ဝိညာဉ်စုဆေး
Vol. 51 Ch. 752
"ဒီနေ့ညလား"
ယန်တိုင်ရှားစိတ်ထဲ ထင်ယောင်ထင်မှားဖြစ်နေသလားဟု တွေးလိုက်မိသည်။
ဝိညာဉ်ပြောင်းအဆင့်ကို ထိုသို့လွယ်လွယ်တက်၍ ရနိုင်သလော...
နောက်ထပ်အနှစ်နှစ်ဆယ်အတွင်း ဝိညာဉ်ပြောင်းအဆင့်သို့တက်ရန် သူပြင်ဆင်ထားသည်။
ဝိညာဉ်ပြောင်းအဆင့်ကိုတက်ဖို့ ကောင်းကင်ဆင်းရဲဖြတ်ကျော်ရမည်။ ထိုအတွက် ဖြစ်လာနိုင်သည့်အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ကြရသည်။
လူတစ်ယောက်ကို ဝိညာဉ်ပြောင်းအဆင့်တင်ပေးဖို့...အထူးသဖြင့် ဝိညာဉ်ပြောင်းတစ်ဝက်အဆင့်ကို အဆင့်တိုးပေးဖို့...လုယန်အတွက် အတော်လွယ်ပါသည်။
ဆေးတစ်လုံးပေးလိုက်ရုံသာဖြစ်သည်။
မသေမျိုးဂိုဏ်းတပည့်များသည် ကိုယ့်ကျင့်ကြံမှုကိုသာ အားကိုး၍အဆင့်တက်ကြသည်။ ဆေးဝါးများကိုသုံးလျှင်လည်း အဖြည့်အဖြစ်သာသုံးသည်။
ဆေးဝါးများသည် ပြင်ပအကူပစ္စည်းများဖြစ်သည်။ ဆေးသုံး၍ရလာသည့် စွမ်းအားသည် ဟာကွက်များရှိတတ်သည်။ နောက်ထပ်ကျင့်စဉ်လမ်းအတွက်လည်း အတားအဆီးဖြစ်နိုင်သည်။
ယန်တိုင်ရှားကတော့ ထိုသို့မဟုတ်။ ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက်အနေဖြင့် နတ်ဝိညာဉ်အဆင့်ရောက်သည်ကပင် အတော်ကံကောင်းသည်ဟု ဆိုနိုင်သည်။
ထိုအဆင့်ရောက်ဖို့ ကျင့်စဉ်နည်းလမ်းများ မရေမတွက်နိုင်အောင် ပြောင်းလဲကျင့်ကြံခဲ့သည်။ အသက်စွမ်းအင် ရှုပ်ထွေးနေသည်။ နောက်ထပ်အဆင့်တက်နိုင်ဖို့ ခက်ခဲသည်။
ဆေးစားလျှင် အသက်စွမ်းအင်များ သန့်စင်သွားပြီး အစီအစဉ်တကျဖြစ်လာမည်။
"အကိုလု၊ အကို့မှာ ဝိညာဉ်ပြောင်အဆင့်ရောက်အောင်ကူညီနိုင်တဲ့ဆေးမျိုးရှိလို့လား"
ထောင်ယော်ယဲ့က မေးသည်။ ဆေးအိုးတောင်ထိပ်တွင်ဆိုလျှင်တော့ ထိုဆေးမျိုး မရှားပါ။ သို့သော်ယခု အရှေ့ပင်လယ်သို့ရောက်နေသည်။ ဘယ်သူက ကိုယ့်အတွက်မလိုအပ်သည့်ဆေးမျိုး သယ်လာမည်နည်း။
"ရှိတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲဆိုပါတော့"
လုယန် ကျောက်စိမ်းတံဆိပ်ထဲမွှေနှောက်၍ ဆေးပုလင်းတစ်လုံးထုတ်သည်။
ဆေးတစ်လုံး ထွက်လာသည်။ ယန်တိုင်ရှား မျက်လုံးပြူးသွားသည်။
"ဝိညာဉ်စုဆေးလား..."
ဈေးကွက်တန်ဖိုး တရားသေသတ်မှတ်မရသည့် အဖိုးတန်ဆေးမျိုးဖြစ်သည်။ လေလံပွဲတွင် ထိုဆေးမျိုး နှစ်ခါမြင်ဖူးသည်။ မိုးထိမတတ် ဈေးခေါ်ခဲ့ကြသည်။
ထိုထဲမှတစ်ကြိမ်တွင် ယင်ကျိုးကျွန်းမှ တပည့်တစ်ယောက်လည်း လေလံဝင်ဆွဲခဲ့သည်။
ယင်ကျိုးကျွန်းတပည့်ပင် ဝိညာဉ်စုဆေးလုံးကို အပြင်လောကမှ ဝယ်ရသည်။ ဘယ်လောက်တန်ဖိုးကြီးမှန်း သိသာနေသည်။
ဤဝိညာဉ်စုဆေးသည် နတ်ဆိုးနယ်မြေသို့ လုယန်နှင့်မုန်ကျင်းကျိုးသွားခဲ့စဉ်က ရထားခြင်းဖြစ်သည်။ ကန်ထန်က သူတို့နှင့်စတွေ့ချိန်တွင် ဘာလက်ဆောင်မှပါမလာ။
ထို့ကြောင့် လုယန်တို့ကို စွမ်နီ(ခြင်္သေ့နဂါး)တစ်ကောင်၏ အမွေအနှစ်များ သိမ်းယူဖို့ ခေါ်သွားသည်။ ထိုစွမ်နီကို ကန်ထန် နတ်ဆိုးနယ်မြေစရောက်စဉ်က သတ်ခဲ့ခြင်းဖြစ်သည်။
စွမ်နီ၏ပိုင်ဆိုင်မှုများထဲတွင် ဝိညည်စုဆေးတစ်လုံးပါသည်။
ဝိညာဉ်ပြောင်းအဆင့်ကောင်းကင်ဆင်းရဲကို လုယန် တစ်ခါမှမမြင်ဖူး။ ထိုအဖြစ်ကို သူကိုယ်တိုင်တွေ့မြင်လိုသောကြောင့် ယခုလိုကူညီခြင်းလည်းဖြစ်သည်။
"ဒါက ငါ့အတွက်အသုံးမဝင်ဘူး။ မင်းပဲယူလိုက်ပါ ယန်တိုင်ရှား"
လုယန် ဝိညာည်စုဆေးလုံးကို သကြားလုံးတစ်လုံးပေးသလို ပုံမှန်အတိုင်း ပစ်ပေးလိုက်သည်။
ယန်တိုင်ရှားက ဆေးလုံးကို လက်နှစ်ဘက်ဖြင့် သေချာဂရုတစ်စိုက်ဖမ်းယူသည်။
"ဒါပေမယ့်...ကောင်းကင်ဆင်းရဲဖြတ်ဖို့ ကျုပ်အဆင်သင့်မဖြစ်သေးဘူး"
အဆင့်တက်ဖို့မျှော်လင့်ချက်က လက်ထဲတွင်ရောက်နေသည်။ သို့သော် ယန်တိုင်ရှား ကိုယ့်အကြောင်းကိုယ်သိသည်။ သာမန်နတ်ဝိညာဉ်ကျင့်ကြံသူဖြစ်၍ သေချာပြင်ဆင်မထားလျှင် ကောင်းကင်ဆင်းရဲကြောင့် သေသွားနိုင်ခြေများမှန်း သူနားလည်သည်။
"ဪ...ဟုတ်သားပဲ...ကောင်းကင်ဆင်းရဲဖြတ်ရင်း သေသွားနိုင်တာကို ငါမေ့နေတယ်"
အချိန်ကြာမြင့်စွာ သတိမထားမိခဲ့သည့်အချက်ကို လုယန် ပြန်သတိရလာသည်။ သူသိသည့်လူများထဲတွင် ထိုသို့သေသွားသူဟူ၍ ချင်ဟော်ရန်တစ်ယောက်သာရှိသည်။
ချင်ဟော်ရန်မသေလျှင် ယခုမြင်နေရသည့် လီဟော်ရန်လည်း ရှိလာမည်မဟုတ်ပါ။
"နတ်မယ်၊ ခင်ဗျားမှာ ဖြေရှင်းနည်းရှိလား"
အတော်ကြာအောင် စဉ်းစားပြီးနောက် ဗဟုသုတများသည့်နတ်မယ်ကိုသာ အကြံတောင်းဖို့ ဆုံးဖြတ်လိုက်သည်။
"ကောင်းကင်ဆင်းရဲဖြတ်တဲ့အခါ အရေးကြီးဆုံးက ယုံကြည်ချက်ရှိဖို့ပဲ။ ယုံကြည်ချက်ပြင်းထန်ရင် ကောင်းကင်ဆင်းရဲဖြတ်တဲ့ကိစ္စဟာ သာမန်လုပ်ရိုးလုပ်စဉ်သဘောလောက်ပါပဲ"
"ဟုတ်လား၊ အဲလိုအယူအဆမျိုးရှိတယ်ပေါ့"
"အနည်းဆုံးတော့ ငါကောင်းကင်ဆင်းရဲတွေဖြတ်တုန်းက အဲလိုလုပ်ခဲ့တာပဲလေ။ မသေမျိုးဆင်းရဲဖြတ်ကျော်တဲ့အထိပေါ့"
လုယန် "..."
ခင်ဗျားက ယုံကြည်ချက်ရှိလို့လား...ဒါမှမဟုတ် စွမ်းအားကြီးလွန်းလို့များလား...
ထိုနည်းလမ်း ယန်တိုင်ရှားကို ပြောပြလိုက်လျှင် ယုံကြည်ချက်လွန်ကဲ၍ ကောင်းကင်လျှပ်စီးထိပြီး သေသွားမည်ကို လုယန်စိုးရိမ်သည်။
နတ်မယ်စကားက မယုံကြည်ရသဖြင့် သူ့ကိုယ်သူသာအားကိုးရသည်။
"ညီလေးလီ၊ မင်းက အတွေ့အကြုံအများဆုံးပဲ။ မင်းမှာ နည်းလမ်းတစ်ခုခုရှိလား"
လီဟော်ရန် ခဏစဉ်းစားပြီးပြောသည်။
"ကောင်းကင်ဆင်းရဲဖြတ်တဲ့အခါ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို အားကိုးဖို့ပဲ။ တစ်ခြားလူတွေကူညီရင် ကောင်းကင်ဆင်းရဲစွမ်းအားက ပိုတိုးလာမှာပဲရှိတယ်။
အဲတော့ ယန်တိုင်ရှား ဆင်းရဲဖြတ်ရင် ကျုပ်တို့ဝင်စွက်လို့မရဘူး။ ဒါပေမယ့် ယန်တိုင်ရှားရဲ့ကျင့်စဉ်စွမ်းအားနဲ့ဆို ကောင်းကင်ဆင်းရဲဖြတ်နိုင်ဖို့ တကယ်ခက်တယ်။
ဒီတော့ မှော်ရတနာတစ်ခုခုသုံးပြီး ကောင်းကင်ဆင်းရဲကို ခုခံကြည့်ရင်ရလောက်မယ်။ မှော်ရတနာသုံးတာကလည်း နည်းလမ်းကောင်းတော့မဟုတ်ဘူး။ ကောင်းကင်လျှပ်စီးနဲ့ ခန္ဓာကိုယ်သန့်စင်နိုင်တဲ့အကျိုးကျေးဇူး မရနိုင်ဘူး။
ဝိညာဉ်ပြောင်းအဆင့်ရောက်ရင် တစ်ခြားအဆင့်တူတွေထက် အားနည်းနေမှာပဲ။ ယန်တိုင်ရှားရဲ့ ရုပ်ခန္ဓာစွမ်းအားကို ယာယီမြှင့်ပေးနိုင်တဲ့နည်းလမ်းတစ်ခု စဉ်းစားသင့်တယ်"
ထိုစဉ် မုန်ကျင်းကျိုး စိတ်ကူးတစ်ခုရလာသည်။
"ဒီလိုလုပ်ပါလား။ ယန်တိုင်ရှားက ငါ့ကို ခဏပူးကပ်လိုက်။ ငါ့ခန္ဓာကိုယ်ကိုထိန်းချုပ်ပြီး ကောင်းကင်ဆင်းရဲရင်ဆိုင်လိုက်။ အဲလိုဆို သူ့ဝိညာဉ်ကိုသန့်စင်နိုင်မှာပဲ။
ပြီးတော့ သူ့အလောင်းကို ငါ့ခေါင်းပေါ်မှာကာထားလိုက်ရင် ရုပ်ခန္ဓာကိုလည်း သန့်စင်နိုင်မယ်။ ဝိညာဉ်နဲ့ခန္ဓာ နှစ်ခုလုံးသန့်စင်ပြီးရင် ပြန်ပေါင်းလိုက်။ အဲဒါဆို နှစ်ခုလုံးသန့်စင်ပြီးသားဖြစ်သွားပြီပေါ့"
ထိုနည်းလမ်းသည် သိပ်စိတ်မချရဟု ယန်တိုင်ရှားယူဆသည်။
အတော်ကြာအောင် ငြင်းခုန်ဆွေးနွေးကြပြီးနောက် အရိုးရှင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်သည်။
ဆေးစားဖို့ဖြစ်သည်။
အသစ်ရထားသည့် မှော်လက်စွပ်တွင် ယာယီစွမ်းအားတိုးမြှင့်ပေးသည့်ဆေးများပါသည်။ အားလုံးက ဝိညာဉ်ပြောင်းအဆင့်အတွက် ရည်ရွယ်ထားသည်။
စိတ်ချရသည်။ ယန်တိုင်ရှားအနေဖြင့် ဆင်းရဲဖြတ်ကျော်နိုင်မည်ဟု မယုံကြည်လျှင် ဆေးတစ်လုံးသောက်လိုက်ရုံသာဖြစ်သည်။
"ယန်တိုင်ရှား၊ စိတ်အေးအေးထားပြီး ကိုယ့်ကိုယ်ကိုယုံကြည်ပါ"
နတ်မယ်ပြောသည့်နည်းလမ်းကို လုယန်မမေ့။ ကောင်းကင်ဆင်းရဲရင်မဆိုင်မီ ယန်တိုင်ရှားကို တိုက်တွန်းအားပေးသည်။
"ခင်ဗျားစိတ်မပျက်စေရပါဘူး"
ယန်တိုင်ရှား လက်သီးတင်းတင်းဆုပ်လိုက်သည်။ မျက်နှာက တည်ကြည်ပြတ်သားသည်။ တစ်ခါမှမပေါ်ခဲ့ဖူးသည့် ယုံကြည်ချက်များ သူ့စိတ်ထဲပြည့်နေသည်။
မသေမျိုးဂိုဏ်းတပည့်ငါးယောက်က သူ့ကိုကူညီဖို့ အစွမ်းကုန်ကြိုးစားပေးသည်။ သူကိုယ်တိုင်က ယုံကြည်ချက်မဲ့နေလျှင် အဆင်မပြေ။
ယန်တိုင်ရှား တောင်ထိပ်သို့တက်သွားသည်။ အားလုံးကို ဝေးဝေးနေဖို့ပြောသည်။
ဝိညာဉ်စုဆေးလုံးကို အရင်သောက်သည်။ ဝိညာဉ်ပြောင်းအဆင့်သို့လှမ်းရန်ပြင်နေသည့် သူ့ခြေလှမ်း စတင်သည်။
တစ်ကိုယ်လုံး မီးလောင်သလိုခံစားရသည်။ ငယ်ထိပ်မှခြေဖျားအထိ ပူလောင်လာသည်။
ဘုန်း။
တိမ်တိုက်များ အလိပ်လိုက် စုဝေးလာသည်။ မင်နက်ရောင်သန်းနေသည်။ တိမ်မည်းများကြားတွင် လျှပ်စီးများ လက်သည်။ မိုးခြုန်းသံများ မြည်ဟိန်းနေသည်။
ညကောင်းကင်တစ်ခုလုံး ထွန်းလင်းတောက်ပနေသည်။
"လာစမ်း"
ယန်တိုင်ရှား ဘာကိုမှအရေးမစိုက်ဘဲ ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။
အလွန်ပြင်းထန်သည့် ခရမ်းလျှပ်စီးက တိမ်ကြားမှ ထိုးခွဲဆင်းလာသည်။ နှိုင်းယှဉ်စရာမရှိအောင် ပြင်းထန်သည်။ ရပ်တန့်တားဆီး၍မရ။ အရာအားလုံးကိူ ဖျက်ဆီးမည့်စွမ်းအားမျိုးပါသည်။ ယန်တိုင်ရှားကို တည့်တည့်ရိုက်ခတ်သည်။
သူ့မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ ခပ်အုပ်အုပ်အော်ဟစ်၍ လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်များဖန်တီးသည်။ ရုတ်တရက် သူ့ဘေးပတ်လည်တွင် တောက်ပသည့်ရွှေရောင်အလင်းတစ်ခုပေါ်လာသည်။
ဒိုင်းကာတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။ တောင်တန်းများထိုးခွဲနိုင်သည့် လျှပ်စီးတန်းများကို ခုခံသည်။
တစ်ခြားဖန်ရှန်းသခင်နှစ်ယောက် ထိုမြင်ကွင်းကိုကြည့်၍ ထိတ်လန့်အံ့ဩနေကြသည်။ လျှပ်စီးစွမ်းအားက ကြောက်စရာကောင်းသည်။ သူတို့အကိုကြီး ခံနိုင်ရည်မရှိမည်ကို စိုးရိမ်နေသည်။
"ဒီကောင်းကင်လျှပ်စီးက သိပ်အားမပြင်းဘူးမဟုတ်လား"
အရိုးရိုင်းက သိစိတ်အာရုံမှ လှမ်းပြောသည်။
"ဝိညာဉ်ပြောင်းအဆင့်အတွက် ပုံမှန်ကောင်းကင်ဆင်းရဲက အဲလိုပဲလေ"
လီဟော်ရန်က ရှင်းပြသည်။ သူတို့အတွက် ထိုလျှပ်စီးမျိုးသည် မိုးဖွဲကျသလိုသာဖြစ်မည်။ သို့သော် ယန်တိုင်ရှားအတွက်မူ ရင်ဆိုင်ရ အလွန်ခက်ခဲသည်။
မိုးကြိုးတိမ်တိုက်များ လှုပ်ရှားနေသည်။ လျှပ်စီးတစ်ချက်ချင်းစီက တဖြေးဖြေးပိုကြောက်စရာကောင်းလာသည်။ ယန်တိုင်ရှား၏စိတ်ဓာတ်နှင့် ရုပ်ခန္ဓာကို တစ်ပြိုင်တည်းချေဖျက်တော့မယောင်ရှိသည်။
သို့သော် ယန်တိုင်ရှား အားဖြည့်ဆေးမသောက်။ သူ့ကိုယ်ပိုင်ကျင့်စဉ်စွမ်းအားကိုသာ အားကိုး၍ လျှပ်စီးများ၏ အဆက်မပြတ်သန့်စင်မှုကို ခံယူသည်။
ကောင်းကင်လျှပ်စီး ဖြတ်သန်းပြီးနောက် တိမ်မည်းများ ပျောက်ကွယ်သွားသည်။
ယန်တိုင်ရှား တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့အဝတ်အစားများ စုတ်ပြတ်နေသည်။ ဆံပင်များဖရိုဖရဲဖြင့် သူတောင်းစားတစ်ယောက်လိုဖြစ်နေသည်။
သူ့မျက်လုံးပွင့်လာသည်။ ရထားသည့်စွမ်းအားကို ခံစားမိသည်။ အပျော်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ တဟားတဟားအော်ရယ်သည်။
တောင်ထိပ်မှ ပျံဆင်းလာပြီး လုယန်တို့ကို ဦးညွှတ်အရိုအသေပြုသည်။
"ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျုပ်ပြန်ဆပ်ဖို့နည်းလမ်း မရှိပါဘူး"
"အကိုကြီး အောင်မြင်သွားပြီပေါ့"
ယိတာရှား၏အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသည်။ ပြေးလာပြီး ယန်တိုင်ရှားကိုဖက်၍ ငိုလိုက်ရယ်လိုက်ဖြစ်နေသည်။
ယန်တိုင်ရှားလည်း မျက်ရည်ကျနေသည်။
နတ်ဝိညာဉ်အဆင့်၌သာ ဘဝဆုံးတော့မည်ဟု သူထင်ခဲ့သည်။ သို့သော် မမျှော်လင့်ပဲ လုယန်တို့အကူအညီကြောင့် အရေးပေါ်ဆေးဝါးများမသုံးရဘဲ ဝိညာဉ်ပြောင်းအဆင့်သို့ တက်နိုင်ခဲ့သည်။
နတ်မယ်က အံ့ဩဟန်မရှိဘဲ ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။
"ကဲဘယ်လိုလဲ။ ယုံကြည်မှုတစ်ခုတည်းနဲ့ ဖြတ်ကျော်နိုင်ပါတယ်လို့ ငါမပြောဘူးလား"
လုယန် တကယ်အံ့အားသင့်မိသည်။ ယုံကြည်ချက်သည် ထိုမျှအာနိသင်ထက်မြက်ကြောင်း သူမသိခဲ့။ ကောင်းကင်ဆင်းရဲကိုပင် ဖြတ်ကျော်နိုင်သည်။
"ငါနင့်ကို ကာကွယ်ပေးနေတာပဲလေ။ နင့်မှာယုံကြည်ချက်အပြည့်ရှိရမှာပေါ့။ ကောင်းကင်ဆင်းရဲဖြတ်ဖို့ ဘာမှပြဿနာမရှိပါဘူး"
လုယန်၏ မယိမ်းယိုင်သည့် ယုံကြည်ချက်များ ယိမ်းယိုင်လာသလိုရှိသည်။
***************************************