← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ရွှီကျင်းဖန်နှင့် တတိယအဒေါ် ကျန်းထျန်ကို ကုလျန်ရွှမ်နှင့် ကုလျန်မင်အကြည့်များကြား အိမ်ထဲ ကူသယ်ပေးကာ အရှေ့အခန်းသို့ ကူပို့ပေးလိုက်သည်။

ပေါက်ပြားကိုင်ရင်း ကုလျန်မင် ဂျုံဖြူထက်ပိုဖြူနေသောကျန်းထျန်၏ မျက်နှာကို ဖျက်ခနဲ တွေ့လိုက်ရာ သူမနှလုံး လည်ပင်းထိ တက်သွားသလို ခံစားလိုက်ရသည်။ ကျန်းထျန်ပုံစံကိုကြည့်ပြီး ဒါက အဆင်‌ပြေသည်ဟု ပြောနိုင်လို့လားဟု တွေးလိုက်မိသည်။

ကုလျန်ရွှမ် ကျန်းထျန်ကို ငေးကြည့်ရင်း ဝှီးချဲကို တွန်းကာ သူမနောက်လိုက်ကြည့်ပြီး တံခါးတွင် ရပ်ကာ အထဲသို့ လည်‌ကိုဆန့်၍ ကြည့်သည်။

ရွှီကျင်းဖန် ကျန်းထျန်ကို နေရာတကျထားလိုက်ပြီး "ထျန်ထျန်၊ သမီး ဒီမှာခဏနား‌၊ အမေ သကြားညိုရည်လုပ်လိုက်ဦးမယ်။ ခဏနေ အခန်းထဲပဲ ညစာစားကြမယ်"

တတိယအဒေါ်လည်း ချွေးများသုတ်ရင်း "ကောင်းပြီ။ ဒါဆို ငါ စက်ဘီးပြန်ထားလိုက်ပြီး အလုပ်အရင်ပြန်လုပ်လိုက်မယ်။ ဝက်ကိုသတ်ပြီးရင် ငါ ရှန်လီကို နင့်လာခေါ်ခိုင်းလိုက်မယ်။ နင်နဲ့ ရှောင်းမင် ဝါးခြင်းယူလာခဲ့ကြ။ အသား ပေါင်တစ်ဒါဇင်ကျော်လောက်မယ်။ ထျန်ထျန်အားပြန်ပြည့်‌ဖို့ သေချာချက်‌ပေး‌လိုက်ပေါ့"

ပြောပြီးနောက် သူမ ကျန်းထျန်ကို မေးလိုက်သည်။ "ထျန်ထျန်၊ သမီး ဘယ်အသားစားချင်လဲ? တတိယအဒေါ် သမီးဖို့ သိမ်းထားပေးမယ်"

ကျန်းထျန် ခေါင်းလှည့်လာကာ နာကျင်၍ အသက်မဲ့နေသော မျက်လုံးများ အသက်ပြန်ဝင်လာကာ "သမီး နံရိုး မိုးခိုသား ဗိုက်သား ခြေထောက် စားချင်တယ်!" ဟင်းပွဲများအဖြစ်ပြောင်းလိုက်လျှင် အလွန်အရသာရှိသည်။

တတိယအဒေါ် - "...ကောင်းပြီ! အဒေါ် သမီးအတွက် သိမ်းထားပေမယ်!"

ရွှီကျင်းဖန် တတိယအဒေါ်လက်ကို ကိုင်လိုက်ပြီး "ခြေထောက်နှစ်ချောင်း နံရိုး ၃ပေါင်ထားပေး။ မိုးခိုသားရော ဗိုက်‌သားရော"

တတိယအဒေါ် ခေါင်းညိတ်လိုက်သည်။ "မစိုးရိမ်နဲ့" သူမ ပြောပြီးနောက် အမြန်ပြန်ထွက်သွားသည်။ သူမ တံခါးက ကုလျန်ရွှမ်ကို မြင်လိုက်သောအခါ စိတ်ထဲက ပြုံးလိုက်သည်။ ဒီ‌ကလေး နောက်ဆုံးတော့ သူ့ဇနီးကိုဂရုစိုက်ရကောင်းမှန်း သိသွားပြီပဲ။

တံခါးတွင် ကုလျန်ရွှမ်နှင့် ကုလျန်မင် အထဲသို့ ခေါင်းတိုးကြည့်ကာ ကုလျန်မင် ပြောလိုက်သည်။ "ယောင်းမ၊ အိုး‌ပေါ်က ငါးစွပ်ပြုတ်ရခါနီးပြီ။ ညီမ ‌ယောင်းမစားဖို့ တစ်ပန်းကန် ယူလာပေးမယ်နော်"

ကျန်းထျန်သဘောကို မြင်၍ ရွှီကျင်းဖန် ခေါင်းညိတ်ကာ ကုလျန်မင်ကို ပြောလိုက်သည်။ "တစ်ပန်းကန် ယူလာပေး"

သူမ ထလိုက်ကာ တံခါးသို့သွားပြီး ကုလျန်ရွှမ်ကို ‌ပြောလိုက်သည်။ "အမေ မီးဖိုချောင် သွားကြည့်လိုက်ဦးမယ်။ မင်း ကျန်းထျန်ကို ဂရုစိုက်ပေးလိုက်။ သူမ ပြောတာ နားထောင်ရမယ် ကြားလား?"

ကုလျန်ရွှမ် - "ကျွန်တော်သိပြီ"

ရွှီကျင်းဖန် ကုလျန်ရွှမ်ကို အခန်းထဲ တွန်းပေးလိုက်ပြီး ကုလျန်မင်နှင့် မီးဖိုချောင် လိုက်သွားလိုက်သည်။

ကုလျန်ရွှမ် ဝှီးချဲကို ကုတင်စွန်းထိ တွန်းလိုက်ပြီး ကျန်းထျန်ကို ကြည့်လိုက်ရာ သူမမျက်လုံးများ မှိတ်ထားကာ မျက်ခုံးများ ကြုံ့ထားပြီး မျက်နှာဖြူဖျော့ကာ သူမနဖူးမှ ချွေးများစီးကျနေ၍ သူ ဖြည်းဖြည်းလေး ပိတ်စွယ်ယပ်တောင်ကို ကောက်ကိုင်လိုက်ပြီး သူမကို ယပ်ခတ်ပေးလိုက်သည်။

လေလာသည်ကို အာရုခံမိ၍ ကျန်းထျန် မျက်လုံးတစ်ဖက်ဖွင့်ကြည့်ပြီး ကုလျန်ရွှမ် ယပ်ခတ်ပေးနေသည်ကို မြင်၍ ပြောလိုက်သည်။ "လေက ပိုပြင်းသင့်တယ်" သူမကျောက ချွေးများဖြင့်ပြည့်နေသည်။

ကုလျန်ရွှမ် ခဏရပ်တန့်သွားပြီး အားပိုထည့်လိုက်ကာ ပြောလိုက်သည်။ "အခု အဆင်ပြေလား?" ကျန်းထျန် အနည်းငယ် မေးညိတ်ပြလိုက်သည်။

ကုလျန်ရွှမ် ဒါက အဆင်ပြေသည်ဟု ဆိုလိုချင်သည်ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

ကုလျန်မင် တံခါးသို့ ငါးစွပ်ပြုတ်ပူပူနှင့် ရောက်လာကာ တံခါးခေါက်လိုက်သည့်အခါ ကုလျန်ရွှမ် လက်ကယပ်ခတ်နေရင်း ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "ဝင်လာခဲ့!"

ကုလျန်မင် တံခါးကို တွန်းဖွင့်ပြီး အထဲဝင်လာလိုက်ကာ ငါးစွပ်ပြုတ်နှင့် သစ်သားဇွန်းကို စားပွဲပေါ်တင်လိုက်ပြီး လက်ချောင်းအပူလျော့ရန် နားရွက်ကို ကိိုင်လိုက်သည်။ "အမေက မှာလိုက်တယ်။ ယောင်းမက သူမညာလက်ကို သုံးလို့မရ‌သေးတော့ အစ်ကို ဇွန်းနဲ့ ကျွေးလိုက်တဲ့ "

ပြောပြီးနောက် ကုလျန်မင် လှည့်ပြီး ပြေးထွက်သွားကာ တံခါးကို ပိတ်ပေးသွားခဲ့သည်။

ကျန်းထျန် ကုတင်ပေါ်မှ အားယူထလိုက်ပြီး "ကျွန်မ မသန်နေတာမှ မဟုတ်တာ။ ကျွန်မဘာသာ လုပ်လို့ရတယ်"

ကုလျန်ရွှမ် - မင်းငါ့ကို ပေးလုပ်ခိုင်းလို့ရမလား? ငါ့လက်တွေက အသုံးမဝင်တာ မဟုတ်ပါဘူး!

ကျန်းထျန် ထပြီး ပြန်လှဲလိုက်သဖြင့် ကုလျန်ရွှမ် သူမ သူခွံကျွေးသည်ကို သဘောတူသည်ဟု ထင်လိုက်သော်လည်း သူမ ပြောသည့်နောက်စကားက ကြားလိုက်ရ၍ ထိုသို့မဟုတ်မှန်း သိလိုက်သည်။ "အငွေ့ထွက်နေတုန်းပဲ၊ အရမ်းလည်းပူတယ်။ မသောက်ခင် အေးတာစောင့်ရဦးမယ်"

ကုလျန်ရွှမ် - "... " မင်း အိပ်ပျော်သွားလိမ့်မှာပေါ့။ ထားတော့ အမေက မင်းစကားနားထောင်လို့ ပြောခဲ့တော့ အိပ်ချင်အိပ်ပါစေတော့။

အဖွဲ့အနောက်၌ ကုပေါင်ကော အချိန်ပြည့်တော့မည်ကို မြင်ပေမယ့် သူအရင် ဝစီမမှုတ်ဘဲ ရွာမှ သားသတ်သမားအချို့ကို အမိန့်ပေးလိုက်သည်။ "အဖွဲ့ရုံးကို ငါနဲ့လိုက်ခဲ့ကြ။ ဒီနေ့နေ့လည် ကျန်းထျန်ရိုက်လိုက်တဲ့ တောဝက်၂ကောင်ကို သတ်ပြီး အဖွဲ့သားတွေကို ဒီညအသားခွဲပေးမယ်"

သူတို့ဘေးတွင် အလုပ်လုပ်နေ‌သော အဖွဲ့သားများကြား၍ သူတို့ အလုပ်ဆင်းသောအခါ တစ်ဖွဲ့လုံး ဝက်သားများကို ဒီညခွဲဝေပေးမည်မှန်း သိသွားကြသည်။

ဒီနေ့ မဝေရင်လည်း မဖြစ်ပါ။ ရာသီဥတုက အလွန်ပူနေ၍ မနက်ဖြန်ထိ စောင့်လျှင် အသားတွေ မကောင်းလောက်တော့။

အဖွဲ့ကလူများ အလုပ်မှ လယ်စိုက်ကိရိယာများကို အိမ်ယူသွားပြီး ချက်ချင်း အိုးများ ဝါးခြင်းများကျောတွင်သယ်ကာ အဖွဲ့ရုံးသို့ တန်းစီရန် ချက်ချင်းသွားကြသည်။

ပညာတတ်လူငယ်ရုံးတွင် နေသောပညာတတ်လူငယ် တစ်ဒါဇင်ထက် များသည်။ ခေါင်းဆောင်က ချန်စုန့်ဖျင်ဖြစ်ပြီး သူ့မျက်နှာက လေးထောင့်ကျကာ မျက်မှန်နှင့်ဖြစ်သည်။

ပညာတတ်လူငယ်များ အဖွဲ့သားများ အိုးများကိုင်ကာ တန်းစီနေကြသည်ကို မြင်‌သောအခါ သူတို့ ဘာမှ မတတ်နိုင်ဘဲ အနည်းငယ် စိတ်မရှည်ဖြစ်လာကြသည်။ "ချန်အကို၊ ဒီဝက်သားကို ကျွန်တော်တို့လည်း ဝေစုရလောက်လား?"

ချန်စုန့်ဖျင် သူ့မျက်မှန်ကို နေရာတကျပြန်ညှိရင်း တန်းစီဖို့ သွားနေကြသောလူတိုင်းကျောကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "တစ်ချို့ရလောက်တယ်။ ဒါပေမယ့် အလုပ်အမှတ်ပြောင်းရလောက်တယ်"

ဒါကိုကြား၍ အစက တန်းစီချင်သော ပညာတတ်လူငယ်များ ရုတ်တရက် ဆက်မတွေးတော့ဘဲ ပညာတတ်လူငယ်များနေရာ ခြံဝန်းသို့ စိတ်ဓါတ်ကျစွာပြန်သွားကြသည်။

တတိယအဒေါ် သူမလက်ထဲက ပစ္စည်းကို ချွေးမလက်ထဲ ထည့်ပေးလိုက်ပြီး အမျိုးသားအလုပ်သားများလုပ်ရာ လယ်သို့ အမြန်ပြေးသွားလိုက်ပြီး ကုရှန်လီကို ခေါ်ကာ ဘေးက ကုလျန်ရုန်ကို မှာလိုက်သည်။ "လျန်ရုန် အရင်တန်းသွားစီ။ အဒေါ် ရှန်လီကို မင်းအိမ်သွားပြောခိုင်းလိုက်မယ်!"

ကုလျန်ရုန် သူ့စိုက်ပျိုးရေးကိရိယာများကို ခါးတွင် ထိုးကာ အဖွဲ့သို့ ‌သူ့ခြေတံရှည်ကြီးများနှင့် ပြေးသွားရာ အစက နောက်ဆုံးဖြစ်နေရာမှ ပထမဆုံးဖြစ်သွားသည်။

အနောက်မှ အဒေါ်ကြီးများ ရောက်လာပြီး သူတို့ခါးကို ကိုင်ရင်း အသက်ပြင်းပြင်းရှူကာ ကုလျန်ရုန်ကျောကို ပုတ်လိုက်သည်။ "ဒီကလေး၊ အဒေါ်တို့လူကြီးတွေကို ဦးစားပေးရမှန်း မသိဘူးလား?"

ကုလျန်ရုန် သူ့ကျောကို ဆန့်ကာ မျက်နှာထား လေးနက်စွာနှင့် ပြောလိုက်သည်။ "အဒေါ် ပြောတာမှားတယ်! တကယ်လို့ ကျွန်တော် အဒေါ်ကို ဦးစားပေးလိုက်ရင် ကျွန်တော့်နောက်က အဒေါ်တွေကိုလည်း ဦးစားပေးရမှာပေါ့

"အသက်အတိုင်းသာစီရင် ဘယ်အဖွဲ့ကို အဒေါ်တို့ သွားမလို့လဲ? ဘာလို့ညစာစားပြီးမှ ဘာလို့မလာတာတာလဲ? ဘာပဲဖြစ်ဖြစ် အဒေါ်တို့နေရာက အဒေါ်တို့နေရာပဲ"

အဒေါ် သူ့စကားများ‌ကြောင့် ရှက်သွားကာ မျက်လုံးများစောင်းပြီး လည်ကိုဆန့်ကာ ကျယ်ကျယ်ပြောလိုက်သည်။ "ဟေး၊ အဒေါ်က ဒါလေးပဲ ပြောတာကို၊ ပြီးတော့ မင်းက အထက်တန်းကျောင်းသား တစ်ယောက်မလား?"

ကုလျန်ရုန် ခေါင်းညိတ်ကာ "အဲ့လိုတော့လည်း မဟုတ်ပါဘူး!" သူက တကယ် အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်။ သူတို့ တစ်ဖွဲ့လုံးတွင် သူ့မိသားစုမှ အထက်တန်းကျောင်းသား သုံးယောက်သာရှိသည်။ သူ့အကို၊ သူ့မရီး၊ သူ!

‌

အဒေါ် - တကယ် ဘာနည်းလမ်းမှ သုံးမရ။

"ကောင်းပြီ၊ မင်းပဲရပ်တော့" အဒေါ် ဒီအတိုင်းသာပြောလိုက်ပြီး ကုလျန်ရုန်နှင့် မငြင်းချင်တော့။

ပြီးတော့ ဒီတောဝက်နှစ်ကောင်က သူ့မရီးရိုက်ထားတာ။ ကုလျန်ရုန်က သူတို့မှားသည်ဟု ထောက်ပြသည့်လူလည်းဖြစ်သည်။

"ဟုတ်ကဲ့။ ကျွန်တော်လည်း ဒီမှာရပ်သင့်တယ်လို့ထင်တယ်!" ကုလျန်ရုန် ဆက်ပြီး ဂုဏ်ယူစွာ သူ့ရင်ကို ကော့ပြီး ကျယ်‌ကျယ်လောင်လောင် ပြောလိုက်သည်။ "ဒါက ကျွန်တော့်မရီး ဖမ်းထားတဲ့ တောဝက်!"

ဒါကိုကြား၍ နေ့လည်က တစ်ဖွဲ့လုံး ထိုမြင်ကွင်းကို မြင်လိုက်ပြီး နောက် ခေါင်းဆောင်များ ကုအိမ်သွားကြသည်ကြားသည်ကို ပြန်သိရသွားသည်။ ရွာတွင် ဒီကိစ္စက ကိစ္စကြီးဖြစ်ရာ တန်းစီနေသော အဒေါ်များ မိန်းမများ အာရုံကို ချက်ချင်းပြောင်းသွားစေသည်။

သူတို့အားလုံး ကုလျန်ရုန်ကို မေးလိုက်သည်။ "တတိယကလေး၊ မြို့က မင်းမရီးက ဘာလို့ အရမ်းသတ္တိရှိတာလဲ?" ဒါက တောဝက်ရိုင်းဖြစ်ကာ အဖွဲ့က ဘယ်သူမှ ရှေ့ထွက်မတားရဲကြပေ။ တားရဲလျှင် ‌အဖွဲ့‌အရှေ့အရပ်က ကုအိမ်ထိ ‌လိုက်ဖမ်းရမည်မဟုတ်ပါ။

"ဟုတ်တယ်၊ သူမက ဂျိုင်းထောက်နဲ့ ထွက်လာပြီး အချက်ကောင်းကို ရိုက်လိုက်တာ!"

"ဟုတ်တယ်။ အရမ်းအားကြီးတာ။ တောဝက်ကို ကန်ထည့်လိုက်တာ။ တောဝက်နှစ်ကောင်က သူမကြောင့် လဲသွားတာ!"

"အမျိုးသား တစ်ယောက်ထက်တောင် ပိုတော်တယ်!"

"ငါတို့အဖွဲ့က ယောကျ်ားသားတစ်ယောက်မှ အသုံးဝင်တယ်လို့ ငါတော့မထင်ဘူး။ မိန်းမငယ်လေးတစ်ယောက်ကိုတောင် မယှဥ်နိုင်ဘူး!"

"ဟုတ်တယ်။ တောဝက်တွေက စပါးတွေကို ဖျက်ဆီးပြီး ကလေးတွေဆီပြေးလာတာ။ သူတို့အားလုံး ငကြောက်တွေလို နောက်မှာ ပုန်းနေကြတာ။ ဘယ်လိုတောင် အရှက်ရစရာလဲ?"

အိုးများဖြင့်ရောက်လာသော အဖွဲ့မှ အမျိုးသားများ -

"အဒေါ်တို့ ဘာတွေပြောနေတာလဲ? ရှေ့မထွက်ရဲပါဘူး။ အဲ့တောဝက်သုံးကောင်ကို ကြည့်ပါလား သူတို့အစွယ်က မီတာဝက်လောက် ရှည်တာ။ ကျွန်တော်တို့ ရှေ့ထွက်ရင် ဗိုက်အဖောက်ခံရပြီး သေမှာပေါ့!"

တန်းစီနေသော အဒေါ်များ ခေါင်းများလှည့်လာကာ လည်စောင်းပြီး ပြန်ငြင်းကြသည်။ "အို၊ မင်းက သေတော့မှာလား ဒါဆို မင်း‌ကလေးတွေကို မလိုချင်တော့လို့လား?"

ကလေးတွေက မခံနိုင်မည်ဖြစ်ရာ အဖေ အဖိုးတစ်ယောက်‌အနေနှင့် ကြည့်နေနိုင်သည်လား?

အမျိုးသား ဘာမှ‌ပြန်မပြောရဲတော့။ အဒေါ်များပြောရင်း ပိုစိတ်တက်ကြွလာကာ " မင်းမှာ ဇနီးတောင်မရှိတာကို ဒီကိုလာပြီး ဝက်သားလာယူနိုင်တယ်လို့ တွေးတာလား?"

ကုလျန်ရုန် တရားမျှတမှုအပြည့်နှင့် မတ်တပ်ရပ်ကာ သူ့မျက်နှာတွင်လည်း ဝမ်းနည်းသည့်အမူအရာနှင့် "ဦးလေးမှာ ဆံပင်ဖြူတွေ ပေါက်နေပေမယ့် ဒီလိုလူဖြစ်မယ် ကျွန်တော်ထင်မထားဘူး"

အမျိုးသာ - ငါ့မှာ ဆံပင်ဖြူပေါက်နေတာ ဒီလိုပေါ်တင်ပြောဖို့လိုလို့လား?

"ကျွန်တော့်မရီး ကျွန်တော့်အကိုရဲ့ ဂျိုင်းထောက်ကို ကလေးတွေကို ကယ်ဖို့ ယူသွားတာ။ အကိုလည်း အဲ့‌ဒါကြောင့် ခြေခေါက်သွားတယ်။ ဂျိုင်းထောက်လည်း ကျိုးသွားပြီး သုံးလို့မရတော့ဘူး!"

တတိယ အဒေါ်က စိတ်ထိခိုက်စွာ "ဂျိုင်းထောက်တစ်စုံက ထပ်သုံးလို့မရတော့ဘူး!"

"၂ယွမ် ၃ယွမ်လောက်ရှိတယ်!"

ကုလျန်ရုန် သူ့မျက်လုံးထဲ မျက်ရည်များနှင့် ခေါင်းညိတ်လိုက်ကာ "ဟုတ်တယ်! ကိရိယာဖိုးတင် မဟုတ်ဘူး။ ဆေးဖိုးလည်းရှိသေးတယ်!"

"ဆေးဖိုး?" ဒါကို ကြားလိုက်၍ တစ်ခြား‌အဒေါ်များ တစ်ခုခုမှားနေမှန်း ခံစားလိုက်ရသည်။ ထိုအချိန်‌တွင် တတိယအဒေါ် ပန််းကန်လုံးတစ်လုံးနှင့် ရောက်လာပြီး ဝမ်းနည်းစွာပြောလိုက်သည်။ " ကျန်းထျန်ဖို့ ဆေးဖိုး"

"ပေးလိုက်ရပြီလား?" လူတိုင်း တတိယအဒေါ်ဆီအကြည့်ပြောင်းသွားကြသည်။

တတိယအဒေါ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ လျိုဆရာဝန်က ထျန်ထျန် ကြွက်သားတွေကို အရမ်းအားသုံးလိုက်လို့ စုတ်ဖြဲသလိုဖြစ်ပြီး ခြေလက်တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ အိပ်ရာပေါ်လှဲနေဖို့လိုပြီး ဂရုစိုက်ပေးဖို့ လူတစ်ယောက်လိုတယ်တဲ့"

"ဘာပြောချင်တာလဲ?" လူတိုင်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။

ကုလျန်ရုန် အတိုချုပ် ရှင်းပြလိုက်သည်။ "ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေ။ အားသုံးရင် ကြွက်သားတွေကို ဆွဲရတယ်။ ကျွန်တော်တို့လှုပ်သရွေ့ ကြွက်သားတွေလည်း လိုက်ရွေ့တယ်။ ကြွက်သားမရှိရင် ကျွန်တော်တို့ လှုပ်လို့မရတော့ဘူး"

"ဟုတ်တယ် အရင်က ငါတို့ ရေကြီးလို့ မြောင်းပြန်ပြင်ပြီး ငါတို့ ဆယ်‌ရက်ကျော်လောက် လှုပ်မရဘူးလေ။ အဲ့ဒါကို အားအင်ကုန်ခမ်းတာလို့ ခေါ်တယ်"

အစက သဘောမတူသောအမျိုးသားလည်း ခေါင််းညိတ်လိုက်သည်။ "ဟုတ်တယ်။ ငါတို့ ဒါသိတယ်။ အဲ့ဒါက တော်တော် မသက်မသာဖြစ်တာ"

ကုလျန်ရုန် နှုတ်ခမ်းတင််းတင်း‌စေ့ပြီး "ဒါက ကျွန်တော့်မရီးအခြေ‌အနေနဲ့ မတူဘူး။ ကျွန်တော့်မရီးအခြေ‌အနေက ပိုပြင်းထန်တယ်"

ရှိသောလူများ - "ဘာဖြစ်လို့လဲ?"

"ကျွန်တော့်မရီးက အားနည်းလို့ အလုပ်ထွက်မလုပ်နိုင်တာကို ကြည့်ရင် ခန့်မှန်းနိုင်တယ်။ သူမက အစတည်းက အားနည်းတာ"

ရှိသောလူများ - အပြစ်မကင်းဖြစ်သွားသည်။

"မရီးက မွေးတည်းက အားနည်းတာ။ သူမမှာ အားမရှိပေမယ့် တောဝက်တွေကို သတ်ဖို့ ချက်ချင်းထွက်လာတာကိုတွေးကြည့်ရုံနဲ့ နောက်ဆက်တွဲကို သိနိုင်တယ်။ ဒါက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပဲ။ ထိခိုက်သွားရင် ခန္ဓာကိုယ်အတွင်းပိုင်းထိတာ" ကုလျန်ရုန်အသံကတိုသွားကာ "ပြန်ပြင်လို့ မ‌ကောင်းတော့တာမျိုး"

တတိယအဒေါ် နှုတ်ခမ်းများတွန့်သွားကာ သူမသာ ကျန်းထျန်က မစိုးရိမ်ရဟု လျိုဆရာဝန်ပြောသည်ကို မကြားလိုက်လျှင် ကုလျန်ရုန်ပြောသည်မှာ အမှန်ဖြစ်သည်ဟု သူမ တကယ်ထင်မည်ဖြစ်သည်။

အဒေါ်တစ်ယောက်က ဤဥပစာစကားကြားပြီး အံ့အားသင့်ကာ "တကယ်ကြီးလား? ပြန်ပြင်လို့မရတဲ့ ကြက်ဥခွံအကြောင်းတော့ အဒေါ် တစ်ခါမှမကြားဖူးဘူး!"

ကုလျန်ရုန် - "..."ဟုတ်ပြီ သို့သော် သူ ထိုသို့ဆိုလိုချင်သည်မဟုတ်ပါ။

သူ ခဏရပ်တန့်သွားပြီး ဆက်‌ပြောလိုက်သည်။ "ကျွန်တော့်မရီးက ကလေးတွေအများကြီး အသက်ကို ကယ်လိုက်တာ"

"အဲ့အချိန်က ကျွန်တော်တို့အဖွဲ့က လူတွေ အရှေ့ကို ပေါက်ပြား တူးရွင်းတွေကိုင်ပြီး အမြန်ပြေးကြပေမယ့် တစ်ယောက်မှ ရှေ့ထွက်ပြီး တားရဲတာမမြင်ဘူး"

လယ်စိုက်ကိရိယာများကိုင်ထားကာ နာမည်တပ်ခံလိုက်ရသောအမျိုးသားများ - ရှက်ရွံစွာ သူတို့ခေါင်းကို ငုံ့ထားလိုက်ကြသည်။

"ကလေးတစ်ဒါဇင်‌ကျော်ရဲ့အသက်၊ သူမ ဒီလိုဒဏ်ရာရရင်တောင် ကုတင်ပေါ်က ဆယ်ရက် တစ်လ မထနိုင်လည်း နောင်တမရဘူးလို့ ကျွန်တော့်မရီးက ပြောတယ်"

"မိန်းမသားတွေက ကောင်းကင်တစ်ဝက်ကိုတောင် မနိုင်တယ်လို့ မရီးကပြောတယ်"

တကယ်က ကုလျန်ရုန် ခုနအိမ်က ထွက်လာစဥ်က ကျန်းထျန်ကို မမြင်ရသေးပေ။

မိန်းမအားလုံး ခေါင်းညိတ်လိုက်ကြသည်။ "ဟုတ်တယ်။ ငါတို့မိန်းမသားတွေက ကောင်းကင်တစ်ဝက်ကိုတောင် မနိုင်တယ်!"

တတိယအဒေါ် - ငါတိို့?

"ကလေးတွေက အဖွဲ့မှာရှိတဲ့ မိသားစုတိုင်းရဲ့ အသက်သွေးကြောတွေ။ သူတို့သာ တောဝက်အရိုက်ခံရရင် ဆေးကုသစရိတ်က နောက်မှ။ ငွေသုံးဖို့ အခွင့်အရေးမရှိမှာတောင် စိုးရိမ်ရတယ်"

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ဒီအ‌ကြောင်းတွေးမိသောအခါ အခုထိပင် ထိတ်လန့်နေတုန်းဖြစ်သည်။

"မင်းမှန်တယ်။ အဲ့မှာ ‌အဒေါ့်ကလေးလည်း ရှိနေတာ။ မင်းမရီးက အဒေါ့်ကလေးရဲ့ကယ်တင်ရှင်ပဲ၊ အဒေါ့်အိမ်မှာ ကြက်ဥအလုံး ၃၀လောက်ရှိတယ်။ မင်းမရီး အားပြည့်အောင် အဒေါ်ယူလာပေးမယ်။ ကလေးကိုလည်း ခေါ်လာပြီး ကျေးဇူးတင်ကြောင်း ပြောရမယ်"

"အဒေါ့်ကလေးလည်း အဲ့တုန်းက ရှိတယ်။ ဒီနေ့ ဝက်သားယူပြီးရင် မင်းမရီး နှပ်စားဖို့ အဒေါ် မင်းအိမ်လာပို့မယ်"

"အဒေါ်တို့အိမ်မှာ ဆီးသီးရှိတယ်..."

"အဒေါ်တို့အိမ်မှာ ပျားရည်ရှိတယ်..."

"အဒေါ်တို့အိမ်က နှမ်းပေးမယ်..."

လူတိိုင်း တစ်ယောက်တစ်မျိုး‌ပြောကြသည်။ အသက်ကယ်ပေးသည့်ကျေးဇူးကို ဒီလောက်သေးငယ်သောအရာများနှင့် မဆပ်နိုင်ပေမယ့် ဒါက သူတို့စိတ်ရင်းဖြစ်သည်။

ကုလျန်ရုန် သူ့လက်ကို မြှောက်လိုက်ပြီး သူတို့ကို တားလိုက်သည်ါ "အဒေါ်တို့ကို ကျွန်တော့်မရီးကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပစ္စည်းတွေကို လက်မခံပါဘူး။ အဒေါ်တို့ ကလေးတွေအတွက်ပဲ သိမ်းထားပါ"

"ကျွန်တော် လူတိုင်းဆီက ပစ္စည်းတောင်းနေတာမဟုတ်ပါဘူး။ လူတိုင်းသိကြတဲ့အတိုင်း ကျွန်တော့်မရီးက မြို့က ပြီးတော့ သူမက တကယ် စိတ်ထားဖြူစင်တာ"

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ မြို့ကလူများက သူတို့ဆီက ဘာမဟုတ်တဲ့ ပစ္စည်းတွေ မရှိဘဲ နေပါ့မလား? ကျန်းထျန်က အရမ်းစိတ်ကောင်းရှိသည်။

ကုလျန်ရုန် လူတိုင်း ဒီလိုအမူအရာပြသည်ကို မြင်သဖြင့် သူ နှုတ်ခမ်းများမြောက်တက်ကာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ "ဦးလေးတွေနဲ့ အကိုတွေက အဲ့အချိန်ပြေးလာပြီး လက်ထဲ ပေါက်ပြားတူရွင်းတွေကိုင်ထားပြီး တကယ်လုပ်ချင်ရင် တောဝက်ကို နိုင်ပါတယ်"

အမျိုးသားများ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တွေးလိုက်မိသည်။ ဒါက မှန်သည် သူတို့အဲ့အချိန်က ရှေ့ထွက်ချင်ပေမယ့် သူတို့ဘာလို့ မသွားမိတာလဲ?

အဒေါ်တွေက မေးလိုက်သည်။ "ဘာလို့ တစ်ယောက်မှ ရှေ့မထွက်တာလဲ?"

ကုလျန်ရုန်‌ ပြောလိုက်သည်။ "အဲ့တုန်းက အခြေအနေက အရမ်းအန္တရာယ် များတယ်။ ရှေ့ကကလေးတွေလည်း ကြောင်ပြီး ဒီတိုင်းရပ်နေကြတာ"

အမျိုးသားများ ခေါင်းညိတ်လိုက်သည်။ သူတို့အရမ်းစိုးရိမ်ပြီး နုံအသွားတာ။ သူတို့က ငကြောက်မဟုတ်ပါဘူး!

အဒေါ်များ - သူတို့တွေ တစ်ခြား‌သူတွေကို အရူးလို့ ဆက်ဆံလိုက်ပါတော့လား?

နောက် ဝက်သားဝေရန် အချိန်ရောက်လာသောအခါ ကုပေါင်‌ကော ပြောလိုက်သည်။ " စု‌ပေါင်းအဖွဲ့က တောဝက်တွေကို အမဲလိုက်ဖို့ လူတွေ‌ခေါ်လာလို့ အဖွဲ့က ၇ခုမြောက်အဖွဲ့နဲ့ တစ်ဝက်‌ခွဲရမှာ"

ဒါကို ကြား၍ လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

"ဒါပေမယ့်" ကု‌ပေါင်ကော ဆက်ပြောလိုက်သည်။ "ကျန်းထျန်က ငါတို့၆ခုမြောက်အဖွဲ့ရဲ့ အဖွဲ့ဝင်ဆိုတော့ အဖွဲ့က ကုမိသားစုကို အလုပ်အမှတ်အစား အသားပေါင် ၅၀ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ခင်ဗျားတို့ ပြောချင်တာရှိလား?"

"ဘာမှမပြောပါဘူး!" လူတိုင်းခေါင်းခါလိုက်သည်။

၆ ခုမြောက်အဖွဲ့ကလူများ အကျိုးအမြတ်ရသည်ဖြစ်သည်။ သူတို့ တောဝက်ကို တစ်ဝက်ခွဲလိုက်၍ ပေါင်၄၀၀ရကာ ပေါင်၅၀ကို ကုအိမ်ပေးလိုက်သည်။

"ဒါဆို လျန်ရုန်ကို အရင်ရွေးခိုင်းလိုက်မယ်။ ခင်ဗျားတို့ သဘောမတူတာရှိလား?" ကု‌ပေါင်ကော ထပ်မေးလိုက်သည်။

လူတိုင်း ခေါင်းထပ်ခါလိုက်သည်။ "သဘောမတူတာမရှိပါဘူး"

အသားခွဲဝေသောအခါ ချိန်သောသူမှာ ကုချန်ရွှင်းဖြစ်သည်။ သူနှင့် ကုချန်ချင်းမှာ ဝမ်းကွဲများဖြစ်သည်။

ကုပေါင်ကော အဖွဲ့တစ်ချို့လူများလျှောက်ပြောမည်ကို ပိတ်ရန်အတွက်သာ မဟုတ်ဘူးဆိုလျှင် သူ ဝက်သားတစ်ဝက်ကို ကုမိသားစုအား ပေးချင်သည်။ ဒါက သူတို့ထိုက်တန်သည်ပဲ ဖြစ်သည်။ သို့သော် ပေါင် ၄၀၀ တစ်ဝက်ဆိုလျှင် လူတွေသဝန်တိုပြီး အပြစ်ရှာလောက်သည်။

ကျန်းထျန်က အဖွဲ့ကကလေးတွေကို ကယ်တင်လိုက်ပြီး အခု ဝက်သားဝေရာတွင်လည်း အဖွဲ့က ကုအိမ်မှ အကျိုးများစွာ ရလိုက်သည်။ ထိုကလေးများ၏ မိဘများ ဆွေမျိုးများက ကုအိမ်ကျေးဇူးကို ထောက်သင့်သည်။

ကုချန်ရွှင်း အရင်ဆုံး ဝက်ခြေထောက်နှစ်ခုကို ယူလိုက်ကာ ချိန်ခွင်ပေါ် တင်လိုက်သည််။ "ဒီနှစ်ခုကို လျန်ရွှမ်ရဲ့ဇနီးအတွက်‌ယူသွားလိုက်။ ကျန်တာကို မင်းကြိုက်တာရွေး"

တတိယအဒေါ်ရောက်လာပြီး နံရိုးများနှင့် ဝက်ဗိုက်သားကို ညွှန်ပြရင်း "နံရိုးက ၅ပေါင်လောက်ရှိမယ်။ မိုးခိုသားက ‌၅ပေါင်၊ ဝက်ဗိုက်သားကလည်း ပေါင်၃၀လောက်ရှိမယ်"

ကုချန်ရွှင်း သင့်တော်မည့်အပိုင်းများကောက်ကိုင်လိုက်ပြီး ချိန်ခွင်ပေါ်တင်ရာ အလွန်ပေါ့သေး၍ ထပ်ထည့်လိုက်သည်။

နောက်ကလူများ အလွန်စိုးရိမ်နေသည်ကို မြင်၍ ကုချန်ရွှင်း ပြောလိုက်သည်။ "ဒါက အလုပ်အမှတ် မထည့်ဘူး။ ခင်ဗျားတို့တွေ အလုပ်အမှတ်ရနိုင်‌သေးတာပဲ။ လဲချင်လို့လား?" တည့်တည့်ကြည့်ပြီး ပြောလိုက်သည်။

ဒါက ‌ပေါင်များစွာရှိသော အသားဖြစ်သည်။ လဲစရာလိုလို့လား? ရာသီဥတုက အရမ်းပူတော့ အိမ်ပြန်ယူသွားပြီး စားရင်မကောင်းတော့မှာကို သူက စိုးရိမ်နေတာလား?

ကုလျန်ရုန်ပြုံးပြီး ခေါင်းမော့ကာ ‌ပြောလိုက်သည်။ "ကျွန်တော်တို့ မိသားစုက အသားလုံလောက်ပါပြီ"

အဒေါ်များ စိတ်အေးသွားသည်။ ဒီလျန်ရုန်ကမှ တွေးပေးတတ်သေးသည်။

"ကျွန်တော်လဲမယ်..." ကုလျန်ရုန် အသားလှီး‌သည့်နေရာကို တစ်ချက်ကြည့်ပြီး အသံကို ဆွဲပြောလိုက်သည်။

အဒေါ်များ ရုတ်တရက် စိတ်လှုပ်ရှားသွားကာ သူက ဘာထပ်လဲချင်လို့လဲဟု တွေးနေကြသည်။

"ဝက်အူ၊ ဝက်နားရွက်နှစ်ခု၊ ဝက်အမြီး ပြီးတော့ ဝက်အရိုးနှစ်ခု!" ကုလျန်ရုန်ပြုံးရင်း ပြောလိုက်သည်။

အဒေါ်များ - ဒီကောင်လေးတော့!!!

All Chapters