“ခွန်အားကြီး” အရက်ဘား
Vol. 9 Ch. 105
ခုန်မင်တို့က နန်မန်မြို့သို့ နံနက်ခင်းပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
ပစ္စည်းများနေရာချထားပြီးသည်နှင့် အချိန်စောနေသေးသဖြင့် ခုန်မင်က မော့မျိုးနွယ်မောင်နှမနှင့် ကိုယ်ရံတော်(၅)ယောက်ကိုခေါ်ကာ နန်မန်မြို့တွင် လျှောက်လည်ရန် ဆုံးဖြတ်လိုက်သည်။
ခုန်မင်က နယ်စပ်ဒေသ၏ ထူးခြားသောလေထုကို ကိုယ်တိုင်ခံစားကြည့်ချင်မိသည်။
နတ်သားရဲမျိုးနွယ်များကတော့ ချီတိမျိုးနွယ်စု၏ကျွန်တန်း နန်မန်မြို့သို့ တစ်ကြိမ်ရောက်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ကျွန်များအဖြစ် ဖမ်းဆီးခံထားရသဖြင့် မြို့ထဲသို့ လည်ပတ်သွားလာနိုင်ခြင်း မရှိခဲ့ပေ။
ယခု အားလုံးထက်ပိုပြီး စိတ်လှုပ်ရှားနေသူက မော့ယွဲ့ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော စျေးတန်းများတွင် လှည့်ပတ်သွားလာရခြင်းကို မိန်းကလေးတိုင်း သဘောကျကြသည် မဟုတ်ပါလား။
ပြီးတော့ မော့ယွဲ့ ရင်းနှီးသည့်နေရာဆို၍ တောရိုင်းဒေသနှင့် ခွန်းကာမြို့ နှစ်ခုသာ ရှိခဲ့သည်။
ထို့ကြောင့် ထူးခြားစွာ ဆွဲဆောင်မှုအပြည့်ရှိသော နန်မန်မြို့လေးက သူမအတွက် အံ့သြစရာများဖြင့် ပြည့်နက်နေတော့သည်။
မြို့ထဲရှိစျေးဆိုင်များတွင် တောရိုင်းဒေသမှ ထူးခြားသည့်ပစ္စည်းများစွာကို တွေ့မြင်ရသည်။ ထို့ကြောင့်ပင် မော့ယွဲ့မှာ စိတ်မထိန်းနိုင်တော့ဘဲ ပစ္စည်းအတော်များများ ဝယ်ယူလိုက်မိလေသည်။
ထိုသို့ဖြင့်...
ခုန်မင်တို့အုပ်စု ရှေ့ဆက်လျှောက်လာကြစဉ် အလွန်တရာ ဆူညံပွက်လောရိုက်နေသည့် လမ်းတစ်လမ်းကို တွေ့လိုက်ရသည်။
ထိုလမ်းက ခုန်မင်၏ စိတ်အာရုံကို ဆွဲဆောင်သွားလေသည်။
ဤစည်ကားလှသောလမ်းမကြီးက နန်မန်မြို့ ၊ ကုန်သွယ်ရေးရပ်ကွက်နှင့် ကပ်လျှက်တွင် တည်ရှိသည်။
လမ်းတစ်လျှောက် စီတန်းချိတ်ဆွဲထားသည့် ဆိုင်းဘုတ်များကိုကြည့်သည်နှင့် ဤနေရာက မြို့၏ နာမည်ကျော် “အရက်ဆိုင်တန်း” ဖြစ်ကြောင်း သိသာစေသည်။
ဘား ၊ အရက်ဆိုင် ဆိုသည်က လူစုံတက်စုံ ရောပြွမ်းနေသည့် နေရာတစ်ခုဖြစ်ပြီး နန်မန်မြို့အတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်နေပြန်သည်။
အသက်ကို ဖက်နဲ့ထုပ်ထားရသည့် ကြေးစားသက်တော်စောင့်များ ၊ ကြေးစားလူသတ်သမားများက သူတို့၏စိတ်ဖိစီးမှုများကိုဖြေဖျောက်ရန် အရက်မူးအောင် သောက်လေ့ရှိကြသည်။
သတင်းပွဲစားများကလည်း လျှို့ဝှက်ချက်များဖလှယ်ရန် ၊ သတင်းရောင်းရန်အတွက် အရက်ဆိုင်များ ၊ ဘားများတွင်သာ အချိန်းအချက်ပြုလုပ်ကာ တွေ့ဆုံကြသည်။
ညဘက်အလုပ်လုပ်သည့် ညဉ့်ငှက်မလေးများအတွက်လည်း ဘားနှင့် အရက်ဆိုင်များက ဖောက်သည်ရှာရန် အကောင်းဆုံးနေရာဖြစ်လေသည်။
ခုန်မင်အတွက် နန်မန်မြို့ အတွင်းရေးများနှင့် နောက်ဆုံးရသတင်းများကို စုံစမ်းလိုပါက အရက်ဘားများထက် ပိုမိုသင့်တော်သည့်နေရာမရှိပေ။
သို့သော် သူ မော့ယွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဤမိန်းကလေးငယ်က အသက်(၁၂)နှစ်ခန့်သာ ရှိသေးသည်ဖြစ်ရာ အရက်ဘားသို့လိုက်ရန် မသင့်တော်ပေ။
ခုန်မင်က...
“ယွဲ့အာ... တည်းခိုဆောင်ကို ပြန်နှင့်ပါလား ၊ မင်းကိုစောင့်ရှောက်ဖို့ ကိုယ်ရံတော်နှစ်ယောက် ထည့်ပေးလိုက်မယ်”
မော့ယွဲ့က နားမလည်ဟန်ဖြင့်...
“ဘာဖြစ်လို့လဲ သခင်လေး...”
ခုန်မင်က...
“အခု ငါက အရက်ဘားကိုသွားမလို့လေ... မင်းက ငယ်သေးတော့ အဲဒီကိုလိုက်ဖို့ မသင့်တော်ဘူး”
မော့ယွဲ့က မျက်နှာငယ်လေးဖြင့်...
“ဒါပေမဲ့ သခင်လေး ရှိတာပဲလေ ၊ အစ်ကိုဖေးလည်း ပါတယ်မဟုတ်လား ၊ ယွဲ့အာလည်း အတွေ့အကြုံရအောင် လိုက်ခဲ့ချင်တယ်”
ခုန်မင်က သက်ပြင်းချလိုက်ပြီး မော့ဖေးကိုလှမ်းကြည့်လိုက်သည်။
မော့ဖေးက ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ် သခင်လေး ၊ ယွဲ့အာက ငယ်လွန်းသေးတယ်ဆိုပေမယ့် သူ့အနေနဲ့ စောစောစီးစီး လောကကြီးအကြောင်းကို သိထားသင့်ပါတယ် ၊ ကျွန်တော်ရော သခင်လေးရော ပါတာပဲလေ... ၊ ယွဲ့အာကို ခေါ်ခဲ့လိုက်ပါ”
ခုန်မင် မတတ်သာဘဲ ခေါင်းညိတ်လိုက်ရင်း...
“ဒါဖြင့်လည်း ကောင်းပြီလေ”
ခုန်မင်တို့အုပ်စု လမ်းလျှောက်လာရင်း အရွယ်အစားမျိုးစုံ အရက်ဘားများကိုတွေ့ရသည်။ ထိုဘားများထဲတွင် “ခွန်အားကြီး” ဟု အမည်ရသော အရက်ဘားတစ်ခု ရှိလေသည်။
ထိုဘား၏ဆိုင်းဘုတ်က အခြားဘားများထက် ပိုမိုခန့်ညားထည်ဝါပြီး မျက်နှာစာလည်း အလွန်ကြီးမားသည်။
ထို့ကြောင့် ခုန်မင်က ‘ခွန်အားကြီး’ ဘားကိုပင် ရွေးချယ်လိုက်ပြီး ၊ သူတို့အုပ်စု ဘားတံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်လိုက်ကြသည်။
အရက်ဘားအတွင်းပိုင်းမြင်ကွင်းက ပြင်ပလောကနှင့် အလွန်ခြားနားသည်။
အပြင်ဘက်လမ်းမကြီးတွင် နေ့အလင်းရောင်တောက်ပပြီး လူများစွာ စည်ကားလျှက်ရှိသော်လည်း ဘားအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ရုတ်ချည်းမှောင်အတိကျသွားကာ နားစည်ကိုဖောက်ထွက်မတတ် ပြင်းထန်လှသော ဆူညံသံများက လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်လာသည်။
ခုန်မင်ကတော့ မျက်နှာတစ်ချက်မပျက်သည့်တိုင် မော့ယွဲ့လေးက ဆူညံသံများကို သည်းခံနိုင်စွမ်းမရှိဘဲ နားနှစ်ဖက်ကို လက်ဖြင့်အုပ်လိုက်မိသည်။
သူမအတွက်တော့ အရက်ဘားဆိုသည်က “နတ်ဆိုးများသောင်းကျန်းရာ ဘုံဗိမာန်” နှင့် ဆင်တူနေတော့သည်။
အင်္ကျီမပါ ရင်ဘတ်မွှေးပရပွနှင့် သန်မာထွားကြိုင်းသော ယောကျ်ားကြီးများက အရက်ခွက်များကို ဆုပ်ကိုင်ထားရင်း ဘယ်သူအသံပိုကျယ်သလဲ ပြိုင်နေသည့်အလား တံတွေးများစင်သည်အထိ အော်ကြီးဟစ်ကျယ် စကားပြောဆိုနေကြသည်။
အချို့ကလည် စကားပြောရင်း အရက်သောက်ရင်း ဟားတိုက်ရယ်မောလျှက် ရှိကြသည်။
စားပွဲများထက်တွင် အရက်ခွက်များ ၊ အစားအသောက်ပန်းကန်များက စည်းကမ်းမဲ့ ပြန့်ကျဲနေလေသည်။
အချို့ဆိုလျှင် သူတို့၏အမွှေးအမျှင်ထူထဲသော ခြေထောက်ကြီးများကို စားပွဲပေါ်သို့ တင်ထားကြပြီး အခြားသူများကလည်း ထိုအပြုအမူကို အရေးစိုက်ဟန် မရှိကြပေ။
ထိုသို့သော ယောကျ်ားများကြားတွင် အဝတ်အစားမလုံ့တလုံဝတ်ဆင်ထားသည့် မိန်းကလေးများက ဟိုတစ်စု ဒီတစ်စု တိုးဝှေ့သွားလာနေကြရင်း ညုတုတုမျက်ဝန်းများဖြင့် ဖြားယောင်းမြှူစွယ်လျှက် ရှိကြသည်။
စိတ်မထိန်းနိုင်သော အချို့အမျိုးသားများက မိန်းကလေးများကို ရင်ခွင်ထဲဆွဲသွင်းပြီး ကလူသလို မြူသလို ကျီစယ်နေကြသည်။
အရက်ဘား၏ထောင့်တစ်နေရာတွင် စင်မြင့်ငယ်တစ်ခု ရှိနေလေသည်။
ထိုစင်မြင့်ထက်တွင် ဝတ်လစ်စလစ်နီးပါးဖြစ်သော ကချေသည် မိန်းကလေးနှစ်ယောက်က သူတို့၏ သွယ်လျသောခါးလေးများကို ရေမြွေများပမာ လှုပ်ခါလျှက် ကပြနေကြသည်။
အမျိုးသားအုပ်စုကြီးတစ်စုက ရမ္မက်ခိုးဝေသောမျက်ဝန်းများဖြင့် တောရိုင်းတိရိစ္ဆန်များပမာ အော်ဟစ်ရင်း စင်မြင့်ကိုဝန်းရံအားပေးနေကြသည်။
မော့ယွဲ့လေးမှာ ဤသို့သောမြင်ကွင်းမျိုးကို တစ်ခါမှ တွေ့မြင်ဖူးခြင်းမရှိလေရာ အလွန်အမင်းထိတ်လန့်သွားပြီး အလိုလိုပင် မျက်လုံးကိုစုံမှိတ်လိုက်မိကာ ခုန်မင်၏လက်ကို လှမ်း၍ဆုပ်ကိုင်လိုက်လေသည်။
ဤသို့ ပြုလုပ်ခြင်းကသာ သူမကို စိတ်တည်ငြိမ်မှု ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေတော့သည်။
ခုန်မင်က သူမ၏သွယ်လျသောလက်လေးများကို အသာဖျစ်ညစ်လိုက်ရင်း...
“ပြောသားပဲ မလိုက်ခဲ့ပါနဲ့လို့... ၊ ဒါပေမဲ့ ဘာမှကြောက်စရာမရှိဘူးနော် ၊ ငါရော အစ်ကိုဖေးရော ရှိနေတာပဲကို...”
အမှန်တော့ ခုန်မင်အတွက်လည်း ဤသို့သောမြင်ကွင်းမျိုးက အနည်းငယ်ထူးဆန်းနေသည်။ သုံးပြည်ထောင်ခေတ်တွင် ဤသို့သောအရက်ဘားမျိုးကို ခုန်မင် တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိခဲ့ပေ။
သို့သော် သူက ဝိညာဉ်စွမ်းအားကောင်းသူဖြစ်လေရာ ‘သောင်းကျန်းနေသည့်နတ်ဆိုးများ’ နှင့် တူသော မြင်ကွင်းကို လုံးဝအရေးမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။
ထို့နောက် သူ၏စူးရှသော မျက်ဝန်းများက အရက်ဘား၏ လူသူကွယ်ရာ ချောင်ကျသည့်နေရာများဆီသို့ ရောက်ရှိသွားသည်။
ဘားထဲတွင်သောင်းကျန်းနေကြသော အမျိုးသားများနှင့်မတူဘဲ ဆိုင်၏ဘေးပတ်ပတ်လည်တွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် တိတ်ဆိတ်စွာ ထိုင်နေကြသူများလည်း ရှိနေသည်။
သူတို့က ဘားအတွင်းမှ ဆူညံသံများကို အကာအကွယ်အဖြစ်အသုံးချကာ အချင်းချင်းတီးတိုးစကားပြောဆိုနေကြသည်။
ရံဖန်ရံခါတွင် ဘားမှစားပွဲထိုးမိန်းကလေးများ အနားမှဖြတ်လျှောက်သွားသည့်အခါ သူတို့က မိန်းကလေးများ၏လက်ထဲသို့ မုန့်ဖိုးများထည့်ပေးတတ်ကြသည်။
ဤသည်က အပေါ်ယံဟန်ဆောင်နေခြင်းသာဖြစ်ပြီး တကယ်တမ်းတွင် သတင်းအချက်အလက် လဲလှယ်ရောင်းချနေခြင်းသာ ဖြစ်သည်။
ဆူညံပျော်ပါးနေကြသည့် အမျိုးသားများက ဓားသွားပေါ်တွင်လမ်းလျှောက်ရင်း အသက်မွေးကြသည့် ကြေးစားလူသတ်သမားများ ၊ ကြေးစားသက်တော်စောင်များဖြစ်ကြသည်။
တိတ်ဆိတ်စွာရှိနေသူများကတော့ လျှို့ဝှက်ချက်များကို ရောင်းစားကာ အသက်မွေးကြသည့် သတင်းပွဲစားများ ဖြစ်ကြ၏။
ထိုလူတန်းစားနှစ်ရပ်လုံးက အရက်ဘားသို့ အများဆုံးလာရောက်လေ့ရှိသူများဖြစ်ပြီး နန်မန်မြို့သို့ရောက်လာသော ကုန်သည်ပွဲစားတိုင်း ၊ စွန့်စားခရီးသွားလိုသူတိုင်း ထိုသူနှစ်မျိုးလုံးနှင့် မလွဲမသွေ ဆက်ဆံကြရသည်သာပင်။
ခုန်မင်သည်လည်း နန်မန်မြို့အကြောင်း ပိုမိုသိရှိလိုပါက ဤလူတန်းစားနှစ်ရပ်အပေါ် အာရုံစိုက်ခြင်းက အထိရောက်ဆုံးနည်းလမ်း ဖြစ်သည်။
ခုန်မင်က ဘားထဲတစ်ချက်ဝေ့ကြည့်လိုက်ပြီး ဘားကောင်တာတွင် ခုံအချို့လွတ်နေကြောင်း သတိပြုလိုက်မိသည်။ ထို့ကြောင့် သူက မော့ယွဲ့လက်ကိုဆွဲကိုင်ရင်း မော့ဖေးနှင့် အခြားသူများကိုခေါ်ဆောင်ကာ ဘားကောင်တာဘက်သို့ သွားလိုက်သည်။
ကောင်တာတွင် အရပ်စပ်ပေးသူက မျက်စိတစ်ဖက်လပ် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ အသက်အရွယ်ရနေပြီဖြစ်သည့်တိုင် ခန္ဓာကိုယ်က ထူးခြားစွာ ထွားကျိုင်းသန်မာလှသည်။
သူ၏လှုပ်ရှားမှုတိုင်းကလည်း လူငယ်လေးတစ်ယောက်ပမာ သွက်လက်ဖျတ်လတ်နေသည်ပင်။
အကယ်၍ ယူဂျီးန်နှင့် ဤမျက်စိတစ်ဖက်လပ် အဘိုးအိုကို ယှဉ်ကြည့်မည်ဆိုပါက သူတို့နှစ်ဦးသည် လုံးဝဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ကိုယ်စားပြုနေပေလိမ့်မည်။
ထိုအဘိုးအိုထံမှ သိမ်မွေ့စွာကွယ်ဝှက်ထားသော ဒြပ်စင်စွမ်းအားလှိုင်းအချို့ကို ခုန်မင် အာရုံခံမိလိုက်သည်။
ခုန်မင်၏အကဲဖြတ်မှု မှန်ကန်မည်ဆိုလျှင် ဤမျက်စိတစ်ဖက်လပ် အဘိုးအိုက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဖြစ်နိုင်သည်။
နန်မန်မြို့ကဲ့သို့ နေရာမျိုးတွင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဆိုသည်က ထိပ်တန်းပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်သည်။
ကြည့်ရသည်မှာ ဤမျက်စိတစ်ဖက်လပ် အဘိုးအိုက "ခွန်အားကြီး" အရက်ဘား၏ အဓိကပုဂ္ဂိုလ် ဖြစ်ရပေမည်။ သူသာ ဤနေရာကို ထိန်းချုပ်မထားပါက ဤဘားသည် မြို့၏အကြီးဆုံးဘား ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
ခုန်မင်တို့အုပ်စုကိုမြင်တော့ အဘိုးအိုက ကျယ်လောင်ပြတ်သားသောအသံဖြင့် အော်ဟစ်ရယ်မောရင်း နှုတ်ဆက်လိုက်သည်။
"မျက်နှာသစ်တွေပဲဟေ့... ကဲ... ပထမဆုံးတစ်ခွက်ကို ငါကပဲ တိုက်မယ်"
စကားဆုံးသွားသည်နှင့် သူ၏ညာလက်လက်ချောင်း(၅)ချောင်းကြားတွင် ဖန်ခွက်(၇)ခွက်က စီးဆင်းနေသော ရေလှိုင်းများပမာ ကျွမ်းကျင်စွာ လှည့်ပတ်သွားသည်။
တစ်ချိန်တည်းပင် သူ၏ဘယ်ဘက်လက်မှ အရက်ပုလင်းအချို့ကိုမြှောက်တင်လိုက်ရာ ပုလင်းထဲမှအရက်များက တိကျသောအရှိန်အဟုန်ဖြင့် ဖန်ခွက်များထဲသို လောင်းထည့်ပြီးသား ဖြစ်သွားသည်။
ခဏအတွင်းမှာပင် ကော့တေး (၇)ခွက် အသင့်ဖြစ်သွားတော့သည်။
မျက်စိတစ်ဖက်လပ် အဘိုးအိုက လက်ကိုအသာအယာဝှေ့ယမ်းလိုက်ရာ ကော့တေး(၇)ခွက်က ကောင်တာပေါ်သို့ လျှောတိုက်ရောက်ရှိသွားကြသည်။
ဖန်ခွက်များ တစ်တန်းတည်း တန်းစိကျသွားပြီး တစ်ခွက်နှင့်တစ်ခွက် အကွာအဝေးမှာလည်း ပေတံနှင့်တိုင်းတာလျှင်ပင် အပြစ်ပြောစရာမရှိအောင် တိကျလွန်းသည်။
ထို့နောက် အဘိုးအိုက လက်ဟန်တစ်ချက်ပြရင်း ခုန်မင်တို့အုပ်စုကို ဖိတ်ခေါ်လိုက်လေသည်။
ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုပြီး ကော့တေးစပ်ခြင်းမှာ မျက်လှည့်ပြကွက်အားလုံးထက်ပင် ခမ်းနားထည်ဝါနေခဲ့သည်။
ထူးခြားသည်မှာ အဘိုးအိုက ခုန်မင် ၊ မော့ဖေးနှင့် ကိုယ်ရံတော်(၅)ယောက်အတွက်သာ အရက်စပ်ပေးခဲ့ခြင်းဖြစ်ပြီး မိန်းကလေးငယ်ဖြစ်သည့် မော့ယွဲ့ကိုတော့ ချန်လှပ်ထားခဲ့သည်။
ခုန်မင်လည်း အားနာပါးနာ ငြင်းဆန်မနေတော့ဘဲ မော့ဖေးတို့အုပ်စုကို ရှေ့သို့တက်ရန် အချက်ပြလိုက်သည်။
ထို့နောက် သူတို့အားလုံး ဖန်ခွက်ကိုယ်စီ ကိုင်မြှောက်ကာ တစ်ချက်တည်းဖြင့် အကုန်မော့ချလိုက်ကြတော့သည်။
မျက်စိတစ်ဖက်လပ် အဘိုးအိုက ခေါင်းညိတ်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒီအရက်ကို 'ခွန်အားကြီး' လို့ ခေါ်တယ်... ကဲ... ဘယ်လိုလဲ၊ မင်းတို့ တခြားနေရာတွေမှာ သောက်ခဲ့ရတဲ့ အညံ့စားအရက်တွေနဲ့ယှဉ်ရင် ဘယ်လိုနေလဲ"
ခုန်မင်က ဖန်ခွက်ကို ကောင်တာထက်သို့ ဖြည်းညင်းစွာ ပြန်ချလိုက်ရင်း...
"ဒီအရက်က 'ခွန်အားကြီး' ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်... တကယ့်ကို အတားအဆီးမရှိဘဲ လွှမ်းမိုးနိုင်တဲ့ အစွမ်းသတ္တိကိုပေးနိုင်တယ် ၊ သူ့ရဲ့ အရှိန်အဝါက လည်ချောင်းကနေ အူလမ်းကြောင်းထဲအထိ တဟုန်ထိုးပူလောင်သွားစေတာပဲ ၊ ဒီလောက်ပြင်းတဲ့အရက်မျိုးက သံမဏိစိတ်ဓာတ်ရှိတဲ့ ယောကျ်ားကောင်းတွေအတွက် အသင့်တော်ဆုံးပဲ”
ဤအရက်က အမှန်တကယ်လည်း ထူးခြားသည်ပင်။
သုံးပြည်ထောင်ခေတ်မှာပင် ခုန်မင်က သေရည်အလွန်အကျွံသောက်လေ့ရှိသူ မဟုတ်ပေ။ မိတ်ဖြစ်ဆွေဖြစ် ဧည့်ခံပွဲများတွင် အနည်းအကျဉ်းမျှသာ သောက်သုံးတတ်သူ ဖြစ်သည်။
ယခု သူသောက်လိုက်ရသည့် “ခွန်အားကြီး” ဆိုသော အရက်က သုံးပြည်ထောင်ခေတ်တွင် သောက်ဖူးသည့် သေရည်များနှင့် တူညီခြင်းမရှိဘဲ အနံ့အရသာကအစ တမျိုးထူးခြားနေလေသည်။
မျက်စိတစ်ဖက်လပ် အဘိုးအိုက လက်မထောင်ပြလိုက်ရင်း...
“ကြိုက်ပြီ... မင်းကိုကြည့်ရတာ အသက်သိပ်မကြီးသေးပေမယ့် အရက်အကြောင်းတော့ တော်တော်နားလည်သားပဲ ၊ ဟုတ်ပြီ... ငါ မင်းကို သဘောကျသွားပြီ ၊ ဒီနေ့ မင်းတို့အုပ်စု စိတ်ကြိုက်သောက်ကွာ ၊ ငါ အလကားတိုက်မယ် ၊ နန်မန်မြို့ကို လူပေါင်းစုံ ဝင်ထွက်သွားလာနေကြတာ ၊ ငါ့မျက်စိထဲ သဘောကျမိတဲ့ မင်းလိုကောင်လေးမျိုးကတော့ ခပ်ရှားရှားပဲဟေ့”
ထိုစကားကြားတော့ ခုန်မင်က ခပ်ဖျော့ဖျော့တစ်ချက်ပြုံးလိုက်ပြီး မည်သည့်စကားမှမဆိုဘဲ ဘားကောင်တာတွင် ဝင်ထိုင်လိုက်သည်။
မော့ယွဲ့နှင့် မော့ဖေးက သူ၏တစ်ဖက်တစ်ချက်တွင် ဝင်ထိုင်လိုက်ပြီး နတ်သားရဲမျိုးနွယ် ကိုယ်ရံတော်(၅)ယောက်ကတော့ ခုန်မင်၏နောက်ဘက်တွင် မတ်တတ်ရပ်လျှက် တာဝန်ကို တည်ငြိမ်စွာ ထမ်းဆောင်လိုက်ကြလေသည်။