စကြာဝဠာထဲမှ လွတ်မြောက်ခြင်း...
Vol. 57 Ch. 823
" လွတ်လပ်မှု..." လင်းယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
စကြာဝဠာ၏ အတွင်း၌ ၎င်း၏ ကာကွယ်မှုကို ခံယူထားသော်လည်း ချုပ်နှောင်ခံရသည့် ခံစားချက်တစ်ခုက အမြဲတမ်းရှိနေခဲ့သည်။ ယခုအခါ စကြာဝဠာထဲမှ လွတ်မြောက်လာသောကြောင့် လွတ်လပ်မှု၏ ခံစားချက်တစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။
" ဟင် " လင်းယွမ်က နောက်မှ စကြာဝဠာကို ပြန်လှည့်ကြည့်လိုက်သည်။
သူက စကြာဝဠာထဲမှ ထွက်ခွာသည့်အချိန်ကို သေချာတွက်ချက်ထားသောကြောင့် သူ ဖရိုဖရဲဟင်းလင်းပြင်ထဲသို့ ရောက်ချိန်တွင် စကြာဝဠာ၏ ပျက်ဆီးခြင်းက နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ကြီးမားသော ကြယ်နယ်မြေများက ပျက်ဆီးနေကြပြီဖြစ်သည်။
" နောက်ထပ်စကြာဝဠာတစ်ခု ပြန်မွေးဖွားဖို့ အချိန်အတော်ကြာလိုလိမ့်မယ်။ " လင်းယွမ်က အားနည်းနေသော စကြာဝဠာစိတ်အသိကို အနည်းငယ် ခံစားလိုက်ရသည်။
မရေတွက်နိုင်သော သက်ရှိများကို ဆုံးရှုံးသွားကြောင့် စကြာဝဠာက နောက်ထပ် စကြာဝဠာအသစ်တစ်ခုကို မွေးဖွားရန် ရှည်လျားစွာ အိပ်စက်သွားမည်ဖြစ်သည်။ သို့သော် ၎င်းက စကြာဝဠာကိုယ်တိုင်အတွက်မူ အမှန်တကယ် ထိခိုက်မှုမရှိပေ။
စကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်တွင် မွေးဖွားလာပြီး နိယာမများဖြင့် ကာကွယ်ထားခြင်းဖြစ်သည်။ ဖရိုဖရဲမဟာသူတော်စင်တစ်ပါးပင် စကြာဝဠာကို အမှန်တကယ် ပျက်ဆီးအောင် မလုပ်နိုင်ပေ။ အများဆုံး စကြာဝဠာပျက်ဆီးခြင်းကို အချိန်မတိုင်မီ ပျက်ဆီးစေရုံသာဖြစ်သည်။
စကြာဝဠာပျက်ဆီးခြင်းက အတွင်းရှိ သက်ရှိများအတွက်မူ ကပ်ဘေးတစ်ခု၊ ကမ္ဘာပျက်ကိန်းတစ်ခုဖြစ်သည်။ သို့သော် စကြာဝဠာကိုယ်တိုင်အတွက်မူ ပြန်လည်အားဖြည့်ရန် အချိန်တစ်ခုကြာသည်အထိ အိပ်စက်နေရုံသာ ဖြစ်သည်။ လင်းယွမ်ကြောင့်သာ ပင်မစကြာဝဠာက အိပ်စက်ချိန် အနည်းငယ် ပိုကြာသွားခြင်းဖြစ်သည်။
ပင်မစကြာဝဠာအတွင်း အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းအားများအောက်တွင် သစ်သားတဲအိမ်လေးတစ်ခုက လွင့်မျောနေသည်။ ဖျက်ဆီးခြင်းစွမ်းအားတစ်ခုကပင် လွှမ်းမိုးခြင်းအဆင့်တစ်ယောက်ကို ချေမှုန်းရန် လုံလောက်ပေသည်။ သို့သော် ထိုကြီးမားလှသော ဖျက်ဆီးခြင်းစွမ်းအားများက သစ်သားတဲအိမ်နှင့် တွေ့ဆုံချိန်တွင် ချေဖျက်ခြင်းနှင့် စုပ်ယူခြင်းခံလိုက်ရသည်။
" ကြီးမြတ်သူနဂါးငွေ့တန်း ထွက်သွားပြီလား။ "
" ဒီလောက်ကြီးမားတဲ့ စွမ်းအားမျိုး.... ဒီလောက်ကြီးမားတဲ့ ရုပ်ခန္ဓာကို ဘယ်လိုများကျင့်ကြံထားတာလဲ။ "
" ပြန်လည်ဝင်စားခြင်းမတိုင်ခင် ကြီးမြတ်သူနဂါးငွေ့တန်းက ရုပ်ခန္ဓာကို ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာလား။ " သစ်သားတဲအိမ်အတွင်းမှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က ပြောလိုက်သည်။
" ကြောက်စရာအကောင်းဆုံး ဖျက်ဆီးခြင်းစွမ်းအားတွေက ကြီးမြတ်သူနဂါးငွေ့တန်းကို နှောင့်နှေးအောင်တောင် မလုပ်နိုင်ဘူး။ "
" သူရဲ့ စွမ်းအားနဲ့ဆို စကြာဝဠာထဲမှာ ထပ်နေရင်တောင် နောက်ထပ်စကြာဝဠာခေတ်တစ်ခုအထိ ရှင်သန်နိုင်လိမ့်မယ်လို့ ငါထင်တယ်။ " သူတို့က မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။
" စကြာဝဠာက လုံးဝ ပျက်ဆီးတော့မယ်။ ငါတို့လည်း အိပ်စက်ဖို့ ပြင်ဆင်ရမယ်။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူနှစ်ယောက်က ပတ်ဝန်းကျင်မှ လေဟာနယ်မှာ ကျဉ်းမြောင်းလာသည်ကို သတိပြုမိလိုက်ကြသည်။
" အမှန်ပဲ။ အိပ်စက်ရမယ့်အချိန်ရောက်ပြီ။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူတစ်ယောက်က ပြောလိုက်သည်။
သူတို့က စကြာဝဠာပျက်ဆီးခြင်းနှင့် တစ်ကြိမ်မက ကြုံတွေ့ဖူးသောကြောင့် နောင်လာမည့်အဖြစ်အပျက်များကို ရင်းနှီးနေကြပြီဖြစ်သည်။
" ကြီးမြတ်သူနဂါးငွေ့တန်းကို ဘယ်တော့ပြန်တွေ့နိုင်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ " ပထမကြီးမြတ်သူက အတွေးလွန်သွားမိသည်။ " နောက်တစ်ကြိမ် ငါတို့ ကြီးမြတ်သူနဂါးငွေ့တန်းကို ပြန်တွေ့ချိန်မှာ သူက ဖရိုဖရဲဟင်းလင်းပြင်ကို တုန်လှုပ်စေမယ့် ဖရိုဖရဲမဟာသူတော်စင် နဂါးငွေ့တန်းဖြစ်နေလောက်ပြီ။ "
" အမှန်ပဲ။ " ကပ်ဘေးမျိုးနွယ်၏ အခြားကြီးမြတ်သူတစ်ယောက်က သဘောတူလိုက်သည်။
ပျက်ဆီးလုနီးပါးဖြစ်နေသော စကြာဝဠာထဲရှိ နက်ရှိုင်းသောနေရာတွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း၌ လင်းယွမ်၏ ကိုယ်ပွားတစ်ခုက ထိုင်နေသည်။ စကြာဝဠာပျက်ဆီးခြင်းနှင့် နီးကပ်လာသည်နှင့်အမျှ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အရွယ်အစားကလည်း လျင်မြန်စွာ ကျုံ့လာခဲ့ပြီး မီတာရာဂဏန်းသာ ရှိသော နယ်မြေတစ်ခုအဖြစ်သာ ကျန်ရှိတော့သည်။
စကြာဝဠာပျက်ဆီးခြင်းမတိုင်မီ လင်းယွမ်က သူ၏ အသက်ကို ကာကွယ်ရန် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ကိုယ်ပွားတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အချိန်လေဟာနယ်နှင့် ကြောင်းကျိုးဆက်နွယ်မှုများအားလုံးကို ပိုင်းခြားထားသည်။
အကယ်၍ လင်းယွမ်၏ မူလခန္ဓာကိုယ်က ဖရိုဖရဲဟင်းလင်းပြင်ထဲတွင် သေဆုံးသွားခဲ့လျှင်တောင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ကိုယ်ပွားက လွတ်မြောက်ရှင်သန်နိုင်ပေလိမ့်မည်။ ထို့အပြင် ဤနေရာတွင် အချိန်သွေးစက်ကဲ့သို့ ရတနာများကိုလည်း ထားရှိခဲ့သည်။
ယခုအချိန်ထိ လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထက် ပို၍ ဘေးကင်းသော နေရာကို ရှာမတွေ့သေးပေ။ ရင်းမြစ်ကမ္ဘာ၏ ဘေးကင်းမှုက ဖရိုဖရဲဟင်းလင်းပြင်မှ အင်အားကြီးသူများနှင့် ယှဉ်လျှင်သာ ဘေးကင်းခြင်းဖြစ်သည်။ သို့သော် ထိုနေရာတွင် မြို့စားများ၊ ဘုရင်များနှင့် ကောင်းကင်တွင် ချိတ်ဆွဲထားသော ထာဝရနေကဲ့သို့သော အန္တရာယ်များလည်း ရှိနေသည်။
ရတနာများကို ရင်းမြစ်ကမ္ဘာတွင် ထားရှိခြင်းက ဖရိုဖရဲဟင်းလင်းပြင်မှ အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ လုယူခြင်းကို တားဆီးနိုင်သော်လည်း ရင်းမြစ်ကမ္ဘာရှိ အင်အားကြီးသူများ ရှိနေသည်။ အချိန်သွေးစက်က ရင်းမြစ်ကမ္ဘာအတွင်း အလွန်တန်ဖိုးကြီးမားပြီး နတ်ဘုရားအရှင်သခင်များကြားမှာပင် သွေးချောင်းစီးတိုက်ပွဲများ ဖြစ်ပေါ်စေနိုင်သည်။
အချိန်သွေးစက်ကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ထားရှိခြင်းက အန္တရာယ်ကင်းရုံသာမက ပြန်လည်ရယူရန်လည်း လွယ်ကူပေသည်။ သူက ကိုယ်ပွားတစ်ခုကို အချိန်သွေးစက်ကို ယူ၍ ထာဝရလေဟာနယ်အက်ကြောင်းထဲသို့ ဝင်ရောက်သွားခိုင်းရန်သာ လိုအပ်သည်။
" ဒီနေ့ပြီးရင် ငါ့အတွက် ပင်မစကြာဝဠာဆိုတာ ရှိတော့မှာမဟုတ်ဘူး။ " လင်းယွမ်၏ မူလခန္ဓာကိုယ်က စကြာဝဠာ၏ အပြင်ဘက်တွင် ရပ်နေပြီး ပင်မစကြာဝဠာ၏ နောက်ဆုံးခရီးကို တိတ်ဆိတ်စွာ ကြည့်နေသည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား... " လင်းယွမ်က စကြာဝဠာပျက်ဆီးနေချိန်အတွင်း စုဆောင်းမိသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အာရုံခံကြည့်လိုက်သည်။
ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား ၁၄၃၆၈၁၂။
လင်းယွမ်က အလွန်ကျေနပ်သွားခဲ့သည်။ ထိုမျှများပြားသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများဖြင့် လင်းယွမ်က နက်ရှိုင်းသော ယုံကြည်မှုကို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ သူက အနာဂတ်တွင် ချွေတာသုံးစွဲနေရန် မလိုအပ်ပေ။
သူက ရင်းမြစ်ကမ္ဘာဆို ပထမဆုံးဆင်းသက်ချိန်တွင် ယုရန်ဖြစ်သော သူ့ကိုသူ ကယ်တင်ရန် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် တစ်ရာကို သုံးစွဲရန်လိုအပ်ရာ လင်းယွမ်က သေချာစဉ်းစားခဲ့ရသည်။ ယခု သူက ထိုကဲ့သို့ တွန့်ဆုတ်နေရန် မလိုအပ်တော့ပေ။
" ဒါဆို စကြာဝဠာအပြင်ဘက်မှာရှိရင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို စုပ်ယူလို့မရဘူးပေါ့။ " လင်းယွမ်က တွေးလိုက်သည်။
သူက စကြာဝဠာထဲမှ မထွက်ခွာမီ ကမ္ဘာပျက်ဆီးခြင်းမူလစွမ်းအားကို လျင်မြန်စွာ စုဆောင်းနေခဲ့သည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်သို့ ခြေချလိုက်သည်နှင့် စုဆောင်းသည့်အရှိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လက်ရှိစကြာဝဠာကလည်း အပြည့်အဝ ပျက်ဆီးသွားခြင်းမရှိသေးပေ။
" နှမြောစရာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
အကယ်၍ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများစွာကို စုဆောင်းရန်အတွက် ပျက်ဆီးနေသော စကြာဝဠာတစ်ခုထဲသို့ ဝင်ရောက်ရန် လိုအပ်လျှင် ထိုအခြေအနေမျိုးကို နောက်တစ်ကြိမ်ဖန်တီးရန် စိန်ခေါ်မှုကြီးမားလှပေလိမ့်မည်။
" ဟင် " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အဝေးတွင် သတိကြီးစွာ ထွက်ပြေးနေသော အော်ရာနှစ်ခုကို တွေ့လိုက်ရသည်။
" မင်းတို့နှစ်ယောက်..." လင်းယွမ်က အာရုံစိုက်ကြည့်လိုက်ရာ အနက်ရောင်သင်္ဘောတစ်စင်းနှင့် လွင့်မျောနေသော ကျွန်းတစ်ခုဖြစ်နေသည်။
ထိုအနက်ရောင်သင်္ဘောကြီးနှင့် ကျွန်းတို့က အလွန်ကြီးမားသော်လည်း လက်ရှိ လင်းယွမ်၏ အရွယ်အစားနှင့် ယှဉ်လျှင် သေးငယ်သော အစက်အပြောက်လေးများသာ ဖြစ်သည်။ သူတို့က ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး အသည်းအသန်ထွက်ပြေးနေကြခြင်းဖြစ်သည်။
" သူတို့ ထွက်ပြေးနေကြတာလား။ ဒါဆို သူတို့က စကြာဝဠာအပြင်ဘက်က လုယက်သူတွေပေါ့။ " လင်းယွမ်၏ အတွေးများက လျင်မြန်စွာ လှုပ်ရှားသွားပြီး အခြေအနေကို ကောက်ချက်ချလိုက်သည်။
" ပြန်လာခဲ့စမ်း..." လင်းယွမ်၏ ကမ္ဘာနတ်စွမ်းရည်က စတင်ထွက်ပေါ်လာသည်။ ခဏအတွင်း လင်းယွမ်ကို ဗဟိုပြု၍ အလင်းနှစ်နှစ်သန်းကျော်ရှိသော နယ်ပယ်တစ်ခုက စကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်သင်္ဘောပေါ်တွင် ရွှယ်ယန်က အလွန်ဝေးကွာသော နေရာကို ရောက်မှသာ သက်ပြင်းချလိုက်နိုင်သည်။
" ငါတို့လွတ်ပြီ။ " ရွှယ်ယန်က ပြုံးလိုက်သည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ အလွန်ဝေးကွာသော နေရာမှပင် ကြီးမားသော ပုံရိပ်ကို မှေးမှိန်စွာ မြင်တွေ့နေရဆဲ ဖြစ်သည်။
" ဒီလောက်ဝေးရင် သူလိုက်ချင်ရင်တောင် နောက်ကျသွားပြီ။ " ရွှယ်ယန်က အတွေးများပင် မဆုံးသေးပေ။
ရုတ်တရက် အရပ်မျက်နှာအသီးသီးမှ အချိန်လေဟာနယ်တစ်ခုက ဆင်းသက်လာသည်။ ထိုခဏတွင် ရွှယ်ယန်က သူ၏ နားထဲသို့ ပြန်လာခဲ့စမ်းဟူသော စကားသံကို ကြားလိုက်ရသည်။ ရွှယ်ယန်က အသိပြန်ဝင်လာသောအခါ သူရင်းနှီးနေသော ဟင်းလင်းပြင်ထဲသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ လွန်ခဲ့သောခဏက သူရပ်စောင့်နေခဲ့သော နေရာပင်ဖြစ်သည်။
" သေစမ်း ပြဿနာပဲ။ " ရွှယ်ယန်က စိတ်ဓာတ်ကျသွားသည်။ သူက ပတ်ဝန်းကျင်သို့ ကြည့်လိုက်ရာ မြွေနတ်ဆိုးကလည်း အနီးတွင် ရောက်နေသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။
လွှမ်းမိုးခြင်းအဆင့် နှစ်ယောက်က ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးခဲ့ကြသော်လည်း တစ်ချိန်တည်းတွင် တူညီသော နေရာတစ်ခုသို့ ပြန်လည်ပို့ဆောင်ခြင်း ခံလိုက်ရသည်။ ထိုသို့သော စွမ်းရည်မျိုးကို အချို့သော ဖရိုဖရဲအရှင်သခင်များတွင်သာ သူတို့က မြင်တွေ့ဖူးခဲ့သည်။