စတုတ္ထအလှည့် စတင်သည်
Vol. 17 Ch. 252
နဂါးနှင့် ဖီးနစ် ပြိုင်ပွဲ၏ တတိယအဆင့် ပြီးဆုံးချိန်သည် သုံးရက်ကြာသွားပြီးဖြစ်သည်။ သို့သော် ယခင်ကထက်ပင် ပိုမို တင်းမာသော ဖိအားတစ်ရပ်သည် ပြိုင်ပွဲခန်းမတစ်ခုလုံးကို လွှမ်းခြုံထားနေဆဲဖြစ်သည်။
အထူးသဖြင့် ချူကျီယန် လေ့ကျန်ရှန်းကို အနိုင်ယူခဲ့သည့် အံ့အားသင့်ဖွယ် ပြိုင်ပွဲရလဒ်သည် အင်ပါယာတစ်လွှား ဆွေးနွေးမှုများကို မရပ်မနား ဖြစ်စေခဲ့သည်။
ယခင် အင်ပါယာ၏ အားအကြီးဆုံး ပါရမီရှင်ဟု ခေါ်ဝေါ်ခံခဲ့ရသူအား အနိုင်ယူနိုင်ခြင်းသည် မည်သူမဆို လုပ်နိုင်သော အရာမဟုတ်ပေ
ကောင်းကင်ဓားဂိုဏ်း၏ စောင့်ဆိုင်းခန်းမှာတော့ အပြင်ဘက် ပြိုင်ပွဲခန်းမ၏ ဆူညံမှုနှင့်ဆန့်ကျင်ဘက်အဖြစ် အေးချမ်းငြိမ်သက်နေပြီး မုန်တိုင်းမတိုင်မီ တိတ်ဆိတ်သည့် နေရာတစ်ခုလို ဖြစ်နေသည်။
ချူကျီယန်သည် ထိုင်ခုံပေါ် နောက်မှီပြီး ထိုင်နေသည်။ ကိုယ်ဟန်အနေအထားသည် အေးဆေးဖြစ်နေပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် သဘာဝကျကျ ပေါ်လာသော ပြုံးရိပ်အသေးတစ်ခု ရှိနေသည်။
“ဟီးဟီး…”
ပိုင်ကျီဟန် ပေးခဲ့သည့် ကြယ်ရောင်ဖျော့ဖျော့ တောက်ပနေသော လည်ဆွဲသည် သူမ၏ ရင်ဘတ်ပေါ်တွင် ပေါ့ပါးစွာ တည်ရှိနေသည်။
သူမ၏ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ပိုင်ရွှယ်ချင်းသည် ချူကျီယန်၏ လည်ချောင်းပေါ်က တောက်ပမှုကို ချက်ချင်း သတိပြုမိသွားသည်။ သူမ၏ နှုတ်ခမ်းတွင် လှောင်ပြောင်မှုအနည်းငယ် ပါသော အပြုံးတစ်ခု ပေါ်လာသည်။
“ဒီလောက်တောင် ပျော်နေတာလား?”
ပိုင်ရွှယ်ချင်းသည် ခေါင်းကို နည်းနည်း လှည့်ကာ မေးလိုက်သည်။ မျက်လုံးများ၌ စိတ်ဝင်စားမှုနှင့် လင်းလက်နေသည်။
“ပိုင်ကျီဟန်က ပေးတဲ့ အဲ့ဒီ လက်ဆောင်လေးကြောင့်လား?”
သေချာပြောရလျှင် လက်ဆောင်လေးဟု ခေါ်ဖို့ မသင့်ပေ။ ပိုင်ကျီဟန်အဖို့ ရရှိရန် ရွှေသုံးသန်းကို သုံးစွဲခဲ့ရပြီး ၎င်းသည် ထိပ်တန်း မြေကမ္ဘာအဆင့် ရတနာတစ်ခုကို ဝယ်ယူနိုင်လောက်အောင် ကြီးမားလှသည်။
ချူကျီယန်၏ မျက်နှာသည် အနည်းငယ် နီရဲသွားပြီး လည်ဆွဲကို လက်ဖြင့် ထိလိုက်ကာ အရေးမကြီးသလို လုပ်လိုက်သည်။
“အဲ့ဒီလို မဟုတ်ပါဘူး”
သူမ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပေမဲ့ အသံထဲမှာတော့ ကာကွယ်လိုစိတ် အနည်းငယ်ကို ဖေါ်ပြနေသည်။
သို့တိုင် ပိုင်ရွှယ်ချင်းကတော့ မလျှော့ပေ။ လှောင်ပြောင်သည့် စကားများကို ဆက်တိုက် ပြောလာပြီး ကစားနေသလိုပင်။
“တကယ်လား? ဖယ်ထုတ်ထားတဲ့သူတစ်ယောက်လို မထင်ရဘူးနော်။ ဒီလောက်ပျော်နေတာကို ကြည့်ရင်… ပြောစမ်းပါ ချူကျီယန်၊ ပိုင်ကျီဟန်ကို တိတ်တိတ်လေး ချစ်နေပြီလား?”
ချူကျီယန်သည် အသက်ရှူထုတ်လိုက်ပြီး ခေါင်းကို နည်းနည်း လှုပ်လိုက်ကာ ပါးပြင်ကတော့ အနည်းငယ် ပူနွေးလာသည်။
“နင် စိတ်ကူးယဉ်နေတာပါ။ ငါ ပြိုင်ပွဲကိုပဲ အာရုံစိုက်နေတာ။”
“အာရုံစိုက်နေတာ ဟုတ်လား?”
ပိုင်ရွှယ်ချင်းအပြုံးသည် ပိုပြီး ကျယ်လာသည်။ သူမ နောက်တွင် မှီထိုင်လိုက်ပြီး မျက်လုံးများက ပျော်ရွှင်နေသည်။
“အို… နားလည်ပြီ၊ နားလည်ပြီ။ ဒါဆို လည်ပင်းပေါ်က အဲ့ဒီ တောက်ပမှုကလည်း မတော်တဆပဲ ဖြစ်နေတာပေါ့။ အဆင်မပြေဆုံးအချိန်မှာ စိတ်အခြေအနေကို တောက်ပစေသွားတာကလည်း မတော်တဆပဲလား?”
ချူကျီယန်၏ နှုတ်ခမ်းများ တင်းကျပ်သွားသော်လည်း ပြုံးရိပ်လေးကတော့ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
“…သူ ဒီလောက် ငွေများများ သုံးပြီး ဝယ်ပေးထားတာပါ။ မဝတ်ဘဲ နေရင် စိတ်မကောင်းဖြစ်မှာပေါ့။ အခြား အကြောင်းမရှိပါဘူး။”
ပိုင်ရွှယ်ချင်းအနေနဲ့ မိမိ၏ လှောင်ပြောင်မှု အောင်မြင်ကြောင်း ခံစားမိပြီး နူးညံ့စွာ ရယ်မောလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ… အခုတော့ မင်းကို လွှတ်ပေးထားလိုက်မယ်— ယာယီပဲနော်။”
ချူကျီယန်သည် မျက်လုံးကို ပေါ့ပေါ့ပါးပါး လှည့်လိုက်ပြီး သူ့မစိတ်ကို ဖော်ထုတ်သွားမည့် ရှက်စိတ်ကို ဖျောက်ဖို့ ကြိုးစားနေမိသည်။
“ဒါနဲ့… မစိုးရိမ်ဘူးလား? မင်းရဲ့ ပြိုင်ဘက်က လွယ်တဲ့သူ မဟုတ်ဘူးနော်”
“အင်း… ငါလည်း မသိဘူး။ ဒါပေမဲ့ ဒါက ပြဿနာ မဖြစ်နိုင်ပါဘူး”
ပိုင်ရွှယ်ချင်းသည် ယုံကြည်ချက်အပြည့်ဖြင့်ပြန်ဖြေလိုက်သည်။ သူမအနေနဲ့ မည်သူ့ကိုမှ မရှုံးချင်သလို ပိုင်ကျီဟန်နှင့် လောင်းထားသော အလောင်းအစားကို အနိုင်ရအောင် လုပ်
မည့် ဆုံးဖြတ်ချက်လည်း မလျော့နည်းပေ
ပြိုင်ပွဲကွင်းအတွင်း၌ လူအများသည် ကိုယ်ယုံကြည်ထားလူ သို့မဟုတ် ကိုယ်တန်ဖိုးထားထောက်ခံသည့် လူများအတွက် အော်ဟစ်အားပေးနေကြသည်။
“ပိုင်ရွှယ်ချင်း၊ ပိုင်ရွှယ်ချင်း”
“ကျောက်ချန်၊ ကျောက်ချန်”
“ရွှေလျန်အာ၊ ရွှေလျန်အာ”
အခြေအနေသည် မြင့်တက်လာပြီး ထိပ်ဆုံး ဆယ့်ခြောက်ယောက်အထိ ရှင်သန်နိုင်ခဲ့သော ကျင့်ကြံသူများကို ယခုအခါ မျိုးဆက်သစ်၏ အမှန်တကယ် အင်အားကြီးများအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။
ထိုပွဲများအနက် လူအများ စောင့်မျှော်ရင်း တီးတိုးပြောဆိုမှုများဖြင့် ခန်းမအနှံ့ ပျံ့နှံ့စေခဲ့သော ပွဲသုံးပွဲရှိသည်— လီမိန်ယင် နှင့် ရွှေလျန်အာ၊ ကျင်းယွမ်ကျန်နှင့် နီဖန်းကျိုး ၊ ပြီးတော့
ကျောက်ချန်နှင့် ပိုင်ရွှယ်ချင်း။
ပွဲတိုင်းသည် ပြင်းထန်ပြီး ထိပ်တိုက်ဆုံရမည့် ပွဲများဖြစ်ကာ ပြိုင်ပွဲ၏ နောက်ဆုံးပွဲအဖြစ်တောင် သတ်မှတ်နိုင်လောက်အောင် ဖြစ်နေသည်။
ပြိုင်ပွဲအခန်းမအတွင်းရှိ စိတ်လှုပ်ရှားမှုသည် ယခင်အချိန်များထက် ပိုမိုမြင့်တက်လာကာ လျှပ်စစ်ဓာတ်ကြိုးကဲ့သို့ တင်းမာနေသည်။
သို့သော် ထိုပွဲများတွင် ပါဝင်ရမည့် ကျင့်ကြံသူ ခြောက်ယောက်အတွက်တော့ အခြေအနေက ရက်စက်လှသည်။ နောက်အဆင့်သို့ တက်လှမ်းနိုင်မည့်သူမှာ သုံးယောက်သာ ဖြစ်သည်။
သို့တိုင် ထိုအချက်သည် ကြည့်ရှုသူများအတွက် အရေးမပါသလောက် ဖြစ်နေသည်။
သူတို့ စောင့်မျှော်နေကြသည်မှာ အနာဂတ်နှစ်များအထိ လူအများ ပြောကြားနေမည့် အထင်ကရ အင်အားပြိုင်ပွဲများ၊ ရာဇဝင် တစ်ခန်းတစ်ကဏ္ဍ ဖြစ်လာမည့် တိုက်ပွဲများနှင့် ကောင်းကင် အင်ပါယာ၏ လူငယ်မျိုးဆက် အထွတ်အထိပ်ကို သက်သေပြမည့် အချိန်ဖြစ်သည်။
ကြေညာပေးသူ၏ အသံသည် ပြိုင်ပွဲခန်းမအနှံ့ကို ရှင်းလင်းစွာ ထိုးဖောက်သွားသည်။
“သုံးရက်ကြာမြင့်ခဲ့ပြီ ။ ဂုဏ်သရေရှိဧည့်သည်တော်များနှင့် ကျင့်ကြံသူများအားလုံး၊ ထိပ်ဆုံး ဆယ့်ခြောက်ယောက်က ယခုအခါ နဂါးနှင့် ဖီးနစ် ပြိုင်ပွဲ စတုတ္ထအဆင့် စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မှာပါ ။ပြင်ဆင်ထားကြပါ”
လူအုပ်အတွင်း တီးတိုးသံများ ပေါ်ပေါက်လာပြီး ခဏအကြာတွင် အော်ဟစ်သံများနှင့် အံ့ဩသံများအဖြစ် ပြောင်းလဲသွားကာ ပထမဆုံး ပွဲကို ခေါ်ဆိုလိုက်ပြီ ဖြစ်သည်။
“ကျောက်ချန် နှင့် ပိုင်ရွှယ်ချင်း”
သူမ၏ အမည်အား ခေါ်သံကြားလိုက်ချိန်တွင် ပိုင်ရွှယ်ချင်းသည် မတ်တပ်ရပ်လိုက်သည်။
စောင့်ဆိုင်းရာနေရာ၏ အနားသို့ ခြေလှမ်းတစ်လှမ်း တိုးလာသော ချူကျီယန်၏ မျက်လုံးများသည် ပြိုင်ပွဲဝင်ပေါက်သို့ လျှောက်လှမ်းသွားနေသော ပိုင်ရွှယ်ချင်း၏ နောက်ကျောကို လိုက်လံကြည့်ရှုနေသည်။
“ကံကောင်းပါစေ” ချူကျီယန်သည် နူးညံ့စွာ ပြောလိုက်ပြီး နှုတ်ခမ်းအနားတွင် အပြုံးလေးတစ်ခု ပေါ်လွင်နေသည်။
ပိုင်ရွှယ်ချင်းသည် ပခုံးပေါ်မှ ပြန်လှည့်ကြည့်ကာ ယုံကြည်မှုအပြည့်ရှိသည့် မျက်လုံးဖြင့် သူမကို ကြည့်လိုက်သည်။
“စိုးရိမ်မနေပါနဲ့။ မကြာခင် ပြန်လာမယ်”
ပြိုင်ပွဲကွင်း တစ်ဖက်မှာတော့ ကျောက်ချန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် လင်းလက်နေသည်။ သူ၏ လက်သီများသည် မသိစိတ်ဖြင့် တင်းကျပ်လာ၏
“နောက်ဆုံးတော့… ငါ့အခွင့်အရေး ရောက်လာပြီပဲ” သူသည် အသံတိုးတိုးဖြင့် ပြောလိုက်ကာ မျက်နှာပေါ်တွင် ရက်စက်သည့် အပြုံးတစ်ခု ပျံ့နှံ့လာသည်။
ပိုင်မိသားစု၏ မင်းသမီး ပိုင်ရွှယ်ချင်းနှင့် ရင်ဆိုင်ရခြင်းသည် သူ့အတွက် ပိုင်ကျီဟန်ကို တိုက်ခိုက်ရသလို အရေးပါသည့် အခိုက်အတန့်တစ်ခုနီးပါး ဖြစ်သည်။
သူမကို အနိုင်ယူနိုင်ပါက လူအများရှေ့တွင် သူမအား အရှက်ရစေပြီး နှစ်ရှည်လများ စောင့်မျှော်ခဲ့သော လက်စားချေမှုကို ပြီးမြောက်နိုင်မည် ဖြစ်သည်။
လူစုအတွင်း ဆွေးနွေးသံများ မြင့်တက်လာပြီး ခန့်မှန်းချက်များနှင့် စိတ်လှုပ်ရှားမှုများ ပေါင်းစပ်ထားသည့် အသံတစ်ခု ဖြစ်ပေါ်လာသည်။
“ပိုင်ရွှယ်ချင်းရဲ့ အင်အားကို မယှဉ်နိုင်လောက်ဘူး။ ကျောက်ချန် အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး”
“အဲ့လို မပြောနဲ့။ သူက မနှစ်ကနဲ့ မတူတော့ဘူး။ တိုးတက်မှု အတော်မြန်တယ်။ နောက်ဆုံးအဆင့်မှာ ဘယ်လို အံ့ဩစရာတွေ ဖြစ်ခဲ့လဲ မမေ့ဘူးမလား— ချူကျီယန်က လေ့ကျန်ရှန်ကို အနိုင်ယူခဲ့တာကို?”
“ပိုင်ရွှယ်ချင်းရဲ့ နည်းစနစ်က ပြည့်စုံတယ်။ တုံ့ပြန်မှုအမြန်နှုန်းကလည်း… သူမ မျိုးဆက်တွေထဲမှာ ဘယ်သူမှ မယှဉ်နိုင်ဘူး။ ကျောက်ချန်က ကောင်းတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် သူမကို ကိုင်တွယ်နိုင်ပါ့မလား?”
“အဲဒီလိုဆိုပေမဲ့ သူ့ကို လျော့မတွက်သင့်ဘူး။ တစ်နှစ်အတွင်း သူ့ရဲ့ တိုးတက်မှုက ထူးခြားလွန်းတယ်။ အခွင့်အရေးတစ်ခု ရခဲ့ရင်
ဘာဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး。”
“အင်း… ဒါဆို စောင့်ကြည့်ရတာပေါ့”
ပြိုင်ပွဲကွင်းသည် တိတ်ဆိတ်သွားကာ လူတိုင်း၏ မျက်လုံးများသည် အလယ်ဗဟို စင်မြင့်ဆီသို့ တစ်ပြိုင်နက်တည်း လှည့်သွားကြသည်။
ထိုအချိန်တွင် ကြေညာပေးသူ၏ အသံသည် ဆွေးနွေးသံများကို ဖြတ်တောက်ကာ ထပ်မံ ပေါက်ကွဲလာသည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံး စိတ်အားထက်သန်စွာ ကြည့်ရှုရန် ပြင်ဆင်ထားကြပါ..ထိပ်ဆုံး ဆယ့်ခြောက်ယောက်ရဲ့ စတုတ္ထအဆင့် ပထမဆုံး ထိပ်တိုက်ပွဲ ကျောက်ချန် နှင့် ပိုင်ရွှယ်ချင်း …ဒဏ္ဍာရီများ မွေးဖွားလာမဲ့ အချိန်ကို မျက်မြင်တွေ့မြင်ပါစေ”
ပိုင်ရွှယ်ချင်းသည် ယုံကြည်မှုအလင်းရောင်ဖြင့် ဝန်းရံလျက် ပြိုင်ပွဲအခန်းမအတွင်းသို့ ဝင်လာခဲ့ပြီး ကျောက်ချန်၏ စိတ်အားထက်သန်မှုသည် လေထုကိုပါ တုန်ခါစေသလို ထင်ရသည်။
တိုက်ပွဲသည် မကြာမီ စတင်တော့မည် ဖြစ်သည်— ရလဒ်သည် မျှော်မှန်းထားသလို ဖြစ်လာမည်လား၊ မမျှော်လင့်ထားသည့် အံ့ဩစရာ ဖြစ်လာမည်လားကို မသိနိုင်သော်လည်း အချက်တစ်ခုတော့ သေချာသည်။
ဤတိုက်ပွဲသည် ဖုန်မှုန့်များ ပြန်လည် ကျဆင်းသွားပြီးနောက်တွင်ပင် လူအများ၏ မှတ်ဉာဏ်ထဲ၌ ကြာရှည်စွာ ကျန်ရစ်နေမည် ဖြစ်သည်။
“စတင်ပြီ”