← Chapters

ငှက်မသေမျိုးဆေးပင်

Vol. 51 Ch. 753

ငှက်မသေမျိုးဆေးပင်

Vol. 51 Ch. 753

"သူရဲကောင်းယန်၊ ခင်ဗျားက အခုမှအဆင့်တက်စဆိုတော့ ကျင့်စဉ်အခြေခံ မတည်ငြိမ်သေးဘူး။ တိတ်ဆိတ်တဲ့နေရာတစ်ခုရှာပြီး တံခါးပိတ်ကျင့်ကြံသင့်တယ်။

လောလောဆယ် အဲဒါအရေးကြီးဆုံးပဲ"

"ခင်ဗျားပြောတာ မှန်ပါတယ်"

သူရဲကောင်းရန်က လုယန်ကို လေးစားမှုအပြည့်ဖြင့် ပြန်ပြောသည်။ လုယန်တို့ငါးယောက် ရောက်လာသဖြင့် ဖန်ရှန်းကျွန်း ပဥ္စမစွမ်းအဆင့်စွမ်းအင်ကြော ရလာသည်။

သူကိုယ်တိုင်လည်း ကောင်းကင်ဆင်းရဲဖြတ်ကျော်ပြီး ဝိညာဉ်ပြောင်းအဆင့်ဖြစ်လာသည်။

ပဥ္စမဝိညာဉ်ကြောအကူအညီဖြင့် သူ့ညီအကိုနှစ်ယောက်လည်း ဝိညာဉ်ပြောင်းအဆင့်ထိ ကျင့်ကြံနိုင်ခြေရှိလာသည်။

သခင်စစ်မာ၏ စားသောက်ပွဲအကြောင်း လုယန်ကို‌ပြောပြခဲ့သည့် သူ့စေတနာက ယခုလို အကျိုးကြီးမားစွာရလာမည်ဟု ထင်မထားခဲ့။

ယနေ့အဖြစ်အပျက်များကို ပြန်သုံးသပ်ကြည့်သည်။

မနက်ပိုင်းတွင် သခင်စစ်မာ၏ စားသောက်ပွဲသို့တက်ခဲ့သည်။

မွန်းတည့်ချိန်တွင် လုယန်တို့ကို ဖန်ရှန်းကျွန်းသို့ အလည်ခေါ်သည်။

နေ့ခင်းပိုင်းတွင် စွမ်းအင်ကြောလှုပ်ရှားပြီး မသေမျိုးဆေးပင်ပေါ်လာသည်။

ညဘက်တွင် ဝိညာဉ်ပြောင်းအဆင့်ဆယ့်နှစ်ယောက် လာတိုက်ခိုက်သည်။

သူက ဝိညာဉ်စုဆေးတစ်လုံးသောက်ပြီး ဝိညာဉ်ပြောင်းအဆင့်သို့တက်နိုင်ခဲ့သည်။

"ငှက်မသေမျိုးဆေးပင်ကို ဘယ်လိုလုပ်ကြမလဲ။ ငါတို့နဲ့အတူယူသွားမလား။ ဒါမှမဟုတ် အခုချက်ချင်းစားကြမလား"

လုယန်က ဆေးပင်ကိုယူပြီး အဖော်များနှင့်တိုင်ပင်သည်။

"အရွက်တစ်ရွက်ခူးပြီး စားကြည့်ရင်မကောင်းဘူးလား။ ကျင့်ကြံဖို့ ဘယ်နှစ်နှစ်လောက်သက်သာမလဲ ကြည့်လို့ရတာပေါ့"

လီဟော်ရန်သည် ထိုဆေးပင်အကြောင်း ကြားသာကြားဖူးသည်။ မမြင်ဖူး။

လုယန် ခေါင်းခါပြီး လီဟော်ရန်၏စိတ်ကူးကို ငြင်းသည်။

"မသေမျိုးဆေးပင်က တန်ဖိုးကြီးတယ်။ သင့်တော်တဲ့ချိတ်ပိတ်ပညာမျိုးမသုံးဘဲ သစ်ရွက်ကို ဒီအတိုင်းခူးလိုက်ရင် ခူးတဲ့နေရာကနေ ဆေးအာနိသင်တွေ ယိုစိမ့်သွားလိမ့်မယ်။

အကျိုးရမှာထက် ဆုံးရှုံးနစ်နာဖို့ ပိုများတယ်။ တစ်ပင်လုံးစားလိုက်မယ်ဆိုရင် ကျင့်စဉ်အဆင့်မြန်မြန်တိုးမှာတော့ အမှန်ပဲ။

ဒါပေမယ့် အခြေခိုင်အောင်လုပ်တဲ့အဆင့်ကို ခုန်ကျော်သွားတာဆိုတော့ အနာဂတ်ကျင့်စဉ်လမ်းမှာ အဟန်ြအတားဖြစ်လာနိုင်တယ်"

ပုံမှန်အားဖြင့် ငှက်မသေမျိုးဆေးပင်ကို စုစည်းခြင်းအဆင့် သို့မဟုတ် ကူးဖြတ်ခြင်းအဆင့်ပုဂ္ဂိုလ်များသာ စားသုံးသည်။

ထိုထိပ်သီးကျင့်စဉ်အဆင့်များသည် ဉာဏ်အလင်းရဖို့မလို။ အချိန်ယူ၍ ကြိုးစားအားထုတ်ဖို့သာလိုသည်။

"ငါ့အမြင်ကတော့ ဂိုဏ်းကိုပြန်ယူသွားပြီး အမယွမ်ပေးတဲ့အကြံကို နားထောင်တာပိုကောင်းမယ်လို့မြင်တယ်"

အားလုံးခေါင်းငြိမ့်ကြသည်။

လုယန် ဆေးပင်ကို သစ်သားသေတ္တာတစ်လုံးထဲထည့်၍ မှော်အဆောင်များဖြင့် ချိတ်ပိတ်သည်။

ညာဉ့်နက်ပိုင်းရောက်လာချိန်တွင် အားလုံးတိတ်ဆိတ်သွားသည်။ သစ်သားသေတ္တာက အဆက်မပြတ်လှုပ်ခါလာသည်။ မမြင်နိုင်သည့်လက်တစ်ဘက်က ထိကိုင်နေသလိုထင်ရသည်။

သေတ္တာပွင့်သွားပြီးနောက် မသေမျိုးဆေးပင်က ခေါင်းခါ၍ အသာခိုးထွက်လာသည်။

တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည့် လုယန်ကို လှမ်းကြည့်ပြီး လှောင်ပြုံးပြုံးသည်။

"မင်းကများငါ့ကိုစားချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်လေ"

ထိုသို့ပြောပြီးနောက် သတိအပြည့်ဖြင့် ကုတင်ပေါ်မှ အသာဆင်းသည်။ ပြတင်းပေါက်ကို တွန်းဖွင့်ရန်ကြိုးစားချိန်တွင် မီးအိမ်အလင်းပေါ်လာသည်။ အခန်းတစ်ခုလုံး လင်းထိန်သွားသည်။

အေးစက်စက်စကားသံတစ်ခု သူ့‌နောက်ဘက်မှပေါ်လာသည်။

"တကယ်အသိဉာဏ်ဖွံ့ဖြိုးပြီးတဲ့ မသေမျိုးဆေးပင်ပဲ"

ငှက်မသေမျိုးဆေးပင် ဖျတ်ခနဲခေါင်းလှည့်ကြည့်သည်။ အသိခက်သည့်အပြုံးမျက်နှာနှင့် လုယန်ကိုမြင်ရသည်။

နောက်ထပ်လူလေးယောက် အခန်းထဲတွင် ပေါ်လာသည်။ ဆေးပင်ကို ဝိုင်းထားကြသည်။

"အကိုလုခန့်မှန်းတာမှန်တယ်။ ဒါက ဆေးဘုရင်လေးပဲ"

ထောင်ယော်ယဲ့က ဆေးပင်ကိုကြည့်၍ မျက်လုံးများအရောင်တောက်နေသည်။

"အရှေ့ပင်လယ်မှာ ဆေးဘုရင်လေးတစ်ယောက်တွေ့မယ်လို့ ဘယ်သူထင်ထားမှာလဲ"

လီဟော်ရန် တအံ့တဩ မှတ်ချက်ပေးသည်။ မသေမျိုးဆေးပင်များသည် ရှားပါးသည်။ သို့သော် ဤဆေးပင်က ကူးဖြတ်ခြင်းအဆင့်များပင် အရူးအမူးလိုချင်ကြမည့် ဆေးဘုရင်ဖြစ်သည်။

"ဆေးဘုရင်ကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ အရသာဘယ်လိုရှိမလဲမသိဘူး"

အရိုးရိုင်းက ဆေးစိုက်ခင်းသို့ တစ်ခါမှမရောက်ဖူး။

ညနေပိုင်းက မသေမျိုးဆေးပင်အကြောင်း ပေါ်တင်ဆွေးနွေးနေချိန်တွင် လုယန်က ထိုဆေးပင်သည် ဆေးဘုရင်အဆင့် မသေမျိုးဆေးပင်ဖြစ်နိုင်ကြောင်း သိစိတ်အသံလှိုင်းမှ သူတို့ကိုလှမ်းပြောသည်။

ထိုဆေးပင်ကို ဂိုဏ်းသို့ပြန်ယူသွားဖို့ သူတို့ပြောနေသည်ကို ဆေးဘုရင် ကြားသည်။ ထို့ကြောင့် ဟန်ဆောင်မနေနိုင်တော့ဘဲ လှုပ်ရှားလာခြင်းဖြစ်သည်။

အမှန်တော့ လုယန်က ရိပ်မိခဲ့ခြင်းမဟုတ်ပါ။ ထာဝရနတ်မယ်က ဆေးပင်၏သက်တမ်းကိ သုံးသပ်၍ ရှေးဟောင်းခေတ်တွင် စိုက်ပျိုးခဲ့သည့် ဆေးပင်ဖြစ်ကြောင်း၊ ထိုဆေးပင်၏ပိုင်ရှင်သည် ယောက်ျားမိန်းမများကို အနိုင်ကျင့်လေ့ရှိသဖြင့် သူကိုယ်တိုင်ရိုက်နှက်ခဲ့ဖူးကြောင်းပြောသည်။

"ဒီအပင်ကို ရှေးဟောင်းခေတ်မှာ စိုက်ခဲ့တာထင်တယ်။ ငါသူ့ပိုင်ရှင်ဖြစ်တဲ့ ခွန်လွန်သူတော်ကို လေးငါးကြိမ်အနိုင်ယူလိုက်တော့ ဦးနှောက်မူမမှန်ဖြစ်သွားပြီး ဆေးပင်စိုက်ခဲ့တဲ့နေရာကို မေ့သွားခဲ့ပုံပဲ"

နတ်မယ်ကသုံးသပ်သည်။ ဖြစ်နိုင်ခြေလည်းရှိသည်။

ခွန်လွန်သူတော်သည်လည်း ငှက်မသေမျိုးခန္ဓာပိုင်ရှင်ဖြစ်သည်။ နတ်မယ်ကို အနိုင်မယူနိုင်သဖြင့် အနာဂတ်စွမ်းအားကို ငှားယူသုံးစွဲပြီး လေဟာနယ်သန့်စင်အဆင့်သို့ စွမ်းအားမြှင့်ခဲ့သည်။

ထိုသို့စွမ်းအားမြှင့်ပြီးနောက် သူပို၍ဆိုးဆိုးဝါးဝါးရိုက်နှက်ခံရသည်။

(လေဟာနယ်သန့်စင်အဆင့်သည် ကျင့်စဉ်စွမ်းအားမတည်ငြိမ်)

ထိုစွမ်းအားရှင် တကယ်ကံဆိုးသည်ဟု လုယန်ထင်မိသည်။

ရှေးဟောင်းခေတ်မှ ယနေ့ခေတ်ထိ ရှင်သန်ခဲ့သည့်ဆေးပင်ဖြစ်၍ အသိဉာဏ်ဖွံ့ဖြိုးပြီးသည့်ဆေးပင်သာ ဖြစ်ရပေမည်။

အသိစိတ်ဖွံ့ဖြိုးသည့်ဆေးပင်များသည် လွတ်လပ်မှုကို တောင့်တကြသည်။ တစ်သက်လုံး မြေပေါ်တွင် မလှုပ်မရှားနိုင်ဘဲ သူတို့ရှင်သန်ခဲ့ရသည်။

လှုပ်ရှားနိုင်သည်နှင့် နေရာစုံသို့ ပျော်ရွှင်စွာလှည့်လည်သွားလာချင်ကြသည်။

ဤဆေးပင်သည် ဖန်ရှန်းကျွန်းတစ်ဝိုက် ဝိညာဉ်စွမ်းအင်သွေးကြောမှတစ်ဆင့် သွားလာနေခဲ့သည်။ ထို့ကြောင့်လည်း ကျွန်းပေါ်တွင် ရှားပါးရတနာရှိကြောင်း သတင်းထွက်ခဲ့ခြင်းဖြစ်သည်။

ယခု ထောင်ယော်ယဲ့၏ခန္ဓာကိုယ်နှင့် ဓာတ်သဘာဝတုံ့ပြန်မှုဖြစ်လာသဖြင့် လုယန်တို့က သတိထားမိခဲ့သည်။ ဂိုဏ်းသို့ခေါ်သွားခံရတော့မည်ကို သူသိသည်။ ထို့ကြောင့် နေ့ခင်းပိုင်းတွင် အသက်မရှိသလိုဟန်ဆောင်၍ လုယန်တို့ သတိလက်လွတ်ဖြစ်ချိန်တွင် ထွက်ပြေးရန်ကြိုးစားခြင်းဖြစ်သည်။

သို့သော် ကံဆိုးသည်။ သူ့အကြံမအောင်မြင်ခဲ့။

"မင်းကို ဘယ်သူစိုက်ခဲ့တာလဲ"

မုန်ကျင်းကျိုး စိတ်ဝင်တစားမေးသည်။

"လူသားမျိုးနွယ်၊ မင်းလေသံကို သတိထားပြီးပြောစမ်းပါ"

သက်တမ်းတိုသည့် လူသားမျိုးနွယ်များကို သူအထင်မကြီး။ နတ်ဆိုးမျိုးနွယ်သည်လည်း သူ့အမြင်တွင် သက်တမ်းတိုသူများသာဖြစ်သည်။

မုန်ကျင်းကျိုးလက်ဝါးမှ သန့်စင်ယန်မီးတောက်တစ်ခုထိုးထွက်လာသည်။ သူ့လေသံ အေးစက်တင်းမာသွားသည်။

"ငါတို့ ဒီဆေးပင်ကို ကင်စားကြမလား"

သူ့အသားကင်စွမ်းရည်သည် အချည်းအနှီးမဖြစ်သေး။ ထို့ပြင် အသားကင်ဆိုင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်အားလုံးလည်း ရှိနေသည်။

အရိုးရိုင်းက သူတို့မျိုးနွယ်၏ ရိုးရာဆော့ချဉ်ကို ထုတ်သည်။ ကံကောင်းလျှင် မိသားစု၏ပထမမျိုးဆက်ဘိုးဘေးဝိညာဉ်ကိုပင် သူဆင့်ခေါ်နိုင်လောက်သည်။

ပြင်းထန်သည့်မီးအပူကို ခံစားရသဖြင့် ဆေးပင်က အရွက်များတဖျတ်ဖျတ်ခါပြီး မုန်ကျင်းကျိုးလက်ဝါးမှမီးတောက်ကို ငြှိမ်းသပ်ရန်ကြိုးစားသည်။ ထို့နောက် ကြိုးစားပြုံး၍ပြောသည်။

"ငါက တမင်နောက်နေတာပါ။ မင်းတို့က စနောက်တာလေးတောင် မခံနိုင်ဘူးလား။ ငါအမှန်အတိုင်းပြောတာပါ။ ငါ့ကိုဘယ်သူစိုက်ခဲ့လဲဆိုတာ တကယ်မသိဘူး။

ငါ့ကိုစစိုက်တဲ့အချိန်က ငါက ဆေးဘုရင်မဖြစ်သေးဘူးလေ"

လုယန် ခေါင်းငြိမ့်သည်။ မှန်သည်။ ငှက်မသေမျိုးဆေးပင်သည် ရှေးဟောင်းခေတ်ကတည်းက ဆေးဘုရင်ဖြစ်ခဲ့လျှင် သူ့ပိုင်ရှင်က သွားလေရာသို့ အိုးဖြင့်သယ်သွားလိမ့်မည်။ ကိုယ်နှင့်မကွာထားလိမ့်မည်။

"နတ်မယ်၊ ခွန်လွန်သူတော်က အခုထိအသက်ရှင်နေလောက်သေးလား။ ဒီဆေးပင်ကို မူလပိုင်ရှင်ဆီ ပြန်ပေးဖို့လိုလား"

ရှုပ်ထွေးပွေလီသည့် အရှေ့ပင်လယ်သို့ရောက်နေသော်လည်း လုယန် စည်းတစ်ခုထားသည်။

နတ်မယ်က လက်ခါပြသည်။

"မလိုပါဘူး။ သူသေသွားပြီ။ ရှေးဟောင်းခေတ်စည်းမျဉ်းအရဆို ဒီဆေးပင်က ငါ့အပိုင်ပဲ။ ဒါပေမယ့် ငါလည်း ဒီဆေးပင်ကို မလိုအပ်ဘူး။ ဒါကြောင့် နင်တို့လူငယ်မျိုးဆက်တွေကိုပဲ ပေးမှာပါ"

လုယန် နှလုံးခုန်သံတစ်ချက်မြန်သွားသည်။ ရှေးဟောင်းခေတ်သည် တကယ်ကြမ်းတမ်းရက်စက်သည်။ ငှက်မသေမျိုးခန္ဓာပိုင်ရှင်သည်ပင် နတ်မယ်လက်တွင် သေခဲ့ရသည်။

နတ်မယ်၏လေသံအရ ခွန်လွန်သူတော်ကို စွမ်းအားကြီးပြိုင်ဘက်အဖြစ် သတ်မှတ်ထားပုံမပေါ်။

"အဲဒီတုန်းက ငါမသေမျိုးတစ်ဝက်အဆင့်ပဲရှိသေးတာ။ ခွန်လွန်သူတော်...အင်း...အဲဒီတုန်းက သူတော်သခင်ပေါ့လေ။ သူက ငါနဲ့တိုက်ခိုက်ချင်တယ်လို့ အတင်းလာပြောတယ်။ အရင်တစ်ခေါက်တိုက်ပွဲလိုပါပဲ။

ငါ့ကိုမနိုင်တော့ ငှက်မသေမျိုးခန္ဓာအစွမ်းနဲ့ သူ့အနာဂတ်ခန္ဓာစွမ်းအားကို နောက်တစ်ကြိမ်ပြန်ငှားသုံးတယ်လေ"

"နောက်တော့ ခင်ဗျားသူ့ကိုသတ်လိုက်တယ်ပေါ့

"မသတ်ပါဘူး။ အနာဂတ်စွမ်းအားငှားသုံးတာ လက်လွန်ပြီး သူ့ဘာသာသေသွားတာ"

လုယန် နားထောင်နေသော်လည်း လုံးဝနားမလည်။ လုံးဝတွေးမရဖြစ်နေသည်။

သူနားမလည်မှန်း ရိပ်မိသဖြင့် နတ်မယ်က စိတ်ရှည်ရှည်ထပ်ရှင်းပြသည်။

"အနာဂတ်မှာ သူကသေပြီးနေပြီလေ။ စွမ်းအင်ငှားသုံးတော့ သေတဲ့ဖြစ်စဉ်ကိုပါ ဆွဲယူလိုက်သလိုဖြစ်သွားတယ်။ ဒီတော့ ချက်ချင်းတန်းသေသွားတာပေါ့။ သဘောပေါက်လား၊ အဲဒါ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်သလိုပဲလေ"

လုယန် "..."

ငါ့ဦးနှောက်ထဲ ပိုပြီးရှုပ်ထွေးလာသလိုပါပဲလား...

နတ်မယ်၊ ခင်ဗျားပြိုင်ဘက်တွေထဲမှာ ပုံမှန်လူရောရှိရဲ့လား...

*********************************

All Chapters