← Chapters

အရက်သမား

Vol. 9 Ch. 106

အရက်သမား

Vol. 9 Ch. 106

မြင်ကွင်းကိုကြည့်ရင်း မျက်လုံးတစ်ဖက်လပ်အဘိုးအို၏ တစ်ဖက်တည်းကျန်သည့်မျက်လုံးက စူးရှတောက်ပသွားသည်။ သူက နတ်သားရဲမျိုးနွယ် မောင်နှမ(၂)ယောက်နှင့် ကိုယ်ရံတော်(၅)ယောက်ကို အကဲခတ်လိုက်၏။

ပြီးမှ သူက ခပ်ဖွဖွရယ်မောရင်း...

“ကောင်လေး... မင်းက သာမန်လူမဟုတ်ဘူးပဲ ၊ နတ်သားရဲမျိုးနွယ်တွေကိုတောင် ကိုယ်ရံတော်ခန့်ထားနိုင်တယ် ၊ ကြည့်စမ်း... တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာထဲက စစ်သည်တော်တွေကို ကိုယ်ရံတော်ခန့်ထားတဲ့သူမျိုး ငါ့ဘဝမှာ ပထမဆုံးမြင်ဖူးတာပဲ”

နတ်သားရဲမျိုးနွယ်များ၏ခန္ဓာကိုယ်ထက်တွင် ထင်ရှားသောအမှတ်အသားများ ရှိကြစမြဲပင်။

မော့ဖေးနှင့် အခြားသူများက ထိုအမှတ်အသားများကို ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း အတွေ့အကြုံရင့်ကျက်သော မျက်လုံးတစ်ဖက်လပ်အဘိုးအို၏အကြည့်ကိုတော့ ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပေ။

ခုန်မင်က အနည်းငယ် ပြုံးလိုက်ပြီး...

“နန်မန်မြို့ကို လာတဲ့သူတိုင်းက တောရိုင်းဒေသကို ဝင်ချင်လို့ပဲ မဟုတ်လား ၊ ကျွန်တော်လည်း တောရိုင်းဒေသကိုသွားမှာဆိုတော့... ဒီဒေသအကြောင်း ကောင်းကောင်းသိတဲ့ နတ်သားရဲမျိုးနွယ်ညီအစ်ကိုတွေကို ခေါ်လာတာ ပိုအဆင်ပြေမယ်ထင်လို့ပါ”

ထိုစကားကြားတော့ မျက်လုံးတစ်ဖက်လပ်အဘိုးအိုက အော်ဟစ်ရယ်‌မောလိုက်ပြီး...

“မင်းက စကားပြောကောင်းတယ်ဟေ့... ၊ ငါ သဘောကျသွားပြီ... ၊ ငါ ငယ်ငယ်တုန်းက တောရိုင်းဒေသက မျိုးနွယ်စုဝင်တွေနဲ့ အပေးအယူ အတော်များများ လုပ်ခဲ့ဖူးတယ် ၊ အပြင်လူတွေက သူတို့ကို အရိုင်းအစိုင်းတွေလို့ မြင်ကြပေမယ့် သူတို့ထဲမှာ မရေမတွက်နိုင်တဲ့သူရဲကောင်းတွေ ၊ သတ္တိရှိတဲ့သူတွေ အများကြီးပဲ ၊ ဒီမျိုးနွယ်စုဝင်တွေက မင်းကို မိတ်ဆွေလို့သတ်မှတ်လိုက်ပြီဆိုရင် မင်းအတွက် အသက်ပေးဖို့တောင် သူတို့က မျက်တောင်တစ်ချက် မခတ်ကြဘူးဟေ့”

နတ်သားရဲမျိုးနွယ်များအတွက်တော့ ဤစကားများက အလွန်မြင့်မားသည့် ချီးကျူးစကားများပင် ဖြစ်သည်။

အဘိုးအို၏စကားကိုကြားသည်နှင့် မော့ဖေးတို့အုပ်စု မျက်နှာများတောက်ပသွားကြပြီး သူတို့အပေါ် နားလည်ပေးနိုင်သည့် မိတ်ဆွေရင်း တစ်ယောက်နှင့် ဆုံတွေ့လိုက်ရသလို ခံစားလိုက်ရသည်။

သူတို့စိတ်ထဲ မျက်လုံးတစ်ဖက်လပ်အဘိုးအိုကို ချက်ချင်းပင် ခင်မင်သွားကြလေတော့သည်။

ခုန်မင်က ပြုံးလျှက်ပင် ခေါင်းညိတ်လိုက်ရင်း...

“ဆရာကြီးက တကယ့်ကို အမြင်ထက်မြက်တာပဲ ၊ လေးစားမိပါတယ်ဗျာ”

မျက်လုံးတစ်ဖက်လပ်အဘိုးအိုက ပျက်ဆီးနေသော သူ၏မျက်လုံးတစ်ဖက်ကို လက်ဖြင့်ပြန်လည်စမ်းသပ်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဟိုးအရင်တုန်းက ငါ့ကို အသက်ပေးပြီးကယ်ခဲ့တဲ့ တောရိုင်းဒေသမျိုးနွယ်စုဝင် ညီအစ်ကိုတစ်ယောက်သာ မရှိခဲ့ရင်... အခုချိန် မျက်လုံးတစ်ဖက်ပဲ ဆုံးရှုံးမှာမဟုတ်ဘူး... အသက်ပါပျောက်နေလောက်ပြီ...”

အတိတ်အကြောင်းများကိုပြောရင်း အဘိုးအိုက ခံစားချက်ပြင်းထန်သွားဟန်ရှိသည်။

ထို့နောက် သူက ခုန်မင်ကိုကြည့်လိုက်ပြီး...

“ကောင်လေး... မင်းနဲ့ငါက စိတ်ကူကိုယ်တူ ရှိသလိုပဲကွာ... ၊ ဒါနဲ့... မင်း အရက်ဘားကိုရောက်လာတာ သတင်းစုံစမ်းဖို့ မဟုတ်လား ၊ ပြောစမ်း... နန်မန်မြို့မှာ မင်းသိချင်တာရှိရင် ငါ့ကိုသာမေး ၊ ငါမသိတဲ့သတင်း ဘာမှမရှိဘူး ၊ အေး... ငါတောင် မသိဘူးဆိုရင်တော့ တခြား ဘယ်သူမှလည်း သိမှာမဟုတ်ဘူး”

ခုန်မင်က လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး...

“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဆရာကြီး ၊ ကျွန်‌တော် တစ်ခုလောက်မေးပါရစေ... လွန်ခဲ့တဲ့ရက်ပိုင်းက ကိုယ်ရံတော်တွေအများကြီးနဲ့ ဒီမြို့ကိုဖြတ်ပြီး တောရိုင်းဒေသကိုထွက်သွားတဲ့ သခင်လေးတစ်ယောက်များ မရှိခဲ့ဘူးလား”

ထိုမေးခွန်းကိုကြားတော့ အဘိုးအိုက နှာတစ်ချက်မှုတ်ရင်း...

“အသားဖြူဖြူ ခပ်ချောချောနဲ့ ဘဝင်မြင့်နေတဲ့ ကောင်လေးလား... အဲဒီကောင်ကို ငါ ကောင်းကောင်းမှတ်မိတာပေါ့ ၊လွန်ခဲ့တဲ့ လဝက်လောက်က သူ့လူတွေနဲ့ ဒီဘားကို ရောက်လာသေးတယ် ၊ နောက်တော့ မြို့ထဲမှာ ရိက္ခာတွေ ၊ ဆေးဝါးတွေ ၊ ရေတွေ အပြည့်အစုံဖြည့်ပြီး တောရိုင်းဒေသကို ထွက်သွာတော့တာပဲ...”

ခဏနားပြီးမှ အဘိုးအိုက ဆက်ပြောသည်။

“ဒီကောင်က မင်းလို အပြောမကောင်းဘူး ကိုယ့်လူ... ၊ ငါ့ကိုလည်း မတူသလိုမတန်သလို ဆက်ဆံသေးတယ် ၊ ငါတော့ သူ့ကိုကြည့်မရဘူး ၊ ဒါပေမဲ့ ဒီကောင်က လွယ်တဲ့အထဲတော့ မပါဘူးကွ ၊ ဒြပ်စင်စွမ်းအား အရှင်သခင်တစ်ယောက်ကိုတောင် ကိုယ်ရံတော်ခန့်ထားတာနော် ၊ အတော်လေးကံကောင်းတဲ့ ဆွေကြီးမျိုးကြီးထဲကလို့ ပြောလို့ရတယ်”

ထို့နောက် သူက ခုန်မင်ကို စူးစိုက်ကြည့်လိုက်ပြီး...

“မင်းက ဘာလို့ သူ့အကြောင်း မေးနေတာလဲ ၊ အဲဒီလူချောလေးကို ရန်သူလုပ်ဖို့တော့ မစဉ်းစားဖို့ အကြံပေးချင်တယ်... ၊ ဒီကောင်က လွယ်တဲ့အထဲတော့မပါဘူးကွ...”

ခုန်မင်က ယူဂျီးန်ပြောသည့်စကား မှန် မမှန် စစ်ဆေးကြည့်ခြင်းသာဖြစ်သည်။

ယခု အဘိုးအို၏ အတည်ပြုချက်ရသဖြင့် ယူဂျီးန်ပြောသောစကားများက အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

ခုန်မင်က တည်ငြိမ်စွာပြုံးလိုက်ရင်း...

“ဆရာကြီး စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်နဲ့ အဲဒီသခင်လေးမှာ မပြေနိုင်တဲ့ရန်ငြိုးရန်စတော့ မရှိပါဘူး ၊ ဒါပေမဲ့ တောရိုင်းဒေသမှာ အလုပ်ကိစ္စလုပ်ရင်း သူနဲ့သွားတွေ့မိရင် ကိစ္စတွေ ရှုပ်ထွေးကုန်မှာ စိုးလို့ပါ ၊ ဘာပဲဖြစ်ဖြစ်... ဆရာကြီး သတိပေးတာ ကျေးဇူးတင်ပါတယ် ၊ တောရိုင်းဒေသထဲရောက်ရင်တော့ သူ့ကို သတိထားရမှာ အမှန်ပါပဲ”

မျက်လုံးတစ်ဖက်အဘိုးအိုက ခေါင်းညိတ်လိုက်ရင်း...

“ဒီကောင်လေးက အ‌တော်တော့ သုံးနိုင်ဖြုန်းနိုင်တယ်ပြောရမယ် ၊ မြို့ထဲမှာရှိတဲ့ အတော်ဆုံးလမ်းပြတွေကို အကုန်ငှားသွားတာကွ... ၊ အခုဆို လမ်းပြတစ်ယောက်တောင် မကျန်တော့ဘူး ၊ ဒါပေမဲ့ မင်းကတော့ လမ်းပြမရှိလည်း ကိစ္စမရှိပါဘူး ၊ နတ်သားရဲမျိုးနွယ် ညီအစ်ကိုတွေ ရှိနေတာပဲ မဟုတ်လား ၊ ပြီးတော့ သူခေါ်သွားတဲ့လမ်းပြတွေဆီက သတင်းရတာ ဒီကောင်က အနောက်တောင်လမ်းကြောင်းကိုသွားမှာတဲ့ ၊ မင်းလည်း အဲဒီဘက်ကိုသွားမယ်ဆိုရင် နည်းနည်းပါးပါး သတိထားလိုက်ပေါ့”

ပြောရင်း သူက အရက်ခွက်များကို ထပ်ဖြည့်လိုက်ပြီး ဖန်ခွက် (၇)ခွက်လုံးပြည့်သွားသည်နှင့် ဘားကောင်တာကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အရက်ခွက်များမှာ လေထဲတွင်ပျံဝဲသွားပြီး ခုန်မင်တို့အုပ်စုရှေ့သို့ တည့်တည့်မတ်မတ် ကျဆင်းသွားလေသည်။

အဘိုးအို၏ မှော်ဆန်သောပြကွက်ကိုကြည့်ရင်း ဘေးပတ်ဝန်းကျင်မှလူများသည်ပင် တခဲနက် အားပေးလိုက်ကြသည်။

“ကောင်းလိုက်တာ...”

“ကောင်းတယ်ဟေ့...”

မော့ယွဲ့သည်ပင် အဘိုးအို၏ မျက်လှည့်ပြကွက်ကို သဘောကျသွားပြီး အားရပါးရလက်ခုပ်တီးကာ အားပေးလိုက်လေသည်။

ခုန်မင်ကလည်း အားနာမနေတော့ဘဲ သူ့ရှေ့ရောက်လာသည့် အရက်ခွက်ကို တစ်ငုံမော့သောက်လိုက်သည်။

“ဆရာကြီး အကြံပေးတာ ကျေးဇူးတင်ပါတယ် ၊ ကျွန်တော် တောရိုင်းဒေသခရီးစဉ်ပြီးသွားရင် ဆရာကြီးဆီ သေချာပေါက် ဝင်ခဲ့ပါဦးမယ်”

အဘိုးအိုက ပြုံးလိုက်ရင်း...

“ငါက မျက်လုံးတစ်ဖက်တည်းရှိပေမယ့် လူကဲခတ်တော့ တော်သကွ... ၊ ငါ့အထင် မမှားဘူးဆိုရင် အဲဒီလူချောလေးက ‘ဖီးနစ်နားခိုရာမျိုးနွယ်စု’ ရဲ့ အရွယ်ရောက်ခြင်းအခမ်းအနားကို သွားတာနေမှာ”

ပြောပြီးသည်နှင့် သူက တစ်စုံတစ်ခု စဉ်းစားမိသွားဟန်ဖြင့်...

“ဟေ့... ကောင်လေး... မင်းလည်း အဲဒီပွဲကိုသွားမလို့လား ၊ ဒါဆိုရင်တော့ မင်းကို လူတစ်ယောက်နဲ့ တွေ့ပေးရမယ်ထင်တယ်”

ထိုစကားကြားတော့ ခုန်မင် အံ့အားသင့်သွားပြီး...

“အိုး... ဟုတ်လား ၊ ဘယ်သူများလဲ သိပါရစေ”

မျက်လုံးတစ်ဖက်လပ်အဘိုးအိုက အားပါးတရ ရယ်မောလိုက်ပြီး ဘေးနားတွင်ရှိသည့် ဖန်သေရည်အိုးတစ်လုံးကိုဆွဲယူကာ အရက်ဘားထောင့်စွန်းတစ်နေရာသို့ ပစ်ပေါက်လိုက်သည်။

“ဟေ့... အရက်သမား... ထစမ်း ၊ နေပူစာလှုံရမယ့်အချိန် ရောက်ပြီဟေ့...”

အဘိုးအိုက ဖန်သေရည်အိုးကို ပစ်ပေါက်လိုက်စဉ် လက်ထဲတွင် ဒြပ်စင်စွမ်းအားထည့်သွင်းလိုက်သည်ဖြစ်ရာ သေရည်အိုးက အရှိန်အဟုန်ဖြင့်ပျံသန်းထွက်ခွာသွားလေသည်။

ထိုသို့သောအရှိန်အဟုန်မျိုးနှင့်ဆိုလျှင် ကျောက်တုံးကြီးတစ်တုံးသည်ပင် သေရည်အိုးနှင့်ထိမှန်သွားပါက ၊ ကျောက်တုံးကြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားနိုင်သည်။

ဘားထောင့်စွန်းရှိ စားပွဲငယ်လေးထက်တွင် အနက်ရောင်ဝတ်လူတစ်ယောက် မှောက်လျက်သား အိပ်မောကျနေလေသည်။

ဖန်သေရည်အိုးက ထိုသူရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ဖန်သေရည်အိုးက အနက်ရောင်ဝတ်လူကို ထိမှန်တော့မည့်ဆဲဆဲတွင် အေးစက်သည့်အလင်းတန်းတစ်ခု လျှပ်စီးလက်သည့်ပမာ ဖျတ်ကနဲ တောက်ပသွားလေသည်။

အလင်းတန်းက စူးရှလွန်းသဖြင့် ပတ်ဝန်းကျင်မှလူများအားလုံး အလိုလို မျက်စိမှိတ်သွားရသည်။

သူတို့ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် အနက်ရောင်ဝတ်လူက စားပွဲထက်တွင် ထိုင်လျက်သားဖြစ်နေပြီး သူ၏ဘယ်ဘက်လက်တွင် ပါးလွှာသည့်ဓားရှည်တစ်လက် ကိုင်ဆောင်ထားလေသည်။

အဘိုးအိုပစ်ပေါက်လိုက်သည့် ဖန်သေရည်အိုးက ဓားသွားထိပ်ဖျားတွင် တည်ငြိမ်စွာပင်တင်လျှက်သား ရှိနေသည်။

အနက်ရောင်ဝတ်လူက သူ၏ပါးလွှာသောဓားကို အပေါ်သို့အသာပင့်တင်လိုက်ရာ ဖန်သေရည်အိုး တစ်ဖက်သို့စောင်းသွားပြီး ပုလင်းဝမှ သေရည်များစီးကျလာလေသည်။

အနက်ရောင်ဝတ်လူက သေရည်များကို အငမ်းမရ သောက်သုံးလိုက်သည်။

ဝေလငါးကြီးတစ်ကောင် ပင်လယ်ရေကို မြိုချသည့်အလား သေရည်တစ်အိုးလုံး တစ်ကျိုက်တည်းဖြင့် သောက်ပစ်လိုက်ခြင်း ဖြစ်သည်။

ထို့နောက် သူက လက်ကောက်ဝတ်ကို အသာလှုပ်ရှားလိုက်ပြီး ဓားနှင့် ဖန်သေရည်အိုးအလွတ်ကို စားပွဲထက်သို့ တင်လိုက်လေသည်။

သူက လက်ဖမိုးဖြင့် ပါးစပ်ကိုသုတ်လိုက်ရင်း...

“ကောင်းလိုက်တဲ့သေရည်.... ဒီလောက်ကောင်းတဲ့သေရည် မိုးပေါ်ကကျလာမယ်လို့ ဘယ်သူထင်မှာလဲ ၊ ဒါနဲ့ အဘိုးကြီး... ဒီသေရည်က ခင်ဗျားတိုက်တာနော် ၊ ကျုပ်အကြွေးစာရင်းထဲ ထည့်မမှတ်နဲ့”

ယခုတော့ ခုန်မင်တို့အုပ်စုသည်လည်း ထိုသူ၏မျက်နှာကို သေချာတွေ့မြင်ရပြီ ဖြစ်သည်။

ထိုသူက အသက်(၂၅) (၂၆)နှစ်ခန့် လူငယ်တစ်ယောက်ပုံစံရှိသည်။

သို့သော် မျက်နှာထက်တွင် မုတ်ဆိတ်ကျင်စွယ်များက မသပ်မရပ်ဖုံးလွှမ်းနေသဖြင့် ရှိရင်းစွဲအသက်ထက် ပိုမိုအိုမင်းနေသယောင် ထင်မှတ်ရ၏။

ပိုပြီးအရေးကြီးသည်မှာ မျက်လုံးတစ်ဖက်လပ်အဖိုးအိုက “အရက်သမား” ဟုခေါ်လိုက်သော ထိုအနက်ရောင်ဝတ်လူငယ်မှာ တကယ်တမ်းတွင် ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ရောက်ရှိနေသည့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေခြင်းပင်။

All Chapters