တရားစီရင်ခြင်း
Vol. 10 Ch. 109
ခရမ်းရောင်ဝါးခြံဝင်း
ထန်ထျန်းက မန်ကျည်းပင်အို ကြီးအောက်တွင် တိတ်ဆိတ်စွာထိုင်ရင်း ဂိုဏ်းချုပ်လေး ယွင်ခုံး ထံမှ ပေးပို့လာသော သတင်းစကားကို စစ်ဆေးနေသည်။
အကြီးအကဲဟန်ဟိုင်က မနေ့ညကမှ တရားဝင် တံခါးပိတ်ကျင့်ကြံ ခြင်း မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ တစ်နှစ်နီးပါးကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် သူက ကိုးခု မြောက် ကောင်းကင်အတိဒုက္ခ ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး တက်လှမ်းခြင်းအဆင့် သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
နောက်ထပ် တစ်ဆင့်တက်လှမ်းနိုင်ပါက သူသည် အစစ်အမှန် ဝိဇ္ဇာ တစ်ပါး ဖြစ်လာပေလိမ့်မည်။
၎င်းမှာ အထူးသဖြင့် ယခုကဲ့သို့ ရှုပ်ထွေးနေသော အခြေအနေမျိုးတွင် ချင်းယွဲ့ဂိုဏ်းအတွက် အလွန်ကောင်းမွန်သော သတင်းပင်ဖြစ်သည်။
အစွမ်းထက်သော အကြီးအကဲတစ်ဦး ထပ်တိုးလာခြင်းက လက်ရှိအခြေအနေကို ပိုမိုတည်ငြိမ်သွားစေနိုင်သည်။
တောင်ထိပ်သခင်များနှင့် အကြီးအကဲ အများအပြားက သူ့အား ဂုဏ်ပြုစကားများ ဆိုကြသလို အကြီးအကဲဟန်ဟိုင်၏ တပည့်များကလည်း ဆရာဖြစ်သူကို ဂုဏ်ပြုရန် အသီးသီး ပြန်လည်ရောက်ရှိလာကြသည်။
ထိုအချိန်မှာပင် အကြီးအကဲဟန်ဟိုင်က ကုရှောင်းရွှယ် တစ်စုံတစ်ယောက်၏ ဧည့်သည် ဖြစ်သွားသည့် ကိစ္စကို သိရှိသွားခဲ့သည်။
"ရှောင်းရွှယ်ကို တစ်စုံတစ်ယောက်က အသုံးချသွားတာဆိုတာကို သူ ကောင်းကောင်းသိတယ် ဒါပေမဲ့ သူ တကယ်ကို ဒေါသထွက်နေတုန်းပဲ။"
"မွေးရာပါ ပါရမီရှင် ဆိုတာ တက်လှမ်းခြင်း အဆင့်ကိုရောက်ပြီး အင်မော်တယ် ဖြစ်ဖို့ သတ်မှတ်ခံထားရတဲ့သူပဲ။
ဒါပေမဲ့ ရှောင်းရွှယ်က ဧည့်သည် အဖြစ် ရွေးချယ်လိုက်တာကြောင့် သူ့ရဲ့ တိုက်ရိုက်တပည့် ဖြစ်ခွင့်မရှိတော့ဘူး။"
"အကြီးအကဲဟန်ဟိုင်က ရှောင်းရွှယ်ကို အပြစ်မတင်ဘူး ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ တခြားလူအားလုံးကို တစ်ယောက်ချင်းစီ အပြစ်ပေးဖို့ သူ စီစဉ်နေတယ်။"
"မနက်ဖြန်မနက်မှာ သူကိုယ်တိုင် စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှာ တရားစီရင်ပွဲ လုပ်လိမ့်မယ်။ အကြီးအကဲ ကျုံးယန်၊ ရှောင်းရွှယ်ရဲ့ စီနီယာအစ်မ လျိုတန်းယွဲ့ နဲ့ မင်းလည်း တက်ရမယ်။" ဟု ယွင်ခုံး က ဆိုထားသည်။
စာဖတ်ပြီးနောက် ထန်ထျန်းက ပြဿနာမရှိကြောင်း ယွင်ခုံး အား အကြောင်းပြန်လိုက်သည်။ သူက ဤနေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့နောက် သူက ချီယွမ်ထံမှ သတင်းကို ဆက်ကြည့်လိုက်သည်။
"ကျောက်စိမ်း လေး... မင်း ဟန်ဟိုင်နဲ့ ရန်ငြိုးရှိလို့လား"
"ဒီအဘိုးကြီးက မင်းကို အပြစ်ပေးဖို့ နာမည်တပ်ပြီး ခေါ်ထားတယ်။"
"ဒါပေမဲ့ မကြောက်နဲ့၊ အစ်ကိုကြီး ရှိနေသရွေ့ သူ ဘာမှ လုပ်လို့မရစေရဘူး။ မနက်ဖြန် ငါလည်း လာခဲ့မယ်၊ သူ လှည့် ကွက်တွေ ခင်းမလဲဆိုတာ ကြည့်ရတာပေါ့။
အကယ်၍ သူသာ မဟုတ်မမှန်တွေ လျှောက်လုပ်မယ်ဆိုရင် ငါ့တူနဲ့ လိုက်ထုပစ်မယ်"
ချီယွမ်က ယခင်အတိုင်းပင် ရဲတင်းပြီး ဒေါသကြီးဆဲပင်။
ထန်ထျန်းက ရယ်မောရင်း ကိစ္စအစအဆုံးကို ရှင်းပြကာ မိမိတွင် ပြင်ဆင်ထားသည်များ ရှိသဖြင့် စိုးရိမ်စရာမလိုကြောင်း ပြန်ပြောလိုက်သည်။
ထို့နောက် သူက မဟာအကြီးအကဲကိုယ်တိုင် အမှတ်အသား ပြုလုပ်ထားသော ရှန့်ထန်း နိယာမကျောက်စိမ်း နှင့် ဆက်သွယ်ထားသည့် ကျောက်စိမ်းပြားလေးကို ထုတ်ကြည့်လိုက်သည်။
အချိန်အတော်ကြာသွားပြီဖြစ်သော်လည်း ထိုကျောက်စိမ်းမှာ အကြီးအကဲ ကျုံးယန်၏ ကိုယ်ပေါ်တွင် ရှိနေဆဲပင်။
ယွင်ခုံး နှင့် ချီယွမ်တို့၏ သက်သေထွက်ဆိုချက်များလည်း ရှိနေသဖြင့် မနက်ဖြန် စီရင်ပွဲမှာ ပြပွဲ ကောင်းကောင်းကြည့်ရပေ လိမ့်မည်။
ထန်ထျန်းက အသေးစိတ်အချက်အလက်များကို စဉ်းစားပြီးနောက် ဆက် ကျင့်ကြံလေ သည်။
......
နောက်တစ်နေ့ နံနက်စောစောတွင် စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှ အရာရှိအချို့ ခရမ်းရောင်ဝါးခြံဝင်းသို့ ရောက်လာသည်။
ထိုသူများမှာ မောပန်းနွမ်းနယ်နေပုံရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ရှုပ်ထွေးမှုများကြောင့် ဒုက္ခရောက်နေကြမှန်း သိသာသည်။
ထန်ထျန်းက သူတို့ကို အခက်မတွေ့စေဘဲ တောင်ထိပ်သို့ အတူလိုက်ပါသွားခဲ့သည်။
စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှာ ပင်မတောင်ထိပ် ၏ တောင်ခါးပန်းတွင် တည်ရှိသည်။
ထန်ထျန်း ရောက်ရှိသွားပြီး အထဲသို့ ဝင်ရန် ပြင်နေစဉ် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ထန်ထျန်းလား"
ထန်ထျန်း လှည့်ကြည့်လိုက်ရာ ရုပ်ရည်လှပသော်လည်း အော်ရာ အလွန်ထက်မြက်သော အမျိုးသမီးတစ်ဦးကို တွေ့ရသည်။
"မင်းက..."
သို့သော် ထိုအမျိုးသမီးက ပြန်မဖြေပေ။
ထန်ထျန်းက ငြင်းဆိုခြင်းမပြုသည်ကို မြင်သောအခါ သူမသည် ရုတ်တရက် နတ်အသွင်ပြောင်းခြင်း အထွက်အထိပ်အဆင့် အော်ရာ များကို ထုတ်ဖော်ကာ ဒေါသတကြီး ပြေးဝင်လာသည်။
"နင့်လို လူယုတ်မာက ငါ့ရဲ့ ဂျူနီယာညီမလေးကို ဖျက်ဆီးရဲတယ်လား"
"သေပေတော့"
သူမက အော်ဟစ်ကာ ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဤအမျိုးသမီး၏ အဆင့် ကို ခန့်မှန်းမိပြီးဖြစ်ရာ သူမ လှုပ်ရှားသည်နှင့် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။
ယခု သူသည် ယခင်က ထန်ထျန်း မဟုတ်တော့ပေ။
နတ်အသွင်ပြောင်းခြင်း အထွက်အထိပ် အဆင့် မပြောနှင့်၊ ပေါင်းစည်းခြင်း အထွက်အထိပ် အဆင့် ဖြစ်နေလျှင်ပင် သူ မကြောက်ပေ။
အကယ်၍ သူမ၏ ဓားသာ ကျလာခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မည်သူမျှ တားနိုင်မည်မဟုတ်ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ မလှုပ်ရှားရသေးမီ ဘေးမှ စည်းကမ်း ထိန်းသိမ်းရေး အရာရှိများက တားဆီးပေးလိုက်ပြီး သူမကို နောက်သို့ တွန်းထုတ်လိုက်သည်။
"လျိုတန်းယွဲ့... စိတ်အေးအေးထားစမ်း"
အရာရှိက အော်ပြောသည်။ "မင်းရဲ့ ဒေါသကို နားလည်ပါတယ် ဒါပေမဲ့ ဒါက စည်းကမ်း ထိန်းသိမ်းရေး ခန်းမပဲ။
စီရင်ချက်ချပြီးရင် ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း အကုန် ကိုင်တွယ်ဖြေရှင်းသွားမှာ"
ထိုအမျိုးသမီးမှာ ကုရှောင်းရွှယ်၏ စီနီယာအစ်မ လျိုတန်းယွဲ့ ပင် ဖြစ်သည်။
တိုက်ခိုက်မှု အတားခံရသော်လည်း သူမ၏ ဒေါသမှာ မပြေဘဲ ထန်ထျန်းကို ဝါးစားမတတ် စိုက်ကြည့်နေသည်။
ထန်ထျန်းကမူ မည်သည့် ခံစားချက်မျှ မပြဘဲ သူမကို ပြန်ကြည့်နေသည်။
ကုရှောင်းရွှယ် ကိစ္စတွင် လျိုတန်းယွဲ့က ပထမဆုံးသော ကြိုးကိုင်သူ ဖြစ်နိုင်ချေရှိသည်။
"ငါနဲ့ ရှောင်းရွှယ်က ညီအစ်မတွေလိုပဲ။
နင်သာ သူမရဲ့ လမ်းကြောင်းကို တကယ် ဖျက်ဆီးခဲ့တာဆိုရင် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ပြီးတော့တောင် နင့်ကို ငါ အလွတ်မပေးဘူး"
ထန်ထျန်းက တည်ငြိမ်စွာ မေးလိုက်သည်။ "မင်း ရှောင်းရွှယ်နဲ့ တွေ့ပြီးပြီလား"
လျိုတန်းယွဲ့ ခဏမျှ ဆွံ့အသွားပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ယ "နင် ဘာပြောချင်တာလဲ"
ထန်ထျန်းက ခပ်ယောင်ယောင် ပြုံးလိုက်သည်။ "ဂိုဏ်းရဲ့ စီရင်ချက်က တရားမျှတလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။
ဘယ်သူ့စိတ်ထဲမှာ ဘယ်လို ဖုံးကွယ်ထားပါစေ... အားလုံး ပေါ်လာရမှာပဲ။
အဲဒီအခါကျရင်တော့ မင်း အခုလိုမျိုး မင်းရဲ့ ညီမလေးအပေါ် ဆက်ပြီး ဂရုစိုက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။"
လျိုတန်းယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီး အန္တရာယ်ရှိသော အော်ရာ များကို ထုတ်ဖော်လိုက်သည်။
သို့သော် အရာရှိများ၏ ရှေ့တွင် သူမ နောက်ထပ် မလှုပ်ရှားရဲဘဲ ဓားကို ပြန်သိမ်းလိုက်သည်။
"သေခါနီးတောင် စကားတွေ များနေသေးတယ်
ရှောင်းရွှယ်က ဆရာ့ရဲ့ အချစ်ဆုံး တပည့်ပဲ နင် ဒီနေ့ သေဖို့သာ ပြင်ထားတော့"
ပြောပြီးသည်နှင့် သူမက စည်းကမ်း ထိန်းသိမ်းရေး ခန်းမထဲသို့ ဝင်သွားသည်။
ထန်ထျန်းက သူမ ကျောပြင်ကို ကြည့်ရင်း ဘာမှ မပြောတော့ဘဲ လိုက်ဝင်ခဲ့သည်။
ခန်းမကြီးတစ်ခုလုံးကို အမည်းရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားရာ အလွန်ပင် လေးနက်ပြီး တည်ကြည်လှသည်။ ထိုနေရာတွင် ရပ်နေရရုံဖြင့်ပင် ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသည်။
ထန်ထျန်းက သတ်မှတ်ထားသော နေရာတွင် ထိုင်လိုက်သည်။
အခြားတစ်ဖက်တွင်မူ အကြီးအကဲ ကျုံးယန်က ရောက်ရှိနေပြီးဖြစ်ကာ အေးအေးဆေးဆေးပင် ထိုင်နေသည်။
ထန်ထျန်းက ရှေ့သို့ လှမ်းကြည့်လိုက်ရာ ဆံပင်နက်၊ မုတ်ဆိတ်နက်နှင့် အဘိုးအိုတစ်ဦးသည် အလယ်ဗဟိုတွင် ထိုင်နေသည်ကို တွေ့ရသည်။
ထိုသူမှာ ယခုလေးတင် တံခါးပိတ်ကျင့်ကြံ ခြင်းမှ ထွက်လာသော အကြီးအကဲဟန်ဟိုင် ပင် ဖြစ်သည်။
ဘေးတစ်ဖက်စီတွင် ယွင်ခုံး နှင့် ချီယွမ်တို့ ထိုင်နေကြသည်။
ထို့ပြင် ပညာရှိပုံစံနှင့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးလည်း ရှိနေသေးသည်။
သူက ပင်မတောင် ၏ နောက်ထပ် အကြီးအကဲတစ်ဦးဖြစ်ပြီး ဟန်ဟိုင်၏ ပြိုင်ဘက်ဖြစ်သော အကြီးအကဲဟုန်ယွမ် ဖြစ်သည်။
လူစုံသည်နှင့် တရားစီရင်ပွဲ စတင်သည်။
အကြီးအကဲဟန်ဟိုင်က ထန်ထျန်းကို မည်သည့်ခံစားချက်မျှ မပါသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ထန်ထျန်း"
ဟိန်းထွက်နေသော အသံကြီးက ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။
"မင်းမှာ..."
"အပြစ်မရှိဘူး။"
စကားဆုံးသည်နှင့် ထန်ထျန်း အပါအဝင် လူအများအပြား ဆွံ့အသွားကြသည်။
ထန်ထျန်းက "မင်း ကိုယ့်အပြစ်ကိုယ် သိသလား" ဆိုသော အစချီစကားကို မျှော်လင့်ထားသော်လည်း တိုက်ရိုက်ပင် အပြစ်မရှိကြောင်း ကြေညာခံလိုက်ရသည်။
ဇာတ်ညွှန်းက ပြောင်းသွားပြီလား
ဘေးမှ အကြီးအကဲ ကျုံးယန်က မျက်မှောင်ကြုတ်ကာ ထန်ထျန်းကို တစ်ချက်ကြည့်ပြီး အကြီးအကဲဟုန်ယွမ်ကိုလည်း မသိမသာ လှမ်းကြည့်လိုက်သည်။
လျိုတန်းယွဲ့ မှာမူ ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်သွားရသည်။
ဤစီရင်ချက်ကို သူမ လက်မခံနိုင်ပေ။
ယနေ့က ထန်ထျန်းကို အပြစ်ပေးရန် မဟုတ်ဘူးလား
အကြီးအကဲဟန်ဟိုင်က သူမ၏ သံသယကို ချက်ချင်းပင် ရှင်းလင်းပေးလိုက်သည်။
"လျိုတန်းယွဲ့ ..."
"မင်းက ဂိုဏ်းတူတပည့် အချင်းချင်းအပေါ် မနာလိုစိတ်ထားပြီး သူမရဲ့ ရိုးသားမှုကို အသုံးချခဲ့တယ်။ လိမ်လည်လှည့်ဖျားမှုတွေနဲ့ သူမရဲ့ မူလလမ်းကြောင်းကို သွေဖည်အောင် လုပ်ခဲ့တယ်။"
"မင်း... မင်းရဲ့ အပြစ်ကို သိသလား"
လျိုတန်းယွဲ့ တစ်ယောက် ကြောင်အသွားကာ လုံးဝ ဆွံ့အသွားတော့သည်။