မုန်တစ်သောင်း
Vol. 51 Ch. 751
အရှေ့ပင်လယ်သည် နယ်မြေကျယ်ပြန့်ကြောင်း လူသိများသည်။ ရှားပါးသည့်အရာမျိုးစုံရှိနေသဖြင့် နာမည်ကျော်သည်။ ဝိညာဉ်ပြောင်းအဆင့် ဆယ့်နှစ်ယောက်သည်လည်း သူတို့နယ်မြေတွင် ခေါင်းဆောင်များဖြစ်သည်။
မကြာခဏ စားသောက်ပွဲများတက်ဖူးသည်။ အံ့ဖွယ်မျိုးစုံ မြင်ဖူးသည်။ ပင်လယ်ရေနက်ပိုင်းမှ ထူးဆန်းသည့်ပင်လယ်မျိုးနွယ်များကိုပင် မြင်ဖူးသည်။
သို့သော် မုန်ကျင်းကျိုးများ ကောင်းကင်မှအုပ်လိုက်ကျလာသည့်အဖြစ်မျိုး တစ်ခါမှမမြင်ဖူးကြ။
အထူးဆန်းဆုံးအိပ်မက်ဆိုးထဲမှာပင် ထည့်မမက်ဖူးကြ။
ခေါင်းသုံးလုံးလက်ခြောက်ဘက်ခန္ဓာရှိသည့် မုန်ကျင်းကျိုးများ ကောင်းကင်အပြည့်ရှိသည်။ ကျယ်ပြန့်သည့်လေထုကို ဖုံးလွှမ်းနေသည်။ ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက် ဘယ်လောက်ထွက်ပြေးသည်ဖြစ်စေ အကျိုးမထူး။
အားလုံးက ဓားတစ်သောင်းစက်က္ငင်းထဲမှ မလွတ်။
အဝေးမှကြည့်နေသည့် ဖန်ရှန်းသူရဲကောင်းသုံးယောက်လည်း ကျောက်ရုပ်လိုဖြစ်နေသည်။
လုယန် အသက်ကိုမောပန်းစွာရှူရှိုက်နေရသည်။ ထိုပညာစွမ်းမျိုးထုတ်သုံးဖို့ လွယ်ကူသည်မဟုတ်။ ဓားတစ်သောင်းပညာသည် ဓားချီများကီု ဓားကိုယ်ထည်ဖြစ်အောင် ဖန်တီးရသည်။
ချီကို ဓားကိုယ်ထည်ဖြစ်အောင် ဖန်တီးနိုင်လျှင် ဓားဆေးကန်လည်း ဖန်တီးနိုင်သည်။ မုန်ကျင်းကျိူးကိုလည်း ဖန်တီးနိုင်သည်။
ပုံမှန်ဓားတစ်သောင်းပညာက ဝိညာဉ်စွမ်းအားသိပ်မကုန်။ ရန်သူအပေါ် ဓားမိုးရွာချလိုက်ရံသာဖြစ်သည်။
သို့သော် မုန်ကျင်းကျိုးတစ်သောင်းဖန်တီးဖို့က ထိုမျှလောက်မရိုးရှင်း။ မုန်ကျင်းကျိုးအယောက်တစ်သောင်း တစ်ပြိုင်တည်းတိုက်ခိုက်ခြင်းမျိုးဖြစ်သည်။ ဝိညာဉ်စွမ်းအားများစွာ သုံးရသည်။
လုယန်၏ဝိညာဉ်စွမ်းအားပင် သိပ်မလုံလောက်ချင်။
သူတို့ငါးယောက် ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းထဲတွင် ရှိနေ၍သာ တော်သေးသည်။ ရုပ်ခန္ဓာစွမ်းအားရော ဝိညာဉ်စွမ်းအားပါ မျှသုံးနိုင်သည်။
လုယန်၏ ဝိညာဉ်စွမ်းအားက သက်တူရွယ်တူထဲတွင် အကောင်းဆုံးဖြစ်သည်။ မုန်ကျင်းကျိုးလည်း ယန်ချီအထောက်အပံ့ဖြင့် ဝိညာဉ်စွမ်းအင်အားကောင်းအောင် ကျင့်ကြံထားသည်။
ပုံရိပ်ယောင်ပညာကျွမ်းကျင်သည့် ထောင်ယော်ယဲ့လည်း ဝိညာဉ်စွမ်းအင် အားကောင်းသည်။
ထိုနည်းတူစွာ လီဟော်ရန်က ချင်ဟော်ရန်၏မှတ်ဉာဏ်ရထားသဖြင့် ဝိညာဉ်အာရုံ ကောင်းစွာဖြန့်ကျက်နိုင်သည်။
အရိုးရိုင်း၏ ဝိညာဉ်စွမ်းအားကတော့ သာမန်သာဖြစ်သည်။
လေးယောက်လုံး၏ ဝိညာဉ်စွမ်းအားပေါင်းစပ်မှ မုန်ကျင်းကျိုးတစ်သောင်း ဖန်တီးနိုင်ခြင်းဖြစ်သည်။
"ငါကစမ်းကြည့်ဖို့ပဲ တွေးခဲ့တာ။ အလုပ်မဖြစ်ရင် ဓားဆေးကန်နဲ့ အစားထိုးလို့ရတယ်။ အခုလို တကယ်အောင်မြင်မယ်လို့ ထင်မထားဘူး"
လုယန် မေးကိုပွတ်၍ ပြောသည်။ ရုတ်တရက်ပေါ်လာသည့် စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ရလာဒ်က ကျေနပ်စရာကောင်းသည်။
မုန်ကျင်းကျိုး အော်ဟစ်ကြုံးဝါး၍ လက်သီးချက်များ ထိုးသွင်းနေသည်။ သီးခြားပညာတစ်ခုခုသုံးစရာမလို။ ဝိညာဉ်စွမ်းအားက အလွန်ပြင်းထန်သဖြင့် ထိုသို့ထိန်းချုပ်တိုက်ခိုက်ဖို့လည်း မဖြစ်နိုင်။
အရိုးရှင်းဆုံး တိုက်ခိုက်ရုံသာရှိသည်။
ဝိညာဉ်ပြောင်းအဆင့်များ ဒဏ်ရာရထားပြီးဖြစ်သည်။ မုန်ကျင်းကျိုးပေါင်းများစွာက သူတို့ကို ပင်လယ်ထဲသို့ တစ်ယောက်ချင်းရိုက်ချခံရသည်။
မုန်ကျင်းကျိုးတစ်သောင်း ပျောက်ကွယ်သွားသည်။
"မင်းတို့ထွက်ပြေးနိုင်မယ်ထင်နေလား"
မုန်ကျင်းကျိုးပြန်လာချိန်တွင် လက်ခြောက်ဘက်၌ ဝိညာဉ်ပြောင်းအဆင့် ခြောက်ယောက်ပါလာသည်။
လုယန်တို့လည်း ချက်ချင်းလှုပ်ရှားသည်။ ပင်လယ်ထဲကျသွားသည့် ကျင့်ကြံသူများကိူ ဖမ်းဆီးသည်။
"တစ်...နှစ်...သုံး...အားလုံး ဆယ့်နှစ်ယောက်ပြည့်ပြီ"
မစ်ရှင်ပြီးဆုံးသွားသည့်လေသံဖြင့် လုယန် ကြေညာသည်။ လက်တစ်ဘက်လှုပ်ရှား၍ စွမ်းအားပြန်ဖြည့်ဖို့ ဆေးတစ်လုံးသောက်သည်။
ဖြစ်စဉ်တစ်ခုလုံး ကိုယ်တွေ့မြင်ခဲ့ရသည့် ဖန်ရှန်းသူရဲကောင်းသုံးယောက်၏မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ်ဝိုင်းစက်နေသည်။
ဝိညာဉ်ပြောင်းဆယ့်နှစ်ယောက်...
မသေမျိုးဂိုဏ်းတပည့်များသည် ထူးခြားသည့်တိုက်ခိုက်စွမ်းရည်ပိုင်ဆိုင်ကြောင်း၊ သက်တူရွယ်တူကြားတွင် ပြိုင်ဘက်ကင်းကြောင်း၊ ကိုယ်ထက်ကျင့်စဉ်အဆင့်မြင့်သူများကိုပင် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သူတို့ကြားဖူးပါသည်။
သို့သော် ယခုလောက်စွမ်းအားကြီးမည်ဟု ထင်မထား။ လူအင်အားသာလွန်ပြီး အဆင့်တစ်ဆင့်မြင့်သည့် ကျင့်ကြံသူများကို အရှင်လတ်လတ်ဖမ်းဆီးနိုင်သည်။
တိုက်ပွဲပြီးသွားသဖြင့် သူတို့သုံးယောက် လုယန်တို့အနားသို့ လျှောက်သွားရန်ပြင်သည်။ ထို့စဉ် လုယန်က သိစိတ်အာရုံမှ သူတို့ကို လှမ်းသတိပေးသည်။
"မလာနဲ့ဦး၊ ခင်ဗျားတို့လာလို့ သူတို့သရုပ်မှန်ကိုသိသွားရင် နောင်တစ်ချိန် ခင်ဗျားတို့အပေါ် သူတို့ရန်ညှိုးဖွဲ့လိမ့်မယ်"
အခြေအနေ ရှုပ်ထွေးလာနိုင်ကြောင်း သူရဲကောင်းသုံးယောက် ချက်ချင်းသဘောပေါက်သွားသည်။
လုယန်က ဖမ်းထားသူများ၏ မျက်နှာဖုံးကို တစ်ယောက်ချင်းဆွဲခွာသည်။
"ငါတို့ဓာတ်ငါးမျိုးဂိုဏ်းကို ရန်စရဲတယ်ဆိုတော့ အသက်မရှင်ချင်တော့လို့ပဲဖြစ်မယ်။ မင်းတို့စုံစမ်းမကြည့်ဘူးလား။ မဟာရှားမှာ တာအိုလမ်းစဉ်ဂိုဏ်းကလွဲရင် ငါတို့ကိုဘယ်သူမှ ရန်မစရဲဘူးကွ။
မင်းတို့မှာ နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတဲ့ မသေမျိုးတစ်ဝက်အဆင့်စွမ်းအားရှင်မျိုး ရှိလို့လား"
ကျင့်ကြံသူများ ကြောက်ချွေးပြန်လာပြီး ရှိခိုးဦးခိုက်ကြသည်။ မသေမျိုးတစ်ဝက်၏ထောက်ခံမှုရဖို့မဆိုထားနှင့်။ အရှေ့ပင်လယ်တွင် မသေမျိုးတစ်ဝက်အဆင့်ရှိသည်ဟုပင် သူတို့မကြားဖူး။
"မင်းတို့က ရှိခိုးတောင်းပန်ဖို့ပဲသိတယ်။ ဘာမှသိပ်အထင်ကြီးစရာ မရှိပါလား။ မင်းတို့ပိုင်ဆိုင်တဲ့ ရတနာတွေထုတ်ပေးစမ်း"
မုန်ကျင်းကျိုးက ကောင်းဖုန်ကို ပိတ်ကန်ပြီး အားလုံးအမိန့်နာခံရန် အချက်ပြသည်။
လုယက်ခြင်းသည် အရှေ့ပင်လယ်၏ ထူးခြားသည့်စရိုက်ဖြစ်သည်။ အနည်းဆုံး တစ်ကြိမ်တော့ ကိုယ်တိုင်အတွေ့အကြုံယူသင့်သည်။
ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများ နောင်တအကြီးအကျယ်ရနေသည်။
မဟာရှားသည် ငြိမ်းချမ်းသည့်နိုင်ငံဟု ပြောကြသည်မဟုတ်လော။ ကျင့်ကြံသူများသည် လက်ရည်စမ်းရုံသာတိုက်ခိုက်ကြပြီး အသေမသတ်ဟု ဆိုကြသည်မဟုတ်လော။
ဘာကြောင့် ဤလူများက လူဆိုးလူမိုက်ပုံစံ ပေါက်နေကြသနည်း။
အရှေ့ပင်လယ်၏ နယ်ခံကျင့်ကြံသူများ အမိန့်မလွန်ဆန်နိုင်ကြ။
ဖမ်းဆီးခံသုံ့ပန်းများဖြစ်၍ အသက်ရှင်လျှင်ပင် အတော်ကံထူးသည်ဟု ဆိုနိုင်သည်။ ပစ္စည်းဥစ္စာသည် အသေးအဖွဲပြင်ပပိုင်ဆိုင်မှုသာဖြစ်သည်။ ကိုယ့်ကိုယ်ကို ထိုအတွေးဖြင့် နှစ်သိမ့်ပြီး ရင်နာနာဖြင့် သူတို့စုထားသည့် ရတနာများကို ထုတ်လိုက်ရသည်။
ကျင့်စဉ်ကျမ်း၊ မြေပုံ၊ လျှို့ဝှက်နယ်မြေသတင်း၊ မှော်ရတနာ၊ ဝိညာဉ်ကျောက်များ။
လီဟော်ရန် စိတ်ပျက်လက်ပျက်ခေါင်းခါသည်။
"မင်းတို့အရှေ့ပင်လယ်ကျင့်ကြံသူတွေက အတော်အရည်အချင်းနိမ့်တာပဲ။ မင်းတို့မှော်လက်စွပ်တွေကို ဒီလိုပဲ လွယ်လွယ်လွှဲပေးတယ်ပေါ့။ ငါသာဆိုရင် မှော်လက်စွပ်နှစ်ခု ကြိုပြင်ထားမှာ။
တစ်ခုကို ပေါ်တင်ထားမယ်။ တစ်ခုကိုဝှက်ထားမယ်။ ဝှက်တဲ့လက်စွပ်ကို ငါ့ခန္ဓာကိုယ်ထဲမှာ သိမ်းထားလိုက်မှာ။ အသားကိုခွဲပြီး အထဲထည့်ထားမှာပေါ့။ ပြီးရင် အသားခွဲတဲ့ဒဏ်ရာက ပျောက်သွားမှာပဲလေ"
လီဟော်ရန်သည် ကိုယ်ပိုင်လျှို့ဝှက်ချက်များကြောင့် ပစ္စည်းများဝှက်သည့်နေရာတွင် ထူးခြားသည့်အတွေ့အကြုံမျိုးရှိသည်။
ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများ ရှက်ရှက်ဖြင့် ခေါင်းငုံ့ထားသည်။ ပစ္စည်းဝှက်သည့်အတွေ့အကြုံပင် ဓာတ်ငါးမျိုးဂိုဏ်းတပည့်များကို မမီကြောင်း နားလည်လာကြသည်။
"ကဲ..ဖန်ရှန်းကျွန်းက ရှားပါးရတနာကို အခု ငါတို့ဓာတ်ငါးမျိုးဂိုဏ်းက ပိုင်သွားပြီ။ မင်းတို့အားလုံး ထွက်သွားတော့"
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"
ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများ မဟာကရုဏာတော် ချီးမြှင့်ခံလိုက်ရသကဲ့သို့ စိတ်အားထက်သန်စွာခေါင်းငြိမ့်ကြသည်။
"ခဏနေဦး၊ ထွက်မသွားနဲ့ဦး။ တစ်ခုပြောစရာရှိသေးတယ်"
"ပြောပါခင်ဗျာ"
မုန်ကျင်းကျိုးက တားသဖြင့် စိတ်ပြောင်းသွားပြီလားဟုတွေးရင်း ရင်တထိတ်ထိတ်ဖြစ်နေကြသည်။
"ဖန်ရှန်းသူရဲကောင်းသုံးယောက်က ငါတို့ကို အကူအညီအများကြီးပေးခဲ့တယ်။ အခု မင်းတို့အားလုံးရဲ့မျက်နှာကို ငါမှတ်ထားတယ်။ ဖန်ရှန်းကျွန်း တစ်ခုခုဖြစ်တယ်ကြားလို့ကတော့ မင်းတို့လုပ်တာဟုတ်ဟုတ်မဟုတ်ဟုတ် ငါမင်းတို့ကိုလာသတ်မယ်"
မုန်ကျင်းကျိုး စကားရပ်သည်။ ထို့နောက် အားလုံးကိုစိုက်ကြည့်ပြီး ဒေါသတကြီးအော်လိုက်သည်။
"ဘာရပ်လုပ်နေသေးတာလဲ။ ထွက်သွားတော့လေ၊ ငါကမင်းတို့ကို ညစာကျွေးနေရဦးမှာလား"
ကျင့်ကြံသူများ အမြန်ထွက်ပြေးကြသည်။ ဤငါးယောက်သည် တကယ်ဆိုးဝါးရက်စက်သည်။ သူတို့ရှေ့တွင်နေရသည်ကပင် တုန်လှုပ်ဖွယ်ကောင်းသည်။
ထိုသို့ဖြင့် ပြဿနာ အဆုံးသတ်သွားသည်။ ဖန်ရှန်းသူရဲကောင်းသုံးယောက် မရဲတရဲပျံသန်းလာသည်။
"ပြီး...ပြီးသွားပြီလား"
ယန်တိုင်ရှား အဖြစ်အပျက်ကို နည်းနည်းမယုံနိုင်သလို ဖြစ်နေဆဲဖြစ်သည်။
"ပြီးပါပြီ။ နောင်တစ်ချိန် ရှားပါးရတနာဘယ်မှာလဲလို့ လာမေးရင် အမှန်အတိုင်းပဲ ပြောလိုက်"
လုယန်က ပြောသည်။ ငှက်မသေမျိုးဆေးပင်သည် တန်ဖိုးကြီးလွန်းသည်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူမျိုးပင် မျက်စိကျနိုင်သည်။
ထိုသူရဲကောင်းသုံးယောက်လက်ထဲတွင်ထားလျှင် ကောင်းကျိးရဖို့ထက် ဆိုးကျိုးဖြစ်လာဖို့က ပိုများသည်။
မသေမျိုးဆေးပင်တို့များကို သူတို့ပိုင်ဆိုင်ဖို့ အရည်အချင်းမမီသေး။ ပဥ္စမအဆင့်စွမ်းအင်ကြောတစ်ခု ရထားသည်ကပင် အတော်ကံကောင်းနေပြီဖြစ်သည်။
သူရဲကောင်းသုံးယောက်က လုယန်တို့ကို အတော်ကျေးဇူးတင်နေသည်။
ရုတ်တရက် နောက်ထပ်ကိစ္စတစ်ခု လုယန်တွေးမိပြန်သည်။
"ငါအမှတ်မမှားဘူးဆိုရင် ပဥ္စမအဆင့် ဝိညာဉ်စွမ်းအင်ကြောဆိုတာ ပုံမှန်အားဖြင့် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတွေ ပိုင်ဆိုင်ကြတာမဟုတ်လား။ မင်းတို့သုံးယောက်လက်ထဲမှာထားရင် အန္တရာယ်မများဘူးလား"
အရှေ့ပင်လယ်တွင် ကျင့်ကြံသူများ နယ်မြေလုရင်းတိုက်ခိုက်ကြသည်မှာ မဆန်းလှ။ လွန်ခဲ့သည့်နှစ်တစ်ရာကမြေပုံသည် ယနေ့ခေတ်မြေပုံနှင့် များစွာကွဲလွဲနေသည်။
ဝိညာဉ်ပြောင်းအဆင့်ဆယ့်နှစ်ယောက်ကို လုယန် သတိပေးပြီးဖြစ်သော်လည်း တစ်ခြားအဆင့်တူကျင့်ကြံသူများ ဤနေရာကို မျက်စိကျလာနိုင်ခြေရှိသေးသည်။
ယန်တိုင်ရှားက သက်ပြင်းချသည်။
"ဟုတ်တယ်၊ သိပ်တော့စိတ်မချရဘူး။ ဒါပေမယ့် ကျုပ်တို့တတ်နိုင်တာ ဘာမှသိပ်မရှိဘူးလေ။ လတ်တလောအစီအစဉ်ကတော့ ပဉ္စမစွမ်းအင်ကြောကို အားထားပြီး ဝိညာဉ်ပြောင်းအဆင့်မြန်မြန်ရောက်အောင် ကျင့်ကြံဖို့ပဲ။
အဲဒါမှပဲ ဖန်ရှန်းက တကယ်စိတ်ချရမှာ"
"ငါကြည့်ရသလောက် မင်းရဲ့ကျင့်စဉ်အဆင့်က နတ်ဝိညာဉ်နောက်ဆုံးအဆင့်ကို ရောက်နေပြီမဟုတ်လား"
လုယန် မေးသည်။
ယန်တိုင်ရှား အမှန်အတိုင်းဖြေသည်။
"အရင်က နတ်ဝိညာဉ်ထိပ်တန်းအဆင့်ပါ။ ဉာဏ်အလင်းလက်ဖက်ရည်သောက်ပြီးတော့ ဝိညာဉ်ပြောင်းတစ်ဝက်အဆင့်ကို ရောက်လာတယ်။
ဘယ်အချိန်အဆင့်တက်နိုင်မယ်တော့ ကျုပ်မသိဘူး"
လုယန် ပြုံးလိုက်သည်။
"ဒီနေ့ည အခွင့်ကြုံတုန်း မင်းကိုနတ်ဝိညာဉ်အဆင့်ထိ မြှင့်ပေးရမှာပေါ့"
**********************************