ကြိုးပဲ့နေသော အမွေအနှစ်အတွက် ရွှေသုံးသန်း
Vol. 17 Ch. 246
အပေါ်အဆင့်ရှိ ကိုယ်ပိုင် VIP အခန်းတစ်ခန်း၏ အရိပ်အောက်မှာတော့ လူတစ်ယောက် မလှုပ်မယှက် ထိုင်နေခဲ့ကာ သူ့ကိုယ်လုံးကို အမည်းရောင် အဝတ်အစားကြီးနဲ့ လုံးဝ ဖုံးအုပ်ထားချေသည်။
နီဖန်းကျိုး၏ ရှိနေမှုသည် အပေါ်ယံမှာတော့ တိတ်ဆိတ်သော ရေကန်တစ်ကန်လို တည်ငြိမ်အေးဆေးနေသည့်တိုင် အောက်ခြေမှာတော့ မမြင်ရသည် နက်ရှိုင်းမှုများနှင့် ဖုံးကွယ်ထား၏
သူ့မျက်လုံးထဲမှ အလင်းရောင် လင်းလက်သွားချိန်တွင် စိတ်ဝင်စားမှု မီးပွား လောင်ကျွမ်းသွားခဲ့သည်ကို ဖော်ပြပေးနိုင်ခဲ့သည်။
အောက်မှာတော့ အစေခံတစ်ယောက်သည် ပန်းချီလက်ရာများနှင့် လက်ကောက်လေးတစ်ခုအား ပိုးသားခင်းထားသည့် ခေါင်းအုံးပေါ် သယ်ဆောင်လာခဲ့၏
လက်ကောက် မျက်နှာပြင်သည် အဟောင်းအရောင် ရှိနေပြီး မီးအိမ်အလင်းအောက်မှာတော့ ထုလုပ်ထားသည့် အမှတ်အသားများသည် မရှင်းမလင်း ဖြစ်နေ၏ သို့တိုင် ထိုလက်ကောက်အနားဝန်းကျင် လေထုသည် လှိုင်းထသလို တုန်ခါနေပြီး မမြင်နိုင်သော လှိုင်းများ ထွက်ပေါ်နေသလိုသာ
လန် ယွဲ့ရုံ အသံသည် ရှင်းလင်းပြတ်သားပေမဲ့ သတိထားမှုလေး တစ်ချက် ပါဝင်နေသည်။
“ဒီပစ္စည်းကို ကျွန်မတို့ အကဲဖြတ်ပညာရှင်တွေ ပြောပုံအရတော့ ရှေးဟောင်း ဝိညာဉ် ပြုစုပျိုးထောင်ရေး အရာဝတ္ထုတစ်ခု ပါတဲ့။
တိကျတဲ့ အဆင့်ကို မသတ်မှတ်နိုင်သေးပေမဲ့ မြေကမ္ဘာဆင့်နီးပါး ရှိမယ်လို့ ခန့်မှန်းထားပါတယ်။”
သူမ စကားများသည် ရှင်းလင်းသည့်တိုင် စိတ်မဝင်စားသော အသံများသာ ထွက်လာ၏
ရှိနေသော ကျင့်ကြံသူအများစုအတွက် ဝိညာဉ်ကို ခိုင်မာစေသော အရာဝတ္ထုသည် သီးသန့်အသုံးမဝင်သော ပစ္စည်းမျိုးသာ။ အဂ္ဂိရတ်ပညာရှင်များ၊ အခင်းအကျင်းပညာရှင်များ ဒါမှမဟုတ် အန္တရာယ်များသော ဝိညာဉ်ကျင့်ကြံမှု လမ်းကြောင်းကို လျှောက်နေသူများအတွက်သာ အသုံးဝင်နိုင်ပြီး ကောင်းကင်အဆင့်နှင့် မြေကမ္ဘာအဆင့် အဖိုးတန်ပစ္စည်းများ မျှော်လင့်နေသည့် အချိန်၌ တိုက်ခိုက်ရလောက်သည့် အရာ မဟုတ်ပေ
ထို့အပြင် အတော်လေး ဟောင်းနွမ်းနေသလို မြင်ရပြီး အခြေအနေကောင်းကောင်း မရှိနိုင်ဘူးဟု ထင်ရ၏
မျိုးနွယ်စုခေါင်းဆောင်အချို့ကတော့လက်ကောက်ကို တစ်ချက်လောက်သာ ကြည့်ပြီး မျက်လုံးများကို နောက်ထပ် လေလံပစ္စည်းဆီ ဆက်ရွှေ့လိုက်ကြကာ ထိုပစ္စည်းကိုတော့ အဖိုးတန်ပစ္စည်းများအပြင် ငွေအနည်းငယ် ထပ်ရဖို့ လုပ်ထားသည့်အရာဟု သဘောထားကြ၏
သို့တိုင် အရိပ်အောက်မှာတော့ နီဖန်းကျိုးသည် လက်ကောက်ပေါ်ကို မလွှတ်တမ်း စူးစိုက်ကြည့်နေ၏
“ဆရာ… ဒါက ဆရာ့ကို ကူညီပေးနိုင်မဲ့ အရာဝတ္ထုလား…”
သူ့စိတ်ထဲမှ သခင် တူရှန်ချန်ကို တိတ်တဆိတ် မေးလိုက်၏
“ဟုတ်တယ်.. ဒီဟာက သာမန်အလှဆင်ပစ္စည်း မဟုတ်ဘူး ကလေးရေ။ အဓိက အူတိုင်က ပျက်စီးနေတယ်ဆိုတာ မှန်ပေမဲ့ တစ်ချိန်တုန်းကတော့ မိုးကောင်းကင်ဒဏ်ကိုတောင် ခံနိုင်အောင် ဝိညာဉ်ကို ပြုလုပ်ပေးနိုင်တဲ့ ပြည့်စုံတဲ့ အရာဝတ္ထုတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တာပဲ။”
နီဖန်ကျိုး နှုတ်ခမ်းများက အနည်းငယ် ကွေးသွား၏
“ဒါဆို… ဒါက ငါ့အတွက်ပဲ”
လေလံကြေညာသူသည် လူထု၏ စိတ်မဝင်စားမှုကို သတိထားမိနေသော်လည်း ပရော်ဖက်ရှင်နယ် အပြုံးကို မပျက်စေဘဲ အစပြု ကြေညာလိုက်၏
“အစပြု လေလံဈေးကို ရွှေ ငါးသောင်းနဲ့ စတင်ပါမယ်..ဘယ်သူ”
“ရွှေ တစ်သန်း”
အသံက တည်ငြိမ်အေးဆေးပေမဲ့ ခန်းမအတွင်းမှာတော့ ရေပြင်ထဲ ကျောက်တုံးတစ်လုံး ပစ်ချလိုက်သလို လှိုင်းထသွားသည်။
လူအများ၏ ခေါင်းများသည် VIP လသာခန်းတွေကို ချက်ချင်း လှည့်သွားကြ၏။
အလုပ်မဖြစ်သော ပစ္စည်းတစ်ခုအတွက်—ရွှေ တစ်သန်းလား?
လန်ယွဲ့ရုံ၏ မျက်ခုံးများ တစ်ခဏ မြင့်တက်သွားပေမဲ့ သူမသည် ချက်ချင်းပဲ ယဉ်ကျေးသည့် အပြုံးနဲ့ ဖုံးကွယ်လိုက်သည်။
"အာ... VIP အခန်းနံပါတ်ကိုးက လေးစားအပ်တဲ့ ဧည့်သည်မှ ရွှေတစ်သန်း။ နောက်ထပ်ကမ်းလှမ်းချက်တစ်ခု ရှိဦးမလား။"
ပရိသတ်ကြားတွင် ထင်ကြေးများ ပျံ့နှံ့သွားသည်။
ကမ်းလှမ်းသူသည် အရူးဟု ထင်မြင်ကာ အချို့က လှောင်ပြောင်ကြသည်။
ထိုမျှချမ်းသာသော သူတစ်ဦးဦးသည် ၎င်းကို အလွန်လိုချင်ပါက လက်ကောက်ထက် မျက်စိကျစေသောအရာများ ရှိနိုင်ကြောင်း သဘောပေါက်သည့် အခြားသူများက မျက်မှောင်ကြုတ်ကြသည်။
သို့သော် ၎င်းသည် လေလံခန်းမမှ ဈေးနှုန်းမြှင့်တင်ရန် လှည့်ကွက်တစ်ခု ဖြစ်နိုင်သောကြောင့် လူအများစုမှာ မစွန့်စားလိုကြပေ။ အထူးသဖြင့် ရွှေတစ်သန်း ဖြစ်နေသောအခါတွင်ပင်
VVIP အခန်းမှ ပိုင်ကျီဟန်၏ အကြည့်သည် အသံ၏ရင်းမြစ်ဆီသို့ လှမ်းကြည့်လိုက်သည်။
ဦးထုပ်ဆောင်းထားသော ပုံရိပ်၏ အရိပ်များကို သူ မမြင်နိုင်သော်လည်း ဤကဲ့သို့သော ရှေးဟောင်းပစ္စည်းကို မည်သူလိုချင်မည်ကို သူသိသည်။
သူမှလွဲ၍ ဝိညာဉ်ကို အားကောင်းစေမည့် တစ်စုံတစ်ခုကို လိုချင်မည့်သူ တစ်ဦးတည်းသာ ရှိကြောင်း သူသိသည်။
လီကျန်းဟုန်သည် သူ့ထိုင်ခုံမှ ကျယ်လောင်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ရွှေတွေကို ဒီလိုလွှင့်ပစ်တာ... အရူးပဲ" သူညည်းညူလိုက်ပေမဲ့ သူ့မျက်လုံးများသည် လက်ကောက်ပေါ်သို့ သံသယအနည်းငယ်နဲ့ စိုက်ကြည့်နေ၏
သို့သော် နီဖန်းကျိုးကတော့ သူ့ထိုင်ခုံ၌ ပြန်မှီလိုက်ပြီး လက်ချောင်းများနဲ့ လက်ရန်းခုံကို ခေါက်ကာ အောင်ပွဲကို စောင့်နေ၏
ချက်ချင်း တန်ပြန်ကမ်းလှမ်းမှုများ မလာတာကြောင့် လေလံပွဲစီစဉ်သူ အသံသည် ထပ်မံ ထွက်ပေါ်လာသည်။
မည်သို့ပင်ဖြစ်စေ ထိုဈေးနှုန်းသည် သူတို့ထင်ထားသည်ထက် အဆ ၂၀ ပိုများနေတာကြောင့် ထပ်ပေးစရာအကြောင်း မရှိတော့ပေ
"ရွှေတစ်သန်း... နှစ်ခါ၊ ရွှေတစ်သန်း—"
"နှစ်သန်း”
အသံသည် မြန်ဆန်ပြီး နက်ရှိုင်းကာ မှားယွင်းစရာ မရှိပေ။
လေလံခန်းမတစ်ခုလုံး ရပ်တန့်သွားချေသည်။ ခေါင်းပေါင်း ဒါဇင်များစွာသည် ပိုင်မျိုးနွယ်စုပိုင် VVIP လသာဆောင်ဆီသို့ လှည့်သွားကြချေသည်။
တစ်ဝက်လောက် ကြားရသူတွေတောင် သူတို့ ထိုင်ခုံများမှ မတ်တပ်ရပ်လိုက်ကြသည်။
ပိုင်ကျီဟန်သည် တည်ငြိမ်စွာထိုင်နေပြီး လက်တစ်ဖက်သည် လက်ရမ်းပေါ် ပေါ့ပေါ့ပါးပါးတင်ထားကာ သူ့အကြည့်သည် စင်မြင့်ပေါ်ကို ပျင်းရိစွာ စိုက်ကြည့်နေသည် ။ စျေးနှုန်းနှစ်ဆက သူ့အတွက် ဘာမှမဟုတ်သလိုပင်။
တီးတိုးစကားသံများ ချက်ချင်းထွက်ပေါ်လာသည်။
"နှစ်သန်းလား။ အဲဒီကျိုးနေတဲ့အရာအတွက်လား။"
"သူက တခြားအစွမ်းထက်တဲ့ ရတနာတွေအတွက် တိတ်ဆိတ်နေခဲ့ပေမဲ့ ဒီလိုကျိုးနေတဲ့ပစ္စည်းအတွက် ဒီလောက်မြင့်တဲ့ဈေးနဲ့ ကမ်းလှမ်းခဲ့တာလား။"
"သခင်လေးပိုင် ရူးသွားပြီလား"
အနက်ရောင်ဦးထုပ်နောက်က နီဖန်းကျိုးမျက်လုံးများ ကျဉ်းမြောင်းသွားသည်။ လေလံဆွဲသော လက်တစ်ဝက်လောက်သည် လေထဲ၌ ရပ်တန့်သွားပေသည်။
အခွင့်အရေးသမားများကို ခြောက်လှန့်ပြီး မလိုအပ်သည့်ယှဉ်ပြိုင်မှုကို ကာကွယ်ရန်အတွက် သူ့၏ ပထမဆုံးကမ်းလှမ်းချက်အား ရွှေတစ်သန်းအထိ တမင်တကာ မြင့်မားစွာတင်ထားခဲ့သည်။
ထိုပျက်စီးသောအရာအတွက် မည်သူမှ ပိုမြင့်သောဈေးနှင့် ကမ်းလှမ်းခဲ့ပေ။
သို့တိုင် ပိုင်ကျီဟန်သည် သူ့ကို စိန်ခေါ်ရုံတင်မကပေ။ တွန့်ဆုတ်ခြင်းမရှိဘဲ ဈေးနှုန်းကို နှစ်ဆတိုးလိုက်၏။
သူ့မေးရိုးမှ အားနည်းသော ကြွက်သားတစ်ခု တုန်ခါသွားသည်။
(သူ... သိတာလား?)
သခင်တူချန်ရှန် အသံသည် သူ့စိတ်ထဲ၌ စပ်စုသလို တိုးတိုးလေးပြောလိုက်သည်။
"ပိုင်ကျီဟန်က ရှေးဟောင်းပစ္စည်းရဲ့ အစစ်အမှန်အနှစ်သာရကို သိနေတာလား?"
သို့တိုင် ခေါင်းခါလိုက်၏။ ရှေးဟောင်းပစ္စည်းနှင့်ပတ်သက်သော အချက်အလက်များကို မသိရှိရသေးဘဲ မှုန်ဝါးဝါးသာ ကြားသိနေရတာကြောင့် ၎င်းက ဖြစ်နိုင်စရာအကြောင်းမရှိပေ
နီဖန်းကျိုး အကြည့်က မှောင်မိုက်သွား၏
(ဒါမှမဟုတ်... ပိုင်ကျီဟန်က ကျွန်တော့်ကို မှတ်မိပြီး ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် လုပ်နေတာလား။)
၎င်းသည် ပထမအကြောင်းပြချက်ထက် အများကြီးပိုအဓိပ္ပာယ်ရှိပေသည်။
မည်သို့ပင်ဆိုပါစေ ၊ အခုသူသည် သခင်လေးပိုင်နှင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အတော်လေးခက်ခဲသော ပြိုင်ဘက်တစ်ယောက်ပင်
ဈေးနှုန်းကို ၂ သန်းအထိ တိုက်ရိုက်မြှင့်တင်လိုက်၏ သူကမ်းလှမ်းသော ဈေးထက် နှစ်ဆတိုးလိုက်ချေသည်။
စင်မြင့်ပေါ်မှာတော့ လန်ယွဲ့ရုံအပြုံးသည် သိသိသာသာတောက်ပလာပြီး သွေးနံ့ကို ဖမ်းမိနေသော သားရဲတစ်ကောင်လို တင်းမာမှုကို ခံစားလိုက်ရသည်။
"ပိုင်မျိုးနွယ်စုကနေ ရွှေနှစ်သန်း..နောက်ထပ်ပေးမဲ့သူ ရှိသေးလား။"
မှောင်မိုက်နေသော VIP အခန်းထဲ၌ နီဖန်းကျိုး လက်ချောင်းများသည် လက်ရမ်းတွင် ငြိမ်သက်နေချေပြီ
နှစ်သန်း
သူစုဆောင်းနိုင်သော ပမာဏ၏ အကန့်အသတ်ကို ရောက်နေပြီဖြစ်ပေမဲ့ သူ့သခင်အတွက် နှမြောမနေသင့်ဘူးဆိုတာ သူသိပေသည်။
ယခု သူ့မှာရှိတာတွေအားလုံးသည် သူ့သခင်ကြောင့်သာပင်
"၂ သန်းနဲ့ တစ်ရာ—"
သူစကားမဆုံးခင်မှာပင်
"၃ သန်း”
ပိုင်ကျီဟန်သည် မြေကမ္ဘာအဆင့် ကျင့်ကြံမှုနည်းစနစ်၏ ဈေးနှုန်းနဲ့ ညီမျှသော ၃သန်းအထိ တိုက်ရိုက်မြှင့်တင်လိုက်ပေသည်။
တိတ်ဆိတ်ကုန်၏
ပိုင်ကျီဟန်သည် အချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပေမဲ့ သူကမ်းလှမ်းသည့်အခါ သူ့ဘဏ်စာရင်းကိုတောင် မစစ်ဆေးခဲ့သလိုပင်
ပိုင်ကျီဟန်အား ယခင်က လှောင်ပြောင်ခဲ့သော လီကျန်းဟုန်တောင် ဇဝေဇဝါဖြစ်ခဲ့ရသည်။
(အဲဒီ ရှေးဟောင်းပစ္စည်းက ဘာလဲ။)
တကယ်ပဲ အဲဒီလောက်တန်ဖိုးရှိတာလား ဒါမှမဟုတ် ပိုင်ကျီဟန်က စိတ်ကူးပေါက်လို့ ကမ်းလှမ်းတာလား?
မည်သူမှ မသိနိုင်ပေမဲ့ ဟောင်းနွမ်းနေသော လက်ကောက်အတွက် သူ့ထက် မည်သူမှ ပိုမပေးကြောင်း လူတိုင်းသိသည်။
ပိုင်ကျီဟန် ၃ သန်းဟုပြောသည့်အခါ နီဖန်းကျိုး မေးရိုး ကျွတ်ထွက်သွားမတတ်ပင် ။ သူ ယှဉ်ပြိုင်နိုင်မည်ဟု ထင်ခဲ့ပေမဲ့ ၎င်းက သူ့အတွက် မဖြစ်နိုင်ဘူးဟု ထင်ရသည်။
လန်ယွဲ့ရုံ၏ ချိုမြိန်သော အသံသည် လေလံခန်းမတစ်ခုလုံး၌ ပျံ့လွင့်သွားသည်
"ရွှေသုံးသန်း၊ တစ်ကြိမ်”
"ရွှေသုံးသန်း... နှစ်ကြိမ်”
သူ့သခင်အတွက် မျက်စိရှေ့မှ လွတ်ထွက်သွားသော ပစ္စည်းကို နီဖန်းကျိုးသည် မဝံ့မရဲနဲ့ ကြည့်နေ၏
(ငါ ခိုးသင့်လား။)
သူ့သခင်အတွက် သူ ဘာမဆို လုပ်ရဲ၏
သို့တိုင် ၎င်းက ပိုတောင် မဖြစ်နိုင်ပေ
ပိုင်ကျီဟန်ဆီက ခိုးတာလား။
သူ မည်သူ့ကို နောက်နေတာလဲ။
နဂါးနှင့်ဖီးနစ်ပြိုင်ပွဲကို အာရုံစိုက်ပြီး ထိုလက်ကောက်ကို တခြားရတနာတစ်ခုခုနှင့် ပိုင်ကျီဟန်ဆီ လဲလှယ်သင့်ပေသည်။
ပိုင်ကျီဟန်သည် ရှေးဟောင်းပစ္စည်းကို မသိဘဲ စိတ်ကူးပေါက်လို့ လေလံဆွဲသည်ဟု သူ ယုံကြည်နေသည်။
"ရွှေသုံးသန်း - ရောင်းပြီးပါပြီ”
တူကြီးကို ထုလိုက်တော့ ခန်းမတစ်ခုလုံး လက်ခုပ်သံ၊ တီးတိုးပြောဆိုသံများနှင့် ဆူညံသွားပြန်သည်။
VVIP လသာဆောင်ရှိ ပိုင်ကျီဟန် အကြည့်သည် စင်မြင့်ပေါ်မှာပဲ ကျန်နေကာ ခန့်မှန်းမရပေ။ သူ့နှုတ်ခမ်းထောင့်က အမှုန်အမွှားလေးများကသာ သူ့ ကျေနပ်မှုကို ပေါ်လွင်စေခဲ့သည်။
အပေါ်က အရိပ်ထဲမှာတော့ နီဖန်းကျိုးသည်
မလှုပ်မယှက် ထိုင်နေပြီး သူ့ပတ်ဝန်းကျင်မှ မှောင်မိုက်မှုသည် အရင်ကထက် ပိုအေးလာသလိုပင်
လက်ကောက်ကို မကြာခင်မှာပဲ ကြွေထည်ဘူးထဲ ထည့်လိုက်ပြီး ပိုင်မျိုးနွယ်စု၏ VVIP အခန်းသို့ ယူသွားလိုက်ချေသည်။
သူတို့ လာပေးချိန်၌ ပိုင်ကျီဟန်သည် အစေခံကိုတောင် မကြည့်ဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ မျက်နှာပြင်ပေါ် လက်ချောင်းများကို ပွတ်သပ်နေ၏
စွမ်းအင်လှိုင်းများသည် ဝေးလံသော နှလုံးခုန်သံလို တဒိတ်ဒိတ် ခုန်နေ၏ အေးစက်ပေမဲ့ ထူးဆန်းစွာ အသက်ဝင်နေသည်။
"စီနီယာ ဒီအရာက ဘာလဲ"
သူ့ အသိစိတ် အနက်ရှိုင်းဆုံးထဲမှ မသေမျိုး ဧကရာဇ်၏ ဝိညာဉ် လှုပ်ရှားလာသည်။ ရှေးဟောင်းဆန်ပြီး ပဲ့တင်ထပ်နေသော အသံတစ်ခုသည် သူ့စိတ်ထဲ၌ စီးဝင်လာပြီး ပျော်ရွှင်မှု အနည်းငယ် ရောနှောနေ၏
"ဒါက ရှေးဟောင်း ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပါ။ တစ်ချိန်က ဒါကို ရောင်ပြန်ဟပ်မှု ကိုးခုရဲ့ မှန်လို့ခေါ်ပါတယ်။ သူ့ရဲ့ ပြီးပြည့်စုံတဲ့ပုံစံနဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်ကို ကိုးကြိမ်တိုင်တိုင် မြင့်တင်နိုင်ပြီး တစ်ခုချင်းစီက ပြီးခဲ့တဲ့အကြိမ်တွေထက် ပိုပြီး အန္တရာယ်များပါတယ်။"
ပိုင်ကျီဟန်မျက်လုံးများက အနည်းငယ် မှေးကျသွား၏
"အခုရော?"
"အခုလား။ ကျိုးပဲ့နေတယ်။ အရင်ကိုယ်ရဲ့အရိပ်ပဲရှိတော့တယ်။ အူတိုင်က ကျိုးနေပြီး အပြင်ခွံကလည်း ယိုယွင်းနေတယ်။ ဒီလိုပဲဖြစ်နေပေမဲ့ ဝိညာဉ်ကို အာဟာရဖြည့်တင်းပေးနိုင်တယ်၊ ဒဏ်ရာအသေးအဖွဲလေးတွေကို ပြန်ပြင်ပေးနိုင်တယ်၊ အချိန်ကြာလာတာနဲ့အမျှ ဝိညာဉ်ရေးရာအသိကို ထက်မြက်စေနိုင်တယ်။"
ပိုင်ကျီဟန် လက်ချောင်းများသည် လက်ရန်းကို ညင်သာစွာ တို့ထိလိုက်၏ သူ့လေသံက ပေါ့ပေါ့ပါးပါးပင်။ သို့တိုင် နောက်ဆက်တွဲမေးခွန်းသည် ရည်ရွယ်ချက်၏ အရိပ်အယောင်များ ပါနေ၏
"ဒါက... မင်းကို ပြန်ကောင်းလာစေမှာလား?"
သူ့စိတ်ထဲ၌ ခဏတာ တိတ်ဆိတ်သွားလေ၏ သူမစကားများကို ချိန်ဆဖို့ ရပ်တန့်သွားသလိုပင် ။ ထို့နောက်
"ဟုတ်တယ်..ဒါပေမဲ့ မင်းရဲ့ ဝိညာဉ်ကို ချုပ်နှောင်ထားတဲ့ ရှေးဟောင်းပစ္စည်းက ဒီထက် ပိုကောင်းတယ်။"
ပိုင်ကျီဟန် နှုတ်ခမ်းများသည် မှိန်ဖျော့ဖျော့ကွေးသွားလေ၏ သူသည် ဘူးကို ပိတ်ပြီး ဘေး၌ ထားလိုက်သည်။
"ဒါဆိုရင်လည်း သိမ်းထားလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်ကို ပြုစုပျိုးထောင်တဲ့ ရှေးဟောင်းပစ္စည်း နှစ်ခုရှိတာ တစ်ခုတည်းရှိတာထက် ပိုကောင်းပါတယ်”