← Chapters

ပြိုင်ဘက်ကင်းမဟာစွမ်းအားရှင်

Vol. 51 Ch. 761

ပြိုင်ဘက်ကင်းမဟာစွမ်းအားရှင်

Vol. 51 Ch. 761

အသက်ရှူနှုန်းထိန်းညှိ၍ တစ်ဘက်လူ၏ဇစ်မြစ်ကို စုံစမ်းတွက်ချက်ကြည့်သည်။ သို့သော် အဖြေမသိရမီ လက်ဝါးရိုက်ချက်နှစ်ခု ကျလာသည်။

ခေါင်းထဲတွင် မူးဝေလျက် ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။

"မဟာစွမ်းအားရှင်တစ်ယောက် သေမျိုးလောကမှာ တမင်ကစားပြီး ငါ့ရုပ်ထုကို ရှိခိုးနေတာများလား"

တစ်ဘက်လူ၏ရည်ရွယ်ချက်ကို သေချာမသိသော်လည်း ရှိခိုးလိုက်ရုံဖြင့် သူအပြင်းအထန်ဒဏ်ရာရသည်။ ထိုလူ၏ဇစ်မြစ်ကို အာရုံခံသော်လည်း တန်ပြန်စွမ်းအားဒဏ်သင့်ခဲ့သည်။

သို့ဆိုလျှင် တစ်ဘက်လူ၏ အဆင့်အတန်းနှင့် ကျင့်စဉ်ပညာသည် သူ့ထက်အဆင့်မြင့်သည့်သဘောဖြစ်သည်။

"ရိုက်ချက်နှစ်ချက်က သိပ်မပြင်းဘူး။ ဒီတော့ ဒီစွမ်းအားရှင်က ငါ့ကိုဒုက္ခပေးဖို့ မရည်ရွယ်တဲ့သဘောလား"

မဟာစွမ်းအားရှင်များသည် ဒေါသကြီးတတ်ကြသည်။ ထိုစွမ်းအားရှင်သည် အရှေ့ပင်လယ်တွင် ကြာကြာနေဖို့မရည်ရွယ်ဘဲ ခရီးတစ်ထောက်ခဏနားခြင်းသာဖြစ်ပါစေဟု သူဆုတောင်းနေသည်။

"မဟာစွမ်းအားရှင်မှာ ဆန္ဒတစ်ခုခုရှိလို့များလား"

သွေးအန်နေရင်း သူတွေးသည်။ ထိုစွမ်းအားရှင် ဘာဆန္ဒရှိနေမှန်း သူမသိ။

ထိုမျှစွမ်းအားမြင့်သူမျိုးက သူ့လိုလူ၏အကူအညီတော့ လိုအပ်မည်မထင်။

သူခေါင်းခါသည်။ ဆက်မတွေးတော့။ သူ့ကိုစနောက်နေခြင်းသာဖြစ်မည်။

သူလုပ်ကိုင်သမျှအရာအားလုံးတွင် အမြဲသတိထားခဲ့သည်။ မထိသင့်သည့်လူမျိုးကို သူလုံးဝမထိ။

"ကျင့်ကြံမှုအတွက် ယုံကြည်မှုစွမ်းအားသုံးဖို့ ငါဘာလို့များ ရူးရူးနှမ်းနှမ်းတွေးခဲ့မိပါလိမ့်"

သူရင်နာနေသည်။ ယုံကြည်မှုစွမ်းအားသာမသုံးခဲ့လျှင် ယခုလိုအဖြစ်မျိုးကြုံမည်မဟုတ်။

ထိုစဉ် သူတော်တိန်ဖုန်း စွမ်းအင်ကြောဗဟိုဝင်ပေါက်တွင် ပေါ်လာသည်။ ဦးညွှတ်အရိုအသေပေး၍ပြောသည်။

"ကျွန်းသခင်၊ မဟာရှားဒုတိယမင်းသားကျန်းကျူး ဖန်လိုင်ကျွန်းကို ရောက်လာပါတယ်။ သခင့်ကိုတွေ့ခွင့်တောင်းနေပါတယ်"

တောင်သုံးလုံးအရှင် နှုတ်ခမ်းထောင့်မှ သွေးစများကိုသုတ်လိုက်သည်။ ယခု သူဒုက္ခရောက်နေချိန်ဖြစ်သည်။ အပြင်လူများကို မတွေ့ချင်။

ငြင်းဆန်ဖို့စဉ်းစားပြီးမှ သူပြန်သတိရလာသည်။ ဒုတိယမင်းသား အရှေ့ပင်လယ်သားမဟုတ်။ သူ့ကိုစနောက်ခဲ့သည့် မဟာစွမ်းအားရှင်လည်း နယ်ခံမဟုတ်။

နယ်ခံဖြစ်ခဲ့လျှင် သူ့ကိုသွေးအန်အောင် လုပ်မည်မဟုတ်။

အရှေ့ပင်လယ်တွင် လတ်တလောဖြစ်လာသည့် အကြီးမားဆုံးအပြောင်းအလဲက ဒုတိယမင်းသား၏လှေတပ်ဖွဲ့ ရောက်လာခြင်းဖြစ်သည်။

အမည်မသိမဟာရှင်စွမ်းအားရှင်သည် ဒုတိယမင်းသား၏ အခြွေအရံများထဲမှ ဖြစ်နေမလားမသိနိုင်။ အစောပိုင်းကလုပ်ရပ်သည် သူ့ကိုသတိပေးခြင်းဖြစ်နိုင်သည်။

ထို့ကြောင့် ဆုံးဖြတ်ချက်ပြောင်းလိုက်သည်။

"ဒါဆိုလည်း ငါသူတို့နဲ့တွေ့ရမှာတော့မှာပေါ့"

....

"တောင်သုံးလုံးအရှင်ကိုတော့ ရှိခိုးတယ်။ ဒီမှာရပ်နေတဲ့ငါ့ကိုကျတော့ နင်ဘာလို့ရှိမခိုးတာလဲ"

နတ်မယ် ဒေါသထွက်နေသည်။ ငါးအမြီးကို လုယန်မျက်နှာရှေ့တွင် တဖျတ်ဖျတ်ခတ်နေသည်။ လုယန်မျက်နှာ ရေရွှဲရွှဲစိုနေသည်။

"အရှေ့ပင်လယ်မှာ နင်အန္တရာယ်ကင်းအောင် ငါကာကွယ်နိုင်စွမ်းမရှိဘူးထင်လို့လား"

မသေမျိုးငါးယောက်၏ခေါင်းဆောင်ဖြစ်၍ ရှေးဟောင်းခေတ်တည်းက သူသည်ပြိုင်ဘက်ကင်းဖြစ်သည်။ ကြယ်ကမ္ဘာတစ်ခုလုံး သူ့ကိုယုံကြည်သူများ အပြည့်ရှိခဲ့သည်။

ယခု လုယန်က သူ့ကိုလျစ်လျူရှု၍ သူတစ်ခါမှမကြားဖူးသည့် တောင်သုံးလုံးအရှင်ကို ရှိခိုးနေသည်။

"စိတ်မဆိုးပါနဲ့နတ်မယ်။ ဒါက စမ်းသပ်ကြည့်လိုက်ရုံပါ။ တကယ်ရှိခိုးတာမဟုတ်ပါဘူး"

လုယန် အမြန်တောင်းပန်ပြီး ရှင်းပြသည်။

နတ်မယ် နှုတ်ခမ်းစူ၍ တင်ပါးပေါ်လက်နှစ်ဘက်ထောက်ပြီး မျက်နှာလွှဲထားသည်။ လုယန်ကိုမကြည့်။

လုယန်အတော်ကြာအောင်ချော့မှ သူမျက်နှာပြန်လှည့်လာသည်။ သို့သော် မျက်နှာကစူပုပ်နေဆဲဖြစ်သည်။

"နင်သူ့ကိုရှိခိုးလည်း ဘာမှအကျိုးမထူးနိုင်ဘူး။ နင်က ထာဝရမျိုးဆက်ဒုခေါင်းဆောင်လေ။ ငါ့ကာကွယ်မှုအောက်မှာနေတဲ့လူပါ။

နင့်ကံကြမ္မာက သူ့ထက်အများကြီးသာတယ်။ အဲလိုတစ်ကြိမ်ရှိခိုးလိုက်ရုံနဲ့တောင် သူသွေးအန်သွားလောက်တယ်"

နတ်မယ်စကားကြောင့် လုယန်လန့်သွားသည်။

"တကယ်ကြီးလား။...ဒါပေမယ့် ခင်ဗျားလည်း ဂိုဏ်းနှစ်ပတ်လည်ပွဲတုန်းက ဘိုးဘေးသုံးယောက်ကို ဦးညွှတ်ရှိခိုးခဲ့တာပဲမဟုတ်လား"

"အခြေအနေက မတူဘူးလေ။ ငါက ဂိုဏ်းရဲ့ဧည့်သည်အကြီးအကဲဖြစ်လို့ ဂိုဏ်းဘိုးဘေးတွေကို အရိုအသေပေးတာ ဘာမှအန္တရာယ်မရှိဘူး။

ပြီးတော့ သူတို့ကလည်း ယုံကြည်မှုစွမ်းအားသုံးပြီး ကျင့်ကြံတဲ့လူတွေမဟုတ်ဘူး။ ဂိုဏ်းပြန်ရောက်ရင် တတိယခေါင်းဆောင်ကို နင်ရှိခိုးကြည့်ပါလား။

နင်တစ်ခါရှိခိုးတိုင်း သူသွေးအန်စေရမယ်လို့ ငါအာမခံတယ်"

နတ်မယ်အလေးအနက်ပြောနေမှန်းသိသဖြင့် နောက်ထပ်ထိုသို့အရိုပေးသည့်ကိစ္စမျိုး မလုပ်တော့ရန် လုယန်ဆုံးဖြတ်လိုက်သည်။

တတိယခေါင်းဆေင်ကို ရှိခိုးသည်က ဘာမှမဖြစ်။ ထာဝရအရိယဖလသန္ဓေပိုင်ရှင်ဖြစ်၍ သွေးနည်းနည်းလောက်ဆုံးရှုံးသည်က စာမဖွဲ့လောက်။

သို့သော် ဖန်လိုင်ကျွန်းသခင် သွေးအန်လျှင် ဆုံးရှုံးနစ်နာမှုအတွက် သူလျော်ကြေးပေးနိုင်မည်မဟုတ်။

"ဒုတိယမင်းသားရဲရွက်သင်္ဘောတွေ ရောက်လာပြီလား"

ဖန်လိုင်ဆိပ်ကမ်းတွင် ကျောက်ချရပ်နားထားသည့် လှေကြီးသုံးစင်းကို လုယန်တို့ မြင်ရသည်။

မြင်သာထင်သာရှိလွန်းသဖြင့် ကျင့်ကြံသူများစွာ ကြည့်နေကြသည်။

အရှေ့ပင်လယ်တွင် မဟာရှားနန်းတော် နောက်ဆုံးအကြိမ် ထိုသို့ခမ်းခမ်းနားနားရောက်လာဖူးသည်မှာ လွန်ခဲ့သည့် နှစ်သုံးရာကဖြစ်သည်။

ယင်ကျိုးကျွန်း၏ ကျွန်းသခင်သစ်အဆင့်တက်ပွဲအတွက် လာခြင်းဖြစ်သည်။

ဒုတိယမင်းသား ဆင်းလာသည်။ စုစည်းခြင်းအဆင့် နောက်လိုက်နောက်ပါများစွာ ပါလာသည်။ လုယန် အာရုံစိုက်၍ကြည့်နေသည်။

တာအိုလမ်းစဉ်ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် ရောင်းချခဲ့သည့် 'မဟာရှားစုစည်းခြင်းကျင့်ကြံသူများစာရင်း'တွင်ပါဝင်သူများဖြစ်သည်။

ထိုစာရင်းသည် သူ့ဆရာ၏ ရန်သူစာရင်းဟုလည်း ဆိုနိုင်သည်။

'စာရင်းထဲမှာမပါတဲ့လူတစ်ယောက်ရှိတယ်။ သူက ရှားနန်းတော်လျှို့ဝှက်လေ့ကျင့်ပေးထားတဲ့ စုစည်းခြင်းကျင့်ကြံသူလား။ ဒါမှမဟုတ် ကူးဖြတ်ခြင်းအဆင့်များလား'

ကူးဖြတ်ခြင်းအဆင့်ဖြစ်နိုင်ခြေပိုများသည်ဟု သူတွေးမိသည်။

"ဒါနဲ့...အရှေ့ပင်လယ်မျာ သက်ရှည်ဆေးအကြောင်း ဒဏ္ဍာရီတွေရှိလား"

လီဟော်ရန် ခေါင်းငြိမ့်သည်။

"ရှိတယ်။ အတော်များတယ်။ ဥပမာ ယင်ကျိုးကျွန်းရဲ့ အဆင့်ရှစ်ဝိညာဉ်စွမ်းအင်ကြောထဲမှာ ရှေးဟောင်းခေတ်က အမြဲစိမ်းအရှင် စိုက်ပျိုးခဲ့တဲ့ မသေမျိုးသက်ရှည်ဆေးပင်ရှိတယ်လို့ ပြောကြတယ်"

လုယန် သိစိတ်နယ်မြေသို့လှည့်ကြည့်၍ ပြန်မေးသည်။

"အမြဲစိမ်းအရှင်ဆိုတာ ဘယ်သူလဲ နတ်မယ်"

နတ်မယ်က ပင်လယ်ထဲတွင် ငါးဖမ်းနေသည်။ ရေပူဖောင်းများမှုတ်ရင်း ပြောသည်။

"သက်ရှည်အရိယဖလသန္ဓေပိုင်တဲ့ မသေမျိုးတစ်ဝက်တစ်ယောက်ပါ။ အရိယဖလအစစ်ရဖို့ ငါ့ကိုတောင် လာပြီးလက်ရည်စမ်းသေးတယ်။

ဒါပေမယ့် ငါသူ့ကို လက်သီးနှစ်ချက်နဲ့ အမှောက်သိပ်ပစ်လိုက်တယ်။ သူမခုခံနိုင်ဘူး"

လီဟော်ရန် ဆက်ပြောသည်။

"ဥပမာ...အရှေ့ပင်လယ် မြောက်ဘက်အစွန်းမှာ ထူးဆန်းတဲ့ ကျွန်းတစ်ကျွန်းရှိတယ်။ နှစ်သစ်ကူးလို့ ဒီရေတက်ချိန်ရောက်မှပဲ အဲဒီ့ကျွန်းကပေါ်လာတယ်။

ကျွန်းတစ်ခုလုံး အန္တရာယ်တွေ ပြည့်နေတယ်။ ကြမ်းတမ်းတဲ့သားရဲတွေအများကြီး ကျွန်းအလယ်ဗဟိုက မသေမျိုးဆေးပင်တွေကို ကာကွယ်နေကြတယ်။

အဲဒီ့မသေမျိုးဆေးပင်တွေကိုစားရင် ချက်ချင်းအဆင့်တက်ပြီး အသက်ရှည်လာတယ်တဲ့။

အရှေ့ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာက ပင်လယ်ကြမ်းပြင်မှာ ငုပ်လျှိုးနေတဲ့ မီးတောင်တစ်ခုလည်းရှိတယ်။

မီးတောင်အက်ကြောင်းက ပယင်းတွေနဲ့ ပြည့်နေတယ်။ ဒီပယင်းတွေရဲအတွင်းပိုင်းမှာ မီးနီပန်းပွင့်တစ်ခုရှိတယ်။

ဒီပန်းရဲ့မျိုးစိတ်နဲ့ အာနိသင်ကို မသိရဘူး။ သက်ရှည်စွမ်းအား ပေးနိုင်မပေးနိုင်ဆိုတာလည်း မသိရဘူး။

ပြီးတော့ နောက်ထပ်..."

လီဟော်ရန် သက်ရှည်ဆေးပင်တစ်ဒါဇင်ကျော်၏ ဒဏ္ဍာရီဇာတ်လမ်းများကို ပြောပြသည်။

"အရှေ့ပင်လယ်မှာ ပြောဆိုဆက်သွယ်ဖို့ခက်တဲ့ မျိုးနွယ်စုတွေအများကြီးရှိတယ်။ ဒီတော့ ထူးဆန်းတဲ့ဒဏ္ဍာရီမျိုးစုံ ပေါ်လာတာပေါ့။

ချင်‌ဟော်ရန် အရှေ့ပင်လယ်ကို လာတဲ့အချိန်မှာ အဲဒီ့ဒဏ္ဍာရီနယ်မြေအများစုကို သွားခဲ့တယ်။ အားလုံးက ဒဏ္ဍာရီအတုတွေပဲ"

မသေမျိုးဆေးပင်များ တကယ်ရှိလျှင် ဆေးပင်တစ်ပင်လောက်ရအောင် ချင်ဟော်ရန် အသက်နှင့်ရင်း၍ စွန့်စားခဲ့ပေလိမ့်မည်။

ထိုဆေးပင်မျိုးတစ်ခုရလျှင် ကိုးငရဲဂိုဏ်း၏ အကြွေးအတော်များများ ကျေသွားမည်။

ယင်ကျိုးကျွန်းစွမ်းအင်ကြောလိုနေရာမျိုးကိုပင် ချင်ဟော်ရန်သွားဖို့ စဉ်းစားခဲ့သည်။

သို့သော် ထိုစွမ်းအင်ကြောသည် ယင်ကျိုးကျွန်း၏ အသက်သွေးကြောဖြစ်သည်။ ကျွန်းသခင်ကလည်း ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။

ထို့ကြောင့် အသက်ရှင်လျက်ပြန်ထွက်မလာနိုင်မည်ကို ချင်ဟော်ရန် စိုးရိမ်ခဲ့သည်။

သူတို့လူစု အတော်ဇိမ်ကျနေသည်။ စားလိုက်သောက်လိုက် လည်ပတ်လိုက်လုပ်နေသည်။

"သတိထားပါ။ လဆုပ်အရှင် ဒီဘက်ကိုလာနေပြီ"

စုယိရန်ကပြောသည်။

ပိန်ပိန်ပါးပါးကျင့်ကြံသူတစ်ယောက် သူတို့ရှေ့သို့ရောက်လာသည်။

"ဒုတိယမင်းသားက မင်းတို့နဲ့ တွေ့ချင်နေတယ်။ လိုက်ခဲ့ပေးလို့ရမလား"

"ကျုပ်တို့ဒီရောက်နေမှန်း ဒုတိယမင်းသားဘယ်လိုသိတာလဲ"

အရိုးရိုင်း အံ့ဩနေသည်။ ဒုတိယမင်းသားသည် ဖန်လိုင်ကျွန်းသို့ ရောက်ရောက်ချင်းမှာပင် သူတို့ကိုခြေရာခံနိုင်သည်။

လီဟော်ရန်က မတတ်သာပဲ သိစိတ်အသံလှိုင်းမှ ရှင်းပြရသည်။

"အကိုလုအရဟတ်လက်သီးသုံးခဲ့လို့လေ"

အရှေ့ပင်လယ်ကျင့်ကြံသူများ သိချင်မှသိမည်။ သို့သော် မဟာရှားကျင့်ကြံသူမှန်သမျှ လုယန်၏ ဆံပင်ကျွတ်လက်သီးအကြောင်း မသိသူမရှိ။

အကဲဖြတ်ပွဲအဖြစ်အပျက်သတင်းက ဂယက်ထခဲ့သည်။ နည်းနည်းစုံစမ်းလိုက်ရုံဖြင့် လုယန်ရှိနေကြောင်း အလွယ်တကူသိနိုင်သည်။

မည်သို့ဆိုစေ တွေ့လိုသူက ဒုတိယမင်းသားဖြစ်သည်။ ထိုမင်းသားအဆင့်အတန်းက ယွမ်ကျိနှင့်မယှဉ်နိုင်သော်လည်း လုယန်အနေဖြင့် မျက်နှာသာနည်းနည်းပေးရမည်။

"ဒါဆိုလည်း သွားစို့လေ"

လုယန် ပြုံး၍ပြောသည်။ ဒုတိယမင်းသား ဘာအကြောင်းပြောမည်ကို သူသိလိုသည်။

ဒုတိယမင်းသားကျန်းကျူးနှင့် သူပထမဆုံးအကြိမ်ဆုံဖူးခြင်းမဟုတ်။ နတ်ဆိုးနိုင်ငံတည်အခမ်းအနားတွင် သူရှိခဲ့သည်။

ထိုအချိန်က ဒုတိယမင်းသားသည် စင်အောက်မှသာ ကြည့်နေခဲ့သည်။ သူက ဂိုဏ်းသခင်လေးလုအဖြစ် စင်ပေါ်တွင် သရုပ်ဆောင်ခဲ့သည်။

လဆုပ်အရှင်က သူတို့ကို ဖန်လိုင်ကျွန်းအပြင်ပိုင်းမှ အခမ်းနားဆုံးစားသောက်ဆိုင်သို့ ဦးဆောင်ခေါ်သွားသည်။

လုယန်တို့ရောက်လာသည်ကိုမြင်သည်နှင့် ဒုတိယမင်းသားက ပြုံး၍နှုတ်ဆက်သည်။

"တာအိုရှင်လုရဲ့ နာမည်ဂုဏ်သတင်းကို ကျုပ်ကြားဖူးနေတာကြာပါပြီ။ ဒီနေ့တွေ့မှပဲ တကယ်ထူးခြားတဲ့လူဆိုတာ လက်တွေ့မြင်ရတော့တယ်"

အစားအသောက်မျိုးစုံပြည့်နေသည့်စားပွဲကို လုယန် သတိထားမိသည်။

လုယန်အစားအသောက်ကောင်းကြိုက်သည်ဟု ယူဆလျက် ဒုတိယမင်းသားက အလိုက်သင့်ပြောသည်။

"လွယ်လွယ်ရတဲ့ဟင်းပွဲတစ်ချို့ပဲ ကျုပ်မှာထားတယ်။ မိတ်ဆွေလု စိတ်မရှိလောက်ဘူးထင်ပါတယ်"

လွယ်လွယ်ရသည်ဟုပြောနေသော်လည်း အမှန်တော့ ဟင်းပွဲတိုင်းက ဆိုင်၏အထူးဟင်းလျာများဖြစ်သည်။

လုယန် ဘာမှသိပ်မပြော။ ထိုစားပွဲသည် နှစ်နှစ်ဆယ်သက်တမ်းရှိသည့် ငါးကြင်းတစ်ကောင်လောက် တန်ဖိုးမရှိမှန်းသိသည်။

သို့သော် ယဉ်ကျေးမှုရှိသူဖြစ်၍ ဒုတိယမင်းသားအတွေ့အကြုံနုသည့်အဖြစ်ကို အပြစ်မပြောတော့။

All Chapters