အခန်း (၄၃)
Vol. 4 Ch. 43
"ရှင်က ရယ်နေသေးတယ်!" ကျန်းထျန် ခေါင်းမော့လာပြီး ကုလျန်ရွှမ်ကို မျက်စောင်းထိုးလိုက်သည်။
ကုလျန်ရွှမ် ပုခုံးကို ခါကာ ရယ်သည်ကို ထိန်းပြီး "ကိုယ်မရယ်ပါဘူး"
ကျန်းထျန် - "..."
သူပိုစလျှင် ကျန်းထျန် တကယ်စိတ်တိုမည်ကို ကြောက်၍ ကုလျန်ရွှမ် ပြတင်းပေါက်ကိုသွားကာ အော်လိုက်သည်။ "တတိယညီ။ ဦးလေးချန်ရွှင်း ရောက်ပြီလား သွားကြည့်လိုက်ဦး"
သူ သက်ပြင်းချလိုက်သည်။ "အမေ ဟင်းချက်နေလောက်တယ်။ ကိုယ် သွားကူလိုက်မယ် " သူ အခန်းထဲ ရှိနေလျှင် ကျန်းထျန် သေချာပေါက် မသက်မသာခံစားရမည်ကို ကုလျန်ရွှမ် သိ၍ သူ မီးဖိုချောင် သွားကူလိုက်သည်။
ကုလျန်ရွှမ် ထွက်သွားပြီးပြီးချင်း ကျန်းထျန် စိတ်အေးသွားသည်။ သူမခေါင်းကို ဒူးပေါ်တင်ကာ မျက်နှာကို နောင်တရစွာ အုပ်လိုက်သည်။ သူမ တစ်ခါတည်း ကမ္ဘာပျက်ခေတ် ပြန်သွားနိုင်ပါစေဟု ဆုတောင်းမိသည်။
မနက်စာက ရိုးရှင်းကာ ဂျင်းဆီးသီးဆန်ပြုတ်ချက်ထားပြီီး အချဥ်စိမ်အစပ်ကြော် မနေ့ညကလုပ်ထားသောပန်ကိတ်နှင့် ပေါက်စီ ကြက်ဥပြုတ်ပူပူဖြစ်သည်။
ကျန်းထျန် ဆံပင်ဖြီးကာ မျက်နှာကိုခရင်မ်လိမ်းပြီး ရွှီကျင်းဖန် စားမည်ဟု အော်ခေါ်သံကြားသောအခါ သူမ အပြင်ထွက်လာသည်။
မနက်စာကို လေးထောင့်စားပွဲပေါ် တင်စားကာ တစ်ယောက်စီ ထောင့်မှာ ထိုင်ကြသည်။ ကျန်းထျန် အခန်းထဲ ဝင်လာသောအခါ လျစ်လျူရှု၍မရသော အကြည့်နှစ်ခုကို ခံစားရသည်။
တစ်ယောက်မျက်လုံးက ဘာဆိုလိုသည်ကို ပြော၍မရကာ နောက်တစ်ယောက်မျက်လုံးက `မြင်လိုက်တယ် ဒီလိုလူ ဖြစ်မည်ဟု မထင်ထား´ဟု ပေါ်နေသည်။
"တတိယညီ။ မြန်မြန်စား။ စားပြီးရင် တံခါးမှာ ဦးလေးချန်ရွှင်းကို သွားစောင့်နေ" ကျန်းထျန် တံခါးတွင်ရပ်နေသည်ကို မြင်၍ ကုလျန်ရွှမ် မဝင်ရဲတော့ဘဲ ကုလျန်ရုန်ဖို့ ပန်းကန်တစ်ချပ် ထုတ်ပေးလိုက်ကာ ကြက်ဥနှစ်လုံး ပေါက်စီ၄လုံး အချဥ်စိမ်ထည့်ပေးပြီး ပေးလိုက်သည်။
ကုလျန်ရုန် ဒီဂရုစိုက်ပေးသည့် မနက်စာကို ကြည့်ပြီး သံသယဝင်မိသည်။ သူ့အကို၏ လူမဆန်မှုအောက် ကုလျန်ရုန် ဆန်ပြုတ်တစ်ပန်းကန်ကို သူ့ဘာသာထည့်သောက်ပြီး အမြန်သောက်၍ ပန်းကန်လုံးကို စားပွဲပေါ် ပြန်ချကာ ပန်းကန်ပြားကို ယူပြီး မီးဖိုချောင်မှ ထွက်သွားသည်။ သူ့ကျောပြင်က အနည်းငယ် သနားစရာကောင်းသည်။
ရွှီကျင်းဖန် ပေါက်စီ ပန်ကိတ်များကို ထုပ်လိုက်ပြီး စစ်တပ်ရေဘူးထဲသို့ ရေပူကို ထည့်လိုက်သည်။ နောက် ယန်ဆရာဝန်အတွက် ပြင်ထားသော ပစ္စည်းများကိုပါ အတူတူထားပြီးမှ ထိုင်စားသည်။
ကျန်းထျန်် ရပ်နေသေးသည်ကို မြင်၍ သူမ ခေါ်လိုက်သည်။ "ထျန်ထျန်လာ။ နွေးသွားအောင် ဆန်ပြုတ်ကို ပူတုန်းသောက်လိုက်ဦး"
ကျန်းထျန် နေရာလွတ်နေရာနှစ်ခုကို ကြည့်ပြီးနောက် နောက်ဆုံး ရွှီကျင်းဖန်ဘေးက နေရာကို ရွေးလိုက်သည်။ သို့သော် ကုလျန်ရွှမ်နှင့် မျက်နှာချင်းဆိုင်လည်းဖြစ်သည်။ သူမ ခေါင်းမော့တိုင်း ကုလျန်ရွှမ်ကို မြင်နိုင်သည်။
ကျန်းထျန် - သူမ ဆန်ပြုတ်ပန်းကန်လုံးတွင် ခေါင်းစိုက်ထားရမည်။
"ဘူတာထိက ဝေးသေးတယ်။ မနက်စာစားပြီးရင် နေ့ခင်းထိ ရထားပေါ် တက်လို့ မရသေးဘူး။ ဆန်ပြုတ်ပဲ သောက်လို့မရဘူး" ကုလျန်ရွှမ် အသံက စိတ်ရင်းနှင့်ဖြစ်သည်။ ကြက်ဥပြုတ်ကို ကျန်းထျန်ရှေ့က ပန်းကန်သေးပေါ်တွင် ထားလိုက်သည်။ ကျန်းထျန် မစားမိရန် သည်းခံလိုက်သည်။
ရွှီကျင်းဖန် ထပ်ပြောလိုက်သည်။ "ထျန်ထျန်၊ မြန်မြန်စား။ သမီး အစာမရှိရင် လွယ်လွယ်နဲ့ ခေါင်းမူးလိမ့်မယ်"
ကျန်းထျန် ကုလျန်ရွှမ်ကို အမြန်ကြည့်လိုက်ပြီး ကြက်ဥယူရုံသာမက ပေါက်စီတစ်လုံးလည်း ယူလိုက်သည်။
ကုလျန်ရုန် ပန်းကန်ကို ယူသွားပြီး အိမ်ရှေ့က ကျောက်တုံးကြီးပေါ်တွင် ထိုင်ချကာ ပန်းကန်ကို ပေါင်ပေါ်တင်လိုက်ပြီးကြက်ဥကို တင်ပါးအောက်က ကျောက်တုံးနှင့် ရိုက်ခွဲလိုက်ကာ အခွံခွာ၍ ပေါက်စီနှစ်လုံးကြားညှပ်ပြီး အချဥ်စိမ် အသားလုံးပါရောကာ ကိုက်စားလိုက်သည်။
ကုချန်ရွှင်း မြည်းလှည်းနှင့်ရောက်လာသောအခါ သူ့ပန်းကန်ထဲတွင် ဘာမှမရှိတော့ပေ။ "တတိယကလေး။ မင်းအစ်ကိုကို သွားခေါ်လိုက်တော့။ နောက်ကျနေပြီ။ မင်းတို့ မမှီဘဲနေမယ်"
ကုချန်ရွှင်း ကုအိမ်တံခါးရောက်သောအခါ ကန်စွန်းဥဖုတ်ကို စားနေပြီး လူတွေကို အမြန်အော်ခေါ်လိုက်သည်။
ကုလျန်ရုန် သူ့ပါးစပ်ကို လက်ဖမိုးနှင့် သုတ်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ခြံထဲ ဝင်လာ၍ အော်ပြောလိုက်သည်။ "သွားကြမယ်!"
"အမေ၊ ဦးလေးချန်ရွှင်းရောက်နေပြီ။ သားတို့ သွားသင့်ပြီ " ကုလျန်ရုန် ပန်းကန်ကို မီးဖိုချောင်ယူသွားလိုက်ပြီးအမြန်ပြောလိုက်သည်။ " သား အရင် ပစ္စည်းတွေကို မြည်းလှည်းပေါ် တင်ထားလိုက်မယ်။ အစ်ကိုနဲ့ မရီးလည်း မြန်မြန်လုပ်!"
ရွှီကျင်းဖန် ထကြည့်လိုက်သည်။ "အရမ်းအစောကြီးလား?"
ကုလျန်ရုန် ခေါင်းညိတ်လိုက်သည်။ "အရမ်းမစောတော့ဘူး။ လူများတာရှောင်ဖို့ လမ်းကို စောစောသွားရမှာ"
ရွှီကျင်းဖန်လည်း အလုပ်ရှုပ်သွားကာ "ဟုတ်တယ်။ သားတို့ အဝတ်တွေ အကုန်လုံး ယူသွားဖို့ သတိရနော်" ပြောပြီးနောက် သူမ ရေပူတစ်အိုးသယ်လိုက်ပြီး ပန်ကန်လုံးတစ်လုံး ထုတ်လိုက်သည်။
ဒါကို မြင်၍ ကျန်းထျန် ပေါက်စီကို သူမပါးစပ်ထဲထည့်ကာ လက်သုတ်ပြီး ကုလျန်ရွှမ်ကို ပြောလိုက်သည်။ "ကျွန်မ အိမ်ထဲမှာ အထုပ်သွားယူလိုက်မယ်"
ရွှီကျင်းဖန် လုပ်ပေးသော စားစရာများအပြင် သူမ လဲစရာအဝတ်များ၊ ဆပ်ပြာ ခေါင်းဘီး ခရင်ယူရန်လိုအပ်သည်။
ကုလျန်ရွှမ် ဂျိုင်းထောက်ကို ကောက်ကိုင်လိုက်ပြီး ကျန်းထျန် နောက်ကျောကို အော်လိုက်သည်။ "အံဆွဲထဲမှာ ပိုက်ဆံကို စာအိတ်နဲ့ ထည့်ထားတယ်"
သူမ သိကြောင်း ကျန်းထျန် လက်ရမ်းရင်း ပြောလိုက်သည်။
သူမ ပစ္စည်းများကို စစ်စိမ်းရောင်ဘေးလွယ်အိတ်တွင်ထည့်ထားပြီး အထဲတွင် ကုတ်အင်္ကျီနှင့် လဲစရာအဝတ်ပါသည်။ အတွင်းအိတ်တွင် ခရီးသွားရာတွင်လိုအပ်သော စာရွက်စာတမ်းများနှင့် လိုအပ်လျှင် သုံးရန် ခေါင်းအုံးပါသည်။
တခြားပစ္စည်းသေးများ အားလုံးက နေရာလွတ်တွင် ရှိပြီး အခု ထုတ်ရန်မပြေသေးပေ။ မနက်ဘက်တွင် အေး၍ ကျန်းထျန် ကုတ်အင်္ကျီ နောက်တစ်ထည်ထပ်ထည့်လိုက်သည်။
ကုလျန်ရွှမ်၏ ပစ္စည်းများက သူမထက်နည်းကာ သူ့ပစ္စည်းများကိုလည်း စစ်စိမ်းရောင်ဘေးလွယ်အိတ်နောက်တစ်ခုနှင့် ထည့်ထားပြီး ကျန်းထျန် လွယ်အိတ်၂ခုကို ပုခုံးတစ်ဖက်စီတွင် လွယ်လိုက်သည်။
အံဆွဲဖွင့်ပြီး ပိုက်ဆံပါသော စာအိတ်ကို ယူလိုက်သည်။ ကျန်းထျန် ကျန်ခဲ့သည့်ပစ္စည်းမရှိရန် အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။
ခြံတံခါးက ပွင့်နေရာ ကုလျန်ရွှမ်လည်း မြည်းလှည်းပေါ် တက်ပြီးကာ ရွှီကျင်းဖန်က ဘေးတွင် သူတို့ကို ဂရုစိုက်ရမည်များ ထပ်ခါထပ်ခါမှာနေသည်။
ကျန်းထျန် လာသည်ကို မြင်၍ ကုချန်ရွှင်း ပြုံး၍ပြောလိုက်သည်။ "ချွေးမလည်း ထွက်လာပြီဆိုတော့ သွားကြမယ်"
ရွှီကျင်းဖန် ထပ်ပြောလိုက်သည်။ "အလျင်မလိုနဲ့ဦး။ ငါ ထျန်ထျန်ကို ပြောဦ်းမယ်" သူမ ကျန်းထျန်ကို ခေါ်ကာ ပြောလိုက်သည်။ "အမေ သမီးအတွက် သကြားလုံးနဲ့ ဆီးသီးထည့်ပေးထားတယ်။ အပြင်သွားရင် သမီး လျန်ရွှမ်နောက်သာ လိုက်။ ပိုက်ဆံမစုနဲ့။ အရေးကြီးဆုံးက အန္တရာယ်ကင်းကင်း ပြန်လာဖို့ပဲ။ သမီး မြို့ကြီးရောက်ရင် စတိုးဆိုင်မှာ သမီးကြိုက်တာဝယ်..."
ကျန်းထျန် ထပ်ခါထပ်ခါ ခေါင်းညိတ်ကာ "သမီးသိပါပြီ။ အမေ"
ကျန်းထျန် နားထောင်သည်ကို မြင်၍ ရွှီကျင်းဖန် သူမကျောကို ပုတ်ကာ "ဟုတ်ပြီ။ သမီးတို့ ဂရုစိုက်ကြ"
ကျန််းထျန် မြည်းလှည်းပေါ် ရောက်သောအခါ ကုချန်ရွှင်း မြည်းကို ကြာပွတ်နှင့် ရိုက်လိုက်သည်။ လှည်းဖြည်းဖြည်းချင်း စသွားသည်။ ကျန်းထျန် ရွှီကျင်းဖန်ကို လက်ရမ်းနှုတ်ဆက်လိုက်သည်။
ကုလျန်ရွှမ် ပြောလိုက်သည်။ "အမေ အိမ်ထဲ ပြန်ဝင်တော့။ အပြင်က အေးတယ်"
ရွှီကျင်းဖန် လက်ရမ်းရင်း "အမေ သိတယ်"
သို့သော် မြည်းလှည်း ရွာမှ ထွက်သည်ထိ ကျန်းထျန် လှည့်ကြည့်လျှင် ကုအိမ်တံခါးတွင် လူရိပ်ကို မြင်နိုင်သေးသည်။
မြည်းလှည်း ကျောက်တံတားရောက်ပြီး အကွေ့ကွေ့လိုက်မှ ကုအိမ်က မြင်ကွင်းမှ တဖြည်းဖြည်းပျောက်သွားသည်။ ကုအိမ် လုံးဝမမြင်ရသောအခါ ကျန်းထျန် စိတ်ထဲ အနည်းငယ် ပျောက်ဆုံးသလိုခံစားရသည်။
မြည်းလှည်းက ယိုင်ကာ မကြာခင်ကမှ မိုးရွာထား၍ လမ်းက မညီမညာနှင့် ရွှံ့ထူနေပြီး လှည်းက မငြိမ်ရာ ကျန်းထျန် အနည်းငယ် အန်ချင်လာသည်။
ရွှီကျင်းဖန်ပြောသော ခေါင်းမူးသည်က ရထားပေါ်ရောက်မှ ဖြစ်မည်ဟု ထင်ခဲ့ပေမယ့် ချွီကျင်းခရိုင်မှ မထွက်ခင် ခံစားရမည်ဟု မထင်မှတ်ထားပေ။ အန်ချင်သည်ကို သည်းခံကာ ကျန်းထျန် ရေနွေးဘူးကို ဖွင့်ပြီး သက်သာစေရန် ရေနည်းနည်းသောက်လိုက်သည်။
မျက်လုံးထောင့်ကနေ ကျန်းထျန်မျက်နှာ ဖြူဖျော့နေသည်ကို ကုလျန်ရွှမ်မြင်၍ လက်မြှောက်ကာ ကျန်းထျန်ကျောကို ပုတ်ပေးလိုက်သည်။ "မင်း နေမကောင်းရင် ခဏမျက်လုံးမှိတ်ထားပါလား" သူ သူ့ကိုယ်ကို ကျန်းထျန်နားကပ်လိုက်သည်။
အန်ချင်သည်က ရေနွေးနွေးကြောင့် ခဏပျောက်သွားပေမယ့် ပြန်ပေါ်လာပြန်သည်။ ကျန််းထျန် ရင်ဘတ်ကို ကိုင်ကြည့်ရာ နှလုံးအရမ်းခုန်နေသည်ကို ခံစားရသည်။
မြည်းလှည်းက ထပ်ယိုင်ပြန်၍ ကျန်းထျန် ရှေ့တည့်တည့်ကျတော့မလို ဖြစ်သွားကာ ကုလျန်ရွှမ် သူမကို အမြန်ကိုင်လိုက်ပြီး ကျန်းထျန်ခေါင်းကို သူ့ပုခုံးပေါ် မှီစေလိုက်သည်။ "မင်း ခဏလောက် အိပ်လိုက်"
မှီစရာနေရာရှိ၍ အနည်းငယ်သက်သာသွားကာ ကျန်းထျန် ဘာမှ ထပ်မတွေးတော့ဘဲ မျက်လုံးမှိတ်နေလိုက်သည်။
သူမ အသက်တစ်ဝက်လောက်ပဲ ကျန်သောအခါမှ မြည်းလှည်း ခရိုင်သို့ ဝင်သည်။ ခရိုင်လမ်းက ရွာကရွှံ့လမ်းထက် ပိုချောမွေ့၍ မြည်းလှည်း သိပ်မယိုင်တော့ပေ။ နောက်ဆုံး ကျန်းထျန် သက်သာလာကာ ခေါင်းလည်း သိပ်မမူးတော့။
သူမ ပြန်နိုးလာသောအခါ ဘူတာသို့ ရောက်ပြီဖြစ်သည်။
"ကျန်းထျန်၊ ကိုယ်တို့ ဘူတာရောက်ပြီ။ ရထားပေါ်ရောက်မှ ပြန်အိပ်နော်" ကုလျန်ရွှမ် ကျန်းထျန်နားနား တိုးတိုးကပ်ပြောလိုက်သည်။
ကျန်းထျန် သူမမျက်လုံးကို ပွတ်ကာ အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေ၍ ခေါင်းသာညိတ်လိုက်သည်။ "ဟုတ်ပြီ"
ကုချန်ရွှင်း မြည်းလှည်းကို ဘူတာဂိတ်က သစ်ပင်ကြီးတွင် ချည်ထားပြီး ကုလျန်ရုန်ကို ပြောလိုက်သည်။ "လျန်ရုန်၊ လက်မှတ်အရင်သွားဝယ်။ ဦးလေး မင်းကိုတ စောင့်နေမယ်" သူတို့ကို ကြည့်၍ သူ ဘယ်လိုမှစိတ်မအေးနိုင်။
ကုလျန်ရုန် လှည်းပေါ်မှ ခုန်ဆင်းကာ ကျန်းထျန်လက်က ရေဘူးကို ယူလိုက်ပြီး ဘူတာတွင် လက်မှတ်သွားဝယ်သောအခါ ရေနွေးပြန်ဖြည့်ရန် တွေးထားသည်။
ကုလျန်ရုန် ထောက်ခံစာဖြင့် လက်မှတ်ရုံးတွင် လက်မှတ် ၃ စောင်ဝယ်ကာ ရေထည့်ပေးရန် ရင်းနှီးသောဝန်ထမ်းကို အကူအညီတောင်းလိုက်သည်။
ဝန်ထမ်းနားသောနေရာက အစောင့်ဘေးက ခုံတန်းများဖြစ်ပြီး အနောက်တွင် ပြတင်းပေါက်တစ်ခုရှိသည်။ ကုလျန်ရုန် လှည့်ကြည့်လျှင် ကုချန်ရွှင်း၏ မြည်းလှည်းကို မြင်နိုင်သည်။
"အကို့မရီးက ခေါင်းမူးနေတာဆိုတော့ ချဥ်တာစားပြီး ရေများများသောက်ရမယ်။ ခရီးကြန့်ကြာလို့လဲ မဖြစ်ဘူး " ကုလျန်ရုန်ကို ခေါ်လာသော ဝန်ထမ်းလေးက ကြင်နာစွာ ပြောပြသည်။ "ကျွန်တော့်မှာ ဆီးသီးချိုချဥ်နှစ်လုံးရှိတယ်။ အကို့မရီးဖို့ ယူသွားလို့ရတယ်"
ကုလျန်ရုန်က လုံးဝကြားပုံမပေါ်ကာ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေ၍ ဝန်ထမ်းလေးက ကုလျန်ရုန်ပုခုံးကို ပုတ်ကာ "အကို ဘာကြည့်နေတာလဲ?"
ဝန်ထမ်းလေး ကုလျန်ရုန်ကြည့်ရာ လိုက်ကြည့်ရာ "ဒါက ပို့ဆောင်ရေးအဖွဲ့က ကျန်းဒါရိုက်တာ၊ အစ်ကို သူ့ကို သိလို့လား?"
ဘူတာမှ လမ်းတစ်ခုက ပြည်နယ်များ မြို့များက တိုက်ရိုက်ဆက်သွယ်ထား၍ ပို့်ဆောင်ရေးအဖွဲ့က မကြာခဏ သွားရကာ ဘူတာနှင့် လမ်းတူပြီး ဘေးချင််းကပ်သည်။
" အာ အကိုမသိဘူး။ ညီလေး သူ့ဘေးက လူနှစ်ယောက်ကို သိလား?" ကုလျန်ရုန်ခေါင်းခါလိုက်သည်။ သူ ပို့ဆောင်ရေးအဖွဲ့၏ ဒါရိုက်တာကို မသိပေမယ့် သူ့ဘေးက လူနှစ်ယောက်ကိုတော့သိသည်။
ဝန်ထမ်းလေး၏ မျိုးရိုးနာမည်က လော ဖြစ်ကာ တစ်လတစ်ကြိမ် ဒီလာသော ကုလျန်ရုန်နှင့် ရင်းနှီးသည်။ လောဝန်ထမ်း မျက်လုံးမှေး၍ ခဏမျှ စဥ်းစားပြီးနောက် တစ်ခုကို တွေးမိ၍ သူ့ခေါင်းကို ပုတ်လိုက်သည်။
"ကျွန်တော် သတိရပြီ။ နာမည်မသိပေမယ့် ပို့ဆောင်ရေးအဖွဲ့က ကျွန်တော့်အသိဆီက ကြားဖူးတာက တစ်ယောက်က သကြားစက်ရုံက ဒါရိုက်တာ။ နောက်တစ်ယောက်က သူ့အငယ်ဆုံးသားတဲ့"
ကုလျန်ရုန် အလွန်စိတ်ဝင်စားသည်ကို မြင်ပြီး အခုက စောသေးကာ လောဝန်ထမ်း လုပ်စရာမရှိသဖြင့် ကုလျန်ရုန်နှင့် စကားပြောရင်း အချိန်ကုန်၍ရသည်။
"သကြားစက်ရုံက ဒါရိုက်တာက အလုပ်ပြောင်းမယ့်နည်းလမ်းမသိဘူး။ ကျွန်တော်ကြားတာတော့ ပို့ဆောင်ရေးအလုပ်က မကြာခဏ အပြင်သွားရတော့ အဆင်မပြေလို့ သကြားစက်ရုံက အလုပ်ကို သဘောကျပြီး တစ်ယောက်နဲ့ လဲလိုက်တယ်ကြားတယ်"
ကုလျန်ရုန်မျက်နှာ ချက်ချင်းမည်းသွားသည်။
" ဒါပေမယ့် ကျွန်တော်ပြောပြမယ်" လောဝန်ထမ်းဆက်ပြောလိုက်သည်။ "ပို့ဆောင်ရေးအဖွဲဲ့က သကြားစက်ရုံထက် ပိုအလားအလာ ကောင်းတယ်" သူကျန်သည်ကို မပြောပေမယ့် မျက်လုံးများက ဒါရိုက်တာက အရှက်မဲ့သောနည်းလမ်းသုံးသည်ဟု ပြောနေသည်။