အလွှာဆယ့်သုံး တည်ရှိမှု...
Vol. 57 Ch. 830
" လီယန်မျိုးစေ့ ၃၀၀၀၀ပဲ ရှိသေးတာတောင် ဒီလိုကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေတာလား။ " လင်းယွမ်က သူ၏ လီယန်မျိုးစေ့မှာ သုံးသောင်းသာရှိသေးသည်ကို သတိထားမိသည်။
၎င်းက လီယန်မျိုးစေ့ ၃၃၃၃၃ သို့ မရောက်သေးသောကြောင့် လီယန်မျိုးစေ့များဖြင့် ဖွဲ့စည်းထားသော စက်ဝန်းက အစပျိုးခြင်းအဆင့်သာ ရှိသေးသည်။ သို့တိုင် လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်၏ အသွင်ပြောင်းလဲမှုက သိသိသာသာ တိုးတက်လာခဲ့သည်။
" ဒီလီယန်မျိုးစေ့တွေက ပျက်ဆီးနေတဲ့ တံဆိပ်အမှတ်အသားတစ်ခုကို ဖွဲ့စည်းနေတာလား။ " လင်းယွမ်က စိတ်အသိအပိုင်းအစတစ်ခုကို အတွင်းသို့ ပို့လွှတ်လိုက်သည်။
ဝုန်း...
လင်းယွမ်၏ စိတ်အသိက အမြင့်သို့ ပျံတက်သွားပြီး ပြင်းထန်သော နေများနှင့် ပြည့်နှက်နေသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတစ်ခုလုံးက နီရဲနေပြီး ကမ္ဘာပေါ်တွင် တည်ရှိနေသကဲ့သို့ ဖြစ်သည်။
" အဲ့ဒါ ဘာလဲ။ " လင်းယွမ်က မော့ကြည့်လိုက်ရာ အမြင့်တွင် ငြိမ်သက်စွာ ရပ်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်က အဆုံးမဲ့သော အလင်းနှင့်အပူကို ထုတ်လွှတ်နေပြီး တိကျသော ပုံသဏ္ဍန်မရှိပေ။ ထိုပုံရိပ်ကို မြင်လိုက်ရသောအချိန်တွင် လင်းယွမ်၏ စိတ်အသိက ပြန်လည်ကျဆင်းသွားခဲ့သည်။
" ဟူး..." ကောင်းကင်လောင်ကျွမ်းခြင်းခန်းမတွင် လင်းယွမ်က လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
သူက လီယန်မျိုးစေ့ ၃၀၀၀၀ စက်ဝန်းကို စတင်ဖြစ်ပေါ်လာချိန်တွင် အမြင့်ဆုံးလျို့ဝှက်ချက်အချို့ကို မြင်တွေ့ခဲ့ရသည်။
" အဲ့ဒီပုံရိပ်က လီယန်ဘိုးဘေးလား။ ကောင်းကင်ထက်က ထာဝရနေလား။ တကယ်ကြောက်စရာကောင်းတာပဲ။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်နှင့် ပထမဆုံး ထိပ်တိုက်ရင်ဆိုင်ရခြင်းဖြစ်သည်။ အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်ကို ဖန်တီးခဲ့သူကလည်း အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်ဖြစ်သည်။ သို့သော် အဆုံးမဲ့နေမင်းများကြားတွင် ရပ်နေသော ပုံရိပ်က လင်းယွမ်ကို ပြင်းထန်သော ဖိအားများ ပေးစွမ်းနေသည်။
" ငါ ဒီဘဝမှာ ဒီလိုအဆင့်မျိုး တက်လှမ်းနိုင်ပါ့မလား။ " လင်းယွမ်က အတွေးနက်သွားခဲ့သည်။ အလွှာဆယ့်နှစ် တစ်ယောက်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန်အတွက် တိကျသော နည်းလမ်းဟူ၍ မရှိပေ။
" ထားလိုက်တော့။ ငါအရင်ဆုံး ဖရိုဖရဲအဆင့်ကိုပဲ ရောက်အောင် ကျင့်ကြံရဦးမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။
အလွှာဆယ့်သုံးက သူနှင့် ဝေးကွာနေဆဲဖြစ်သည်။ ယခုအချိန်တွင် သူက ဖရိုဖရဲအဆင့်သို့ မရောက်သေးဘဲ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်သာ ရှိသေးသည်။
" အဆုံးမဲ့ဟင်းလင်းပြင်နဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း အထွတ်အထိပ်ကို ပြန်ရောက်သွားပြီ။ အခု ငါ့ရဲ့ စွမ်းအားက ဖရိုဖရဲဟင်းလင်းပြင်က မူလခန္ဓာကိုယ်ထက် နည်းနည်းပဲ နိမ့်လိမ့်မယ်။ ငါက ဖရိုဖရဲအဆင့်မဟုတ်ပေမယ့် လွှမ်းမိုးခြင်းအဆင့်က ဘယ်သူ့ကိုမဆို အလွယ်တကူ နှိမ်နင်းနိုင်တယ်။ " လင်းယွမ်က သူ၏ စွမ်းအားကို သေချာစစ်ဆေးကြည့်လိုက်သည်။
" တကယ်လို့ လီယန်ခန္ဓာ အသွင်ပြောင်းလဲမှုက အပြည့်အဝ ပြီးသွားရင် ငါ့ရဲ့ မူလခန္ဓာကိုယ်ထက် အားမနည်းနိုင်တော့ဘူး။ "
လီယန်ခန္ဓာက လီယန်ရှေးဟောင်းနိုင်ငံ၏ အသန်မာဆုံး ရုပ်ခန္ဓာဖြစ်ပြီး ဘယ်အရာမှ မယှဉ်နိုင်ပေ။
ချင်းဖန်မြို့၏ အပြင်ဘက်တွင် ပုံရိပ်အချို့က လေထဲတွင် ငြိမ်သက်စွာ ရပ်နေကြသည်။ ထိုသူများထဲတွင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ဦးဆောင်ထားသည်။
" စီနီယာအမ ဆရာက ချင်းဖန်နယ်မြေကို တကယ်တိုက်ခိုက်ဖို့ စီစဉ်နေတာလား။ " နောက်မှ လူတစ်ယောက်က အဝေးမှ ချင်းဖန်မြို့ကို ကြည့်ပြီး မေးလိုက်သည်။
" အဲ့ဒါက မြို့တော်ကလာတဲ့ အမိန့်ပဲ။ ဆရာလည်း ဆန့်ကျင်လို့မရဘူး။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပြန်ဖြေလိုက်သည်။
မဟာအရှင်သခင်တစ်ယောက်ဖြစ်လျှင်တောင် ရှေးဟောင်းနိုင်ငံ၏ အမိန့်ကို နာခံရမည်ဖြစ်သည်။ ၎င်းက တင်းကြပ်သော စည်းမျဉ်းပင်ဖြစ်သည်။ လွတ်လပ်စွာ နေထိုင်လိုသော မဟာအရှင်သခင်များနှင့် နတ်ဘုရားအရှင်သခင်များက ရှေးဟောင်းနိုင်ငံများ၏ ချီးမြှင့်မှုများနှင့် အကျိုးခံစားခွင့်များကို စွန့်လွှတ်ရမည်ဖြစ်သည်။ ထိုသို့သော လူများက တာဝန်များ၊ အချုပ်အနှောင်များမှ ကင်းလွတ်ကြသည်။
သို့သော် ရည်မှန်းချက်ရှိသူများက ပုံမှန်အားဖြင့် ရှေးဟောင်းနိုင်ငံများနှင့် ပူးပေါင်းကြသည်။ ရှေးဟောင်းနိုင်ငံများတွင် နက်ရှိုင်းသော အမွေအနှစ်များနှင့် တိကျသော လမ်းညွှန်မှုများ၊ ကာကွယ်မှုများ ရှိနေသောကြောင့် ဖြစ်သည်။
" မြို့တော်ရဲ့ အမိန့်လား။ "
အစောက စကားပြောခဲ့သူက ထပ်မပြောတော့ပေ။ ၎င်းက သူတို့ဆရာ၏ ရည်ရွယ်ချက်သာဖြစ်လျှင် ပြောင်းလဲရန် အခွင့်အရေးရှိနိုင်သော်လည်း မြို့တော်၏ အမိန့်ဆိုလျှင် နာခံရုံသာ ရှိတော့သည်။
" ငါတို့အခုဘာလုပ်ရမှာလဲ။ " ခါးကုန်းကုန်းနှင့် အသက်ကြီးသော အမျိုးသမီးတစ်ယောက်က တိုက်ရိုက်မေးလိုက်သည်။
" ရိုးရှင်းပါတယ်။ ဆရာကိုယ်တိုင်လှုပ်ရှားပြီး အရှင်ချင်းဖန်ကို မျှားခေါ်သွားလိမ့်မယ်။ ပြီးရင် ငါတို့က ချင်းဖန်မြို့ကို တိုက်ခိုက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ကြမယ်။ ငါတို့က မဟာအစီအရင်သလင်းကျောက်နဲ့ ချင်းဖန်မြို့ရဲ့ အစီအရင်ကို ပုံတူကူးယူမယ်။ ဒါဆို ပြန်ရောက်တာနဲ့ ငါတို့က အဲ့ဒီအစီအရင်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်နိုင်လိမ့်မယ်။ "
" ချင်းဖန်မြို့ကို တိုက်ခိုက်တာက ဟန်ပြသက်သက်ပဲ။ အဓိက ရည်ရွယ်က မဟာအစီအရင်သလင်းကျောက်နဲ့ ချင်းဖန်မြို့ရဲ့ အစီအရင်တွေကို ပုံတူကူးဖို့ပဲ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်သည်။
" ချင်းဖန်နယ်မြေရဲ့ အစီအရင်တွေကို ဖော်ထုတ်နိုင်မှသာ ဇီမန်နယ်မြေနဲ့ အခြားနယ်မြေတွေက ချင်းဖန်နယ်မြေကို ကျူးကျော်နိုင်လိမ့်မယ်။ "
" အဲ့လိုမဟုတ်ဘဲ ချင်းဖန်မြို့ရဲ့ အစီအရင်အားလုံးက အလုပ်လုပ်နေရင် မဟာအစီအရင်ပါရှိနေရင်တော့ အဆင့်တူ မဟာအရှင်သခင်ရှစ်ယောက်ကျော် လာတိုက်ခိုက်ရင်တောင် ခုခံဖို့ လုံလောက်တယ်။ "
ဤအစီအစဉ်၏ အဓိကသော့ချက်က မဟာအစီအရင်သလင်းကျောက်ပင်ဖြစ်သည်။ ၎င်းက အစီအရင်အားလုံးကို ပုံတူကူးနိုင်ပြီး အရမ်းတန်ဖိုးကြီးလှသည်။ မြို့တော်က ထိုကဲ့သို့ ရတနာမျိုးကို ချီးမြှင့်ပေးခြင်းမှာ အရှင်ဇီမန်ပင် ၎င်းကို အသုံးပြုပြီးလျှင် ပြန်ပေးရမည်ဖြစ်သည်။
ချင်းဖန်မြို့၏ အစီအရင်ကို ပုံတူကူးပြီးလျှင် အရှင်ဇီမန်က မြို့တော်မှ အစီအရင်ပညာရှင်များကို ဖိတ်ခေါ်ပြီး အစီအရင်ကို ဖျက်ဆီးခိုင်းလိမ့်မည်ဖြစ်သည်။ ထို့နောက် အခြားနယ်မြေများနှင့် အမြန်ပူးပေါင်းပြီး စစ်ကြေညာမည်ဖြစ်သည်။
အရှင်ချင်းဖန်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလျှင်တောင် လှုပ်ရှားရန် နောက်ကျသွားပြီဖြစ်သည်။ မဟာအစီအရင်ကို ပြန်လည်ပြုပြင်ခြင်းက အချိန်တိုအတွင်း မဖြစ်နိုင်ပေ။ သို့သော် သူတို့အနေဖြင့် ထိုလှည့်ကွက်မျိုးကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
ချင်းဖန်မြို့ကို သိမ်းပိုက်ပြီးသောအခါ လီယန်ရှေးဟောင်းနိုင်ငံ၏ အင်အားကြီးသူများက ထိုဖြစ်ရပ်ကို ပြန်လည်စစ်ဆေးကြပြီး ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့သွားကြပေလိမ့်မည်။ ထိုအခါ ထိုကဲ့သို့ ထပ်မဖြစ်အောင် အကာအကွယ်များ ထပ်မံပြုလုပ်ကြပေလိမ့်မည်။
" ကောင်းပြီ။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ နောက်မှ ပုံရိပ်များက ခေါင်းညိမ့်လိုက်ကြသည်။
ထိုတာဝန်က အန္တရာယ်သိပ်မရှိပေ။ အရှင်ချင်းဖန်ကိုသာ အရှင်ဇီမန်က ခေါ်ထုတ်သွားလျှင် အကြီးမားဆုံးခြိမ်းခြောက်မှုက မရှိတော့ပေ။ အရှင်ချင်းဖန်က ကြောက်စရာကောင်းသော်လည်း တပည့်များကို လေ့ကျင့်ပေးရာတွင် လျစ်လျူရှုထားသောကြောင့် သူ၏ တပည့်များမှာ သာမန်သာဖြစ်ကြသည်။
အရှင်ချင်းဖန်၏ တပည့်အကြီးဆုံး ဖုန်းဝမ်ရှင်း၏ ခွန်အားက ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးထက် နိမ့်ကျသည်။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ခွန်အားက မဟာအရှင်သခင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီဖြစ်သည်။ ဇီမန်နယ်မြေတစ်ခုလုံးတွင် ဖုန်းဝမ်ရှင်းနှင့် ယှဉ်နိုင်သူ ဆယ်ယောက်နီးပါးရှိသည်။
" မကြာသေးခင်က အရှင်ချင်းဖန်က တပည့်တစ်ယောက်လက်ခံခဲ့တယ်လို့ ငါ့ကြားတယ်။ အဲ့ဒီတပည့်ကို ခေါ်ယူဖို့ ချင်းဖန်မြို့က ထွက်သွားခဲ့တယ်တဲ့။ " ခါးကုန်းကုန်းနှင့် အမျိုးသမီးက ပြောလိုက်သည်။
ထိုကိစ္စက လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ လင်းယွမ်ကို လက်ခံပြီးနောက် အရှင်ချင်းဖန်က သူ့ကို အခြားတပည့်များနှင့် မိတ်ဆက်ပေးခဲ့သည်။ ၎င်းက ချင်းဖန်မြို့တစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အစပိုင်းတွင် ယုမိသားစုက ဒုတိယအဆင့် မိသားစုသာ ဖြစ်သော်လည်း ယခု ချင်းဖန်နယ်မြေတွင် ဩဇာအာဏာအရှိဆုံး မိသားစုများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
" ငါလည်း ကြားတယ်။ အရှင်ချင်းဖန်ရဲ့ စရိုက်နဲ့ဆို ချင်းဖန်မြို့က ဒီအတိုင်း ပေါ့ပေါ့ဆဆ ထွက်သွားမှာမဟုတ်ဘူး။ " ဘေးမှ အမျိုးသားကလည်း သိလိုစိတ်နှင့် ပြောလိုက်သည်။
အရှင်ချင်းဖန်က ချင်းဖန်မြို့မှ ထွက်သွားခြင်းမှာ အတိုင်းအတာတစ်ခုအထိ အန္တရာယ်ကင်းပေသည်။ အကယ်၍ ထိုအချိန်တွင် ရန်သူနယ်မြေက တိုက်ခိုက်လာလျှင် မဟာအရှင်သခင်မရှိဘဲ ချင်းဖန်မြို့၏ အကာအကွယ်က အားနည်းသွားပေလိမ့်မည်။
ယခုအစီအစဉ်ကလည်း အရှင်ဇီမန်က အရှင်ချင်းဖန်ကို အချိန်ဆွဲထားနိုင်မှုအပေါ်တွင် မူတည်နေသည်။ အရှင်ချင်းဖန်မရှိမှသာ သူတို့က မဟာအစီအရင်သလင်းကျောင်ကို အသုံးပြုပြီး ချင်းဖန်မြို့၏ အစီအရင်ကို ပုံတူကူးနိုင်မည်ဖြစ်သည်။
" အရှင်ချင်းဖန်က အေးစက်တဲ့သူတစ်ယောက်ပဲ။ သူက ရှေးဟောင်းနိုင်ငံရဲ့ အမိန့်အရ တပည့်တွေ လက်ခံခဲ့တာ။ ဒါပေမယ့် အခု အသစ်ခေါ်လာတဲ့ တပည့်လေးအတွက်ကျတော့ ချင်းဖန်မြို့က ထွက်သွားရုံတင်မကဘူး လိုအပ်တဲ့ အရင်းအမြစ်အားလုံးကိုလည်း ထုတ်ပေးခဲ့တယ်။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ခေါင်းခါလိုက်သည်။
" ယုရန်လို့ခေါ်တဲ့ အဲ့ဒီတပည့်ရဲ့ ပါရမီနဲ့ အရည်အချင်းက ကြောက်စရာကောင်းလိမ့်မယ်။ အနည်းဆုံးတော့ ဖုန်ဝမ်ရှင်းထက် သာလိမ့်မယ်။ "
" မှန်တယ်။ " အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
" တကယ်လို့ သာမန်တပည့်တစ်ယောက်ဆိုရင် အရှင်ချင်းဖန်က ဒီလိုလုပ်မှာမဟုတ်ဘူး။ နောက်တစ်ချိန်မှာ သူက ဇီမန်နယ်မြေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ " ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက သူမ၏ ခေါင်းကို ခါလိုက်သည်။ " ဒါပေမယ့် သူ့အတွက် အနာဂတ်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ "