← Chapters

နန်မန်မြို့

Vol. 9 Ch. 104

နန်မန်မြို့

Vol. 9 Ch. 104

ခုန်ကျွင်း စိုးရိမ်နေသည်ကိုမြင်တော့ ခုန်မင်က အေးဆေးစွာပြုံးလိုက်ရင်း...

“အဖေ စိတ်ချပါ ၊ ကျွန်တော်တို့အားလုံးက ခုန်မျိုးနွယ်တွေပဲ မဟုတ်ဘူးလား ၊ ဒီ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်က ကံကြမ္မာအတိုင်း ကျွန်တော်တို့ လက်ထဲရောက်လာတာတောင် ဘာလို့ ကျင့်ကြံခွင့်မရှိရမှာလဲ”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့... ပင်မခုန်အိမ်တော်က ဒီလောက်လေးတောင် ရက်ရောမှုမရှိရင်... ကျွန်တော် သူတို့ဆီမှာ ပညာသွားသင်တဲ့အခါ တကယ်ရော အနာဂတ်ကောင်းနိုင်ပါ့မလားဆိုတာ ပြန်စဉ်းစားရလိမ့်မယ်”

အိမ်တော်သခင်ဖြစ်သော ခုန်ကျွင်းကလည်း ပြဿနာကို ခေါင်းရှောင်တတ်သူ မဟုတ်ပေ။

သူက ခုန်မင်၏စကားကိုကြားတော့ ခေါင်းညိတ်သဘောတူလိုက်သည်။

စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကဲ့သို့သော အဆင့်မြင့်ကျင့်စဉ်တစ်ခု မျက်စိရှေ့ရောက်လာသည့်အခါ မည်သူက မကျင့်ကြံချင်ဘဲ နေပါမည်နည်း။

ဤကိစ္စနှင့်ပတ်သက်ပြီး ပင်မခုန်အိမ်တော်ဘက်မှ ကျေနပ်မည်လား မကျေနပ်ဘူးလားဆိုသည်ကတော့ အခြားကိစ္စသာ ဖြစ်သည်။

ကောင်းကင်ထက်တွင် တင်ပျဉ်ခွေထိုင်နေသည့် ခုန်ယင်းကျီက ခုန်မင်တို့သားအဖ ပြောနေသည့်စကားများကို တစ်လုံးမကျန်ကြားနေရသည်။

သူ့စိတ်ထဲ ခုန်မင်ကို မချီးကျူးဘဲ မနေနိုင်ပေ။

ထိုကောင်လေးက ဆုံးဖြတ်ချက်မြန်ဆန်ပြီး အိမ်တော်အကျိုးကို ဦးစားပေးတတ်သူ ဖြစ်ပေသည်။

နောင်တွင် ပင်မခုန်အိမ်တော်နှင့် ပတ်သက်လျှင်လည်း ယခု ခွန်းကာမြို့ ၊ ခုန်အိမ်တော်အခွဲ၏အကျိုးကို ဦးစားပေးသလို ပင်မခုန်အိမ်တော်၏အကျိုးကိုပါ ဦးစားပေးတတ်သူ ဖြစ်လာပေမည်။

ထိုသို့စဉ်းစားမိတော့ ခုန်ယင်းကျီက ခုန်မင်ကို သူ၏တပည့်အဖြစ်ပင် လက်ခံချင်လာသည်။

သို့သော် ပင်မခုန်အိမ်တော်မှ တတိယဘိုးဘေးက ခုန်မင်ကို စိတ်ဝင်စားနေပြီဖြစ်ရာ သူ့အနေဖြင့် ခုန်မင်ကို တပည့်မွေးရန်မဖြစ်နိုင်တော့ကြောင်း ခုန်ယင်းကျီ မသိရှိခဲ့ပေ။

ထိုအချိန် ခုန်မင်က “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” လက်ရေးမိတ္တူစာအုပ်ကို ခုန်ကျွင်းလက်ထဲသို့ ထည့်ပေးလိုက်ရင်း...

“အဖေ... ဒီနေ့ကစပြီး ဒီ စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်က ကျွန်တော်တို့ ခွန်းကာမြို့ ၊ ခုန်အိမ်တော်ရဲ့ အသစ်ဖြစ်လာမယ့် အခြေခံကျင့်စဉ်ပါပဲ...”

ခုန်ကျွင်း အလေးအနက် ‌ခေါင်းညိတ်လိုက်ပြီး ခုန်မင်ပေးသည့်စာအုပ်ကို လက်ခံယူလိုက်သည်။

ဤသို့သော အဆင့်မြင့်ကျင့်စဉ်တစ်ခု လက်ဝယ်ပိုင်ဆိုင်ထားလျှင် ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ နောက်ပိုင်းမျိုးဆက်များသည်လည်း ကျင့်ကြံခြင်းတွင်တိုးတက်လာနိုင်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသူများ ဖြစ်လာပေမည်။

ကျင့်စဉ်စာအုပ်ကိစ္စပြောပြီးသည်နှင့် ခုန်မင်က တောရိုင်းဒေသသို့ ခရီးထွက်မည့်အကြောင်း တိုင်ပင်လိုက်သည်။

ခုန်မျိုးနွယ် လျှို့ဝှက်ကုန်သည်အုပ်စုနှင့်အတူ ခရီးနှင်ခြင်းက အမှန်တကယ်ကောင်းမွန်သည့် နည်းဗျူဟာဖြစ်သည်။ သားအဖ(၃)ယောက် ဆွေးနွေးပြီးနောက် ခုန်မင်က နောက်(၂)ရက်အကြာတွင် ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။

ခွန်းကာမြို့တွင်တော့ ခုန်မင် တံခါးပိတ်ကျင့်ကြံနေသည်ဟု သတင်းလွှင့်ထားပေမည်။ သို့မှသာ ခုန်မင်ကို မတွေ့ရသဖြင့် မည်သူမှ သံသယဝင်မည် မဟုတ်ပေ။

ခုန်မင်က (၂)ရက်အတွင်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်လေသည်။

အရင်ဆုံး သူက အိမ်တော်မှဝယ်ယူထားသည့် ကုန်ကြမ်းများကို အသုံးပြုကာ ‘ယွမ်ရုန်ဒူးလေး’ နှင့် ‘ဒြပ်စင်သံလိုက်ဒိုင်း’ များကို ပြုလုပ်လိုက်သည်။

သို့မှသာ ခုန်အိမ်တော်မှ ကျင့်ကြံသူတိုင်း ဤဒြပ်စင်လက်နက်နှစ်မျိုးကို အသုံးပြုနိုင်မည်ဖြစ်ပြီး အိမ်တော်၏အင်အားသည်လည်း အဆပေါင်းများစွာ မြင့်တက်သွားမည် ဖြစ်၏။

ချောင်တတိယသခင်လေးကဲ့သို့ ဧည့်သည်တစ်ယောက်ရောက်လာပြီး အနိုင်ကျင့်မည်ဆိုပါက ခုန်အိမ်တော်အနေဖြင့် တန်ပြန်တိုက်ခိုက်နိုင်သည့်အင်အား ရှိသွားပေမည်။

ထို့ပြင် ခုန်မင်က အဂ္ဂိရတ်ပညာအသုံးပြုပြီး ကျန့်ယွမ်ဆေးလုံးနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးများကို ထပ်မံဖော်စပ်ပေးခဲ့သည်။

ယခုဆိုလျှင် ခုန်ကျွင်းလက်ထဲတွင် ဆေးလုံးပေါင်း(၃၀၀)ကျော် သိုလှောင်ထားနိုင်ပြီဖြစ်ရာ အိမ်တော်အတွက် ရေရှည်လုံလောက်သွားပေပြီ။

အိမ်တော်အတွက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးသည်နှင့် ခုန်မင်က လျှို့ဝှက်ကုန်သည်အုပ်စုနှင့်အတူ ခရီးထွက်ရန် ပြင်ဆင်လေသည်။

ခုန်မင်က သူနှင့်အတူခရီးထွက်ရန် မော့ယွဲ့ ၊ မော့ဖေးနှင့် မော့မျိုးနွယ်ကိုယ်ရံတော်တပ်မှ အတော်ဆုံး ကိုယ်ရံတော်(၅)ယောက်ကိုပါ ခေါ်ဆောင်လာခဲ့သည်။

တောရိုင်းဒေသကိုဝင်ရောက်မည်ဆိုပါက နတ်သားရဲမျိုးနွယ်များဖြစ်သည့် မော့မျိုးနွယ်များကို ခေါ်ဆောင်သွားခြင်းက သဘာဝကျပေသည်။

အကြောင်းမှာ နတ်သားရဲမျိုးနွယ်များက တောရိုင်းဒေသတွင် နှစ်ပေါင်းသောင်းနှင့်ချီပြီး နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ ခုန်မင်အတွက် လမ်းပြလိုအပ်သည်ဆိုလျှင် သူတို့ထက် ပိုပြီးသင့်တော်သူ မရှိနိုင်ပေ။

ပိုပြီးအရေးကြီးသည်မှာ မော့မျိုးနွယ်မောင်နှမနှင့် နတ်သားရဲမျိုးနွယ် ကိုယ်ရံတော်များ၏ သစ္စာရှိမှုက သံသယဖြစ်စရာ မလိုပေ။

ထို့ကြောင့် သူတို့ကို အတူခေါ်ဆောင်လာခြင်းက ခုန်မင်အတွက် ဘေးအကင်းဆုံး ဖြစ်သည်။

တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် အများစုက ပြင်ပလူများအပေါ် ကရုဏာမထားသည်ဖြစ်ရာ ဒေသခံမျိုးနွယ်စုများနှင့် တောနက်ထဲ ခိုအောင်းနေကြသည့် ကြောက်မက်ဖွယ်ရာ မှော်ဝင်သားရဲများဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ထိုသို့ဖြင့် ခရီးထွက်မည့်နေ့သို့ ရောက်ရှိလာလေသည်။

အရုဏ်ဦး မှောင်ရီဝိုးတဝါးအချိန်မှာပင် လူ(၂၀)ခန့်ပါရှိသော ကုန်သည်အုပ်စု စတင်ခရီးထွက်ကြသည်။ သူတို့က တစ်ရက်လျှင် မိုင်ထောင်ချီ ခရီးနှင်နိုင်သည့် ဦးချိုတစ်ချောင်းပါသော မြင်းများကိုစီးနင်းကာ ခွန်းကာမြို့ တောင်ဘက်တံခါးမှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။

မြင်းများနှင့် မြင်းလှည်းများက ပင်မလမ်းကြီးအတိုင်း ထွက်ခွာသွားကြပြီး ဝေလီဝေလင်းချိန်ဖြစ်သောကြောင့် မည်သူမှသတိထားမိခြင်း မရှိကြပေ။

ထိုကုန်သည်အုပ်စုနှင့်အတူ ခုန်အိမ်တော်မှ ဒုတိယသခင်လေး ‘ခုန်မင်’ လည်း ရောနှောပါဝင်ကာ တောရိုင်းဒေသသို့ လိုက်ပါသွားကြောင်း မည်သူမှ မသိရှိခဲ့ကြပေ။

သို့သော် မြင့်မားသော ကောင်းကင်ယံထက်တွင် ပျံသန်းရင်း ခုန်ယင်းကျီသည်လည်း သူ့နောက်သို့ လိုက်ပါလာကြောင်း ခုန်မင်တို့အုပ်စု မသိရှိခဲ့ကြပေ။

ဤရက်ပိုင်းတွင် ခုန်မင်၏ ပန်းပဲပညာနှင့် အဂ္ဂိရတ်ပညာအစွမ်းများကိုလည်း ခုန်ယင်းကျီ တွေ့မြင်ခဲ့ရသည်ဖြစ်ရာ ဤလူငယ်လေးက ကျင့်ကြံခြင်းတွင်သာမဟုတ်ဘဲ အခြားပညာရပ်များတွင်လည်းထူးချွန်ကြောင်း မယုံနိုင်စရာ သိရှိခဲ့ရသည်။

ဤမျှထူးချွန်သော လူငယ်လေးအား ပင်မခုန်အိမ်တော်အနေဖြင့် လက်လွှတ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ခုန်မင် တောရိုင်းဒေသသို့ထွက်ခွာချိန်တွင် အန္တရယ်မကျရောက်စေရန် သူကိုယ်တိုင် လိုက်ပါစောင့်ရှောက်ပေးခြင်း ဖြစ်၏။

ခုန်မင်ကတော့ သာမန်လူငယ်တစ်ယောက်အသွင်ဝတ်ဆင်လျှက် သိုသိုသိပ်သိပ်ဖြင့်ပင် တောင်ဘက်သို့ ခရီးထွက်လာသည်။

သူတို့အုပ်စုက အရုဏ်တက်သည်နှင့် ခရီးထွက်ပြီး ညအချိန်တွင် အနားယူကာ ပြင်ပလူများနှင့် ထိတွေ့ဆက်ဆံမှုကို တတ်နိုင်သမျှ ရှောင်ရှားခဲ့ကြသည်။

(၅)ရက်ခန့် မိုင်ပေါင်းထောင်ချီ ခရီးပြင်းနှင်ပြီးနောက်...

သူတို့အုပ်စု “နန်မန်မြို့” ဟုခေါ်သော နေရာတစ်ခုသို့ ရောက်ရှိလာသည်။

“နန်မန်မြို့” က တောရိုင်းဒေသနှင့်အနီးဆုံးဖြစ်သော လူသားများနေထိုင်ရာ မြို့ငယ်တစ်ခုဖြစ်သည်။

နန်မန်မြို့တောင်ဘက်သို့ (၃)မိုင်ခန့် ခရီးဆက်မည်ဆိုလျှင် တောရိုင်းဒေသ အပြင်ဘက်နယ်နိမိတ်သို့ ရောက်ရှိမည် ဖြစ်၏။

ရတနာပစ္စည်းရှာဖွေလိုသူများ ၊ မုဆိုးများ ၊ ရှားပါးဆေးပင် ရှာဖွေလိုသူများ ၊ ရှေးဟောင်းသုတေသနပညာရှင်များ ၊ အတွေ့အကြုံရှာဖွေလိုသည့် ကျင့်ကြံသူများ ၊ ထွက်ပြေးတိမ်းရှောင်သူများ...

စသည်ဖြင့် အကြောင်းပေါင်းစုံဖြင့် တောရိုင်းဒေသသို့ ဝင်ရောက်လိုသူများအတွက် နန်မန်မြို့က နောက်ဆုံးရိက္ခာဖြည့်တင်းနိုင်သည့် နေရာဖြစ်သည်။

ဤသို့စွန့်စားဝင်ရောက်သူများကြောင့်ပင် ယခင်က ကျေးရွာငယ်တစ်ခုမျှသာဖြစ်သော နန်မန်မြို့မှာ လူစည်ကားသော မြို့ငယ်တစ်မြို့ အဖြစ် ပြောင်းလဲသွားခဲ့သည်။

နန်မန်မြို့၏ အဓိကလုပ်ငန်း(၄)ခုကတော့ လက်နက်ရောင်းချသည့်ဆိုင်များ ၊ ဆေးဆိုင်များ ၊ တည်းခိုဆောင်များနှင့် သေရည်ဆိုင်များ ဖြစ်သည်။

မြို့နေလူဦးရေ (၈၀)ရာနှုန်းကျော်က ဤလုပ်ငန်း(၄)ခုကို မှီခိုအားထားနေကြရသည်။

ဤဒေသက တောရိုင်းဒေသနှင့်နီးကပ်သဖြင့် သားရဲတိရိစ္ဆန်များ ၊ မှော်ဝင်သားရဲများ မကြာခဏဝင်ရောက်နှောက်ယှက်ခံရသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကတော့ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိခဲ့ပေ။

ထို့ပြင် တောရိုင်းဒေသမှရရှိမည့် အဖိုးတန်ပစ္စည်းများကို စောင့်ကြိုဝယ်ယူနေသည့် ကုန်သည်ပွဲစားများ ၊ လမ်းပြများ ၊ ကြေးစားသက်တော်စောင့်များသည်လည်း နန်မန်မြို့တွင် ကျက်စားလေ့ရှိသည်။

ကုန်သည်များက နန်မန်မြို့မှာပင် ပစ္စည်းအများအပြား စုဆောင်းဝယ်ယူပြီး မြို့ကြီးများသို့ ပို့ဆောင်ရောင်းချလေ့ရှိသည်။ ဤလုပ်ငန်းက အလွန်တရာ အမြတ်အစွန်းကြီးမားသည်ပင်။

ခွန်းကာမြို့ ၊ ခုန်အိမ်တော်သည်ပင် ခွန်းကာမြို့ ၊ နန်မန်မြို့နှင့် တောရိုင်းဒေသ တစ်တန်းတည်းချိတ်ဆက်ကာ ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ရန် ရည်ရွယ်ခဲ့သည် မဟုတ်ပါလား။

ယခုဆိုလျှင် ခုန်အိမ်တော်၏ ကုန်သွယ်ရေးလမ်းကြောင်းသည်ပင် အ‌တော်လေး ပုံရိပ်ပေါ်လာခဲ့ပြီ ဖြစ်၏။

ခုန်အိမ်တော်က နန်မန်မြို့တွင် တည်းခိုဆောင်တစ်ခု ဆောက်လုပ်ပြီး ခြေကုပ်ရယူထားခဲ့သည်။

အခြားသူများ အာရုံစိုက်မခံရရန်အတွက် ခုန်မင်တို့အုပ်စုက သာမန်ဧည့်သည်များအသွင်ဖြင့်ပင် ထိုတည်းခိုဆောင်သို့ ဝင်ရောက်လိုက်ကြသည်။

ထိုတည်းခိုဆောင်ကို ‘နန်မန်ပုလဲ’ ဟု အမည်ပေးထားပြီး အလယ်အလတ်မှ အကြီးစားအဆင့်ရှိသော တည်းခိုဆောင်တစ်ခု ဖြစ်၏။

တစ်ယောက်ချင်းတည်းခိုရန် အခန်းများငှားရမ်းနိုင်ရုံသာမက ဘန်ဂလိုပုံစံ အိမ်ငယ်များလည်း တည်ဆောက်ထားလေရာ ကုန်သည်အဖွဲ့များနှင့် များပြားလှသေသာ ကုန်စည်ရိက္ခာများကိုပါ လက်ခံထားရှိရန် ကျယ်ဝန်းပေသည်။

ဤမျှကြီးမားသော တည်းခိုဆောင်တွင် လူပေါင်းစုံတည်းခိုနေထိုင်သည်ဖြစ်ရာ ခုန်မင်တို့အုပ်စုအား မည်သူမှ အာရုံစိုက်မိခြင်း မရှိကြပေ။

ခုန်မင်တို့အုပ်စုက ဘန်ဂလိုအိမ်ငယ်တစ်ခုတွင် တည်းခိုလိုက်ကြသည်။

မကြာမီ အခန်းတံခါးခေါက်သံကြားရလေသည်။

မော့ဖေးက တံခါးဖွင့်ကြည့်လိုက်တော့ တည်းခိုဆောင်တာဝန်ခံကို တွေ့လိုက်ရသည်။

တည်းခိုဆောင်တာဝန်ခံက...

“သခင်လေးကို လာရောက်ဂါရဝပြုတာပါ”

တည်းခိုဆောင်တာဝန်ခံက ‘ခုန်အားဖူ’ ဆိုသူ ဖြစ်သည်။

နဂိုက ခုန်အိမ်တော်မှ အိမ်တော်ထိန်းတစ်ယောက်ဖြစ်ပြီး နန်မန်မြို့တွင် တည်းခိုဆောင်ဖွင့်လှစ်သည့်အခါ တည်းခိုဆောင်တာဝန်ခံအဖြစ် ပြောင်းရွှေ့တာဝန်ပေးလိုက်ခြင်းပင်။

သူ့အနေဖြင့် တောရိုင်းဒေသသို့ ခုန်အိမ်တော်မှ အဖွဲ့တစ်ဖွဲ့ရောက်လာမည်ဟု ကြိုတင်သတင်းရရှိခဲ့သော်လည်း ၊ ရောက်ရှိလာသူက ဒုတိယသခင်လေး’ခုန်မင်’ ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

ချောင်တတိယသခင်လေးနှင့် တိုက်ခိုက်ပြီးသည့်နောက် ခွန်းကာမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ခုန်မင်က နတ်ဘုရားတစ်ပါးသဖွယ် နာမည်ကြီးသွားခဲ့သည်။

အရာရှိအရာခံ ၊ ကုန်သည်ပွဲစားများမှသည် အောက်ခြေလူတန်းစားအထိ ခုန်မင်ကို လေးစားအားကျသည်ဖြစ်ရာ ခုန်အားဖူသည်လည်း ထိုသူများထဲမှ တစ်ယောက်အပါအဝင် ဖြစ်၏။

ယခု ဒုတိယသခင်လေးကိုယ်တိုင် တည်းခိုဆောင်သို့ရောက်လာသည်ဖြစ်ရာ ခုန်အားဖူက သခင်လေး၏ကိစ္စများကို သူကိုယ်တိုင်ဆောင်ရွက်ပေးရန် စိတ်ဆန္ဒပြင်းပြနေတော့သည်။

ခုန်မင်က ခုန်အားဖူအား တောရိုင်းဒေသအတွက် လိုအပ်မည့်ပစ္စည်းကိရိယာမျိုးစုံပြင်ဆင်ထားရန် ညွှန်ကြားလိုက်သည်။

သူက နန်မန်မြို့တွင် တစ်ရက်ခန့်သာအနားယူပြီး မနက်ဖန်မနက်စော‌စော တောရိုင်းဒေသသို့ဝင်ရောက်ရန် စီစဉ်ထားသည်။

ထို့‌ကြောင့် ခုန်အားဖူမှာလည်း အချိန်မဆွဲရဲဘဲ လိုအပ်သည်များကို ချက်ချင်းပင် စီစဉ်ဆောင်ရွက်ရတော့သည်။

All Chapters