အခန်း (၃၃)
Vol. 3 Ch. 33
ကုလျန်ရွှမ် လိုအပ်သည့်ပစ္စည်းများနှင့် ကုန်ကျငွေကို အကြမ်းဖျင်း ရေးလိုက်သည်။ သူ နောက်ထပ်အကြံများမေးချင်ပေမယ့် သူကြည့်လိုက်သောအခါ ကျန်းထျန် ခေါင်းအုံးပေါ်တွင် ခေါင်းစောင်းကာ အိပ်မောကျနေသည်ကို တွေ့သည်။
သူ စာရွက်နှင့် ဘောပင်ကို ချထားလိုက်ပြီး တစ်ဖက်က ပြတင်းပေါက်ကို သတိထားဖွင့်ကာ ကျန်းထျန်ဗိုက်ကို စောင်ဖုံးပေးလိုက်ပြီးနောက် သူလည်း ဝင်လှဲလိုက်သည်။
ခြံက တိတ်ဆိတ်ကာ တစ်ခါတစ်ရံ ဘေးအခန်း ကလေးငိုသံကိုကြားရပြီး ရွှီကျင်းဖန်နှင့် ကုလျန်မင် ကလေးချော့သံများပါ ရောနေသည်။ ပြတင်းပေါက်အပြင်က ငှက်သံများကလည်း လူကို အိပ်ချင်အောင်လုပ်ပေးနေသည်။
ညသန်းခေါင်လောက် တံခါးခေါက်သံအချို့ ပြတင်းပေါက်ဆီကနေ ကြားသည်။ ကုလျန်ရွှမ် နိုးသွားကာ ဘေးက ကျန်းထျန်ကို ကြည့်လိုက်ရာ သူမ ဘေးကစားပွဲလေးကို ပွတ်နေသည်ကို တွေ့လိုက်သည်။
ကျန်းထျန်ခြေထောက်က စားပွဲပေါ် ပြုတ်ကျတော့မည့်အချိန်တွင် ကုလျန်ရွှမ် အမြန်တားလိုက်သည်။ ကုလျန်ရွှမ် သက်ပြင်းချကာ သူ့နဖူးမှ ချွေးကို သုတ်လိုက်သည်။ သူကိုယ်မတ်ကာ ခေါင်းအုံးကို နေရာတကျပြန်ထားလိုက်ပြီး စားပွဲကို ဘေးတွန်းလိုက်သည်။
သူ ပြတင်းပေါက်နားသွားလိုက်ပြီး ခြံထဲကအသံကို သေချာနားထောင်လိုက်သည်။ ထို့ကြောင့် ကုလျန်ရွှမ် ဘေးအခန်းတွင် သူ့အမေနှင့် ရှောင်းမင် အိပ်မောကျနေမှန်းသိသွားသည်။
သူ ပြတင်းပေါက်ကို ဖွင့်ကာ ခေါင်းထွက်ပြီး ဘေးအခန်းကို အော်လိုက်သည်။ "အမေ၊ ရှောင်းမင်၊ တတိယညီပြန်ရောက်ပြီ!"
ကုလျန်ရုန် စားစရာတွေနှင့် စက်ဘီးကို ယူပြီး ၆ခုမြောက် ထုတ်လုပ်ရေးအဖွဲ့အပြင်က တောလေးထဲ နေပြီး မှောင်မှ သူ လမ်းလျှောက်ပြန်ရဲသည်။ သူ ရောက်ရောက်ချင်း တံခါးကို ခေါက်သည်။ တံခါးကို အကြိမ်များစွာခေါက်ပြီး တံခါးပေါ် နားကပ်ပြီးနားထောင်ပေမယ့် ဘာမှမကြား။
ကုလျန်ရုန် သူ့မျက်နှာကို သုတ်ကာ နေသားကျနေသကဲ့သို့ မြေကြီးပေါ် ထိုင်လိုက်သည်။ သူ အနောက်ခြံမှကြက်တွန်သည်အထိ စောင့်ရမည်။
ကုလျန်ရွှမ် နှစ်ကြိမ်အော်ပြီး ခဏစောင့်ကြည့်ပေမယ့် ဘေးအခန်းက ဘာအသံမှမကြား၍ သူ ယပ်တောင်ကို ကောက်ကိုင်လိုက်ပြီး ပြတင်းပေါက်မှ ကိုယ်တစ်ခြမ်းထွက်ကာ ဘေးအခန်းကတံခါးကို ယပ်တောင်ဖြင့် ခေါက်သည်။ နှစ်ခါခေါက်ပြီးနောက် နောက်ဆုံး အသံထွက်လာသည်။
"ထတော့!" ဒါက ရွှီကျင်းဖန်အသံဖြစ်သည်။ သူမနိုးသောအခါ ခေါင်းလှည့်ပြီး အမွှာလေးများကို ကြည့်ရာ တံခါးမှ နှစ်ခါခေါက်သံက သူတို့ကို မနိုးစေ၍ သူမ စိတ်အေးသွားသည်။ သူမ အဝတ်ဝတ်ကာ တံခါးဖွင့်ပြီး ဖိနပ်စီးပြီးနောက် လှည့်ကြည့်ရာ ဘေးအခန်းတံခါးကို မြင်၍ သူမမျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
ကုလျန်ရွှမ် ခေါင်းနှင့်ကိုယ်အပေါ်ပိုင်းကို ပြန်ရုတ်ရာ သူ့အမေ၏ အကြည့်နှင့် ဆုံသည်။ သူ့အမေ နောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး မျက်နှာတွင် ကြောက်လန်သည့်အမူအရာနှင့် "အား-" ဟု အော်သည်ကို သူမြင်လိုက်သည်။ နောက် အမွှာအငယ်လေးတွေ အော်ငိုသံထွက်လာသည်။
မကြာမီ သူ့နောက်မှ ကျန်းထျန်အသံထွက်လာသည်။ "ကုလျန်ရွှမ်၊ ခုနက အမေ့အသံလား?"
ကုလျန်ရွှမ် - "..." သွားပြီ။
"အမေ၊ ပင်းပင်းနဲ့ အမ်းအမ်း ထပ်ပြီး ရှူးပေါက် ချီးပါပြန်ပြီ!" ကုလျန်မင်၏ ငိုမဲ့မဲ့ အသံထွက်လာသည်။
တစ်ခြားအခန်းမှာ ရှောင်းဝူမျက်လုံးများပွတ်ပြီး ထွက်လာသည်။ "အမေ၊ အစ်ကို"
ခြံအပြင်မှ ကုလျန်ရုန် အော်သံများကို ကြား၍ သူ ချက်ချင်းလန့်သွားပြီး မတ်တပ်ရပ်ကာခြေနှစ်လှမ်းဆုတ်ပြီး ခြံနံရံကို ပြေးတက်ကာ ခေါင်းဖော်ပြီး" အမေ ဘာဖြစ်လို့လဲ? ကျွန်တော်တို့အိမ် သူခိုးဝင်လို့လား?"
ရွှီကျင်းဖန် အသက်ပြင်းပြင်းရှူကာ လက်ဝေ့ရမ်းပြီး ပင်ပန်းနေသောအသံနှင့် ပြောလိုက်သည်။ "မဟုတ်ဘူး။ သူခိုးမဟုတ်ဘူး။ မင်းအကိုကြီး"
ကုလျန်ရုန် - ?? "အကိုကြီးဘာဖြစ်လို့လဲ?"
ရွှီကျင်းဖန် ပြတင်းပေါက်မှ ခေါင်းပြူထွက်နေသာ ကုလျန်ရွှမ်ကို တုန်ယင်စွာလက်ညှိုးထိုးပြီး စိတ်တိုစွာပြောလိုက်သည်။ "မင်းအစ်ကိုက သေချင်နေတာ!"
ကုလျန်ရွှမ် -
ကျန်းထျန် မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ နောက်ဆုံးနိုးသွားပြီး သူမလည်း ပြတင်းပေါက်ဆီသွားကာ "အမေ၊ တတိယကလေး ပြန်ရောက်တာလား?"
ထိုအခါမှ ရွှီကျင်းဖန် တတိယကလေးကို တံခါးဖွင့်မပေးရသေးမှန်း သတိရသွားသည်။ သူမလက်ပေါ်က အမှိုက်ကို ခါကာ ရိုးသားစွာကြည့်နေသော ကုလျန်ရွှမ်ကို မျက်စောင်းထိုးပြီး အသံမာမာနှင့် ပြောလိုက်သည်။ "မနက်ဖြန် မင်းနဲ့စာရင်းရှင်းတာစောင့်!"
ရွှီကျင်းဖန် တံခါးကို ကြည့်ရာ လရောင်နှင့် ခြံနံရံပေါ်က ခေါင်းတစ်လုံးကို တွေ့လိုက်သည်။
ရွှီကျင်းဖန် - "..."သူမ ထိတ်လန့်သွားသည်။ ဒီညီအကိုနှစ်ယောက်က ဘာလုပ်နေတာလဲ?!
သူမ ဒေါသထွက်သွားပြီး တံခါးကို အမြန်သွားဖွင့်လိုက်သည်။ နောက် ကုလျန်ရုန်ကျောကို ရိုက်လိုက်သည်။ "ညဘက်ကြီး မင်းခေါင်းကို နံရံပေါ်တင်ပြီး ဘယ်သူ့ကို အသေခြောက်ဖို့ ကြိုးစားနေတာလဲ?"
ကုလျန်ရုန် သူ့အမေ၏ သန်မာသည့် သံလက်ဝါးကို ကုန်း၍ရှောင်ကာ လည်ဆန့်ပြီး ယုံကြည်မှုရှိစွာပြောလိုက်သည်။ "ကျွန်တော်တို့မိသားစု အော်နေတာ ကြားလို့ ကျွန်တော် သူခိုးဝင်တယ်ထင်သွားလို့"
ရွှီကျင်းဖန် မြေကြီးပေါ်က အိတ်ကို ယူလိုက်ပြီး ကုလျန်ရုန်ကို မျက်စောင်းထိုးလိုက်သည်။ "သူခိုး၊ အမေထင်တာတော့ အိမ်မှာ သရဲပဲရှိမယ် "
"အမေ မဟုတ်တာမပြောပါနဲ့။ နံရံတွေမှာ နားတွေရှိတယ်။ တစ်ယောက်ယောက်ကြားသွားပြီး ကျွန်တော်တို့အိမ်ကိုတိုင်ရင် အမေတို့ ကောင်းကောင်းနေရမှာမဟုတ်ဘူး" ကုလျန်ရုန်ပြောပြီးနောက် သူ့ကျောတွင် ဆန်အိတ်ကို ထမ်းကာ ခြံထဲပြေးဝင်သွားသည်။
ကျန်းထျန်် ပြန်လှဲကာ ကုလျန်ရွှမ်ကို သိချင်၍ မေးလိုက်သည်။ "ရှင်ဘာလုပ်လို့လဲ?" သူမ ရွှီကျင်းဖန်အံကြိတ်ပြီး ကုလျန်ရွှမ်ကို အရေခွံခွာချင်သည်ကို မြင်၍ သူမတကယ်သိချင်သွားသည်။
ကုလျန်ရွှမ် နှုတ်ဆိတ်နေ၍ ကျန်းထျန်မျက်လုံးမှိတ်လိုက်ပြီး "ရှင် ကျွန်မကို မပြောဘူးလို့ ကျွန်မ ခန့်မှန်းလို့ရတယ်" ညလယ်ခေါင် ပြတင်းပေါက်ကနေ ကိုယ်တစ်ဝက်ထွက်နေသည်ကို တစ်ယောက်ယောက် ရုတ်တရက် မြင်လိုက်လျှင် လန့်သွားမှာ သေချာသည်။
"ဒါဆို ရှင် တမင်တကာလုပ်တာလား?" ကျန်းထျန် သူမမျက်လုံးများကို ထပ်ဖွင့်ပြန်သည်။ ဒါက မတော်တဆဟုတ်ပါ့မလား?
ကုလျန်ရွှမ် - သူ သူ့အမေကို ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်အောင်လုပ်ပြီး မနက်ဖြန်အမာန်ခံဖို့စောင့်နေသည်ထိ သူ မနုံပါ။ ဒါက တိုက်ဆိုင်မှုသာဖြစ်သည်။
စားစရာနှင့် စက်ဘီးကို သိမ်းပြီးနောက် ရွှီကျင်းဖန် တံခါးတွင်ရပ်ကာ ပျက်စီးနေသောပြတင်းပေါက်ကို ကြည့်ပြီး နောက် ကလေးများကို ချော့ရန် အခန်းထဲပြန်ဝင်သွားသည်။
ကုမိသားစုက ရွာက တစ်ခြားအိမ်များနှင့် ဝေးသည်က ကံကောင်းသွားသည်။ မဟုတ်လျှင် လူဘယ်နှယောက် လာကြည့်ကြမည်မသိပေ။
မနက်စောစော ကျန်းထျန်ထပြီး သူမလက်ကို လှုပ်ရှားကြည့်ရာ ပြန်မကောင်းသေးပေမယ့် တူတော့ကိုင်နိုင်လောက်သည်။
ဘေးတစ်ဖက်တွင်တော့ ကုလျန်ရွှမ်အိပ်ရာကို သိမ်းပြီးသွားပြီဖြစ်သည်။
ခြံထဲက စားပွဲတစ်ခုတွင် အသားတင်ခုတ်နေပြီး ရွှီကျင်းဖန်က စကားပြောနေသည်။ "အသားကို ခုတ်။ အမေ့အစား အစာထည့်ပေး။ မနေ့က မင်းလုပ်တာတွေပြန်တွေးကြည့် ဘယ်သူက မင်းလိုကြောက်စရာကောင်းလို့လဲ? မင်း တစ်မိသားစုလုံးကို နှိုးပြီး ပင်းပင်နဲ့ အမ်းအမ်းငိုတဲ့အသံ ကြားလား? ဦးလေးတစ်ယောက်ဖြစ်ပြီး မရှက်ဘူးလား?"
ကုလျန်ရွှမ် ဝှီးချဲပေါ်ထိုင်ကာ လက်နှစ်ဖက်နှင့် ဓါးကို ကိုင်ထားပြီး စင်နှီးတုံးပေါ်က အသားကို နုတ်နုတ်စင်းကာ ဘာမှ မညည်းတွား။
"ကောင်းကောင်းခုတ်၊ အမေ ဂျုံနယ်လိုက်မယ်။ ညကျ အသားပေါက်စီစားမယ်" ရွှီကျင်းဖန် ကုလျန်ရွှမ်ကို တလိမ့်တုံးနှင့် ထိုးကာ ပြောလိုက်သည်။ " မင်း ဒီနေ့ည ထျန်ထျန်နဲ့ ပေါက်စီလုမစားရဘူး ကြားလား? မနေ့က ပန်းကန်သိမ်းသွားတုန်းက ပန်းကန်လုံးနှစ်လုံးက ဆေးထားသလို ပြောင်နေတယ်လို့ ရှောင်းမင်ပြောတယ်။ မင်း ထျန်ထျန်ထမင်းကို လုစားတာလား?"
ကုလျန်ရွှမ်် ခေါင်းခါကာ "ကျွန်တော် လုမစားပါဘူး။ ကျန်းထျန်က ဗိုက်ဝနေပြီပြောလို့။ ပြီးတော့ ကျန်တာစားဖို့ သူမ ကျွန်တော့်ကို သဘောတူလို့"
ကျန်းထျန် ပြတင်းပေါက်ပေါ် လက်တင်ကာ ဒါကို ကြား၍ ခေါင်းခါပေမယ့် ဘာမှတော့မပြော။ ခုချိန် သူမဝင်ပြော၍မဖြစ်ပေ။
" ဒါက လုပ်သင့်တယ် "ရွှီကျင်းဖန် ခေါင်းညိတ်လိုက်သည်။ "မင်းဘယ်လောက်စားနိုင်တာ မင်းလည်းသိတယ်။ အမေ့ကို လာမပြောနဲ့။ ပိုသိတတ်" ပြောပြီးနောက် သူမ မီးဖိုချောင်သွားလိုက်သည်။
ရွှီကျင်းဖန် မရှိ၍ ကုလျန်ရွှမ် အရှေ့အခန်းကို မျက်နှာမူနေကာ သူမော့ကြည့်သောအခါ ပြတင်းပေါက်တွင်မှီပြီး ကြည့်နေသော ကျန်းထျန်ကို မြင်သည်။
ကုလျန်ရွှမ် နှုတ်ခမ်းတင်းတင်းစေ့ကာ ကျန်းထျန်ကို မေးလိုက်သည်။ "မင်း အသားလုံးစားချင်သေးလား?" သူ အစာလုပ်ဖို့ အသားကို နုတ်နုတ်စင်းသည့်နှင့် အတော်ဖြစ်သည်။
"စားမယ် ! "ကျန်းထျန် ခေါင်းညိတ်လိုက်သည်။
သူမ ပြတင်းပေါက်မှ ဖယ်လိုက်ပြီး ဖိနပ်အရင်စီးလိုက်သည်။ အစက လမ်းလျှောက်၍ပြေပေမယ့် ခြေလှမ်းနည်းနည်းလှမ်းပြီးနောက် သူမခြေထောက်များ အားနည်းလာကာ သူမအားသုံး၍မရတော့ပေ။ သို့သော်ဂရုစိုက်ပြီး ခြေလှမ်းနည်းနည်းလှမ်းကာ ရပ်လျှင်် ပြေသည။
ဒီတစ်ကြိမ်အပြင်မထွက်ခင် ကျန်းထျန် မူလပိုင်ရှင်၏ မှန်လေးကို ထုတ်လိုက်ပြီး သူမဆံပင်ကို တစ်ချက်ကြည့်ရာ ခုတစ်ခါ ဆံပင်က အရင်တစ်ခါလို ဖရိုဖရဲမဟုတ်ဘဲ အဆင်ပြေသည်။
သူမဆံပင်ကို ရာဘာကြိုးဖြင့် ချည်ပြီးနောက် ကျန်းထျန် ခြံထဲ လမ်းလျှောက်လိုက်သည်။
မီးဖိုချောင်တံခါးနှင့် ပြတင်းပေါက်များကို ဖွင့်ထား၍ ကျန်းထျန် ထွက်လာသည်ကို ရွှီကျင်းဖန် မုန့်နှစ်နယ်ရင်းတွေ့လိုက်သည်။ " သမီးဘာလို့ ထွက်လာတာလဲ? လျိုဆရာဝန်က သမီးကိုကုတင်ပေါ် ရက်နည်းနည်းလောက် လှဲနေရမယ်လို့ ပြောလိုက်တယ်မလား?"
ကျန်းထျန် ပြုံးကာ " အမေ၊ သမီး ထွက်ပြီး လမ်းလျှောက်ချင်လို့။ သမီးခြေထောက်က ကျိုးနေတာမှ မဟုတ်တာ" ခြေထောက်ကျိုးနေသော ကုလျန်ရွှမ် ရင်ဝတည့်တည့် မြားတစ်ချက်ရောက်သွားသည်။
"ဒါဆို သမီး ဂရုစိုက်။ သမီး နေပြန်မကောင်းခင် ခုန်ပေါက် ပြေးလွှားမနေနဲ့ဦး" အကြံပေးပြီးနောက် ဆက်ပြောလိုက်သည်။ "အမေ မုန့်နှစ်နယ်နေတာ။ ဒီည အသားပေါက်စီစားကြမယ်။ သမီးနေ့လည် ဘာစားချင်လဲ? အခုရောဗိုက်ဆာနေပြီလား? ဂျင်းနဲ့ဆီးသီးပါတဲ့ ဆန်ပြုတ် မီးဖိုပေါ် နွှေးထားတယ်။ အမေ သမီးဖို့ယူလာပေးမယ်။ စားပွဲပေါ် စားရင်ရော?" ရွှီကျင်းဖန် ကုလျန်ရွှမ် အသားခုတ်နေသော စားပွဲကို ညွှန်ပြလိုက်သည်။
ခုံတစ်လုံးကလည်း ရှိနေ၍ ကျန််းထျန်ထိုင်လိုက်ကာ "အမေ့ကို ဒုက္ခပေးမိလို့တောင်းပန်ပါတယ်"
"ပြသာနာမရှိပါဘူး" ရွှီကျင်းဖန် ဆန်ပြုတ်ကို ယူလာပြီး "အမေတို့ နေ့လည် ခေါက်ဆွဲစားရင်ရော မနေ့က ငါးစွပ်ပြုတ်အိုးဝက်လည်းရှိသေးတယ်။ စွပ်ပြုတ်နဲ့ခေါက်ဆွဲချက်ပြီး မနေ့ကယူလာတဲ့ မှိုနဲ့ကြော်လိုက်မယ်"
ဒါကို ကြား၍ ကုလျန်မင် ပြေးထွက်လာကာ "အမေ၊ သမီး ကူပေးမယ်"
ရွှီကျင်းဖန် သူမကို ကြည့်ပြီး "...ဘာလို့ နင်က အရမ်းတက်ကြွနေတာလဲ?"
ကုလျန်မင် လည်ဆန့်ကာ "သမီး မှိုကို ဆေးထားရတာ" ပြောပြီးနောက် ကုလျန်မင် ကျန်းထျန်ကို 'မှိုကြက်ဥခေါက်ဆွဲ လုပ်ဖို့သဘောတူထားတာ ပြောင်းပြောလို့မရဘူး´ အကြည့်နှင့် ကြည့်လိုက်သည်။
ကျန်းထျန် သူမအခု ကတိမပေးလိုက်လျှင် ပြသာနာမပြီးမည်စိုး၍ သူမ ရွှီကျင််းဖန် အင်္ကျီလက်ကို ကိုင်ကာ "အမေ၊ ဟင်းချက်တဲ့နေရာမှာ တက်ကြွတာ ဘာမှမမှားပါဘူး။ ရှောင်းမင်ကလည်း အမေ့ကို ကူလုပ်ပေးချင်တာပါ "
ရွှီကျင်းဖန် တုံ့ဆိုင်းစွာခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ သမီးချက်"
ကုလျန်မင် ထခုန်ကာ "ကျေးဇူးတင်ပါတယ်။ အမေ!"
ရွှီကျင်းဖန် - "..."အလုပ်လုပ်ခိုင်းတာ ကျေးဇူးတင်တယ်ပြောတော့ ငါက မိထွေးအတိုင်းပဲ။
ကုလျန်မင် ကျန်းထျန်ကို အလွန်ရှက်စွာ ကြည့်ကာ နောက် အနောက်ခြံပြေးဝင်သွားသည်။
ကျန်းထျန်လန့်သွားကာ ကုလျန်ရွှမ် လက်ကို ပုတ်လိုက်သည်။ "ကုလျန်ရွှမ်။ ရှင်မနေ့က ရှောင်းမင်ကို နှိုးလိုက်လို့ သူမ ကောင်းကောင်း အိပ်မပျော်လို့ ဒီနေ့ နည်းနည်းကြောင်သွားတာလား?"
ကုလျန်ရွှမ် အမူအရာမဲ့ကာ - လာပြန်ပြီ။ ကိုယ်နှိုးတာမဟုတ်ဘူး။ ကိုယ့်အမေ နှိုးတာ။
" မဟုတ်ဘူး" ကုလျန်ရွှမ် အသက်ပြင်းပြင်းရှူကာ "ရှောင်းမင်က မင်းကို ကျေးဇူးတင်ချင်တာနေမယ်"
ကျန်းထျန် ကုလျန်ရွှမ်ကို 'ကျွန်မကို မလိမ်နဲ့' ဟူသောအမူအရာဖြင့် သံသယဝင်စွာ ကြည့်လိုက်ပြီး "ဘာလို့ ကျွန်မကို ကျေးဇူးတင်ချင်တာလဲ?" ကုလျန်မင်က သူမက ကြောက်နေသည်မလား?
"မနေ့က မင်း တောဝက်တွေကို ရိုက်လိုက်ပြီး ရှောင်းဝူနဲ့ ရှောင်းလျိုကို ကယ်လိုက်လို့နေမယ်" ကုလျန်ရွှမ် နုတ်နုတ်စင်းပြီးသား အသားများကို ဓါးဖြင့် ယူကာ ပုံလိုက်ပြီး ကျန်သည့်အသားကို ထပ်နုတ်နုတ်စင်းသည်။
ကျန််းထျန် မေးပွတ်ကာ "ရှောင်းဝူနဲ့ ရှောင်းလျိုက ကျွန်မကို ကျေးဇူးတင်သင့်တာပါ။"
ကုလျန်ရွှမ် တွေးကြည့်ပြီး ဒါက အဓိပ္ပါယ်ရှိသည်ဟု စဥ်းစားမိသည်။ ဒါဆို ရှောင်းမင်က ဘာလို့ ကျန်းထျန်အတွက် မှိုကြက်ဥခေါက်ဆွဲ လုပ်ပေးချင်ရတာလဲ ကျန်းထျန်အားကို မြင်ပြီးတော့ ရှောင်းမင် အသိဝင်လာပြီး ကျန်းထျန်ကို ဖားဖို့ တွေးထားလို့လား?