← Chapters

အခန်း (၄၀)

Vol. 4 Ch. 40

အခန်း (၄၀)

Vol. 4 Ch. 40

အိမ်သို့ ထောက်ခံစာနှင့် ပြန်လာ‌သောအခါ ခြံထဲ အရင်ကထက် ပိုစည်နေသည်။ ကုလျန်မင်နှင့် အမွှာများက အပြင်တွင်ဖြစ်သည်။

ပင်မအခန်းက စားပွဲကို ခြံထဲချထားပြီး အပေါ်တွင် ဟင်းပွဲများ တင်ထားကာ ဘေးတွင် တွန်းလှည်းနှစ်ခုရှိသည်။

"တွန်းလှည်းက ရပြီလား?" ကျန်းထျန်် ကြည့်လိုက်ရာ တွန်းလှည်းထဲက အမွှာလေးများ ခေါင်းစောင်းပြီး ပူဖောင်းမှုတ်နေကြသည်။ သူမ ချဥ်းကပ်သည်ကို သိသည့်အတိုင်း အမွှာငယ်လေးများ မျက်လုံးဝိုင်းကြီးများနှင့် ‌ကြည့်ကြသည်။

သူတို့က တက်တက်ကြွကြွရှိကာ ဆယ်ရက်ဆက်တိုက် နို့မှုန့်‌သောက်ပြီးနောက် ဖောင်းဖောင်းကစ်ကစ်ဖြစ်လာကြသည်။ ကျန်းထျန် လက်မြှောက်ပြီး အမွှာလေးတွေရှေ့ ရမ်းလိုက်ပြီး ဘေးက ရွှီကျင်းဖန်ကို မေးလိုက်သည်။ "အမေ သူတို့ သမီးကို အခုမြင်နိုင်ပြီလား?"

"သုံးလကျော်ပြီဆိုရင် သူတို့ မြင်နိုင်ပြီ။ မွန်းတည့်မလို့ နေထိုးနေတာ။ အပြင်မှာ ‌သူတို့ကို နေရောင်ပြလို့ရတယ် " အမွှာလေးတွေမျက်လုံး အုပ်ထားသည်က သေချာမှ ရွှီကျင်းဖန် ထိုင်ကာ ပြောလိုက်သည်။ "စားကြမယ်"

ထမင်းက ကုလျန်မင် ချက်ထားသည်ဖြစ်သည်။ အသားတစ်တုံးကို ကြော်ပြီး အာလူး ပဲနှပ်ကာ ကြာဆံလက်နှစ်ဆုပ်စာထည့်လိုက်သည်။ နောက် ခေါက်ဆွဲ ပန်ကိတ်လည်းပါသည်။

အမွှာငယ်လေးတွေကို စားရင်း ‌ကြည့်ကြသည်။ အခုက ကုမိသားစု အစုံအလင် စားရသည့်ပထမဆုံးအကြိမ်ဖြစ်သည်။

ရွှီကျင်းဖန် ပင်းပင်း၏ တွန်းလှည်းကို လှုပ်ရင်း "အနောက်အခန်းက ဝက်‌ပေါင်ခြောက်ထုတ်ပြီး အခိုးရိုက်ရမယ့် အချိန် ရောက်တော့မယ်။ အရင်နှစ်‌တွေက လိမ္မော်ခွံ၊ အနောက်ခြံက ကျိုင်း‌ကောင်ပင်ကိုင်း၊ ထင်းရှူးပင်ကိုင်းတွေကို သုံး"

ကုလျန်ရွှမ် ပြန်ဖြေလိုက်သည်။ "ကျွန်တော် လုပ်လိုက်မယ်။ အခိုးရိုက်ပြီးရင် မြို့ကြီးသွားတဲ့အခါ နှစ်ခုကို ယန်ဆရာဝန်ဖို့ ယူသွားလိုက်မယ်"

"ဝက်ပေါင်ခြောက်အပြင် မှိုတစ်ခြင်း မျှစ်စို့ချဥ်တစ်ဘူး ယူသွားလိုက်။ အမေတို့အိမ်မှာ ဘာမှကောင်းတာမရှိပေမယ့် ယန်ဆရာဝန်က ဝက်ပေါင်ခြောက်ကို မယူရင် အစာခြောက်တွေ‌ ပေးလိုက် "

ရွှီကျင်းဖန် ခေါင်းညိတ်ကာ ဆက်‌ပြောလိုက်သည်။ " အမေ အလုပ်က ပြန်လာရင် သားတို့ ရထား‌ပေါ် စားဖို့ တစ်ခုခုပြင်‌ပေးလိုက်မယ်။ သားမှာ စားစရာလက်မှတ်လောက်လား?" သူမ ကုလျန်ရွှမ်ကို မေးလိုက်သည်။

"လောက်တယ်"ကုလျန်ရွှမ် ဖြေလိုက်သည်။ "ပိုက်ဆံရော လက်မှတ်ရောလောက်တယ်"

"ဟုတ်ပြီ" ရွှီကျင်းဖန် ပြောလိုက်သည်။ "ရထားနဲ့ဆို မြို့ကနေ မြို့ကြီးရောက်ဖို့ ဆယ်နာရီကျော်သွားရတယ်။ အမေ ခန့်မှန်းတွက်ကြည့်ရင် နောက်ရက် မွန်းတည့်လောက် ရထားရောက်လိမ့်မယ်။ နှစ်နပ် သုံးနပ်လောက် ရထားပေါ်ပဲစားရမယ်"

" သားတို့သွားရင် အသားလုံး အချဥ်စိမ် ပေါက်စီထုပ်သွားလိုက်။ မြို့ကြီးက ပြန်ရင်တော့ သားတို့ဘာသာ ကြည့်စားကြ" ရွှီကျင်းဖန် သူတို့အသွားစားဖို့ကိုသာ ပြင်နိုင်သည်။ သူတို့ မြို့ကြီးတွင် ရက်များများနေရမည်ဖြစ်၍ များများပြင်ပေးလိုက်လျှင် ပြန်မလာခင် စားစရာများက မကောင်းလောက်တော့။

"အမေ၊ ဒါကို စိတ်မပူနဲ့။ ကျွန်တော်စားစရာရဖို့ နည်းလမ်းတစ်ခုရှိတယ်" ကုလျန်ရုန် ပန်ကိတ်စားပြီးနောက် လက်ကိုပွတ်ကာ "ကျွန်တော် မြို့ကြီးက အစိုးရပိုင်စားသောက်ဆိုင်က စားဖိုမှူးနဲ့က သူငယ်ချင်းတွေ။ အပြန်ရထားပေါ် စားဖို့ ပေါက်စီတွေ သူ့ကို ဝယ်ခိုင်းလိုက်မယ်"

ကျန်းထျန် ပန်ကိတ်ကို ခဲယဥ်းစွာ မျိုချလိုက်ပြီး သူမအံ့သြသွားသည်ကို ထိန်းချုပ်ရန် ရေသောက်လိုက်သည်။ သူမ အမျိုးသားဇာတ်ဆောင်၏ အင်အားကြီးလှသောစကားများကို နားထောင်ပြီး မအံ့သြဘဲ မနေနိုင်။

ရွှီကျင်းဖန် - "....အမေ၊ စိတ်မပူပါဘူး။ ထျန်ထျန် မသွားရင် အမေ စိတ်ပူချင်မယ် ထင်နေတာလား? ထျန်ထျန် ပါလို့ အမေ စားစရာပြင်‌ပေးလိုက်တာ"

"အိုး။ ကျွန်တော်် မနက်ဖြန် ရှန်းလီနဲ့ မြို့မှာ လက်မှတ်သွားဝယ်လိုက်မယ်" ကုလျန်ရုန် ဒါကိုကျင့်သားရနေပြီဖြစ်သည်။ " သဘက်ခါအတွက် လက်မှတ်ဝယ်လိုက်မယ်။ နေ့လည် ၃နာရီ လက်မှတ်ရှိတယ်။ နောက်တစ်နေ့မနက် ၆ နာရီလောက် ရောက်မှာ" ခုအချိန်တွင် နောက်မကျသည့်ရထားမရှိ။ အလယ်တွင် ရပ်သည်များရှိကာ အချိန်ကလည်း အရမ်းမတိကျ။

နေ့လည်တွင် အနောက်တွင် ရက်အနည်းငယ် နှပ်ထား‌သော ဝက်သားကို ထုတ်ကာ ဝါးများပေါ်တွင် တစ်ခုပြီး တစ်ခု လှမ်းထားပြီး ကောက်ရိုးဖျာများဖြင့် ကာထားကာ အောက်တွင် ထင်းရှူးကိုင်းများ ရှို့ထားပြီး ပေါက်ပန်း လိမ္မော်ခွံများ ထည့်ထားသည်။

နောက်တစ်နေ့ ကုလျန်ရုန် ကျန်းထျန်၏ ထောက်ခံစာနှင့် နာမည်ကတ်ယူပြီး မြို့သို့ ကုရှန်းလီနှင့် လက်မှတ်သွားဝယ်သည်။ ရွှီကျင််းဖန် ပိုက်ဆံလက်မှတ်ကို သူတို့နှစ်ယောက်အားပေးလိုက်ပြီး ပြောလိုက်သည်။ "မင်းတို့ နေ့လည်စာစားချိန်လောက် မြို့ရောက်ရင် အစိုးရပိုင်စားသောက်ဆိုင်မှာ မင်းတို့ နေ့လည်စာစားလို့ရတယ်။ မင်းတို့နှစ်ယောက်ဖို့ အိမ်မှာ စားစရာပြင်ထားတာမရှိဘူး"

မြို့ကြီးသွားမည့်အချိန် အတည်ပြုပြီးနောက် ကျန်းထျန် ခုံစောင်းပေါ် လှဲကာ အစီအစဥ်များ စတင်ပြင်သည်။ "ကုလျန်ရွှမ်။ ကျွန်မတို့ မြို့ကြီးမှာ ဘယ်နှရက်နေမှာလဲ?" နေရာလွတ်က ပစ္စည်းများကို ရောင်းနိုင်သည်။

"မင်း ဘယ်လောက်နေချင်လဲ?" ကုလျန်ရွှမ် ပဲကိတ်လုပ်ဖို့ ပုံစံခွက်ကို ကြည့်နေရာ ရပ်ပြီး သူမကို ကြည့်ကာ မေးလိုက်သည်။

"အာ ... ကျွန်မ ရောက်ပြီး ဒုတိယနေ့ ဆေးရုံမှာ ရှင့်ဒဏ်ရာကို သွားကြည့်မယ်။ ဘာကိစ္စမှမရှိရင် ကားလက်မှတ်ဝယ်ပြီး တတိယနေ့ ပြန်လာလို့ရတယ်" ကျန်းထျန် တွေးပြီး "ဒီလိုရော?"

ကုလျန်ရွှမ် ခေါင်းခါလိုက်သည်။ " အဲ့လောက် အရမ်းမမြန်ဘူး။ ဒီတစ်ခါ ကိုယ် ယန်ဆရာဝန်ကို ဒဏ်ရာသွားပြရင် သူ ဆေးညွှန်းကို သေချာကြည့်ပြီး ပေးဖို့က နှစ်‌ရက်လောက်ကြာလိမ့်မယ်"

‌ပြောရလျှင် မြို့ကြီးတွင် အနည်းဆုံး သုံးရက်နေရကာ ငါးရက်‌မြောက်နေ့ထိ စောင့်ပြီးမှ ချွီကျင်းခရိုင်ပြန်ဖို့ လက်မှတ်ဝယ်ရမည်။

သုံးရက်က သူမအတွက် မြို့ကြီးတွင် နေရာအချို့ကို ပတ်သွာဖို့ လုံလောက်သည်ထက်ပိုသည်။

"ကျွန်မတို့ ဧည့်ရိပ်သာမှာ နေမှာလား?" ကျန်းထျန် မူလပိုင်ရှင်မှတ်ဉာဏ်ထဲက တွေးပြီး ပြောလိုက်သည်။

ကုလျန်ရွှမ် ပုံစံခွက်ကို ပြတင်းပေါက်ဘောင်ပေါ်တင်ပြီး အခြောက်ခံလိုက်သည်။ ‌"ဟုတ်တယ်။ မင်း ကိုယ်နဲ့ တစ်ခန်းနေရမယ်" ဧည့်ရိပ်သာက အလွန်ရိုးရှင်းကာ ‌စျေးကလည်း မသက်သာ။ တချို့အခန်းတံခါးများက ပျက်နေ၍ ကျန်းထျန် တစ်ယောက်တည်းဖြစ်မည်ကို သူစိုးရိမ်သည်။

ကျန်းထျန် အခုချိန်က ဧည့်ရိပ်သာကို တစ်ခါမှမမြင်ဖူးပေ။ အရင်ဘဝက ဟိုတယ်ကဲ့သို့ တစ်ယောက်ခန်း နှစ်ယောက်ခန်းဟု တွေးပြီး သူမ ခေါင်းညိတ်လိုက်သည်။

"ဆေးညွှန်းကို စောင့်တုန်း ကျွန်မ အပြင်ထွက်လို့ရလား?" ကျန်းထျန် တွေးကြည့်ပြီးရာ သူမ ပထမဆုံးသွားမည့်နေရာက စျေးဖြစ်သည်။ ‌မြို့ကြီးက စျေးက ချွီကျင်းခရိုင်က စျေးလေးနှင့် မတူလောက်။ ရှားသည့်အရာများ ရှိလောက်မည်။

သို့သော် သူမ စိုးရိမ်နေသည်က စျေးက ပစ္စည်းကောင်းများက လက်မှတ်လိုမည် ဖြစ်သည်။ ထို့ကြောင့် သူမတွင် ပိုက်ဆံရှိလျှင်တောင်မှ သူမ ငေးသာကြည့်နိုင်သည်။

"ကိုယ် မင်းနဲ့သွားမယ်" ကျန်းထျန် တစ်ယောက်တည်းအပြင်ထွက်မည်ကို ကုလျန်ရွှမ် စိုးရိမ်သည်။ ကျန်းထျန်၏ အခုဒဏ်ရာက မပျောက်‌သေးကာ တစ်ခါတစ်လေတူကိုင်လျှင်တောင် တုန်သည်။ ပြီးတော့ ကျန်းထျန်က ထင်ပေါ်၍ သူမရုပ်ရည်နှင့်ဆိုလျှင် သူ သူမကို တစ်ယောက်တည်း မလွှတ်ရဲ။

ကျန်းထျန် အစက ငြင်းချင်ပေမယ့် သေချာတွေးကြည့်ပြီးနောက် သူမ ဒီခေတ်ကို သိပ်နားမလည်၍ သူမ အပြင် ပထမဆုံးထွက်စဥ် ဒီကလူကို မေးသည်က ပိုကောင်းသည်။

" ရှင်အပြင်ထွက်ရင် ဂျိုင်းထောက်ယူရမှာ ဆိုတော့ အရမ်းအဆင်မပြေလောက်ဘူး။ ပထမဆုံးတစ်ခါပဲ ကျွန်မတို့ အတူတူသွားကြမယ်။ နောက် ကျွန်မ ဘာသာသွားလိုက်မယ််" မဟုတ်လျှင် သူမအကြံမဖြစ်နိုင်တော့ပေ။

ကုလျန်ရွှမ် ပုံစံခွက်ကို လုပ်နေရင်း ရပ်သွားကာ ငုံ့ပြီး တိုးတိုးပြန်ဖြေလိုက်သည်။ "ကောင်းပြီ" နောက်နေ့လည် ကုလျန်ရုန်နှင့် ကုရှန်းလီ မြို့မှ ဖရဲသီးအကြီးတစ်လုံးနှင့်ပြန်လာသည်။

ရှောင်းဝူနှင့် ရှောင်းလျို အော်သံကြား၍ ကျန်းထျန် ပြတင်း‌ပေါက်ကို အမြန်ဖွင့်ကာ အပြင်ကို ကြည့်လိုက်သည်။ ကုရှန်းလီမြင်၍ အော်ပြောလိုက်သည်။ "မရီး! တတိယကလေး ယူလာတဲ့ ဖရဲသီး"

ကုလျန်မင်် ထိုင်ခုံမှ ထကာ "သမီး မီးဖိုချောင်ကနေ ဓါးသွားယူလိုက်မယ် "နွေရာသီတွင် ဖရဲသီးစားရသည်က တရုတ်နှစ်သစ်ကူးတွင် အသားစားရသည်ထက် ပိုရှားသည်။

ကုလျန်ရုန် ဖရဲသီးကိုတစ်ဝက်ခွဲကာ တစ်ဝက်ကို ကုရှန်းလီကို ‌ပေးလိုက်သည်။ " ပြန်ယူသွားလိုက်" ကုရှန်းလီလည်း မငြင်းဘဲ သူတို့ကို နှုတ်ဆက်ပြီး ဖရဲသီးကို ယူကာပြန်သွားသည်။

ကျန်းထျန် နီနီရဲရဲဖရဲသီးကို အဝေးကနေမြင်၍ ကုလျန်ရွှမ်ကို ကြည့်ရန် ‌ပြောလိုက်သည်။

ကုလျန်ရွှမ် ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ကြည့်ပြီး ပြောလိုက်သည်။ "လက်မှတ်ဝယ်ပြီးပြီလား?"

ကုလျန်ရုန် ခေါင်းညိတ်ကာ ရေတစ်ခွက်ထည့်ပြီး ပြောလိုက်သည်။ "ဝယ်ပြီးပြီ။ အိပ်စင်လက်မှတ်နှစ်စောင်-ထိုင်ခုံတစ်စောင်"

" ဟုတ်ပြီ"ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ဖရဲသီးကို ရေတွင်းမှာ ထားလိုက်"

‌

ရေတွင်းတွင် တစ်နေ့ခင်းလုံး ဖရဲသီးကို စိမ်ထားကာ ညစာစားပြီးနောက် ရွှီကျင်းဖန် ကုလျန်ရုန်ကို ဖရဲသီးကို ဆွဲတင်ရန်ပြောပြီး လူတိုင်းမျှစားခိုင်းလိုက်သည်။

ကျန်းထျန် သူမလက်ကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်သည်။ ဒီဖရဲသီးက အရသာရှိသည့်ပုံ‌ပေါ်သည်။ သူမ သူမဖို့ဝေစုကို အကိုက်ကြီးကြီးကိုက်လိုက်သည်။

"အရမ်းချိုတယ်!" အေးပြီးချိုသည်။

ကုလျန်ရွှမ်လည်း တစ်စိတ်ရကာ ဒါကိုကြား၍ သူကိုက်သည်ကို ရပ်လိုက်ပြီး ခြံထဲကလူများကို ကြည့်ကာ ချောင်းဟန့်ပြီး ပြောလိုက်သည်။ "အိမ်ထဲ ပြန်ဝင်ပြီး စားကြမယ်။ မှောင်နေပြီဆိုတော့ ခြင်တွေအများကြီးပဲ"

ကုလန်ရုန် လက်ထဲက ဖရဲသီးကို ကိုက်ပြီး နောက်တစ်စက္ကန့်တွင် လက်မြှောက်ပြီး သူ့ခြေထောက်က ခြင်ကို ရိုက်သတ်လိုက်ကာ ရွံသည့်မျက်နှာနှင့် လက်ကို ခါလိုက်သည်။

ရွှီကျင်းဖန်လည်း ခြင်တစ်ကောင်ကို အ‌သေရိုက်သတ်လိုက်သည်။ "ဒီိလိုဆိုရင် အိမ်ထဲ ဝင်ကြရအောင်"

ကျန်းထျန် ဖရဲသီးကို အမြန်ကုန်အောင် စားလိုက်ကာ အနောက်ခြံ၌ ကိုယ်လက်သန့်စင်ပြီးနောက်ကုလျန်ရွှမ်ကို အိမ်ထဲ တွန်းပို့ပေးလိုက်သည်။ မတွန်းခင် ကျန်းထျန် ဒုတိယအကြိမ်ကြည့်လိုက်သည်။ စားစရာကို အစိမ်းတောင်စားနိုင်သည့် ကုလျန်ရွှမ်က ဘာလို့ ဖရဲသီးတစ်စိတ်ကို အခုထိ မစားဘဲနေသည်နည်း။

ကုလျန်ရုန်လည်း သိချင်သည်။ သူ့ဖရဲသီးစိတ်ကို စားပြီး ပါးစပ်ကို သုတ်ကာ သူ့အကိုကြီးလက်က တစ်စိတ်ကို ကြည့်ကာ "အစ်ကို ဘာလို့မစားတာလဲ? အကို မစားရင် ကျွန်တော့်ကို ‌ပေးပါလား? မြန်မြန်မစားရင် မ‌ကောင်းဘဲနေမယ်"

ကုလျန်ရွှမ် ကုလျန်ရုန်ကို တားလိုက်သည်။ သူ့အကြည့်က အလွန်ပြတ်သားကာ ကုလျန်ရုန်ကို မကြည့်ဘဲ အခန်းထဲ ဝင်သွားသည်။

ကုလျန်ရုန် ဖရဲသီးစားရမည့် အခွင့်အရေးကို လက်မလျှော့။ ထပြီး ပြတင်းပေါက်ကို ဖွင့်ကာ "အကို ကျွန်တော့်ဗိုက်ထဲ ကာ‌သေးတယ်။ ကျွန်တော် စားနိုင်‌သေးတယ်"

ကုလျန်ရွှမ် ခုံစောင်းပေါ် ဖရဲသီးကို တင်လိုက်ပြီး ကုတင်ပေါ်တက်ကာ မျက်နှာသေနှင့် ပြတင်းပေါက်ကို ပိတ်လိုက်သည်။

ကုလျန်ရုန် မညှာမတာပိတ်သွား‌သောပြတင်းပေါက်ကို ကြည့်ကာ သူတကယ်မသိဟု စဥ်းစားနေသည်။

ကျန်းထျန်လည်း ကုတင်ပေါ်တက်ကာ ခေါင်းအုံးချပြီး အိပ်ရန်ပြင်သည်။ သူမ အခုဘဝက စားလိုက်အိပ်လိုက်ဖြစ်သည်။ အလွန်ကျန်းမာသည့် အချိန်ဇယားနှင့် နေပြီး အဖွဲ့၏ အလုပ်သွား အလုပ်ပြန် ဝစီသံနှင့် သူမလှုပ်ရှားသည်။

ဖျော်ဖြေရေးက အလွန်ရှားပါးသည်။ ဖုန်းဖြင့်အင်တာနက်ကြည့်ဖို့မဆိုထားနှင့် ရေဒီယိုပင်မရှိ။

ကုတင်ပေါ်ထိုင်ကာ ကုလျန်ရွှမ် ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်နှင့် မ‌ပြောရဲဘဲ မျက်မှောင်ကြုတ်နေသည်။

ကျန်းထျန် လှည့်လိုက်ရာ ကုလျန်ရွှမ် ‌ထိုင်နေသည်ကို တွေ့လိုက်သည်။ သူမ ခေါင်းလှည့်ပြီး ခုံ‌စောင်း‌ပေါ်ကြည့်လိုက်ရာ ထိုအပေါ်က ဖရဲသီးက ‌နေရာမရွေ့သေး‌ကြောင်း တွေ့လိုက်သည်။ "ကုလျန်ရွှမ် ဖရဲသီးမစားသေးဘူးလား?"

ကုလျန်ရွှမ် သူ့နှလုံး လည်‌ပင်းပေါ် ချက်ချင်းတက်လာသလိုခံစားရကာ လက်ဖဝါးက ချွေးပြန်နေသည်။ "...ကိုယ် အခု မစားနိုင်တော့ဘူး။ မင်း ကိုယ့်ကို ကူ စားပေးလို့ရလား?"

ကျန််းထျန် နည်းနည်းထလိုက်ကာ "ဟမ်?" သူမ အံ့အားသင့်နေပေမယ့် အသံကတော့ အနည်းငယ်ရှက်သည့်ပုံပေါ်သည်။ ကုလျန်ရွှမ် မစားနိုင်သည့်အချိန်ရှိ၍လားဟု တွေးမိသည်။

ညက သူဘယ်လောက်စားသည်ကို သူမ သေချာမမြင်လိုက်ပေမယ့် ဗိုက်ကား‌လောက်သည်အထိ မဟုတ်လောက်။ သူ အခု ဖရဲသီးတစ်စိတ်တောင် မစားနိုင်တော့ဘူးလား? ဒါက ပုံမှန်မဟုတ်ပေ။ " ရှင်ဖရဲသီး မကြိုက်ဘူးလား?" ကျန်းထျန် ခန့်မှန်း‌ပြောလိုက်သည်။ ဖရဲသီးမကြိုက်သည့်သူကတော့ ရှားသည်။

"အာ...အမ်" ကုလျန်ရွှမ် ခဏမျှ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဒါ‌ပေမယ့်" ကျန်းထျန် ခေါင်းကုတ်ကာ အနည်းငယ်ရှက်နေသည်။ "ကျွန်မလည်း မစားနိုင်တော့ဘူး" သူမ အရသာရှိသည်ကို စားရသည်အား ကြိုက်‌ပေမယ့် သူမ အများကြီးလည်း မစားနိုင်။

"ရှင် ရှောင်းမင်ကို စားခိုင်းလိုက်ရင်ရော?" ကျန်းထျန် အကြံပြုလိုက်သည်။

ကုလျန်ရွှမ် - "...မဟုတ်ဘူး။ ကိုယ်အရမ်းလည်း ဗိုက်မပြည့်သေးပါဘူး။ ကိုယ်စားနိုင်ပါသေးတယ်"

ကျန်းထျန် ပြန်လှဲလိုက်ပြီး "..အို ..ဒါဆို ခဏစောင့်ရင် ရပါတယ် "သူမ မျက်လုံးမှိတ်ကာ အိပ်ရန် ပြင်လိုက်သည်။

အမှောင်ထဲ အချိန်အတော်ကြာပြီးနောက် ကုလျန်ရွှမ် သက်ပြင်းချပြီး ခုံစောင်း‌ပေါ်က ဖရဲသီးကို ယူကာ နှစ်ကိုက် သုံးကိုက်ဖြင့် ကုန်အောင်စားလိုက်သည်။ သူ လှဲလိုက်ပေမယ့် အိပ်မပျော်၍ လှိမ့်နေလိုက်သည်။

All Chapters