ဘေးကင်းသောခရီး
Vol. 51 Ch. 754
ငှက်မသေမျိုးဆေးပင်ကို လုယန်တို့ဝိုင်းထားသည်။ အထူးသဖြင့် မုန်ကျင်းကျိုးက ယန်မီးတောက်ကိုင်ထားပြီး ခပ်တင်းတင်းစိုက်ကြည့်နေသည်ကို မြင်ရသဖြင့် သူမလွတ်မမြောက်နိုင်တော့ကြောင်း မသေမျိုးဆေးပင် နားလည်လာသည်။ သက်ပြင်းချ၍ သူ့ကံကြမ္မာကို လက်ခံလိုက်သည်။
"ကောင်းပါပြီး ကောင်းပါပြီ၊ ငါထွက်မပြေးတော့ပါဘူး"
ချက်ချင်းကင်စားခံရမည့်အဖြစ်နှင့်စာလျှင် ဖမ်းဆီးထိန်းသိမ်းခံရသည်က တော်သေးသည်။ အသက်တော့သေမည်မဟုတ်။
"အဲလိုမှပေါ့"
ငြိမ်ကျသွားသည့်ဆေးပင်ကိုကြည့်၍ မုန်ကျင်းကျိုးကပြောသည်။ လက်သီးဆုပ်လိုက်သည်။ မီးတောက်များ ပျောက်ကွယ်သွားသည်။ အရိုးရိုင်းလည်း ဆော့ချဉ်ကို ပြန်သိမ်းလိုက်သည်။
အရိုးရိုင်းသည် ဘိုးဘေးအတော်များများ ကြုံတွေ့ဖူးသော်လည်း အရိုင်းမျိုးနွယ်၏ ပထမဆုံးဘိုးဘေးနှင့် မကြုံရသေး။
"ဒါပေမယ့် ရှင်းအောင်တော့ပြောထားမယ်။ မင်းတို့ငါ့ကို မစားရဘူး။ အနည်းဆုံးတော့ တစ်ခါတည်းအကုန်လုံး စားမပစ်ရဘူး"
ငှက်မသေမျိုးဆေးပင်က သူတို့ငါးယောက်ကို သတိဖြင့်ကြည့်၍ ပြောသည်။
"ဟုတ်ပါပြီ"
အားလုံးလက်ခံကြသည်။
ငှက်မသေမျိုးဆေးဘုရင်သည် အလွန်တရာတန်ဖိုးကြီးသည်။ ဘယ်သူမှ တစ်ခါတည်းအကုန်စားမည်မဟုတ်။ ဆေးစိုက်ခင်းထဲမှ တစ်ခြားဆေးဘုရင်များလည်း ကောင်းကောင်းမွန်မွန် အသက်ရှင်နေကြဆဲဖြစ်သည်။
လိုအပ်သည့်အချိန် အရွက်တစ်ချို့ အဖြစ်တစ်ချို့ယူရုံလောက်သာရှိသည်။ အဓိကကိုယ်ထည်ကို ဘယ်တော့မှ ဒုက္ခမပေးကြ။
"မင်းတို့ကတိကို ငါယုံလို့ရမှာလား"
ဆေးဘုရင်က မယုံမရဲပြန်မေးသည်။ ဝိညာဉ်ပြောင်းအဆင့်များနှင့်တိုက်ပွဲကို အစအဆုံးသူမြင်ခဲ့သည်။ လုယန်သည် ငါးယောက်ထဲတွင် ဉာဏ်နီဉာဏ်နက်အများဆုံးဖြစ်ကြောင်း သတိထားမိသည်။
"ယင်ထန်မသေမျိုးကိုတိုင်တည်ပြီး ကျိန်ဆိုတယ်။ ငါမဟုတ်မမှန်တာပြောရင် ယင်ထန်ရဲ့ လျှပ်စီးတွေ ငါ့အပေါ်ကျပါစေ"
လုယန် လက်သုံးချောင်းထောင်၍ ကောင်းကင်ကိုကျိန်ဆိုသည်။
"ကြမ်းလှချည်လား"
ရက်စက်သည့်ကျိန်စာကြောင့် ငှက်မသေမျိုးဆေးပင် အံ့အားသင့်သွားသည်။ အရွက်များကို နည်းနည်းလှုပ်ခါလိုက်သည်။ ယုံကြည်ကြောင်း ခေါင်းငြိမ့်သည့်သဘောဖြစ်သည်။
"စိတ်မပူပါနဲ့ကွာ။ မင်းကိုငါတို့ မတရားမဆက်ဆံပါဘူး။ ငါတို့ဂိုဏ်းမှာလည်း ဆေးဘုရင်လေးတွေရှိပါတယ်"
လီဟော်ရန်က ရယ်၍ပြောသည်။ ချင်ဟော်ရန်လူဝင်စားဖြစ်၍ တစ်ခြားလူများကို ထိန်းချုပ်သည့်ပညာ တတ်ကျွမ်းသည်။ လက်အောက်ခံများကို အမိန့်နာခံအောင် လုပ်လိုလျှင် ချော့နည်းချောက်နည်း နှစ်ခုလုံးသုံးရသည်။
ထို့ပြင် ချော့နည်းလုံးဝမသုံးသည့် ချင်ဟော်ရန်၏စွမ်းရည်ကိုလည်း သူသိထားသည်။
"ညီမထောင်၊ မသေမျိုးဆေးပင်က မင်းနဲ့ဆက်စပ်နေတယ်။ ဂိုဏ်းကိုမပြန်ခင် ဒီဆေးပင်ကို မင်းပဲသိမ်းထားပါ"
လုယန်က ပြုံး၍ပြောလိုက်သည်။
ဆေးဘုရင်လေးများကို မှော်လက်စွပ်များထဲ ထည့်သိမ်းထား၍မရ။ သေတ္တာဖြင့်ထုပ်ပိုးသိမ်းဆည်းရသည်။
နတ်မယ်ကြောင့် နားဒုက္ခခံနေရပြီးဖြစ်၍ နောက်ထပ်ဆေးဘုရင်တစ်ယောက်ကို သူထိန်းသိမ်းမထားချင်တော့။
"ဒါဆိုလည်း အကိုလု ကျွန်မကိုယုံကြည်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထောင်ယော်ယဲ့ဝမ်းမြောက်ဝမ်းသာလက်ခံသည်။ ဆေးဘုရင်တစ်ယောက်နှင့် အတူရှိလျှင် တစ်ခြားဘာမှမထူးခြားလျှင်ပင် အသိဉာဏ်တော့တိုးလာမည်။
ဆေးဘုရင်တစ်ယောက် ထိုမျှသက်တမ်းရှည်စွာနေနိုင်ခြင်းသည် အကြောင်းမဲ့မဖြစ်နိုင်။
ဤဆေးပင်သည် သူ့ဖြစ်တည်မှုကို ဖုံးကွယ်နိုင်သည့် ထူးခြားစွမ်းရည်မျိုးရှိသည်။ ကူးဖြတ်ရှင်းအဆင့်စွမ်းအားရှင်တို့၏ ဝိညာဉ်အာရုံဖြင့်ပင် သူ့ကိုရှာမတွေ့ခဲ့ကြ။
နောက်တစ်နေ့တွင် ယန်တိုင်ရှား တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်။ သူ့အခြေခံစွမ်းအား တည်ငြိမ်လာသည်။ ဝိညာည်ပြောင်းကျင့်ကြံသူအစစ် ဖြစ်လာသည်။
ဝိညာဉ်ပြောင်းအဆင့်သို့ တက်နိုင်သူသည် ပုံမှန်အားဖြင့် ဂုဏ်ယူဝင့်ကြွား၍ မာနအပြည့်ရှိနေတတ်ည်။ သို့သော် ယန်တိုင်ရှားက ထိုသို့မဟုတ်။ နှိမ့်ချတတ်သည့်စိတ်မျိုးရှိသည်။
မည်သို့ဆိုစေ နတ်ဝိညာဉ်အဆင့်လုယန်တို့ငါးယောက် ဝိညာဉ်ပြောင်းအဆင့်ဆယ့်နှစ်ယောက်ကို ဖမ်းလိုက်သည့်မြင်ကွင်းက သူ့အာရုံတွင် စွဲထင်နေဆဲဖြစ်သည်။
"သူရဲကောင်းယန်၊ ရာထူးတိုးယူဖို့ ဖန်လိုင်ကျန်းကိုသွားမှာလား။ ကျုပ်တို့ငါးယောက်ကိုပါ ခေါ်သွားလို့ရမလား"
လုယန်က ယဉ်ကျေးစွာမေးသည်။ ယန်တိုင်ရှားသည် အစက အရှေ့ပင်လယ်ကျင့်ကြံသူမဟာမိတ်အဖွဲ့၏ တာဝန်ခံဖြစ်သည်။ ယခု ဝိညာဉ်ပြောင်းအဆင့်ရောက်ပြီဖြစ်၍ ဦးစီးရာထူးလျှောက်ဖို့ အဆင့်မီလာသည်။
အရှေ့ပင်လယ်သို့ရောက်လျှင် အနည်းဆုံး ဖန်လိုင်ကျွန်းသို့ အလည်အပတ်တော့ရောက်သင့်သည်။
လောင်မာပေးလိုက်သည့်မြေပုံရှိသဖြင့် ဖန်လိုင်ကျွန်းကို သူတို့သွားတတ်ပါသည်။ သို့သော် နေရာစိမ်းဖြစ်၍ ယန်တိုင်ရှားနှင့်အတူလိုက်သွားခြင်းက ပိုကောင်းသည်။
"ရတာပေါ့"
ယန်တိုင်ရှား ချက်ချင်းပြန်ဖြေသည်။
သူ့အဖော်သူရဲကောင်းနှစ်ယောက်ကို လိုအပ်သည့်ကိစ္စများ ညွှန်ကြားပြီးနောက် ဖန်လိုင်ကျွန်းသို့ စထွက်ရန်ပြင်ဆင်သည်။
ဖန်လိုင်ကျွန်းသည် ဖန်ရှန်းကျွန်းနှင့် အတော်ဝေးသည်။ အရင်က ဖန်လိုင်ကျွန်းသို့ ပျံသန်းသွားလျှင် ယန်တိုင်ရှား လေးငါးကြိမ်ခန့် ရပ်နားရသည်။
သို့သော်ယခု ဝိညာဉ်ပြောင်းအဆင့်ရောက်ပြီဖြစ်၍ သူ့ဒန်ထန်ကျယ်ပြန့်လာသည်။ ဝိညာဉ်စွမ်းအင် ဆပွားတိုးလာသည်။ ထိုသို့ရပ်နားစရာမလိုတော့။
"..မိတ်ဆွေငါးယောက်...အရှိန်နည်းနည်းလျှော့ကြပါဦး"
သူ့ရှေ့မှပျံသန်းနေသည့် လုယန်တို့ငါးယောက်ကို ယန်တိုင်ရှား လှမ်းခေါ်သည်။ အသက်ကိုမောပန်းစွာ ရှူရှိုက်နေရသည်။
သူထိုင်စီးနေသည့်ပန်းချီကားက ပင်လယ်ထဲသို့ ထိုးကျတော့မလို ယိမ်းခါနေသည်။
ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူက နတ်ဝိညာဉ်အဆင့်များထက် ဝိညာဉ်စွမ်းအင်ပိုအားနည်းသည့်အဖြစ်မျိုးရှိမည်ဟု တစ်ခါမှစိတ်ကူးမယဉ်ခဲ့ဖူး။ ယခုသူသည် အဆင့်တက်စဖြစ်သည်။ လက်ထဲတွင် အားဖြည့်ဆေးမရှိ။
လုယန် ဓားပျံပေါ်တွင်ရပ်၍ ပြန်လှည့်လာသည်။ ရေမျက်နှာပြင်တွင် ရေပန်းများဖြာထွက်သွားသည်။ ယန်တိုင်ရှားရှေ့တွင်ရပ်သည်။
"ခင်ဗျားအဆင်ပြေရဲံလား"
"ဖြေးဖြေး...ဖြေးဖြေးသွားပါ"
ယန်တိုင်ရှား စွမ်းအင်ကုန်ခမ်းနေမှန်းသိသဖြင့် လုယန်တို့ငါးယောက် အရှိန်လျှော့လိုက်ကြသည်။
ထိုစဉ် မီတာတစ်ရာရှည်သည့်ဝေလငါးတစ်ကောင် ရေထဲမှပေါ်လာသည်။ မီတာတစ်ရာမြင့်သည့်ရေပန်းကို သူ့လေမှုတ်ပေါက်မှ ပန်းထုတ်သည်။ နေရောင်အောက်တွင် သက်တန့်အလင်းတစ်ခုပေါ်လာသည်။
"ဘာလို့ ဒီလိုဝေလငါးမျိုးတွေ အမြဲတမ်းတွေ့နေရတာလဲ"
"အဲဒါ မဟာမိတ်က လေ့ကျင့်ပေးထားတဲ့ ဝေလငါးတွေပါ။ သူတို့ဗိုက်ထဲမှာ လေဟာနယ်တစ်ခုပါတယ်။ လူတွေကို သယ်ပို့ပေးနိုင်တယ်။ သူတို့က ဈေးကြီးတယ်။ ချီအဆင့်တွေ မတတ်နိုင်ကြဘူး။
ကျုပ်တောင် ရွှေသန္ဓေအဆင့်ရောက်မှ စစီးဖူးတာ။ ဒါပေမယ့် ကျုပ်ကျင့်စဉ်အဆင့်တိုးလာတော့ ဝေလငါးတွေထက် အမြန်နှုန်းပိုလာတယ်။ ဒါကြောင့် ဆက်မသုံးတော့ဘူး။
ဒီပင်လယ်လမ်းကြောင်းက ဖန်လိုင်ကျွန်းကို ဦးတည်နေတာလေ။ ဒါကြောင့် သူတို့ကို ဆက်တိုက်တွေ့နေရတာပါ"
လုယန် ခေါင်းငြိမ့်သည်။ ထိုဝေလငါးများသည် မဟာရှားလှေပျံများနှင့်တူကြောင်း သဘောပေါက်လာသည်။
"ခင်ဗျားပင်ပန်းနေရင် ဝေလငါးဝမ်းဗိုက်ထဲမှာစီးပြီးလိုက်ခဲ့ပါလား"
အရိုးရိုင်းက စေတနာဖြင့် အကြံပြုသည်။
ယန်တိုင်ရှား စိတ်မပါ့တပါ ခေါင်းငြိမ့်သည်။ သူယခု ငွေမရှားပါ။ သို့သော် ဝင့်ကြွားမှုအပြည့်ဖြင့် ကျွန်းမှထွက်လာသည့်အဖြစ်ကို ပြန်တွေးရင်း နည်းနည်းရှက်မိသည်။
နောက်ပိုင်းခရီးစဉ်တွင် ဖန်လိုင်ကျွန်းရောက်သည်အထိ အနှောက်အယှက်မှသိပ်မတွေ့။
သို့သော် ဝေလငါးဗိုက်ထဲသို့ဝင်စတွင် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဝေလငါးကိုအပိုင်စီးပြီး ခရီးသည်များထံမှ ဓားပြတိုက်နေသည်နှင့်ကြုံသည်။
လုယန်တို့က ကူညီခဲ့သည်။ သာမန်ကျင့်ကြံသူအဖြစ် ရုပ်ဖျက်ထားသည့်လူစုကိုတွေ့သည်။ အမှန်တော့ သူတို့သည် အာမခံကုန်စည်ပို့ဆောင်ရေး လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်ကလည်း ထိုပစ္စည်းများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် အားလုံးကို ဓားပြတိုက်၍ သူ့ရည်ရွယ်ချက်အစစ်ကို ဖုံးကွယ်ခဲ့သည်။
ထို့နောက် ဝေလငါးက မထင်မှတ်ဘဲ လေမုန်တိုင်းထဲပါသွားသည့်အဖြစ်မျိုး ကြုံရသည်။ ဘယ်သူမှမသိသည့် လျှို့ဝှက်နယ်မြေတစ်ခုသို့ရောက်သွားသည်။ ထိုနေရာတွင် စုစည်းခြင်းအဆင့် နတ်ဆိုးတစ်ကောင် ချိတ်ပိတ်ထားသည်။
နောက်ပိုင်းတွင် ခရီးသည်များထဲမှတစ်ယောက်ကို ထိုနတ်ဆိုးက စိတ်ညှို့ထားကြောင်း သိလာရသည်။ အားလုံးကို လျှို့ဝှက်နယ်မြေသို့ တမင်ဆွဲခေါ်၍ နတ်ဆိုးကို ယာဇ်ပူဇော်ခြင်းဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ခရီးသည်များထဲတွင် စုစည်ခြင်းသခင်စစ်တစ်ယောက်၏ တစ်ဦးတည်းသောသမီး ပါလာသည်။ ယောက်ျားလေးလိုဟန်ဆောင်၍ အိမ်မှထွက်ပြေးလာခြင်းဖြစ်သည်။
လုယန်တို့နှင့်ရောနှောပြီး ပျော်ရွှင်စွာ စကားပြောနေခဲ့သည်။ သမီးဖြစ်သူ အန္တရာယ်ကြုံသဖြင့် သူ့အဖေက လာကယ်သည်။ နတ်ဆိုးကိုရှင်းသည်။ ဝေလငါးနှင့် လူအားလုံးကို မူလပင်လယ်လမ်းကြောင်းပေါ် ပြန်ချပေးသည်။
ထိုမိန်းကလေးလည်း လုယန်တို့ကို နှုတ်ဆက်ခွဲခွာရသည်။
ယန်တိုင်ရှား စွမ်းအင်ပြန်ပြည့်လာသဖြင့် ဝေလငါးထဲမှ ထွက်ခဲ့ကြသည်။ ပျံသန်းနေစဉ်အတွင်း ပင်လယ်ယုန်မျိုးနွယ်နှင့် ခုံးကောင်မျိုးနွယ်တို့ တိုက်ပွဲဖြစ်နေသည်နှင့်ကြုံရသည်။ ကမာကောင်မျိုးနွယ်၏ ရတနာတစ်ခုပျောက်ဆုံးရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ ပင်လယ်ယုန်မျိုးနွယ်ကို အပြစ်တင်သည်။
နောက်ပိုင်းတွင် ပျောက်ဆုံးနေသည့်ရတနာကို လုယန်တွေ့သည်။ အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့ ပို့ဆောင်သည့် ကုန်စည်များပင်ဖြစ်သည်။ တိုက်ပွဲရပ်သွားသည်။ ပြဿနာ၏မူလဇစ်မြစ်ကို ဖော်ထုတ်သည်။ အဖြစ်မှန်မှာ ကမာကောင်မျိုးနွယ်ခေါင်းဆောင်၏သမီးက တစ်ခြားမျိုးနွယ်တစ်ယောက်နှင့် လျှို့ဝှက်ချစ်ကြိုက်နေသည်။
သူ့မျိုးနွယ်က လက်မမခံသဖြင့် လက်စားချေသည့်အနေဖြင့် ကမာပုလဲကိုခိုးသည်။ ထိုကြောင့် တိုက်ပွဲဖြစ်သည်။ အစောပိုင်းက ဓားပြတိုက်ခဲ့သည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူသည် သူ့ချစ်သူစေလွှတ်ထားသည့်လူဖြစ်သည်။
"အခုမှပဲ ဖန်လိုင်ကျွန်းကို ရောက်တော့တယ်။ အရှေ့ပင်လယ်ရဲ့ လုံခြုံရေးစနစ်က အတော်လေးညံ့တာပဲ။
ဝေလငါးလေးတစ်ခါစီးတာ ကြုံခဲ့ရတဲ့ပြဿနာတွေ အများကြီးပါလား"
လုယန် သူ့ဘာသာ တီးတိုးရေရွတ်သည်။
မုန်ကျင်းကျိုးတို့ကလည်း ခေါင်းငြိမ့်ထောက်ခံသည်။ အရှေ့ပင်လယ်အခြေအနေသည် မဟာရှားနှင့် များစွာကွာခြားသည်။
ယန်တိုင်ရှားက သူတို့ငါးယောက်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
'အခြေတည်အဆင့်နဲ့ ရွှေသန္ဓေအဆင့်တွေမှာ ဝေလငါးတွေ ငါအကြိမ်ကြိမ်စီးဖူးတယ်။ ဘာပြဿနာမှမဖြစ်ဖူးပါဘူး...
အခုချိန် သူတို့နဲ့ ခပ်ခွာခွာနေရင် ရလောက်သေးလား...တကယ်လိုအပ်ရင် ငါ့ကျင့်စဉ်အဆင့်ကို စွန့်လွှတ်ပြီး ငါ့ကျွန်းက စွမ်းအင်ကြောကိုတောင် အဆင့်ပြန်နှိမ့်ပေးနိုင်ပါတယ်'