အခန်း (၄၇)
Vol. 4 Ch. 47
မကောင်းတာလုပ်သည်ကို တွေ့သွားလျှင် လူအများစု ပထမဆုံးပြုမူသည်က အပြစ်ရှိသကဲ့သို့ ခံစားရသည်ဖြစ်ပြီး နောက် လှည့်၍ ထွက်ပြေးသွားမည်။ သို့သော် ခုနအမျိုးသားက အပြစ်ရှိသည် မဆိုထားနှင့် ထွက်လည်းမပြေးပေ။ ထိုအစား ထွက်သွားသောအခါတွင်ပင် အလွန်မလိုလား။ အလွန်ထူးဆန်းသည်။
ကုလျန်ရုန် သန်းဝေပြီး တစ်ခြားတစ်ဖက်မှ ပြန်လာသည်။ ကုလျန်ရွှမ် အပြင်တွင်ထိုင်နေသည်ကို မြင်၍ သူ သိချင်စွာ မေးလိုက်သည်။ "အစ်ကို ဒီမှာဘာလုပ်နေတာလဲ? ကျွန်တော်ပြန်လာပြီ။ ဝင်နားလို့ရပြီ”
ကုလျန်ရွှမ် ဘယ်ညာကြည့်ကာ "ဘေးအခန်းက ဦးလေးက ခေါင်းမူးနေလို့။ သူ့သားက အကို့ကို စောင့်ကြည့်ပေးဖို့ မှာသွားလို့ ” အခု တတိယကလေးပြန်လာပြီဖြစ်၍ ကုလျန်ရွှမ် သူ့ခုံကို စောင့်ကြည့်ရန်ပေးလိုက်ပြီး အထဲတွင် သူ့ဘာသာ သွားနားသည်။
ကုလျန်ရုန်က အထဲက စာအုပ်သွားယူပြီး ထိုင်စာဖတ်ရင်းစောင့်သည်။ စာရွက်နှစ်ရွက်လှန်ပြီးနောက် တစ်ယောက်ယောက်က သူ့ကို ချောင်းကြည့်နေသကဲ့သို့ ခံစားရကာ မသက်မသာဖြစ်လာသည်။ သူ ဘေးဘယ်ညာကြည့်လိုက်သော်လည်း ဘာမှမတွေ့၍ ခေါင်းပြန်ငုံ့လိုက်သည်။
ရေသွားခပ်သော ဘေးအခန်းက ရဲဘော်ရဲဘက် ပြန်လာကာ ကုလျန်ရုန်ကို ထပ်ခါထပ်ခါ ကျေးဇူးတင်သည်။ ကုလျန်ရုန်လက်ရမ်းပြီး အခန်းပြန်လိုက်သည်။
ကုလျန်ရွှမ် စိတ်ထဲတွေးစရာရှိနေ၍ သူလှဲနေပေမယ့် အိပ်မပျော်သေးပေ။
ကုလျန်ရုန် ဝင်လာပြီး ကုလျန်ရွှမ် သူ မနက်က ကြားခဲ့သည်ကို ပြန်ပြောလိုက်သည်။ "အကို ဒါက မှန်နေတယ်လို့ ကျွန်တော်မထင်ဘူး”
ဟယ်လီကျွင်းက ကုချန်ချင်း၏ စစ်တပ်က ရဲဘော်ရဲဘက်ဖြစ်သည်။ နှစ်နှစ်အတူတူလုပ်ပြီးနောက် ဟယ်လီကျွင်း အလုပ်ပြောင်းပြီး အိမ်ပြန်ခဲ့သည်။ ကုမိသားစုနှင့် ဆက်ဆံရေးက မဆိုးလှပေ။ ကုချန်ချင်း ဆုံးပြီးနောက် ဟယ်လီကျွင်း ခရိုင်တွင် စာလေ့လာနေသော ကုလျန်ရွှမ်နှင့် ကုလျန်ရုန်ကို မကြာခဏဂရုစိုက်ပေးသည်။
သူ့စိတ်ထဲ ဟယ်လီကျွင်းက အလုပ်ပြောင်းသည့်ကိစ္စမျိုး လုပ်မည်ဟု ကုလျန်ရုန်မယုံ၍ သူ သူတို့ကို မပြောပြရသေးပေ။
ကုလျန်ရွှမ် မျက်နှာတည်သွားကာ ထထိုင်ပြီး အိတ်ကို မှီလိုက်သည်။ "မင်းသူငယ်ချင်းက ဒီလလယ် သကြားစက်ရုံက အလုပ်သမား ခေါ်နေတယ်ပြောတယ် ပြီးတော့ လကုန်မှာ တင်ပြဖို့ လူတွေစီစဉ်ထားတယ်ပြောတယ်လား?”
ကုလျန်ရုန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ လောညီက အဲ့လိုပြောတာ”
" ဟယ်ဦးလေး လာတုန်းက ဒီလကုန် ပို့ဆောင်ရေးအဖွဲ့က အလုပ်အပြီးသတ်မယ်လို့ အိမ်ကို ပြောခဲ့တာ" ကုလျန်ရွှမ် ပြောလိုက်သည်။
သူတို့ လကုန် တာဝန်တင်ပြရမည်ဖြစ်ပြီး အလယ်တွင် အမှားမရှိသင့်သည်က ကျိုးကြောင်းဆီလျော်သည်။ သို့သော် လအစနှင့် လအဆုံးဖြစ်သင့်ပြီး ကြားတွင် ပြောသင့်သည်။
"တစ်ခြားလူက ဟယ်ဦးလေးရဲ့အငယ်ဆုံးသား ဟယ်ရှန်းချွင်။ သူက မင်းထက် ၂နှစ်ပိုကြီးတယ်။ သူ့သားအတွက်ဆိုရင် သကြားစက်ရုံနဲ့ ပို့ဆောင်ရေးအဖွဲ့က အလုပ်ပြောင်းဖို့ဆိုတာ ဖြစ်နိုင်တယ်” ကုလျန်ရွှမ်ဆက်ပြောလိုက်သည်။ "ဒါပေမယ့် ဒါက ဟယ်ဦးလေးက သကြားစက်ရုံက ဒါရိုက်တာမလို့ ခန့်မှန်းပြောတာ။ သူ ပို့ဆောင်ရေးအဖွဲ့မှာ ဟယ်ရှန်းချွင်ကို ထည့်ဖို့ လူတစ်ယောက် ရှာတာလည်း ဖြစ်နိုင်တယ်”
ကုလျန်ရုန် အရင်ဖြစ်နိုင်ချေရှိသည်ကို သံသယမဝင်ချင်။ ဟယ်လီကျွင်းက မကြာခဏ သူတို့ညီအကို ခရိုင်အထက်တန်းကျောင်းတွင် ရှိစဉ်က ဂရုစိုက်ပေးခဲ့သည်။ နောက် သူ အကြီးဆုံးအကို၏ အလုပ် လက်လွှဲယူသောအခါတွင်လည်း စောင့်ကြည့်ပေးရန် ရှိခဲ့သည်။
ကျန်းထျန် မှောင်မှောင်မည်းမည်းအောက်စင်တွင် လှဲရင်း ညီအကိုနှစ်ယောက် စကားပြောသည်ကို နားထောင်နေရာ သူမစိတ်ထဲ အတွေးတစ်ခုပေါ်လာသည်။
သူမ ကာထားသည့်အဝတ်ကြားမှ ခေါင်းထွက်လိုက်ရာ အလင်းရောင်စူးစူးကြောင့် မျက်လုံးမှေးရင်း ပြောလိုက်သည်။ "ဟယ်ဦးလေးက မောင်လေးနဲ့ သူ့သားအလုပ်တကယ်ပြောင်းခဲ့တယ်လို့ အစ်မထင်တယ်။ လကုန်မတိုင်ခင်ပဲ သူရှိဖို့လိုတာ။ သူ့သားအလုပ် အခြေကျတာနဲ့ သူ မင်းကို အလုပ်တစ်ခုအမြန်ပေးတာ”
ဤသည်ကလည်း ဇာတ်ကြောင်းထဲ လအစတွင် ကုလျန်ရုန် သကြားစက်ရုံမှ အလုပ်စာ ရသည်ကို ရှင်းပြနိုင်သည်။
သူတို့ မြို့ကြီးတွင် ရှိစဉ် ဟယ်လီကျွင်း ကုအိမ်သွားပြီး အကြောင်းကြားလောက်သည်။ ကျန်းထျန် ပြောပြီးနောက် ကုလျန်ရွှမ် တစ်ခုကို နားမလည်သေးပေ။ နောက် ချက်ချင်း သူ့မျက်နှာမည်းလာသည်။ ကုလျန်ရုန် မြန်မြန်စဉ်းစားပြီး လုပ်ရမည့်လမ်းကို သဘောပေါက်သွားသည်။
ကျန်းထျန် ထပ်မေးလိုက်သည်။ "အဖွဲ့အစည်းက စီစဉ်ပေးတုန်းက စာတစ်စောင်အပြင် ထပ်မရှိတော့ဘူးလား?” အလုပ်ကိုပေးရမည့်သူက ကုလျန်ရုန်ဖြစ်ကြောင်းသက်သေပြနိုင်သည့် ထောက်ခံစာနှင့်ဆင်တူသည့် စာရှိရမည်။
ကုလျန်ရုန် မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။ "မရှိဘူး”
ဟယ်လီကျွင်းက သကြားစက်ရုံမှ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး စစ်တပ်တွင် တာဝန်ထမ်းဆောင်ဖူး၍ ဒီလိုကိစ္စအတွက် ကုမိသားစုထက် သူပိုသိသည်။ အဖွဲ့အစည်းကစာက အရင်ဆုံး အစိုးရဆီရောက်ပြီးမှ အစိုးရနှင့် ခရိုင်ကစက်ရုံကြားညှိနှိုင်းပြီးမှ သေချာသည်။ ဟယ်လီကျွင်းက ခရိုင်တွင် နေ၍ မည်သည့်သတင်းကိုမဆို အမြန်ဆုံးသိကာ နောက် သူ ကုအိမ်သို့ သွားအကြောင်းကြားသည်။
ဟယ်ဦးလေးက အလုပ်ပြောင်းရန် အစောကြီးတည်းက တွေးထားကြောင်း ကျန်းထျန် ပုံဖော်ပြလိုက်သည်။
ကုလျန်ရုန် စားပွဲကို ရိုက်ကာ "ဟုတ်ပြီ။ ဒါက နှစ်ဖက်ကို လှည့်စားတာပဲ!”
လောညီက ဘာလို့ အလုပ်ပြောင်းသည်က ဆန္ဒအလျောက်ဖြစ်သည်ဟုပြောသနည်း။ ထို့ကြောင့် အဖွဲ့အစည်း၏ ထောက်ခံစာကို ရပြီးမှ အရင်ဆုံး ပို့ဆောင်ရေးကို ရှာလောက်သည်။ ဟယ်လီကျွင်းက သကြားစက်ရုံက ဒါရိုက်တာဖြစ်၍ နှစ်ဖက်တိုင်ပင်ပြီး အလုပ်ကို ပြောင်းလိုက်သည်မလား?
မရီးပြောသည်အရ ဟယ်လီကျွင်း အလုပ်လဲပြီးနောက် ကုအိမ်သို့လာကာ အဖွဲ့အစည်းကစီစဉ်ပေးသောအလုပ်က ပို့ဆောင်ရေးတွင်ဖြစ်ပြီး လကုန်တွင် သတင်းပို့ရမည်ပြောသည်။ သို့သော် ဒါက သူ့အဆက်အသွယ်ကြောင့်မဟုတ်။
ကုလျန်ရုန် နှစ်စက္ကန့်လောက် ဒေါသထွက်ပြီးနောက် ကုလျန်ရွှမ်ကို မေးလိုက်သည်။ "အကို ဘယ်လိုထင်လဲ?”
ကျန်းထျန် - "…..” မင်းမှာ သူရဲကောင်းရဲ့ သတ္တိမရှိဘူးလား? အမျိုးသားဇာတ်ဆောင်မှာ ရှိသင့်တဲ့ထက်မြတ်မှုကို ပြဖို့ ခေါင်းမသုံးသင့်ဘူးလား?
ကုလျန်ရွှမ်် မျက်ရိုးကိုနှိပ်ကာ "ကိစ္စက အတည်မပြုရသေးဘူး။ ဟယ်ဦးလေးက သူ့သားနဲ့ မင်းကို တကယ်အလုပ်ပြောင်းလိုက်ရင် အလုပ်ပြန်ရဖို့လွယ်တယ်”
အဓိကက ပြန်ရပြီးနောက် ဟယ်လီကျွင်းက ခရိုင်တွင် တော်လှန်ရေးကော်မတီက ခေါင်းဆောင်များနှင့် ရင်းနှီး၍ ဤကိစ္စကြောင့် ကုမိသားစုကို မုန်းသွားပါက ရှောင်းမင် ခရိုင်တွင် စာသင်နေသည်ဖြစ်စေ တတိယကလေး ပို့ဆောင်ရေးအဖွဲ့တွင် လုပ်သည်ဖြစ်စေ ပြသာနာဖြစ်လိမ့်မည်။
ကုလျန်ရွှမ် ပြောချင်သည်ကို နားလည်၍ ကုလျန်ရုန် အလွန်ဒေါသထွက်သွားသည်။ "အစ်ကို တကယ် အရူးတစ်ယောက်လို မသိချင်ယောင်ဆောင်မလို့လား?”
ကျန်းထျန် ထထိုင်လိုက်ပြီး စားပွဲပေါ် လက်ထောက်မေးတင်ကာ "ဒါဆို ကျွန်မ အရင်ပြောမယ်။ ရှင်တို့ လီအတွင်းရေးမှူးကို မှတ်မိသေးလား?”
ဒါကို ကြား၍ ကုလျန်ရုန် မျက်လုံးမှေးလိုက်သည်။ "လီအတွင်းအရေးမှူးက ချွီကျန်းခရိုင်ကို ရောက်ပြီလို့ ဦးလေးပေါင်ကောဆီက ကျွန်တော်ကြားတယ်။ သူက စစ်သားတစ်ယောက်လုပ်ခဲ့ပြီး အဖြောင့်မတ်ဆုံးတစ်ယောက်လို့ ပြောတယ်.."
"တိုင်ကြားတဲ့ စာတစ်စောင်ရေးမှာလား?" ကုလျန်ရုန် ချက်ချင်း နည်းလမ်းတစ်ခုကို စဥ်းစားမိသည်။
ကလေးမျက်နှာနှင့် ကျန်းထျန် ခေါင်းညိတ်လိုက်သည်။ ခေါင်းညိတ်လိုက်ပြီးနောက် သူမ ကုလျန်ရွှမ်ကို တစ်ဖန်ကြည့်လိုက်သည်။ "ရှင်ဘယ်လိုထင်လဲ?"
ကုလျန်ရွှမ် - "ကိုယ်လည်း မင်းနဲ့တူတူပဲ"
ကျန်းထျန် -"..." ဘာလို့ဒါက ထူးဆန်းနေသနည်း?
"လီအတွင်းရေးမှူးက ချွီကျန်းခရိုင်မှာ အသစ်ဆိုတော့ ဒီကလူတွေနဲ့ မရင်းနှီးဘူး။ သူ့ကို တိုင်စာပို့တာက အကြံကောင်းတစ်ခုပဲ" ကုလျန်ရွှမ် ဆက်ပြောလိုက်သည်။ " ဒါပေမယ့် ဒီလိုဆိုရင် တတိယညီ မင်း မြို့ကြီး သွားရင်အိမ်က အခြေအနေကို မေးဖို့ တစ်ယောက်ကို အကူအညီတောင်းလိုက်"
ကုလျန်ရုန် ခေါင်းညိတ်လိုက်သည်။ "ဟယ်လီကျွင်းက တကယ် ကျွန်တော်တို့အိမ်သွားပြီး သကြားစက်ရုံကအလုပ်ကို ပြောင်းဖို့ သူ့ဆုံးဖြတ်ချက်ကို အဖွဲ့အစည်းကယာယီပြောင်းလိုက်တယ်လို့ပြောရင် အလုပ်ပြောင်းတာက အချက်တစ်ခုဖြစ်သွားပြီ"
ပို့ဆောင်ရေးအဖွဲ့က အလုပ်က ကောင်းသည်ကို ဘယ်သူ မသိလို့လဲ? သကြားစက်ရုံအလုပ်ကို တစ်လကြိုစီစဥ်ပြီး အပိုယွမ်၂၀ ၃၀ရသည်ကို ဘယ်သူက အလေးထားမှာလဲ?
ညစာစားပြီး ကျန်းထျန်နှင့် အိပ်ထား၍ ကုလျန်ရွှမ် အခု နိုးလာသောအခါ မအိပ်ချင်တော့။ အချိန်ကုန်ရန် တတိယညီယူလာပေးသောစာအုပ်ကို ဖတ်လိုက်သည်။
ကုလျန်ရုန် လှဲလိုက်ရာ သူ့ဗိုက်က ဟောင်းလောင်းနီးပါးဖြစ်နေသည်ဟု ခံစားရ၍ အဝတ်အိတ်ကို ဖွင့်ကာ ပေါက်စီ ပန်ကိတ်များကို အပြတ်ရှင်းလိုက်သည်။နောက် ထပ်လှဲပြီး မကြာမီ အိပ်ပျော်သွားသည်။ အခန်းက တစ်ဖန် တိတ်ဆိတ်သွားသည်။
မကြာမီ ရထားက ဘူတာတစ်ခုတွင် ရပ်၍ ရထားမှ ဆင်းလိုက် တက်လိုက်လူများရှိကြကာ အခန်းတံခါးမှ ဖြတ်သွားကြသည်။
အဝတ်စုတ်စုတ်ပြတ်ပြတ် ဆံပင်ဖြူဖြူ အဝတ်ဖရိုဖရဲနှင့် လူအိုစုံတွဲ တံခါးရှေ့တွင် အကြာကြီးရပ်နေကာ တုံ့ဆိုင်းပြီးနောက် တိုးတိုးပြောလိုက်သည်။
"ရဲဘော်ရဲဘက်... ငယ်လေး အဘွားခြေထောက်က မကောင်းလို့ ရှေ့မှာ လူတွေလည်းအရမ်းများတော့ အဘွားကို အိမ်သာတံခါးထိ ကူညီနိုင်မလား?"
ကျန်းထျန် နှင့် ကုလျန်ရုန် တစ်ချိန်တည်း မော့ကြည့်လိုက်ကြသည်။ "ဟုတ်ကဲ့!" ကျန်းထျန် ဖိနပ်စီးပြီး အိပ်ရာမှ ထရန်ပြင်လိုက်သည်။
ကုလျန်ရုန် သူမကို တားလိုက်သည်။ "မရီး။ ကျွန်တော် သွားလိုက်မယ်"
အဘိုးအိုက ရှေ့နှစ်လှမ်းလောက်လှမ်းလိုက်ပြီး "ရဲဘော်ရဲဘက်ငယ်လေး။ အဘလည်း အိမ်သာသွားချင်လို့"
နောက် သူတို့နှစ်ယောက်လုံး အတူတူသွားကြသည်။ မထွက်မီ ကုလျန်ရုန် ဘေးခန်းကအမျိုးသားကို အခြေအနေကြည့်ပေးရန် အကူအညီတောင်းလိုက်သည်။
အတက်အဆင်းချိန်ဖြစ်၍ လူများ တက်လိုက်ဆင်းလိုက်နှင့် သတိမထားလျှင် လူကွဲသွားနိုင်၍ ကုလျန်ရုန် လူကို ကူထားရင်း သူ့အရှေ့က ကျန်းထျန်ကို ငေးကြည့်ရသည်။
ထို့ကြောင့် သူ သူ့ဘေးက အဘိုးအို၏ မျက်လုံးများ တောက်ပသွားသည်ကို သူ သတိမထားမိ။ နောက် အဘိုးအို ရှေ့လှဲကျတော့မည့်သကဲ့သို့ ဖြစ်သွား၍ ကုလျန်ရုန်ပါ ယိုင်သွားသည်။ ရှေ့က နှစ်ယောက်လည်း ချက်ချင်းဆိုသလို မြင်ကွင်းမှ ပျောက်သွားသည်။
" အိုး.. အဘရဲ့ ခြေကျင်းဝတ်ခေါက်သွားပြီ!" မျက်နှာတွင် နာကျင်သည့်အမူအရာနှင့် အတူတွင် ကြမ်းပြင်တွင်ထိုင်ချသည်။
တစ်ခုခုမှားနေသကဲ့သို့ ကုလျန်ရုန် ခံစားရ၍ ကျန်းထျန်နေရာကို အတည်ပြုရန် အမြန်ခေါင်းမော့ချင်သော်လည်း အဘိုးအိုက သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ "ရဲဘော်ရဲဘက်လေး၊ အဘခြေကျင်းဝတ်ခေါက်သွားလို့ လမ်းမလျှောက်နိုင်တော့ဘူး။ ရဲဘော်ရဲဘက်လေး အဘကို ထားသွားတော့မလို့လား?"
အထုပ်သယ်ထားပြီး တက်လိုက်ဆင်းလိုက်ခရီးသည်များလည်း ရှိ၍ ဤလူက ကြမ်းပြင်ပေါ် ထိုင်ပြီး လမ်းကို ပိတ်ထားသဖြင့် ခရီးသည်များ စိတ်မရှည်တော့ပေ။
"ငါတို့သွားရဦးမှာလား ရထားပေါ်က ဆင်းဖို့လိုသေးတယ်။ နောက်ကျသွားရင် မင်း ပေးမှာလား!?"
"ရဲဘော်ရဲဘက်လေး၊ မင်းအဘက ခြေကျင်းဝတ်ခေါက်သွားတာ။ ကျောပေါ် သယ်ပေးသွားပါလား?"
" ဟုတ်တယ်။ မင်းတို့ မသွားရင် ငါတို့ ရထားပေါ်က ဆင်းလို့ရမှာမဟုတ်ဘူး"
ကုလျန်ရုန် မျက်မှောင်ကြုတ်ကာ ကြမ်းပြင်ပေါ် ထိုင်နေသောအဘိုးအိုကို အေးစက်စွာ ကြည့်လိုက်ပြီး ထိုင်ချကာ "တက်။ ကျွန်တော်သွားတော့မယ်။ ကျွန်တော့နေရာပြန်ချင်နေပြီ"
အဘိုးအိုက ဘာမှမလှုပ်ရှား၍ ကုလျန်ရုန် ပြောလိုက်သည်။ "ဒါဆိုလည်း အဘဒီမှာထိုင်လို့ရတယ်" ကုလျန်ရုန် ကျန်းထျန်နောက်လိုက်ရန် ပြင်လိုက်သော်လည်း အဘိုးအို သူ့ဒူးခေါင်းကို ဖက်ကာ မျက်လုံးမှမျက်ရည်များကို သုတ်ပြီး အော်ငိုလေသည်။ "အမလေး ! ဒီလိုမြေးယောကျ်ားလေးနဲ့ အဘ ဘဝက ဆိုးရွားပါတယ်။ အဘက အသုံးမဝင်တာမြင်တော့ အဘကို ထားသွားချင်တယ်"
အဘိုးအိုက ကုလျန်ရုန်ကို မသိတတ်ဟု စတင်စွပ်စွဲကာဆက်တိုက်ပြောဆိုနေသည်။
ကုလျန်ရုန် အသက်ပြင်းပြင်းရှူပြီး သူက အဘိုးအို၏ မြေးမဟုတ်ကြောင်း အဘိုးအိုခြေကျင်းဝတ်ခေါက်ချင်ယောင်ဆောင်၍ သူ့ကို တားနေသည်ဟု သူအခုပြောလျှင်လည်း ဘယ်သူမှ မယုံမည်ကို သိသည်။
စိတ်ထဲ စိုးရိမ်ကာ စိတ်တိုနေသည်ကို သည်းခံကာ ခါးကုန်းပြီး အဘိုးအို၏ လက်ချောင်းများကို တစ်ချောင်းချင်းအားနှင့် ခွာကာ နောက် လက်များကို ဆွဲပြီး သူ့ပုခုံးပေါ်ထမ်းလိုက်သည်။ သူ့ဘေးက ခရီးသည်များ အံသြစွာ ကြည့်နေသည်နှင့်အတူ သူ လူကို ဆွဲပြီး အရှေ့သို့ သွားလိုက်သည်။
ဤအဘိုးအိုက သူထင်သကဲ့သို့ လူစားမျိုး မဟုတ်ရန် မျှော်လင့်ရသည်။ နောက်ကလူများ အော်နေသည်ကို ဂရုမစိုက်ဘဲ သူ အိမ်သာကို မြန်မြန်သွားလိုက်သည်။
တစ်ဖက်တွင်လည်း အရင်ဘဝက လှည့်ကွက်အများကြီးကို မြင်ဖူး၍ အဘွားအိုက "အဘွား တစ်ခုခုပျောက်သွားတယ်ထင်လို့ မိန်းကလေး အဘွားနဲ့ ပြန်လိုက်နိုင်မလား?"ဟု ပြောသောအခါ တစ်ခုခုမှားနေမှန်း ကျန်းထျန် သတိထားမိသည်။
ဤတောင်းဆိုမှုကို သဘောတူပြီးနောက် သူမကို အဘွားအိုက ဦးဆောင်ခေါ်သွားသည်။ အတွဲနှစ်တွဲ လျှောက်ပြီးနောက် လူများ တဖြည်းဖြည်းနည်းလာကာ အတွဲကြားတွင် အမျိုးသားနှစ်ယောက် မတ်တပ်ရပ်ပြီး သွားဝါကြီးများ ပေါ်အောင်ရယ်နေသည်ကို မြင်သောအခါ သူမ သိလိုက်သည်။