နှလုံးသား အက်ကွဲသွားနိုင်သည်။
ထို့ကြောင့် ခုန်ကျွင်းက ခုန်မင်၏ခရီးလမ်း ဖြောင့်ဖြူးစေရန်အတွက် တတ်နိုင်သမျှ ပြင်ဆင်မှုများပြုလုပ်ထားခဲ့သည်။
ရင်းနှီးသောမိတ်ဆက်များနှင့် လမ်းကြောင်းများမရှိပါက တောရိုင်းဒေသသို့ ဝင်ရောက်သည်နှင့် အန္တရယ်ကြုံရနိုင်သည်။ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ စမ်းသပ်မှုတွင် ပါဝင်မည်ဆိုလျှင် ပို၍ပင် အန္တရယ်များပေမည်။
ခုန်မင်က ဖခင်ဖြစ်သူကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း...
“အဖေ... အပင်ပန်းခံပြီး ပြင်ဆင်ပေးထားတာ ကျေးဇူးတင်ပါတယ်”
သို့သော် ယခု ခုန်မင် ဆွေးနွေးလိုသည့်ကိစ္စက တောရိုင်းဒေသနှင့် မပတ်သက်ပေ။
ထို့ကြောင့် ခုန်မင်က ကွေ့ပတ်မနေတော့ဘဲ “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” လက်ရေးမိတ္တူစာအုပ်ကို ခုန်ကျွင်းလက်ထဲ ထည့်ပေးလိုက်လေသည်။
ခုန်ကျွင်းက စာအုပ်မျက်နှာဖုံးထက်တွင် ရေးသားထားသည့် “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” ဆိုသော စာလုံးများကို တွေ့လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရသည်။
သူက အလွန်အမင်း အံ့အားသင့်စွာဖြင့်...
“မင်အာ... ဒါ... ဒါက ဘာအဓိပ္ပါယ်လဲ... ၊ ဒီကျင့်စဉ်က ပင်မခုန်အိမ်တော်က ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းထးတဲ့ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ် အစစ်လား”
ခုန်မင်က ခေါင်းညိတ်လိုက်ပြီး တံခါးပိတ်ကျင့်ကြံနေစဉ် ကြုံတွေ့ရသည့် ထူးဆန်းသောအဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။
ခုန်ကျွင်းက အတန်ကြာ စဉ်းစားနေပြီးမှ...
“မင်းပြောတဲ့အတိုင်းဆိုရင်... အဲဒီ အစိမ်းရောင်ဝတ်လူရွယ်က ပင်မခုန်အိမ်တော်က ကျွမ်းကျင်သူတစ်ယောက်ပဲ ဖြစ်ရမယ် ၊ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို ဒီအတိုင်းပေးပစ်လိုက်တာကို ကြည့်မယ်ဆိုရင်... ဒီအကြီးအကဲက ပင်မခုန်အိမ်တော်မှာ အတော်လေး အဆင့်အတန်းမြင့်မားတဲ့သူ ဖြစ်နိုင်တယ်...”
သူက ခံစားချက်ပြည့်လျှံနေသည့်မျက်ဝန်းများဖြင့် သားဖြစ်သူ ခုန်မင်ကိုကြည့်လိုက်ပြီး...
မင်အာ... မင်းရဲ့ အရည်အချင်းတွေကြောင့် ပင်မခုန်အိမ်တော်က မျက်စိကျသွားပြီထင်တယ် ၊ ကြည့်ရတာ... မကြာခင် ပင်မခုန်အိမ်တော်ကိုသွားပြီး ပညာသင်နိုင်တော့မယ်ထင်တယ်”
သားဖြစ်သူကို ပင်မခုန်အိမ်တော်က စိတ်ဝင်စားနေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်နှင့် ခုန်ကျွင်း ဝမ်းနည်းဝမ်းသာ ခံစားလိုက်ရသည်။
ခုန်ကျွင်းက သားဖြစ်သူကို အလွန်ချစ်မြတ်နိုးသည်။
ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏အနာဂတ်က ခုန်မင်အပေါ်တွင် မူတည်နေသည်ဟု အမြဲတမ်း မှတ်ယူထားခဲ့သည် မဟုတ်လား။
ထို့ကြောင့် သားဖြစ်သူ ခွန်းကာမြို့မှထွက်သွားလျှင် ခုန်ကျွင်းအတွက် လက်တစ်ဖက်ပြုတ်သလို ဖြစ်သွားပေမည်။
သို့သော် ပင်မခုန်အိမ်တော်ဖြင့် ပြန်လည်ပူးပေါင်းနိုင်ရန်မှာလည်း ခုန်ကျွင်း၏ဆန္ဒဖြစ်လေရာ သူ့စိတ်ထဲ ခံစားချက်များရောထွေးလျှက် ရှိနေတော့၏။
ခုန်မင်က ဖခင်ဖြစ်သူ၏ခံစားချက်များကို နားလည်လိုက်သည်။
သူက...
“အဖေ... စိတ်ချပါ ၊ ကျွန်တော် ပင်မခုန်အိမ်တော်ကို ရောက်သွားရင်တောင်... ခွန်းကာမြို့က ခုန်အိမ်တော်က အမြဲတမ်း ကျွန်တော့်ရဲ့အိမ်ပါပဲ ၊ ဒီ ‘စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်’ စာအုပ်ကိုလည်း အိမ်တော်ရဲ့ သိုင်းကျမ်းစာကြည့်တိုက်မှာ ထားခဲ့ပါ့မယ် ၊ အဖေနဲ့ အစ်ကိုကြီးလည်း ဒီကျင့်စဉ်ကို ကျင့်ကြံလို့ရတာပေါ့”
လက်ရှိတွင် ခုန်ကျွင်းက ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်၏ အထွတ်ထိပ်တွင် ရှိနေပေသည်။
ခုန်ကျွင်း၏ မွေးရာပါအရည်အချင်းများက နဂါးတံခွန်သစ်သီးကြောင့် မြင့်တက်လာခဲ့သည်ဖြစ်ရာ ၊ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကဲ့သို့ ထိပ်တန်းသခင်အဆင့် ကျင့်စဉ်ကို ကျင့်ကြံလိုက်ပါက ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့်သို့ တက်ရောက်နိုင်မည်မှာ သေချာသလောက်ပင်။
လက်ရှိတွင် ခုန်ကျောင်းကတော့ ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့်တွင် ရှိနေလေရာ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကဲ့သို့ အဆင့်မြင့်ကျင့်စဉ်ကို အချိန်မီပြောင်းလဲကျင့်ကြံခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်သည်။
သို့သော် ဤ “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” လက်ရေးမိတ္တူစာအုပ်မှာ အစိမ်းရောင်ဝတ်လူရွယက ခုန်မင်အားပုဂ္ဂိုလ်ရေးအရ လျှို့ဝှက်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပင်မခုန်အိမ်တော်က တရားဝင် ချီးမြှင့်ခြင်း မဟုတ်ခဲ့ပေ။
ဤကဲ့သို့သော အခြေအနေတွင် ခွန်းကာမြို့ ၊ ခုန်အိမ်တော်အနေဖြင့် စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကို ကိုယ်ပိုင်မျိုးနွယ်ကျင့်စဉ်အဖြစ် ပွင့်ပွင့်လင်းလင်း ဆက်ခံနိုင်ပါမည်လား။
ပင်မခုန်အိမ်တော်ဘက်မှ ကန့်ကွက်လာပါက ပြဿနာဖြစ်လာနိုင်သည် မဟုတ်ပါလား။