← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

ဤလူများ ကြမ်းကြုတ်စွာ ရယ်နေသည်ကို မြင်၍ သူတို့ နေရသည်ကို ပင်ပန်းနေမှန်း ကျန်းထျန် သိလိုက်သည်။ ဘယ်သူ့ကို မဆို ရှာသည်က မကောင်းသော်လည်း အခု သူမခေါင်းရောက်လာသည်။

သူမ ကုအိမ်တွင် ရက်အနည်းငယ် မလှုပ်မရှားနေနေရ၍ အခု ဤလူများက လေ့ကျင့်ရန်အတွက် သင့်တော်သည်။

ကျန်းထျန် ရပ်လိုက်ရာ သူမကိုင်ထားသော အဘွားက ချက်ချင်းခေါင်းလှည့်လာပြီး ကြင်နာစွာကြည့်၍ မေးလိုက်သည်။ "ချွေးမလေး၊ ဘာလို့မသွားတာလဲ?"

ကျန်းထျန် မျက်လုံးမှေး၍ မေးလိုက်သည်။ "ချွေးမ?"

အဘွားအို ကျန်းထျန်မေးခွန်းကြောင့် အမူအရာမပြောင်းဘဲ ခေါင်းညိတ်လိုက်သည်။ " မင်းက အဘွား အကုန်ခံပြီး ချမ်းကျီအတွက်် လက်ထပ်ပေးမယ့် ချွေးမ"

ပြောရင်း အဘွားအိုမျက်နှာ ပြောင်းလဲလာကာ အစကကြင်‌နာသည့်မျက်နှာတွင် အနည်းငယ်ကြမ်းကြုတ်မှုပေါ်လာသည်။ မျက်လုံးပင့်၍ တစ်ချိန်တည်းမှာပင် သူမလက်ဖြင့် ကျန်းထျန်လက်ကို ပိတ်ထားလိုက်သည်။

"ညည်းက ဘာဖြစ်တာလဲ? ငါ့မိသားစုက ညည်းကို လက်ထပ်ဖို့ ခန်းဝင်‌ငွေကုန်သွားပြီးတော့ ညည်းက အခုမှ ထွက်ပြေးချင်တာလား? မရဘူး!"

စကားမဆုံးခင် ကျန်းထျန်ကို ‌စောင့်နေပုံပေါ်သော အရှေ့က နှစ်ယောက် ပြုံး၍ လျှောက်လာသည်။ တစ်ယောက်က အင်္ကျီလက်ကို တင်ကာ သွားဝါးကြီးများပေါ်အောင် ပြုံးဖြီးပြီး "ဒုတိယညီ၊ မင်း မင်းမိန်းမကို ခေါ်ပြီး သေချာဆုံးမပါလား? သူမဘာနဲ့လုပ်ထားလည်း ကြည့်ကြည့်‌"

သူမသားနှစ်ယောက် ရှေ့ထွက်လာသည်ကို မြင်၍ အဘွားအို ပြုံးကာ တစ်ချိန်တည်းမှာပင် သူမအားဖြင့် ကျန်းထျန်ကို တွန်းရန် ကြိုးစားလိုက်သည်။

သူမ တွန်းလိုက်သော်လည်း အလုပ်မဖြစ်။ ကျန်းထျန် ခုံကို ကိုင်ထားသည်ဟု အဘွားအို ‌ထင်လိုက်၍ ကြည့်လိုက်ရာ ကျန်းထျန်ခြေလက်များက ဘာကိုမှထိ‌မနေသည်ကိုမြင်ပြီး သူမ ဒုတိယအကြိမ်တွန်းလိုက်သည်။ သို့သော်လည်း မရွေ့ပြန်ပေ။

မယုံနိုင်၍ သူမ တတိယအကြိမ်တွန်းလိုက်မှ သူမ သတိမထားမိခင် သူမလက်အညှစ်ခံထားရသည်ကို သိလိုက်သည်။ ချက်ချင်း မျက်လုံးပြူးကျယ်သွားပြီး သူမသားနှစ်ယောက်ကို ကြည့်လိုက်သည်။

တစ်ဖက်၌ အကြီးဆုံးသားက ဒုတိယသားကို မိန်းမအားဆုံးမသည့်နည်းလမ်းကို `ရိုက်´ဆိုသည့်စကားတစ်လုံးနှင့် သင်ပြနေသည်။ ဒုတိယသားမျက်နှာတွင် နားလည်သွားကြောင်းပေါ်သွား၍ အကြီးဆုံးသား အလွန်ဂုဏ်ယူစွာ ရယ်၍ သူ့ဇနီးကို သူရိုက်သည့် သူ၏ဂုဏ်ယူဖွယ်အကြောင်းကို ကြွားနေလိုက်သည်။

ကျန်းထျန် မျက်ခုံးပင့်ကာ သူမ သူတို့ကို မ‌သေရုံတမယ်ရိုက်မည်ဟု တွေးလိုက်သည်။ သူမရိုက်လျှင် လုံးဝမညှာဟု ဆုံးဖြတ်လိုက်သည်။

အကြီးဆုံးသားက ကြွားနေကာ ဒုတိယသားက ကျန်းထျန်၏ လှပသောမျက်နှာကို ငေးကြည့်ရင်း သူ့အကို၏ လျှို့ဝှက်ချက်များကို စိတ်မပါတပါနားထောင်နေပြီး သူတို့အမေ၏ ထူးဆန်းနေသည်ကို လုံးဝသတိမထားမိ။

ဤရထားအတွဲက သိပ်မရှည်၍ လူမရှိလုနီးပါးဖြစ်ကာ ထိုနှစ်ယောက် ကျန်းထျန်ဆီတည့်တည့်မတ်မတ်ရောက်လာသည်။ စကားပြောရင်း အမျိုးသားက ကျန်းထျန်လက်ကို ဆွဲရန် ကမ်းလာသည်။ ကြက်တစ်ကောင်ကို ဖမ်းရန်ပင် အားမရှိသည့်မိန်းမတစ်ယောက်ဖြစ်၍ ထွက်မ‌ပြေးနိုင်ဟု တွေးပြီး တစ်ကိုယ်လုံး အလွန်အေးဆေးနေသည်။

ညစ်ညစ်ပတ်ပတ်လက်က သူမအဝတ်ကို မထိခင် ကျန်းထျန် အဘွားအို ခြေလှမ်းတစ်လှမ်းစာ ဆွဲလိုက်ပြီး တည့်တည့်ကန်လိုက်ရာ တစ်ခါတည်း အမျိုးသား အရင်နေရာ ‌ပြန်ရောက်သွားသည်။ သူ ကျန်းထျန်ကြောင့် ၅မီတာခန့် အကန်ခံလိုက်ရသည်။ သူ့ခေါင်းနောက်ပိုင်း ရထားနံရံကို ထိကာ ခေါင်းစောင်းပြီးမေ့လဲသွားသည်။

ကျန်းထျန် မျက်မှောင်ကြုတ်ကာ သူမ ဒီတစ်ခါ အရင်ကထက် အားပိုသုံးနိုင်သည်ဟု ခံစားရသည်။ ကုအိမ်တွင် အခုတလောစားလိုက်အိပ်လိုက်နှင့် ခန္ဓာကိုယ်ကို ဂရုစိုက်နေ၍ ဖြစ်နိုင်သည်။

ကျန်းထျန်ဘကန်ချက်က သူမ‌ဘေးကနှင့် အရှေ့က သားအမိကို ကြောင်သွားစေသည်။

အကြာကြီး တိတ်ဆိတ်နေပြီးနောက် ကျန်းထျန် ဆွဲထားသော အဘွားအိုအော်လိုက်သည်။ "သားကြီး!" နောက် သူမရုန်းကာ သူမသားအခြေအနေကို အ‌ပြေးသွားကြည့်သည်။ အတိအကျပြောရလျှင် သူမသား အသက်ရှင်မရှင်ကို ကြည့်ရန်ဖြစ်သည်။

သို့သော် ကျန်းထျန် လွယ်လွယ်လွှတ်ပေးရန် စိတ်ကူးမရှိ။ အခုအခြေအနေကို အခွင့်ကောင်းယူကာ စတင်သရုပ်ဆောင်သည်။ ချက်ချင်း အဘွားအို၏ ဒုတိယသားအံသြနေသည့် မျက်လုံးအောက်မှ ကျန်းထျန် သူမပေါင်ကို လိမ်ဆွဲပြီး အော်လိုက်သည်။ "အား- ကယ်ကြပါဦး! လုနေပါတယ်!"

အဘွားအို ငိုနေသေးပေမယ့် ကျန်းထျန်အသံက ချက်ချင်း သူမအသံကို ဖုံးသွားသည်။ သူမ တုန်လှုပ်သွားသည်။ ထိုအချိန်တွင် သူတို့ရွေးထားသောရထားအတွဲတွင် လူမရှိ။ အကြံက အဘွားအိုက လူကို မြားခေါ်လာပြီး နောက် သားနှစ်ယောက်က ဘယ်ညာချုပ်မည်ဖြစ်သည်။ အားနည်းသည့်မိန်းမသားတစ်ယောက်‌အနေနှင့် ယောကျ်ားရင့်မာနှစ်ယောက်အားကို မယှဥ်နိုင်လောက်ဟု ‌မျှော်လင့်ထား၍ဖြစ်သည်။

အကယ်၍ ကျန်းထျန်က ရုန်းကန်ပြီး အကူအညီတောင််းလျှင်တောင် နောက်ဆုံး အဘွားအိုရှိသည်မလား အဘွားအိုက စကားကို အမှား အမှန်ပြောင်းအောင်ပြောနိုင်၍ ထိုအချိန်တွင် သူတို့ ကျန်းထျန်ပါးစပ်ကို အုပ်ထားပြီး အဘွားအိုက ကျန်းထျန်ကို မိဘအိမ်ပြန်ချင်နေသောချွေးမဟု ပြောမည်။

တစ်ယောက်က ရုန်းကန်ပြီး တစ်ယောက်က ဖြောင့်ဖြနေသည့် ပုံစံဆိုလျှင် သူတို့၏ ရည်ရွယ်ချက်အမှန်ကို ဘယ်သူမှ သံသယဝင်မည်မဟုတ်။

သိသွားလျှင်တောင် ‌ကမ္ဘာတစ်ခုလုံးက လူများ ဤဘူတာတွင် ရောက်နေ၍ သူတို့ကို ဘယ်လိုရှာတွေ့နိုင်မည်နည်း။ ပြီးတော့ သူတို့အရင်ကလည်း လုပ်ဖူးသည်။

အရင်က မိန်းကလေးငယ်‌တစ်ယောက်ကို လမ်းတွင် ကြိုးတုပ်ပြီး မိသားစုနှင့် ရန်ဖြစ်၍ ထွက်ပြေးလာသောမိန်းကလေးဟု ပြောသည်။ သူမ သူတို့လက်ထဲရောက်လျှင် ဆေးနှစ်ထားသော အဝတ်စဖြင့် အုပ်လိုက်လျှင် တောဝက်တောင် မေ့လဲနိုင်သည်။ ထိုအချိန်တွင် ဆုံးဖြတ်ရမည်က သူတို့လက်ထဲဖြစ်သည်။

ဤအချိန်က မရည်ရွယ်ထားဘဲ ဖြစ်သွားသည်ဖြစ်သည်။ ဒုတိယကလေး အိမ်သာသွားပြီး ပြန်လာရာ သူ မိန်းကလေးတစ်ယောက်ကို ကြိုက်သွားသည်ပြောသည်။ ဆေးက ကုန်နေ၍ ဤကဲ့သို့နေရာရွေးပြီး လုပ်ရသည်။ တစ်ခုခုမှားပြီး တစ်ယောက်ယောက်‌ရှာတွေ့လျှင် ရထား ရပ်ထားတုန်း လူကြားထဲတိုးကာ ရထား‌ပေါ်မှ ဆင်းပြီး ပြေးလျှင်ရသည်။ ရဲစခန်းက သတင်းရသွားသည့်အချိန်တွင် သူတို့ ‌ပြေးပြီးဖြစ်သည်။

သူတို့အကြံက ‌ကောင်း‌သော်လည်း ဤတစ်ကြိမ်ခက်ခဲမည်ဟု မထင်မှတ်ထားပေ။ ကျန်းထျန် အော်ပြီးနောက် ကျန်းထျန်အသံကြောင့် လန့်ပြီး နောက်ဆုတ်ပြီးနောက် ကျန်းထျန်ကို သ‌ဘောကျသော အဘွားအို၏ဒုတိယသား ချမ်းကျီက ရှေ့သို့ လက်ဆန့်ပြီး ပြေးလာသည်။

ကျန်းထျန် အော်ရင်း လက်တစ်ဖက်ဖြင့် အဘွားအိုကိုတွန်းကာ တစ်ချိန်တည်းမှာပင် ခြေထောက်မြှောက်ကာ အမျိုးသားဒူးကို ကန်လိုက်သည်။ အရိုးထိသည့်အသံထွက်လာပြီး ချမ်းကျီ တစ်ခါတည်း ‌ကြမ်းပြင်‌ပေါ်ကျကာ နာ၍ အော်နေပြီး အသိစိတ်ပင် အနည်းငယ်ဝေဝါးလာသည်။ သူ့အမေကပါ သူ့ကို ဖိထားသေးသည်။

နောက်ဆုံး ကျန်းထျန်အော်သံ‌ကို နားနေသောရထားဝန်ထမ်းများ ကြားသွားသည်။ သူတို့ လုနေသည့်အသံကြား၍ အမြန် လူခေါ်၍ ရောက်လာသည်။ ရောက်လာပြီး ကြည့်လိုက်ရာ ဤနေရာတွင် လူလေးယောက်ရှိပြီး တစ်ယောက်က ကြမ်းပြင်ပေါ် မေ့လဲနေကာ တစ်ယောက်က ‌ကြမ်းပြင်ပေါ် ဒူးထောက်ထားပြီး အဘွားအိုက သူ့ကိုယ်ကို ဖိထားသည်။ အောက်က တစ်ယောက်၏ ပုခုံးကို ဖိထား၍ ညည်းတွားသည့် အသံထွက်လာသည်။

ဝန်ထမ်း မျက်လုံးပွတ်ပြီးနောက် နားစွင့်လိုက်သည်။ သူ ခုနက ကြားသည်သာ မှန်လျှင် လူခေါ်သည်က မိန်းကလေးငယ်လေး တစ်ယောက်မလား? အလုခံရသည်က မိန်းကလေးငယ်တစ်ယောက်ဆိုလျှင် အခုအခြေအနေက ဘာလို့ အလွန်ထူးဆန်းနေရသနည်း?

"ခွင့်ပြုပါ....မေးလို့ရမလားဗျ။ ခုန အကူအညီအော်ခေါ်တာ ရဲ‌ဘော်ရဲဘက်တို့လား?"

ကျန်းထျန် ခေါင်းညိတ်ကာ ဝန်ထမ်းကို ပြုံးပြပြီး ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ကျွန်မ ခေါ်လိုက်တာပါ"

သူမ ပြောပြီးနောက် မျက်နှာတည်ကာ အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။ "ခေါင်းဆောင်၊ ဒီလူတွေက လူကုန်ကူးတဲ့လူတွေလို့ ကျွန်မ သံသယဝင်မိပါတယ်"

ဝန်ထမ်း - "?!"

အတွန်းခံလိုက်ရသော အဘွားအို - "?!"

ခေါင်းဆောင်ဟု အခေါ်ခံရ၍ ဝန်ထမ်း ယဥ်ကျေးစွာ ခေါင်းခါချင်သော်လည်း လူကုန်ကူးဟု ကျန်းထျန်‌ပြောသည်ကို ကြား၍ ဝန်ထမ်းများအမူအရာ ချက်ချင်း တည်သွားသည်။

"ရဲဘော်ရဲဘက် ပြောတာအမှန်လား?" ဒါက ဟာသတစ်ခုမဟုတ်ပါ။

" ဟုတ်ပါတယ်။ ကျွန်မကို ဒီအဘွားအို ခုနက အိမ်သာသွားချင်လို့ဆိုပြီး လှည့်ဖြားပါတယ်။ သူမခင်ပွန်းလို့ခေါ်တဲ့အဘိုးအို တစ်ယောက်လည်း ရှိပါတယ်။ အဲ့အဘိုးအိုကို ကျွန်မရဲ့တတိယမောင် ကူပေးထားတာပါ။ ကျွန်မ ဒီအခေါ်ခံရတုန်းက ဒီအမျိုးသားနှစ်ယောက် ဒီမှာ‌စောင့်နေပြီးတော့ ကျွန်မကို သူတို့ချွေးမလို့ပြောပါတယ်"

" ဒါက လူကုန်ကူးတဲ့သူတွေရဲ့ ပုံမှန်လှည့်ကွက်ပါ။ ကျွန်မမောင်ဘေးက အဘိုးအိုကလွဲပြီး သူတို့အပေါင်းအပါတွေ ဒီရထားပေါ်မှာ ရှိမယ်လို့ ကျွန်မယုံပါတယ်။ သူတို့က တစ်ခြားရဲဘော်ရဲဘက်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်ပါတယ်။ ခေါင်းဆောင် ကျွန်မကို မယုံရင် ကျွန်မကို စစ်ဆေးနိုင်ပါတယ်။ ကျွန်မ ခင်ပွန်းလည်း ဒီရထားမှာရှိပါတယ်၊ အခန်း၁၆ နံပါတ်၀၄၃၅ကပါ ကုလျန်ရွှမ်လို့ ခေါ်ပါတယ်။ သူက စစ်သားတစ်ယောက်ပါ။ ပြီးတော့ လမ်းမှာ အဘိုးအိုတစ်ယောက် နှောင့်ယှက်တာခံရတဲ့ကောင်လေးကို ‌မြင်ရင် သူက ကျွန်မရဲ့တတိယမောင်ဖြစ်နိုင်ပါတယ်"

ဝန်ထမ်း - ".." သူအခု ယုံသွားပြီဖြစ်သည်။

ကျန်းထျန် ကုလျန်ရွှမ်ကို စစ်သားတစ်ယောက်ဟု ‌ပြောလိုက်သည်နှင့် ဝန်ထမ်းက အပြည့်အဝ ယုံသွားပြီဖြစ်သည်။ သူချက်ချင်း တစ်ယောက်ကို ကျန်းထျန် ပြော‌သောအခန်းက လူကို ခေါ်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ခေါင်းဆောင်ကို ရထားပေါ်တွင် လူကုန်ကူးသည့်သူများရှိသည်ဟု တင်ပြရန် တစ်ယောက်ကို ချက်ချင်းလွှတ်လိုက်သည်။

လူကို ထိန်းထားရသည်ကို ကျန်းထျန် အလွန်မသက်မသာခံစားလာရ၍ စီစဥ်နေသောဝန်ထမ်းကို ပြောလိုက်သည်။ "ခေါင်းဆောင် သူတို့ကို အရင် ချုပ်ထားလို့ရမလား?"

ကျန်းထျန် လွှတ်လိုက်သည်နှင့် အဘွားအို အော်ချင်သော်လည်း ကျန်းထျန် သူမအဝတ်ကို ဖြဲကာ အဘွားအိုပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ဝန်ထမ်းလည်း ပုဝါများယူကာ ညီအကိုနှစ်ယောက်၏ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

ခေါင်းဆောင်ကို သွားတင်ပြသောဝန်ထမ်း ပြန်ရောက်လာရာ "ရထားကို ယာယီပိတ်ထားမယ်လို့ အထက်က ‌ပြောတယ်။ ရဲက ချက်ချင်း အခြေအနေကို စစ်ဆေးဖို့ ရထားပေါ်တက်လိမ့်မယ်။ ရထားပေါ် တက်လိုက်ဆင်းလိုက်လုပ်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူးး။ သူတို့က လူကုန်ကူးတဲ့ သူတွေဆိုတာ သေချာတာနဲ့ မြို့ကြီးဆီ ချက်ချင််းထွက်ခွာမယ်။ မြို့ကြီးရောက်ရင် ဒီကိစ္စကို ပြည်သူ့လုံခြုံရေးဗျူရိုက လက်လွှဲယူလိမ့်မယ်"

ခေါင်းဆောင်ဟု ထင်ရ‌သောအမျိုးသားက ခေါင်းညိတ်ကာ လျင်မြန်စွာ စီစဥ်သည်။ ရထားပေါ်ရောက်ပြီးနောက် ရဲ သူတို့ကို အမြန်ဖမ်းလိုက်သည်။

ဤကိစ္စများစီမံပြီးနောက် ခေါင််းဆောင်ငယ် ကျန်းထျန်ကို နားနေခန်းသွား၍ နားရန်‌ပြောလိုက်သည်။ ရဲရောက်လာသည်နှင့် ကျန်းထျန် ပူးပေါင်း‌ပေးရမည်။

ကုလျန်ရွှမ်ကို သွားရှာသောဝန်ထမ်းများ သူတို့အခန်းကို ရောက်သောအခါ လူကုန်ကူးခံရသည်ဟု ယူဆရ‌သောသူ၏ခင်ပွန်းက အိပ်မောကျနေသည်ကို သူတို့တွေ့လိုက်သည်။

ဝန်ထမ်း - "..."ဇနီးက ပျောက်လုနီးပါးဖြစ်သော်လည်း သူကအခု အိပ်‌ပျော်နေတုန်းဖြစ်သည်။ အလွန်အသည်းကွဲမည့်ပုံပင်။

သူ ကုလျန်ရွှမ်ကို နှိုးရန် လာလိုက်သော်လည်း သူ အပြင်၌ရှိစဥ်ပင် ကုလျန်ရွှမ် ကောင်းကောင်းအိပ်မပျော်၍ ဝန်ထမ်း အသံထွက်ထွက်ချင်း ကုလျန်ရွှမ် မျက်လုံးဖွင့်လိုက်သည်။

မျက်လုံးဖွင့်ပြီးနောက် ကုလျန်ရွှမ် တစ်ဖက်တွင် ရှိရမည့် ကျန်းထျန်ကို ကြည့်လိုက်သော်လည်း တစ်ဖက်စားပွဲပေါ်တွင် စာအုပ်တင်ဖတ်နေရမည့် လူကို မမြင်။

" တတိယညီ။ မင်းမရီး ဘယ်မှာလဲ?" ကုလျန်ရွှမ် ခေါ်လိုက်ပြီး အခန်းကို လှည့်ပတ်ကြည့်လိုက်ရာ ကျန်းထျန်မဆိုထားနှင့် တတိယကလေးပင်မရှိ။ မရင်းနှီးသောရထားဦးစီးမှူးသာရှိသည်။

ကုလျန်ရွှမ်နိုးပြီး လူကို အမြန်ရှာနေသည်ကို မြင်၍ ဦးစီး အမြန်ရှင်းပြလိုက်သည်။ "ခွင့်ပြုပါ။ ခင်ဗျားက ရဲ‌ဘော်ရဲဘက်ကုလျန်ရွှမ်လား?"

ကုလျန်ရွှမ်် အလိုအလျောက် သူ့ဂျိုင်းထောက်ကို ဆုပ်ကိုင်လိုက်ပြီး အကြောင်းပြချက်မရှိ သူ့နှလုံးက ချက်ချင်း လည်ပင်းသို့ တက်လာသကဲ့သို့ ခံစားရသည်။ "ဟုတ်ပါတယ်။ ခင်ဗျားက...." ကျန်းထျန် ဘယ်သွားသည်ကို သိလားဟု ကုလျန်ရွှမ် မေး‌ချင်သော်လည်း သူပြော၍မပြီးခင် ဦးစီးအမြန်ပြောလိုက်သည်။ ဒီလိုပါ။ ရထားပေါ်မှာ လူကုန်ကူးသူတွေရှိလို့........."

" ခင်ဗျား ဘာပြောတာ?" လူကုန်ကူးသူဆိုသည့်စကားကြားသည်နှင့် ကုလျန်ရွှမ် အလို‌အလျောက် အစောကတွေ့လိုက်သော အမျိုးသားကို တွေးမိသွားပြီးနောက် အခန်းထဲတွင် မရှိသောကျန််းထျန်ကို စဥ်းစားမိသွား၍ ဆိုးရွားသည့်အတွေးတစ်ခု သူ့ရင်ထဲ ‌ပေါ်လာသည်......

All Chapters