← Chapters

ဖန်လိုင်ကျွန်းသခင်၏ ဒဏ္ဍာရီ

Vol. 51 Ch. 760

ဖန်လိုင်ကျွန်းသခင်၏ ဒဏ္ဍာရီ

Vol. 51 Ch. 760

ကျင့်ကြံမှုအောင်မြင်ထားသသည် သွေးကိုကြည့်၍ သွေးပိုင်ရှင်အကြောင်း တွက်ချက်သိနိုင်သည်။ လျှို့ဝှက်တိုက်ခိုက်ဖို့၊ ကျိန်စာတိုက်ဖို့ စသဖြင့် သုံးနိုင်သည်။

သွေးမရောင်းမီ မုန်ကျင်းကျိုးက သွေးသန္ဓေထဲမှ ထိုသဲလွန်စအားလုံးကို ဖျက်ဆီးသည်။ ဘယ်သူမှ သူ့ကိုခြေရာမခံနိုင်။ စုယိရန်ပင် ထိုသို့မလုပ်နိုင်။

"ဒါက ဘာလဲ"

လီဟော်ရန် နားမလည်သဖြင့်မေးသည်။ စုယိရန် ဘာလုပ်မည်ကို သူစဉ်းစားမရ။

"ဒါက မှောင်ခိုဈေးလေလံပွဲတစ်ခုကနေရခဲ့တဲ့ သွေးသန္ဓေပါ။ ဝိညာဉ်ကျောက်တစ်သိန်းပေးခဲ့ရတယ်"

မုန်ကျင်းကျိုးစိတ်ထဲ သဘောကျသွားသည်။ သူရောင်းစဉ်က သွေးတစ်စက်ကို ဝိညာဉ်ကျောက်တစ်သောင်းဖြင့် ရောင်းခဲ့သည်။ တက်သွားသည့်ဈေးက ကြမ်းလွန်းသည်။

မုန်မိသားစုဝင်အနေဖြင့် ရသင့်သည့်ငွေဆုံးရသည်မှာ ရှက်စရာကောင်းလှသည်။

"ဒီသွေးက နတ်ဆိုးမျိုးနွယ်က သွေးဆက်သန့်စင်တဲ့မျိုးနွယ်ဝင်တစ်ယောက်ရဲ့သွေးဖြစ်မယ်။ ကျင့်စဉ်စွမ်းအားတိုးစေတယ်၊ ယန်ဓာတ်ကိုအားကောင်းစေတယ်၊ ချီကိုအားဖြည့်ပေးနိုင်တယ်။

ဒါကို ငါ့ယောက်ျားအတွက် လက်ဆောင်ပေးဖို့ဝယ်ခဲ့တာ။ ဒီမသေမျိုးဆေးပင်က သွေးအာနိသင်ကို တိုးမြှင့်ပေးနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့"

ထိုစကားကြောင့် လီဟော်ရန် ရင်ထဲအတော်ထိသွားသည်။ စုယိရန် သူ့အပေါ်ထိုမျှစဉ်းစားပေးမည်ဟု ထင်မထားခဲ့။

ထိုသွေးသည် မုန်ကျင်းကျိုး၏သွေးသန္ဓေမှန်း လုယန်လည်းသိသည်။ မုန်ကျင်းကျိုး၏သွေးသည် ကျင့်စဉ်စွမ်းအားတိုးစေသည့် အာနိသင်ရှိသည်ဟု သူမကြားဖူး။

ထိုအာနိသင်သာရှိခဲ့လျှင် သွေးခွက်ကြီးသုံးခွက်လောက် သူကိုယ်တိုင် အရင်ဆုံးသောက်ခဲ့ပေလိမ့်မည်။

အမစု၊ လီဟော်ရန်ကို အိပ်ယာထဲမျှားခေါ်ဖို့ ပေါက်တတ်ကရတွေ ပေါ်တင်ကြီးပြောနေတာလား...

"မဖြစ်နိုင်ဘူး။ သက်ရှိတွေရဲ့ကျင့်စဉ်စွမ်းအားကိုပဲ ငါကူပြီးမြှင့်ပေးနိုင်တာ။ သွေးပိုင်ရှင်ကို ရှာနိုင်ရင်တော့ အလုပ်ဖြစ်နိုင်မယ်ထင်တယ်"

မသေမျိုးဆေးပင်က စုယိရန်အတွေးကို အခိုင်အမာ အဆုံးသတ်ပေးလိုက်သည်။

"သဘောပေါက်ပါပြီိ"

စုယိရန် စိတ်ဓာတ်ကျသွားဟန်ရှိသည်။

လုယန် မုန်ကျင်းကျိုးကို မသိမသာလှမ်းကြည့်သည်။ စုယိရန်ကို အမှန်အတိုင်းပြောပြီး လောင်မုန်ကို ကျင့်စဉ်စွမ်းအားတိုးမြှင့်နိုင်အောင် ကူညီဖို့သင့်မသင့်တွေးနေသည်။

မုန်ကျင်းကျိုးကလည်း မသိမသာခေါင်းခါပြနေသည်။ အခွင့်အရေးကို ငြင်းပယ်သည်။

မုန်ကျင်းကျိုးစိတ်ထဲ စိတ်ကူးပုံရိပ်တစ်ခုတွေးမိသည်။

ညသန်းခေါင်းအချိန် အိပ်ယာပေါ်၌ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန်တွင် စုယိရန်က အမှောင်ထဲမှ ခိုးဝင်လာမည်။ လရောင်က စုယိရန်၏ လှပသည့်ခန္ဓာကောက်ကြောင်းပေါ်ထိုးကျမည်။

ခိုင်မာသည့်စိတ်ဓာတ်ဖြင့် သူပြောလိုက်မည်။

"ညီလေးလီကို သစ္စာဖောက်တဲ့အလုပ်မျိုး ကျုပ်လုံးဝမလုပ်ဘူး"

စုယိရန်က ပြန်ပြောမည်။

"ခဏပဲနာကျင်ရမှာပါ။ အရမ်းမြန်ပါတယ်"

သူဘယ်လောက်ရုန်းကန်သည်ဖြစ်စေ နောက်ဆုံးတွင် စုယိရန်ကို အရှုံးပေးရမည်။ စုယိရန်က သူ့ကိုကြိုးဖြင့်တုပ်ပြီး သူ့သွေးများကို စတင်ဖောက်ထုတ်မည်...

ဘယ်လိုအခြေအနေကြီးမှန်းမသိ။

ပျော်ရွှင်စွာစကားပြောရင်း ငါးကြင်းသားကို အားလုံးစားကြသည်။ ငါးရိုးများသာ ကျန်ခဲ့သည်။

ထိုငါးကြင်းသည် ကံကောင်းထောက်မ၍ မသေမျိုးဆေးပင်ကို စားခွင့်ကြုံသည်။ ကျင့်စဉ်စွမ်းအားတိုးပြီး နှစ်နှစ်ဆယ်သက်တမ်းတိုးသည်။ သူ့မျိုးစိတ်တွင် ထိုကံကောင်းမှုမျိုး ကြုံဖူးသူမရှိ။

သို့သော် လူသားတို့အကြံကို သူမရိပ်မိ။ မသေမျိုးဓားဖြင့် ပိုင်းဖြတ်ခံရပြီး လူသားများက သူ့ကိုစားကြသည်။ ရုပ်အလောင်းပင် အပြည့်အဝမကျန်တော့။

အရှေ့ပင်လယ်၏ အရသာထူးများခံစားပြီးနောက် လုယန်တို့ အောက်ထပ်သို့ဆင်း၍ ငွေရှင်းသည်။ ကောင်တာပေါ်တွင်ထားသည့် ရုပ်ထုတစ်ခုကို လုယန်သတိထားမိသည်။

မုတ်ဆိတ်မွေးနှင့် သက်လတ်ပိုင်းလူတစ်ယောက်ပုံဖြစ်သည်။

"ဒါဘယ်သူ့ရုပ်ထုလဲ"

သူစပ်စုလိုက်သည်။

"ဖန်လိုင်ကျွန်းသခင် တောင်သုံးလုံးအရှင်လေ"

လီဟော်ရန်က ပြောသည်။

"အရှေ့ပင်လယ်မှာ တောင်သုံးလုံးပင်လယ်ရဲ့ဇာတ်လမ်းတွေ အများကြီးရှိတယ်။ ဥပမာ ငါးဖမ်းသမားတွေ ပင်လယ်မှာ မိုးသက်မုန်တိုင်းနဲ့ကြုံတယ်။ တောင်သုံးလုံးအရင်က လမ်းကြုံလို့ လက်တစ်ဘက်ဝေ့ယမ်းပြီး ငါးဖမ်းလှေတစ်စီးလုံးကို ကယ်တင်ခဲ့တယ်။

ပြီး‌တော့နောင်တစ်ချိန် ပင်လယ်ကို ငါးဖမ်းထွက်ရင် အန္တရာယ်ကင်းအောင် သူ့ကို အသံတိတ်ဆုတောင်းကြဖို့ပြောတယ်။

နောက်ဇာတ်လမ်းတစ်ခုက ဆောင်းဦးချိန်မှာ လယ်သမားတွေ သီးနှံအများကြီး ရိတ်သိမ်းရတယ်။ ဒါပေမယ့် ရုတ်တရက်ရွာချလာတဲ့မိုးကြောင့် သီးနှံတွေပျက်စီးမယ့်အန္တရာယ်ကြုံတယ်။

တောင်သုံးလုံးအရှင်ပေါ်လာပြီး ငါးဖမ်းသမားတွေလိုပဲ သူတို့ကိုကယ်တင်လိုက်တယ်။ ဒီဇာတ်လမ်းတွေထဲကတစ်ခုကတော့ မူရင်းဖြစ်လိမ့်မယ်။ တစ်ခြားဇာတ်လမ်းက တစ်ဆင့်စကားတစ်ဆင့်ကြားပြီး ပြောင်းလဲသွားတာဖြစ်မယ်။

နောက်ပြီး နေရာတစ်ခုမှာ ကပ်ရောဂါကျတဲ့ ဇာတ်လမ်းလည်းရှိတယ်။ တောင်သုံးလုံးအရှင်က ရောဂါကုပြီး အသက်ကင်တင်နိုင်တဲ့ ဝတ်ရည်စမ်းချောင်းတွေဖန်တီးခဲ့တယ်။

ပြီးတော့ ကျင့်ကြံသူတစ်ယောက်က ကျင့်စဉ်အဆင့်တက်ဖို့ အခက်အခဲကြုံတယ်။ စိတ်ဓာတ်ယိမ်းယိုင်လာတယ်။ တောင်သုံးလုံးအရှင်က သူအဆင့်တက်ဖို့ ကူညီခဲ့တယ်တဲ့။

ဇာတ်လမ်းတွေတော့ အများကြီးရှိပါတယ်။ ဒီဇာတ်လမ်းတွေရဲ့သက်တမ်းက နှစ်လေးငါးထောင်လောက်ကြာပြီ။ ဘယ်လောက်မှန်ကယ်တယ်ဆိုတာတော့ ဘယ်သူမှမသိကြဘူး။

ဒါပေမယ့် အရှေ့ပင်လယ်ကျင့်ကြံသူတွေကြားမှာ တောင်သုံးလုံးအရှင်ဟာ သူတို့ကိုးကွယ်ရာပဲ။ မိသားစုတိုင်း အိမ်တိုင်းက လေးစားယုံကြည်ကြတယ်။

စွမ်းဆောင်ရည်အရကြည့်ရင် သိပ်တော့လည်း မထူးဆန်းလှပါဘူး။ သူအကြိမ်တစ်သောင်းလောက် လူပြန်ဝင်စားရင်တောင် လူတိုင်းရဲ့ဆန္ဒကို သူဖြည့်နိုင်မှာမဟုတ်ဘူး။ မသေမျိုးတွေတောင် ဒီလိုအစွမ်းမျိုးမရှိဘူး။

ဒါပေမယ့် တောင်သုံးလုံးအရင် နာမည်ကျော်ခဲ့တာကြာပြီဆိုတော့ လူတွေစိတ်ထဲမှာ ယုံကြည်မှုတွေ အလိုလိုဖြစ်ပေါ်လာတယ်။ အကျိုးရှိတာမရှိတာ အပထား။ ယုံကြည်စရာတစ်ခုရှိရင် ကျန်တာတွေ ဘာမှအရေးမကြီးတော့ဘူးလေ။

ကျွန်းသုံးကျွန်းထဲမှာ ဖန်လိုင်ကျွန်းကို အလေးထားကြဆုံးပဲ။ အဲဒါကလည်း တောင်သုံးလုံးအရှင်နဲ့ ဆက်စပ်နေတယ်။

ရွှေဗုဒ္ဓနိုင်ငံက သူတို့ဝါဒကို အရှေ့ပင်လယ်မှာ ဖြန့်ဖို့ကြိုးစားဖူးတယ်။ ဒါပေမယ့် တောင်သုံးလုံးအရှင်ကြောင့် သူတို့ဝါဒဖြန့်တာ မအောင်မြင်ခဲ့ဘူး"

ဖန်ချောင်အကြောင်း လုယန် တွေးမိသည်။

"တောင်သုံးလုံးအရှင်ရဲ့တပည့်ဖန်ချောင်ဟာ သူ့ဆရာအရှိန်အဝါနဲ့ တစ်ခြားလူတွေကို အနိုင်ကျင့်တယ်။ ကြည့်ရတာ တောင်သုံးလုံးအရှင်လည်း ဇာတ်လမ်းတွေထဲမှာပြောသလောက် ကောင်းတဲ့လူတော့ ဟုတ်ပုံမရဘူး"

လီဟော်ရန်လည်း ထိုမေးခွန်းကို မဖြေရှင်းနိုင်သဖြင့် ခေါင်းခါပြသည်။

"တောင်သုံးလုံးအရှင်က အမြဲတမ်း ခပ်လျှိုလျှိုနေလို့ သူ့နောက်လိုက်တွေကို စည်းကမ်းမတင်းကြပ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်"

စုယိရန်ကို သူလှည့်ကြည့်သည်။ စုယိရန်လည်း ခေါင်းခါပြသည်။

"တောင်သုံးလုံးအရှင်ကို ကျွန်မတစ်ခါပဲတွေ့ဖူးတယ်။ တစ်ခြားလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အတော်လေးထောက်ထားညှာတာပါတယ်။

အဆင့်နိမ့်ကျင့်ကြံသူတွေနဲ့တွေ့ရင်တောင် မောက်မာတာမျိုးမရှိဘူး။ ဇာတ်လမ်းတွေထဲကပုံစံနဲ့ သိပ်မကွာဘူး။ ဘာလို့ရွှမ်လင်နဲ့ဖန်ချောင်ရဲ့ စရိုက်တွေက ဒီလိုဖြစ်နေလဲတော့မသိဘူး"

နတ်မယ်က စဉ်းစားမရဟန်ဖြင့် ရုတ်တရက် ပြောသည်။

"တောင်သုံးလုံးအရှင်က ဘာလို့ဒီလောက်သူ့ဂုဏ်သူမြှင့်တဲ့ဇာတ်လမ်းတွေ အများကြီးဖန်တီးတာလဲ။ သူ့မှာအဲလောက်အစွမ်းမရှိရင် ဒီလိုဇာတ်လမ်းတွေ မဖန်တီးသင့်ဘူး"

သိစိတ်နယ်မြေတွင် နတ်မယ်က ပင်လယ်ပြင်ထက် မွေ့ယာပေါ် လဲလျောင်းနေသည်။ သူ့ငါးအမြီးကို တဖျတ်ဖျတ်ခါယမ်းနေသည်။

လက်ရှိနတ်မယ်သည် ယုံကြည်အားကိုးထိုက်သည့် ဟန်ပန်အမူအရာမရှိသော်လည်း ရှေးဟောင်းခေတ်က သူလည်း အကိုးကွယ်ခံလူတစ်ယောက်ဖြစ်သည်။ နောက်လိုက်များ၏ ကိုယ်ဝန်တည်လိုသည့်ဆန္ဒကိုဖြည့်ဆည်းဖို့ သားအမိမြစ်နှင့် အမွှာမြစ်ကိုပင် ဖန်တီးခဲ့သည်။

"နတ်မယ်၊ သူ့မှာဒီလိုလုပ်ရတဲ့အကြောင်းရင်းမျိုး ရှိနိုင်လား"

"ယုံကြည်မှုစွမ်းအားအကြောင်း ငါသိပ်မသိဘူး။ ဒီကိစ္စကို ချင်ဟဲက ငါ့ထက်ပိုနားလည်တယ်။ အကိုးကွယ်ခံလူတစ်ယောက်ဟာ ဒဏ္ဍာရီဇာတ်လမ်းတွေကိုလည်း ကောင်းကောင်းထိန်းချုပ်ဖို့လိုတယ်လို့ပြောတယ်။

ဘက်စုံစွမ်းအားကြီးတဲ့လူတစ်ယောက်လို ကိုယ့်ပုံရိပ်ကို မဖန်တီးရဘူး။ ဥပမာငါ့ကိကြည့်လေ။ နောက်လိုက်တစ်ယောက်က ကလေးလိုချင်တယ်လို့ပြောလာတယ်။ ငါ့မှာဒီလိုလုပ်ပေးနိုင်တဲ့အစွမ်းရှိလို့ သားအမိမြစ်ကို ဖန်တီးပေးလိုက်တယ်။

ဒါပေယ့် စွမ်းအားလိုချင်တယ်လို့ တောင်းဆိုလာရင်တော့ ငါမပေးချင်ဘူး။ တစ်ယောက်စတစ်ရာပေါ်ဆိုသလို စွမ်းအားတောင်းဆိုတဲ့လူတွေ အများကြီးပေါ်လာမယ်။ အဲလိုဆို အရမ်းစိတ်အနှောက်အယှက်ဖြစ်ရမှာ"

သိပ်နားမလည်သော်လည်း လုယန်ခေါင်းငြိမ့်လိုက်သည်။

"မင်းတို့က ငါတို့အရှေ့ပင်လယ်ကလူတွေမဟုတ်ဘူးထင်တယ်"

လုယန်တို့ တောင်သုံးလုံးအရှင်ရုပ်ထုကို အတော်စိတ်ဝင်စားနေဟန်ရှိသဖြင့် ဆိုင်ရှင်က သုံးသပ်သည်။ နယ်ခံကျင့်ကြံသူများ၏ အပြုအမူမျိုးမဟုတ်။

လုယန်ခေါင်းငြိမ့်သည်။ သူတို့သည် ဓာတ်ငါးမျိုးဂိုဏ်းဝင်များဖြစ်သည်။ အရှေ့ပင်လယ်ကျင့်ကြံသူများမဟုတ်။

"တောင်သုံးလုံးအရှင်ကို အရိုအသေပေးချင်ကြလား။ သူက တကယ်မေတ္တာကြီးမားတဲ့လူပါ"

ဆိုင်ရှင်က အတော်လေးစားယုံကြည်ပုံရသည်။

လုယန်တို့လည်း စဉ်းစားသည်။ နယ်ခံယဉ်ကျေးမှုကို တန်ဖိုးထားပြီး အရိုအသေပေးခြင်းသည် ကောင်းသည့်အလုပ်ဟု ယူဆသည်။

လုယန် လက်အုပ်ချီ၍ တောင်သံးလုံးအရှင်ရုပ်ထုကို ဦးခိုက်ရှိခိုးပြီး သူ့တို့ကို ကောင်းချီးပေးဖို့ စိတ်ပါလက်ပါ အသံတိတ်ဆုတောင်းသည်။

"ကျုပ်တို့အရှေ့ပင်လယ်ခရီးစဉ်တလျှောက် အန္တရာယ်ကင်းဘေးရှင်းပါစေ။ ပြဿနာမကြုံရပါစေနဲ့"

မုန်ကျင်းကျိုးတို့လည်း ထိုနည်းတူလိုက်လုပ်သည်။ ဖြစ်ချင်သည့်ဆုကို တောင်းကြသည်။

........

ဖန်လိုင်ကျွန်းအတွင်းပိုင်း အဆင့်ကိုးဝိညာဉ်စွမ်းအင်ကြောဗဟိုတွင် မုတ်ဆိတ်နှင့်လူတစ်ယောက် ဖျာတစ်ချပ်ပေါ်ထိုင်၍ ကျင့်ကြံနေသည်။

ရုတ်တရက် "ဝေါ့"ခနဲ သွေးများအန်ထုတ်လိုက်သည်။ သူ့မျက်နှာတွင် ထိတ်လန့်ခြင်း နားမလည်ခြင်းအရိပ်များ ပေါ်လာသည်။

"ဘယ်နတ်ဘုရားက ငါ့ကိုရှိခိုးနေတာပါလိမ့်"

All Chapters