သွေးချောင်းစီးတိုက်ပွဲ
Vol. 10 Ch. 106
တာအိုဘုရားကျောင်း ၊ "တာအို" အဆင့်မြင့် သီးသန့်ကျင့်ကြံခန်း။
ထန်ထျန်းက အခန်းအလယ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ကိုယ်မှ အော်ရာ များမှာ တစ်ခါတစ်ရံ တောက်ပလာပြီး တစ်ခါတစ်ရံ ငြိမ်သက်သွားတတ်သည်။
အချိန်အတော်ကြာပြီးနောက်မှသာ ထိုပြောင်းလဲမှုများမှာ တည်ငြိမ်သွားတော့သည်။
ထန်ထျန်း ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
နတ်အသွင်ပြောင်းခြင်း အလယ် အဆင့်
ကူလီမြို့မှ ပြန်လာပြီးနောက် သူက ပြင်းထန်သော ကျင့်ကြံခြင်း များအတွင်းသို့ ထပ်မံနှစ်မြုပ်ခဲ့သည်။
ရက်ပေါင်း ၂၀ ကျော် ကြိုးစားပြီးနောက် နောက်ထပ် ခြေတစ်လှမ်း တိုးတက်လာကာ နတ်အသွင်ပြောင်းခြင်း အလယ် အဆင့် သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤအမြန်နှုန်း ကိုသာ အပြင်လူများ သိသွားပါက မေးရိုးပြုတ် မတတ် အံ့သြသွားကြပေလိမ့်မည်။
ကျင့်ကြံမှုအဆင့် မြင့်မားလာလေလေ တိုးတက်ရန် ပိုမိုနှေးကွေးလာလေလေ ဖြစ်ရာ ပါရမီရှင်တစ်ဦးပင်လျှင် နတ်အသွင်ပြောင်းခြင်း အစောပိုင်းမှ အလယ် အဆင့် သို့ ရောက်ရန် အနည်းဆုံး လအတော်ကြာ အချိန်ယူရလေ့ရှိသည်။
သို့သော် ထန်ထျန်းမှာမူ ၂၀ ရက်ခန့်ဖြင့် အောင်မြင်သွားရုံသာမက သူ၏ အခြေခံမှာလည်း အလွန်ခိုင်မာနေသည်။
၎င်းမှာ ကံကြမ္မာသားတော် ဟူသော ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီကြောင့် ဖြစ်ပြီး ကျင့်ကြံရသည်မှာ ရေစီးကြောင်းအတိုင်း လှေကြုံလိုက်ရသလို မည်သည့် အတားအဆီးနှင့် အန္တရာယ်မှ မရှိဘဲ ချောမွေ့နေခြင်းပင်။
"နှစ်မကုန်ခင်မှာ ပေါင်းစည်းခြင်းအဆင့် ထဲ ဝင်ဖို့ကတော့ ပြဿနာမရှိဘူး။" ဟု ထန်ထျန်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
နှစ်ကုန်ရန် ၂ လကျော်သာ လိုတော့သော်လည်း သူ၏ အမြန်နှုန်း ဖြင့်ဆိုလျှင် ပေါင်းစည်းခြင်းအဆင့်ထဲသို့ သက်သောင့်သက်သာ တက်လှမ်း နိုင်မည်ဖြစ်သည်။
ဆိုလိုသည်မှာ တစ်နှစ်အတွင်းမှာတင် သူက ချီသန့်စင်ခြင်း မှနေ၍ ကြီးမားသော နယ်ပယ် ၆ ခုကို ကျော်ဖြတ်ကာ ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော အမြန်နှုန်း မျိုးကို မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
စိတ်ကို ခေတ္တတည်ငြိမ်အောင် ထားပြီးနောက် ထန်ထျန်းက ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။
ချီယွမ်က သူ့ထံ သတင်းအချို့ ပေးပို့ထားသည်။
ဂိုဏ်းသို့ ပြန်ရောက်သည့် အချိန်မှစ၍ ပြင်ပလောကတွင် လှိုင်းတံပိုးများမှာ တစ်ခါမျှ မငြိမ်သက်ခဲ့ပေ။
တုယွမ်ချင်း သေဆုံးခြင်းမှာ ပြင်ပတွင်သာမက ချင်းယွဲ့ဂိုဏ်းအတွင်းမှာပါ ဂယက်အကြီးအကျယ် ထသွားခဲ့သည်။
ထိုစဉ်က တန်းယွမ် ကုန်သွယ်ရေးအသင်းမှ ကောင်းကင် အင်မော်တယ် တန်ခိုးရှင်က လူသတ်သမားများနောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း ပြင်းထန်သော တိုက်ပွဲများအပြီးတွင် ထိုသုံးဦးမှာ လမ်းခွဲကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
သို့သော် ကုန်သွယ်ရေးအသင်းက အရေးကြီးသော သတင်းအချက်အလက်အချို့ ရရှိခဲ့သည်။
သေချာစွာ စုံစမ်းစစ်ဆေးပြီးနောက် သဲလွန်စအားလုံးမှာ လူတစ်ယောက်တည်းဆီသို့သာ ဦးတည်နေသည်။
၎င်းမှာ ထျန်းယန်ရှန်း ပင်။
တုမိသားစု ဒေါသပေါက်ကွဲသွားသည်။ သူတို့၏ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး ချင်းယွဲ့ဂိုဏ်းရှေ့တွင် စုရုံးကာ သူတို့၏ သခင်လေးအတွက် တရားမျှတမှု တောင်းဆိုကြသည်။
သို့သော် ချင်းယွဲ့ဂိုဏ်းက သူတို့ကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။
"တုယွမ်ချင်းက ချင်းယွဲ့ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်တပည့် ဖြစ်တယ်၊ ဒီကိစ္စကို ဂိုဏ်းကပဲ ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမယ်၊ ခင်ဗျားတို့က ရလာဒ်ကိုပဲ စောင့်နေကြ။"
၎င်းမှာ အလွန်တရာ အနိုင်ကျင့်သော အမိန့်မျိုးပင်။
သို့သော် အင်အားကြီးလှသော ချင်းယွဲ့ဂိုဏ်းကို တုမိသားစုက မယှဉ်နိုင်သဖြင့် ဒေါသကို မြိုသိပ်ကာ စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းခဲ့ရသည်။
ချင်းယွဲ့ဂိုဏ်းကလည်း အမှန်တကယ် စုံစမ်းစစ်ဆေးခဲ့သည်။ ထျန်းယန်ရှန်း၊ တန်းယွမ် ကုန်သွယ်ရေးအသင်းနှင့် ပတ်သက်သူအားလုံးကို စုရုံးကာ အကြိမ်ကြိမ် တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းခဲ့သည်။
ထိုစဉ်က ထန်ထျန်းသာ အခင်းဖြစ်ပွားရာနေရာတွင် မရှိခဲ့လျှင် သို့မဟုတ် နောက်ခံမရှင်းခဲ့လျှင် သူပါ အတူတူ အစစ်ခံရပေလိမ့်မည်။
သို့သော် အကြိမ်ကြိမ် စစ်ဆေးသော်လည်း ထျန်းယန်ရှန်းက သူလုပ်သည်မဟုတ်ကြောင်း အပြတ်အသတ် ငြင်းဆိုသည်။
ထို့ပြင် သူက အလွန်ရဲတင်းသော ယူဆချက်တစ်ခုကို ထုတ်ဖော်ခဲ့သည်။ ၎င်းမှာ ဤကိစ္စကို လုချန်းကျီ က လုပ်ဆောင်ခြင်း ဖြစ်ပြီး သူ ၏ ရာထူးလုပွဲကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခြင်းဖြစ်သည် ဟူ၍ပင်။
"အဓိပ္ပာယ်မရှိတာ။"
"လုချန်းကျီနဲ့ တုယွမ်ချင်းက ဘောင်းဘီတစ်စုံတည်း အတူဝတ်တဲ့ မဟာမိတ်တွေပဲ၊ တကယ်လို့ လုချန်းကျီသာ ဒါကိုလုပ်တယ်ဆိုရင် သူ့ဦးနှောက်ကို မြည်းကန်ခံထားရလို့ပဲ ဖြစ်မယ်။
ဒါက သူ့အတွက် လုံးဝ အကျိုးမရှိတဲ့ အလုပ်ပဲ။"
ချီယွမ်က ထန်ထျန်းအား ပြောပြစဉ်က အလွန်အမင်း ကဲ့ရဲ့ရှုံ့ချခဲ့သည်။
ချီယွမ်ပင် ဤသို့ ယူဆလျှင် ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲ များလည်း လုချန်းကျီကို သံသယဝင်မည်မဟုတ်ပေ။
သူတို့က ဟန်ပြလောက်သာ စုံစမ်းစစ်ဆေးပြီး လုချန်းကျီမှာ အပြစ်မရှိကြောင်း ကြေညာပေးခဲ့သည်။
သို့သော် ထျန်းယန်ရှန်းကလည်း လုံးဝ ဝန်မခံသလို သူလုပ်သည်ဟူသော တိုက်ရိုက်သက်သေလည်း မရှိသဖြင့် နောက်ဆုံးတွင် သူ့အား အကျဉ်းချထားကာ အဖြေမှန်မပေါ်မချင်း စောင့်ဆိုင်းရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ဤစစ်ဆေးမှုရလာဒ်ကို တုမိသားစုက လုံးဝ မကျေနပ်ပေ။
သခင်လေးတစ်ယောက် အလကား သေဆုံးသွားရသည်ကို မည်သို့မျှ လက်မခံနိုင်ကြချေ။
"မင်းတို့ ချင်းယွဲ့ဂိုဏ်းက မစုံစမ်းနိုင်ရင် ငါတို့ တုမိသားစုကပဲ ကိုယ်တိုင်စုံစမ်းမယ်" ဟု ဆိုကာ သူတို့၏ အဆက်အသွယ်နှင့် အရင်းအမြစ်အားလုံးကို သုံး၍ ပြင်ပမှနေ၍ အကြီးအကျယ် စုံစမ်းစစ်ဆေးကြတော့သည်။
သို့သော် နာကျည်းမှုနှင့် စတင်သော စုံစမ်းမှုမှာ ဘယ်သောအခါမှ အသိတရား မပါဝင်နိုင်ပေ။
အထူးသဖြင့် ထျန်းယန်ရှန်း၏ အင်အားစုများနှင့် ပတ်သက်လာလျှင် သူတို့က အစွဲအလမ်းကြီးစွာဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာမှ ပဋိပက္ခများ စတင်လာခဲ့သည်။
မီးက ကျင်းယွီခန်းမ မှ စတင်တောက်လောင်ခဲ့ပြီး တန်းယွမ် ကုန်သွယ်ရေးအသင်း ဌာနချုပ်အထိ ကူးစက်သွားရာ ဝမ်ကန်းမှာလည်း ခေါင်းခဲနေရပြီး ထန်ထျန်းအတွက် ရှယ်ယာစုဆောင်းပေးမည့်ကိစ္စကိုပင် ခေတ္တ ရပ်ဆိုင်းထားရသည်။
ထို့နောက် ထိုမီးက ချင်းယွဲ့ဂိုဏ်းအတွင်းပိုင်းအထိပင် ကူးစက်လာခဲ့သည်။
အနောက် တောင်ထိပ် က တုယွမ်ချင်း၏ နယ်မြေဖြစ်သည်။
သူ ထိုနေရာတွင် နေခဲ့သည်မှာ မကြာသေးသော်လည်း အခြေခံ ခိုင်မာနေပြီဖြစ်ကာ သူ၏ လူယုံများနှင့် တုမိသားစုဝင်များစွာ ရှိနေသည်။
ထိုသူများက ထျန်းယန်ရှန်း၏ လူများနှင့် ထိပ်တိုက်တွေ့ဆုံကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
၁၀ ရက်ခန့်အတွင်းမှာပင် လူတစ်ထောင်ကျော် သေဆုံးခဲ့ရပြီး နှစ်ဖက်စလုံးမှာ ဒေါသထွက်ကာ အသေအလဲ တိုက်ခိုက်နေကြရာ ချင်းယွဲ့ဂိုဏ်းပင်လျှင် ဖိနှိပ်ရန် ခက်ခဲနေတော့သည်။
ပြင်ပလောကမှာမူ ပို၍ ဆိုးလှသည်။ ကျင်းယွီခန်းမ၏ အဆင့်မြင့်အကြီးအကဲ ထက်ဝက်ခန့်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး တန်းယွမ် ကုန်သွယ်ရေးအသင်းမှာလည်း ပြန်လည် မတည်မငြိမ် ဖြစ်လာပြန်သည်။
အားလုံးမှာ ရူးသွပ်စွာ သတ်ဖြတ်နေကြပြီ ဖြစ်သည်
ချီယွမ် ပေးပို့သော နောက်ဆုံးသတင်းမှာလည်း အလားတူပင်။
"ထပ်ပြီး ချကြပြန်ပြီ။"
"တုမိသားစုက ကောင်တွေက မျက်စိမှောက်နေပြီ၊ သူတို့က နေဝင်တောင်ကြား မှာ ထျန်းယန်ရှန်းရဲ့ လူယုံတစ်စုကို ဝိုင်းထားပြီး အကုန် သတ်ပစ်လိုက်ကြတယ်။
တောင်တစ်တောင်လုံးတောင် ပြိုသွားတယ်။"
ထိုသတင်းကို ဖတ်ရင်း ထန်ထျန်း တိတ်ဆိတ်သွားသည်။
နေဝင်တောင်ကြားက ချင်းယွဲ့ဂိုဏ်း၏ အစွန်အဖျားတွင် ရှိသော်လည်း ဂိုဏ်း၏ နယ်မြေအတွင်းမှာပင် ဖြစ်သည်။
ဤကဲ့သို့သော နေရာမျိုးမှာပင် ရဲရဲတင်းတင်း တိုက်ခိုက်ရဲကြသည်ဆိုလျှင် နှစ်ဖက်စလုံးမှာ မည်မျှအထိ အခြေအနေ ဆိုးဝါးနေပြီလဲဆိုသည်ကို ခန့်မှန်းနိုင်သည်။
ထန်ထျန်းက ချီယွမ်၏ ကျောက်စိမ်းပြားကို ဆက်သွယ် စေလိုက်ပြီး အခြေအနေကို အသေးစိတ် မေးမြန်းလိုက်သည်။
"ဟေး... ကျောက်စိမ်း လေး။"
"အပြင်မှာ ဘယ်လောက် စည်ကားနေလဲ မင်း မသိဘူးလား"
ချီယွမ်၏ အသံကြီးက ထွက်ပေါ်လာသည်။ "မနေ့က အဲဒီကိစ္စ ဖြစ်ပြီးနောက်မှာ လီထျန်းဟွာ က တကယ့်ကို ဒေါသထွက်သွားပြီ။ သူက စည်းကမ်းထိန်းသိမ်းရေး ခန်းမကို အမိန့်ပေးပြီး လူတစ်သောင်းနီးပါးကို တစ်ညတည်းနဲ့ ဖမ်းဆီးခိုင်းလိုက်တယ်။
ပြီးတော့ ချင်းယွဲ့ဂိုဏ်းအတွင်းမှာ ဒီလိုမျိုး ထပ်ဖြစ်ရင် တွေ့တဲ့နေရာမှာတင် သတ်ပစ်မယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်။"
ထန်ထျန်းက ပြောသည်။ "ဒါပေမဲ့ ပြဿနာက အမြစ်မပြတ်သေးဘူး၊ ဖိနှိပ်လေလေ တုံ့ပြန်မှုက ပိုအားကောင်းလေလေပဲ ဖြစ်မှာ။"
ချီယွမ်က ရယ်လျက် "အဘိုးကြီးလီက ဒီလောက်တော့ မအ ပါဘူး။
သူက ရှောင်ခုံးလေး ကို တုမိသားစုဆီ လွှတ်ပြီး အဲဒီအရူးတွေကို ခေတ္တ ချော့ထားခိုင်းတယ်။
ပြီးတော့ အနောက် တောင်ထိပ်က လူတွေကိုတော့ သူတို့နဲ့ ရင်းနှီးတဲ့ လုချန်းကျီ ကို ခဏ ကိုင်တွယ်ခိုင်းပြီး အခြေအနေကို ထိန်းခိုင်းထားတယ်။"
ထန်ထျန်း ခေါင်းညိတ်သည်။
ဤနည်းလမ်းက အနည်းငယ်တော့ အလုပ်ဖြစ်ပေလိမ့်မည်။
သို့သော် အရေးကြီးဆုံးမှာ တုယွမ်ချင်းကို သတ်ခဲ့သော လူသတ်သမားအစစ်ကို အမြန်ဆုံး ရှာဖွေရန်ပင် ဖြစ်သည်။
"ဂိုဏ်းက စုံစမ်းစစ်ဆေးမှုကို တစ်ခါမှ မရပ်ခဲ့ဘူး။"
ချီယွမ်က ဆက်ပြောသည်။ "ဒါပေမဲ့ မင်း သိလား
သူတို့ရဲ့ စုံစမ်းမှုကလည်း ငါတို့ ကြုံခဲ့ရတဲ့ အဓိက အချက်မှာပဲ လာပိတ်နေတယ်။
သဲလွန်စအားလုံး ပြတ်တောက်သွားပြီ။"
ထန်ထျန်း မျက်ခုံးပင့်လိုက်သည်။ "ထျန်းဖုန်းလား"
ချီယွမ်က "ဟုတ်တယ်၊ အဲဒီ ကြွက်စုတ်ပဲ။
ဒီကိစ္စအားလုံးကို ထျန်းဖုန်းက စခဲ့တာလို့ ပြောလို့ရတယ်၊ သူက သတင်းအချက်အလက် အများကြီး သိမှာ သေချာတယ်။
ဒါပေမဲ့ ကံဆိုးတာက ဘယ်သူမှ သူ့ကို ရှာမတွေ့တော့တာပဲ၊ လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ။"
ထန်ထျန်း နှုတ်ခမ်းဆူလိုက်သည်။ ထိုသူမှာ ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
လုချန်းကျီ၊ ထျန်းယန်ရှန်း နှင့် မိုရှောင်းရှောင်း ဤသုံးဦးလုံးတွင် သံသယရှိနေသည်။
ထိုသို့သော သူများသည် အလုပ်လုပ်လျှင် မည်သည့် သဲလွန်စမျှ ကျန်ရစ်အောင် လုပ်လိမ့်မည် မဟုတ်ပေ။
ဤကိစ္စကို စုံစမ်းရန်မှာ အလွန် ခက်ခဲလှပေသည်။
သို့သော် မည်သို့ပင်ဖြစ်စေ ထန်ထျန်းနှင့် မဆိုင်လှပေ။
မီးက ဘယ်လောက်ပဲ တောက်တောက် သူ့ဆီသို့တော့ လောလောဆယ် မရောက်နိုင်သေးချေ။
သူ လုပ်ရမည့်အလုပ်မှာ အချိန်ကို အကျိုးရှိစွာ သုံးပြီး အေးအေးဆေးဆေး ကျင့်ကြံနေရန်သာ ဖြစ်သည်။