← Chapters

သရုပ်ဆောင်ပညာ

Vol. 51 Ch. 763

သရုပ်ဆောင်ပညာ

Vol. 51 Ch. 763

လုယန်ခန့်မှန်းထားသလိုပင် ရွက်သင်္ဘော ခရီးလမ်းတစ်ဝက်သို့ရောက်ချိန်၌ ကောင်းကင်တစ်ခုလုံး ရုတ်တရက်ပြောင်းလဲသွားသည်။

လျှပ်စီးများ လင်းလက်လာသည်။ မိုးခြန်းသံများ မြည်ဟိန်းလာသည်။ ရွက်သင်္ဘောက လှိုင်းလုံးများကြောင့် မီတာတစ်ရာခန့် မြင့်တက်သွားပြီး ပင်လယ်မျက်နှာပြင်ပေါ် ပြင်းထန်စွာ ဦးစိုက်ထိုးဆင်းသွားသည်။

ရွက်သင်္ဘောကိုယ်ထည်ကိုသာ မှော်စက်ဝန်းများဖြင့် အားဖြည့်မထားလျှင် ချက်ချင်းတစ်စစီကြေမွသွားပြီးဖြစ်လိမ့်မည်။

လုယန်တွေးသည်။ ထိုသို့ဖြစ်လာမည်ကို သူသိနေသည်။ ဤရွက်သင်္ဘောပေါ်တွင် စုစည်းခြင်းအဆင့်ကျင့်ကြံသူသုံးယောက်ကို သူတွေ့ရပြီးဖြစ်သည်။

နောက်ထပ်ရွက်သင်္ဘောနှစ်စင်းတွင် ထိုစွမ်းအားရှင်မျိုး ဘယ်နှယောက်ရှိနေဦးမည်မသိ။

အဆင့်မြင့်ကျင့်ကြံသူထိုမျှများပြားသည့် ရွက်သင်္ဘောပေါ်တွင် ယခုလို ကြောက်စရာကောင်းသည့် မုန်တိုင်းတစ်ခုကြုံရသည်။ တစ်ယောက်ယောက်က အကွက်ချစီစဉ်ထားမှန်း ထင်ရှားနေသည်။

စုစည်းခြင်းကျင့်ကြံသူများသည် သဘာဝနိယာမစွမ်းအားတစ်ချို့ ပိုင်ဆိုင်သည်။ ပင်လယ်မုန်တိုင်းချေဖျက်ဖို့ စကားတစ်ခွန်းပြောလိုက်ရုံသာဖြစ်သည်။

စုယိရန် မျက်နှာပျက်သွားသည်။ လုယန်တို့ငါးယောက်ကို ကာကွယ်ရင်း သိစိတ်အာရုံမှ လှမ်းပြောသည်။

"သတိထားပါ။ မုန်တိုင်းကို စည်းမျဉ်းစွမ်းအားနဲ့ ငါချေဖျက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။ တစ်ယောက်ယောက်က နောက်ကွယ်ကနေ တမင်ဒုက္ခပေးနေတဲ့သဘောပဲ။

ပြီးတော့ အဲဒီ့လူက ကူးဖြတ်ခြင်းအဆင့်ပါ"

ကောင်းကင်ထက်မှတိမ်မည်းများ ကွဲထွက်သွားသည်။ အနက်ရောင်သဏ္ဍာန်တစ်ခု ကောင်းကင်တွင်ပေါ်လာသည်။ လေနှင့်မိုးများ လွှမ်းခြုံနေသည်။

မျက်လုံးများက ပယင်းသားလို မြစိမ်းရောင်တောက်နေသည်။ ငရဲမှတက်လာသလို ထင်ရသည်။

ကျလာသည့်စွမ်းအင်ဖိအားက ပြင်းထန်သည်။ အကျဉ်းထောင်တစ်ခုနှင့်တူသည်။ လုံးဝလှုပ်ရှားရုန်းကန်၍မရ။ အားလုံး စိတ်လေးလာကြသည်။

"တကယ်ကူးဖြတ်ခြင်းအဆင့်ပဲ"

စုယိရန် ထိတ်လန့်သွားသည်။ ဤခရီးတွင် ထိုမျှကံဆိုးမည်ဟု ထင်မထားခဲ့။ ကူးဖြတ်ခြင်းအဆင့်ရန်သူတစ်ယောက်နှင့် တွေ့ကြုံနေရသည်။

ထောင်ယော်ယဲ့နှင့် အရိုးရိုင်းလည်း နည်းနည်းလန့်လာသည်။ သူတို့သည် လုယန်နှင့်အတူ စွန့်စားခန်းထွက်သည့်အကြိမ်နည်းသဖြင့် ထိုမျှကြောက်စရာကောင်းသည့်မြင်ကွင်းမျိုး ကိုယ်တွေ့မမြင်ဖူးကြ။

လုယန်က ဣန္ဒြေထိန်း၍ သိစိတ်အသံလှိုင်းမှ အခြေအနေကို ရှင်းပြသည်။

"မကြောက်ကြပါနဲ့။ ဒါတွေအားလုံးက ဒုတိယမင်းသားရဲအစီအစဉ်တွေပါ။ အန္တရာယ်တစ်ခုဖန်တီးပြီး ငါတို့သူ့အပေါ်ကျေးဇူးကြွေးတစ်ခုတင်တောင် လုပ်ချင်တာ။ အခု အကြီးအကဲစန်းမုန်ကျိလည်း တိုက်တိုက်ဆိုင်ဆိုင် ရွက်သင်္ဘောပေါ်မှာရှိမနေဘူး။

အရင်ဆုံး စုစည်းခြင်းကျင့်ကြံသူတွေက ရန်သူနဲ့ရင်ဆိုင်ရမယ်။ ပြီးရင် ဒုတိယမင်းသားက ငါတို့ကိုလာနှစ်သိမ့်မယ်။ အတူလက်တွဲပြီး အန္တရာယ်ကို အတူကျော်ဖြတ်ဖို့ပြောလိမ့်မယ်။ ငါတို့ယုံကြည်အောင် သူ့ကိုယ်သူတောင် ဒဏ်ရာရအောင်လုပ်ချင်လုပ်မှာ။

အရေးကြီးတဲ့အချိန်ရောက်ရင် စန်းမုန်ကျိ ပေါ်လာမယ်။ ဟိုအနက်ရောင်သဏ္ဍာန်နဲ့ တိုက်ကွက်သုံးရာလောက်တိုက်ခိုက်မယ်။ နောက်ဆုံးမှာ စန်းမုန်ကျိက အနိုင်ယူမယ်။ အနက်ရောင်သဏ္ဍာန်က ထွက်ပြေးသွားလိမ့်မယ်"

အားလုံး စိတ်သက်သာရာရသွားကြသည်။ တစ်ချိန်တည်းမှာပင် ဒေါသလည်းထွက်ကြသည်။ ဒုတိယမင်းသား အတော်တရားလွန်လွန်းသည်။

"ရန်သူကိုရင်ဆိုင်ဖို့ ပုံစံတည်ဆောက်ကြ"

ဒုတိယမင်းသား အော်ဟစ်သံကြောင့် ရွက်သင်္ဘောတစ်ခုချင်းစီမှ လူသုံးယောက်စီပျံထွက်လာသည်။ အားလုံး စုစည်းခြင်းအဆင့်များဖြစ်သည်။

ဤခရီးတွင် ဒုတိယမင်းသားနောက်သို့ စုစည်းခြင်းကျင့်ကြံသူကိုးယောက် လိုက်လာသည်။

ထိုကိုးယောက်သည် တိုက်ပွဲအတွေ့အကြုံရင့်ကျက်သူများဖြစ်သည်။ အရှေ့ပင်လယ်တွင် တိုက်ပွဲကြုံနိုင်ကြောင်းခန့်မှန်းပြီး အပြင်းအထန်ကြိုတင်လေ့ကျင့်ထားကြသည်။

ဝိညာဉ်စွမ်းအင်များ ရုန်းကြွလှုပ်ရှားလာသည်။ မှော်စက်ဝန်းတစ်ခု ဖန်တီးကြသည်။ ဘုံကိုးဆင့်လျှပ်စီးမှော်စက်ဝန်းဖြစ်သည်။ ရှုပ်ထွေးနက်ရှိုင်းသည့် မှော်သင်္ကေတများ ရေးခြယ်ထားသည်။

လက်ချောင်းထိပ်များ လေထဲသို့ဆန့်ထုတ်လိုက်ချိန်တွင် သူတို့ခန္ဓာကိုယ်ထဲမှ အလင်းတန်းများထွက်ပေါ်လာသည်။ ကျယ်ပြန့်သည့် အနားကိုးခုပိုက်ကွန်တစ်ခုအဖြစ် စုစည်းသွားသည်။

စုစည်းခြင်းကျင့်ကြံသူကိုးယောက် မှော်စက်ဝန်းဆုံမှတ်များတွင် နေရာယူပြီး မှော်တံဆိပ်များဖန်တီး၍ မိုးမြေကို အပြည့်အဝထိန်းချုပ်သည်။

ထိုအဖြစ်ကိုကြည့်နေပြီးနောက် ဒုတိယမင်းသားက လုယန်တို့ဘက်သို့ပြေးလာပြီး နှစ်သိမ့်သည်။

"မိတ်ဆွေတို့၊ မကြောက်ပါနဲ့။ ဒီဘုံကိုးဆင့်မှော်စက်ဝန်းက ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်နိုင်ပါတယ်။ ကျုပ်တို့ ဘေးကင်းမှာပါ"

ထိုသို့ပြောနေသော်လည်း နတ်ဝိညာဉ်အဆင့်သာရှိသည့် လုယန်၏မျက်နှာတွင် ထိတ်လန့်ရိပ်များ အထင်းသားပေါ်နေသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို ရင်ဆိုင်ရမည့်အရေး တွေးပူနေဟန်ရှိသည်။

တုန်တုန်ရင်ရင်ဖြင့် သူမေးသည်။

"အကြီးအကဲစန်းမိန်ကျိက ဘယ်မှာလဲ"

ဒုတိယမင်းသားက စိတ်ပျက်နေသည့်မျက်နှာဖြင့်

"ခုနကပဲ ရှားပါးငါးတစ်ကောင်တွေ့လို့ စားဖို့သွားဖမ်းမယ်ဆိုပြီး ပြောသွားတယ်။ ကူးဖြတ်ခြင်းအဆင့်ရန်သူက ဒီလိုအချိန်မှာ လာတိုက်ခိုက်မယ်လို့ ထင်မထားဘူး"

သူတို့စကားပြောနေစဉ်မှာပင် ထူးဆန်းသည့်ကူးဖြတ်ခြင်းအဆင့်သဏ္ဍာန်က စတင်လုပ်ရှားသည်။ ရွက်သင်္ဘောအခြေမှ ယာဉ်တည်ငြိမ်အောင်ထိန်းသည့် မှော်စက်ဝန်းတစ်ခုကို ဖျက်ဆီးသည်။

လှိုင်းလုံးတစ်ခု သူတို့အပေါ် ရိုက်ခတ်လာသည်။ ဒုတိယမင်းသားအပါအဝင် လူအားလုံး ယိမ်းယိုင်သွားကြသည်။ မတ်တပ်ရပ်ဖို့ အတင်းကြိုးစားနေသည်။

"ငါတို့တကယ်အဆင်ပြေပါ့မလား"

သင်္ဘောဘေးခါးပန်းကိုကိုင်၍ ယိမ်းထိုးနေရင်းမှ မုန်ကျင်းကျိုးကမေးသည်။

ဒုတိယမင်းသားက တည်ကြည်သည့်အမူအရာဖြင့် အလေးအနက်ပြောသည်။

"အဆင်ပြေမှာပါ။ အားလုံးဘေးကင်းဖို့ ကျုပ်အသက်နဲ့ရင်းပြီး ကာကွယ်ပါ့မယ်"

လုယန်နှင့်မုန်ကျင်းကျိုးတို့ အတော်ကျေးဇူးတင်သွားကြဟန်ရှိသည်။

ဒုတိယမင်းသားက ကူးဖြတ်ခြင်းအဆင့်အနက်ရောင်သဏ္ဍာန်ကို မော့ကြည့်ပြီး ခပ်တင်းတင်းအော်ဟစ်လိုက်သည်။

"မင်းဘယ်သူလဲကွ။ ငါက မဟာရှားရဲ့ဒုတိယမင်းသား ကျန်းကျူးပဲ။ မင်းက မဟာရှားနဲ့ရန်သူဖြစ်ချင်နေတာလား"

ကူးဖြတ်ခြင်းအဆင့်သဏ္ဍာန်က အေးစက်စက်ရယ်ပြီး သူ့ကို အထင်မကြီးဟန်ဖြင့် ငုံ့ကြည့်သည်။ မဟာစွမ်းအားရှင်တစ်ယောက်၏ မောက်မာဝင့်ကြွားရိပ်မျိုးပေါ်နေသည်။

"သောက်ရေးမပါတဲ့စကားတွေပဲ"

ထိုလူ၏စကားတစ်ခွန်းဖြင့် ဒုတိယမင်းသား ရင်ဘတ်ထဲတွင်တင်းကြပ်လာပြီး လွင့်ထွက်သွားသည်။ သင်္ဘောခန်းနှင့် တိုက်မိသည်။ သွေးနှစ်ကြိမ်အန်သည်။

သူ့ခေါင်းမှဆံထိုး ပြုတ်ကျသွားသည်။ ဆံပင်များ သူ့မျက်နှာပေါ် ဖရိုဖရဲကျလာသည်။ အတော်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ ပုံမှန်ရုပ်သွင်နှင့် များစွာကွာခြားနေသည်။

လုယန်က အားလုံးကို သိစိတ်အသံလှိုင်းမှ တည်ငြိမ်စွာလှမ်းပြောသည်။

"ကဲ...ငါမပြောဘူးလား။ ငါတို့သနားအောင် သူ့ကိုယ်သူတောင် အနာခံတယ်။ သူ့သရုပ်ဆောင်ပညာက အတော်ကောင်းတာပဲ"

"သူလိမ်ထားတာမပေါ်အောင် တကယ်အနာခံလိုက်တာဖြစ်မယ်"

မုန်ကျင်းကျိုးလည်း သွေးအန်နေသည့် ဒုတိယမင်းသားကိုကြည့်၍ အတော်သဘောကျနေသည်။

"သူက ထီးနန်းရဖို့ တကယ်စိတ်နှစ်ထားတာပဲ။ သူ့အပေါ် ငါ့အမြင်လုံးဝပြောင်းသွားပြီ"

ထောင်ယော်ယဲ့နှင့်အရိုးရိုင်းက လုယန်ကို လေးစားနေသည်။ အားလုံးက လုယန်ကြိုတင်ခန့်မှန်းထားသည့်အတိုင်း ကွက်တိဖြစ်လာသည်။

"မင်းကများ ငါ့လူတွေကို ဒုက္ခပေးရဲတယ်ပေါ့"

စန်းမုန်ကျိ ရောက်လာသည်။ ဒေါသတကြီးအော်ဟစ်၍ သူ့ဓမ္မခန္ဓာများကို ထုတ်ပြသည်။ ရှေးဟောင်းမှော်မန္တာန်တစ်ခု တိတ်တဆိတ်ရွတ်ဆိုသည်။ ပင်လယ်ရေနက်ပိုင်းမှ တုံ့ပြန်မှုတစ်ခု ပေါ်လာသည်။

မမြင်နိုင်သည့်စွမ်းအားတစ်ခုဖြင့် ဆွဲယူလိုက်သကဲ့သို့ ပင်လယ်ရေများ သူ့ဘေးပတ်လည်တွင် စုဝေးလာသည်။ လှိုင်းထလှုပ်ရှားခြင်းမရှိ။ ထူးခြားသည့်စွမ်းအားတစ်မျိုးကြောင့် ရေလူ့ဘီလူးကြီးတစ်ယောက်အသွင်မျိုး ပေါ်လာသည်။

နှစ်ဘက်လုံး အပင်းအထန်တိုက်ခိုက်သည်။ မှော်စွမ်းအားမျိုးစုံထုတ်သုံးသည်။ ပင်လယ်ပြင် တဝုန်းဝုန်းမြည်ဟိန်းနေသည်။ ရေအောက်တွင်ရှိနေသည့် ပင်လယ်မျိုးနွယ်များ ကြောက်လန့်တုန်လှုပ်နေကြသည်။

"လောင်စန်း၊ ဟန်ရေးပြမနေနဲ့တော့။ ဒီလိုဆက်လုပ်နေရင် ရွက်သင်္ဘောက တစ်စစီဖြစ်တော့မယ်"

ဒုတိယမင်းသား သိစိတ်အသံလှိုင်းမှ လှမ်းပြောသည်။ စန်းမုန်ကျိ ပေါ့ဆလွန်းသည်ဟု ခံစားရသည်။ ခုနက သူရလိုက်သည့်ဒဏ်ရာသည် ပေါ့သေးသေးမဟုတ်။

သူ့အစီအစဉ်က လုယန်ခန့်မှန်းသလိုပင် ဒဏ်ရာရဖို့လည်းပါသည်။

သူတိုက်ခိုက်ဖို့ စန်းမုန်ကျိကို ကိုယ်ပွားတစ်ခုဖန်တီးခိုင်းသည်။ နောက်ဆုံးတွင် အရှုံးပေးဖို့ ပြောထားသည်။

ထို့ပြင် ထိုကိုယ်ပွား၏ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းစွာမမြင်ရ။ အကယ်၍ ပင်လယ်မျိုးနွယ်အဖြစ် ဖန်တီးထားလျှင် နောက်ပိုင်းတွင် လုယန်တို့က ထိုပင်လယ်မျိုးနွယ်ကို ပြဿနာသွားရှာနိုင်သည်။

ထိုအချိန်ရောက်လျှင် အလိမ်အညာအားလုံးပေါ်သွားမည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် စွမ်းအားကြီးသည်။ လုယန်ကလည်း ထူးခြားသူဖြစ်သည်။ မသေမျိုးတစ်ဝက်နှစ်ယောက်ဖြစ်သည့် ယွမ်ကျိနှင့် ပင်လယ်တာအိုသခင် အရှေ့ပင်လယ်သို့ရောက်လာပြီး တိုက်ခိုက်နိုင်သည်။

ထို့ကြောင့် ကိုယ်ပွားကို အရိပ်တစ်ခုအဖြစ်သာ ဖန်တီးခိုင်းခဲ့သည်။

စန်းမုန်ကျိ အံ့အားသင့်သွားသည်။ ဒုတိယမင်းသားပြောနေသည့်စကားကို သူနားမလည်။

"ကျုပ်ကိုယ်ပွားက အသင့်မပြင်ရသေးဘူးလေ"

ခုနက သူတကယ်ငါးသွားဖမ်းနေခြင်းဖြစ်သည်။

ဒုတိယမင်းသား "..."

တစ်ခုခုလုံးဝမူမမှန်တော့ကြောင်း သူချက်ချင်းနားလည်လာသည်။

ကူးဖြတ်ခြင်းအဆင့် ရန်သူအစစ်တစ်ယောက် ဘယ်လိုပေါ်လာသည်မသိ။

"ပြဿနာပဲ"

စန်းမုန်ကျိ အာရုံထွေပြားနေချိန်တွင် ကူးဖြတ်ခြင်းအဆင့်အရိပ်က မှော်အဆောင်များပြည့်နေသည့် လက်ကြီးတစ်ဘက်ကို ဆန့်ထုတ်လိုက်သည်။ အရာအားလုံးဖျက်ဆီးနိုင်လောက်အောင် အားပြင်းသည်။

ဘုံကိုးဆင့်လျှပ်စီးမှော်စက်ဝန်းကို ထိုလက်က ချိုးဖျက်သည်။ လုယန်တို့ကို ဆွဲယူသွားသည်။ သူတို့ကို ကယ်တင်ရန်ကြိုးစားနေသည့် စုယိရန်လည်း ဆွဲယူခံရသည်။

လုယန်တို့အားလုံးကို ဖမ်းခေါ်သွားပြီးနောက် ရာသီဥတု ပုံမှန်ပြန်ဖြစ်လာသည်။ တိုက်ပွဲမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်အေးချမ်းသွားသည်။

ဒုတိယမင်းသား လှေကြမ်းပြင်ပေါ် စိတ်ပျက်လက်ပျက် ဖင်ထိုင်ကျသွားသည်။ နောက်ဆက်တွဲပြဿနာများကို စဉ်းစားမိသည်။

"သွားပြီ၊ ယွမ်ကျိရဲ့မောင်လေးနဲ့ မုန်သခင်လေးက ငါ့ရွက်သင်္ဘောပေါ်မှာ ဖမ်းခေါ်ခံလိုက်ရတာ။ အခု ဘယ်ရောက်သွားပြီလဲမသိဘူး"

နန်းပလ္လင်သိမ်းဖို့ မဆိုထားနှင့်။ ယခု တာအိုလမ်းစဉ်ဂိုဏ်းနှင့် မုန်မိသားစုက သူ့အသက်ကို လျော်ကြေးလာမတောင်းဖို့သာ ဆုတောင်းရုံရှိတော့သည်။

....

အကိုလုယန် ကျွန်မတို့ ဖမ်းခေါ်ခံရတလည်း အစီအစဉ်ထဲမှာပါလား"

ထောင်ယော်ယဲ့က သံသယဖြင့်မေးသည်။ ရေပူဖောင်းတစ်ခုထဲတွင် သူတို့ပိတ်မိနေသည်။ ကြီးမားသည့်လက်ဝါးရိပ်က ရေပူဖောင်းကိုသယ်၍ အရှေ့ပင်လယ်ကို လျင်မြန်စွာဖြတ်သန်းနေသည်။

တစ်ခုခုမူမမှန်တော့ဟု လုယန်လည်းခံစားရသည်။ ဒုတိယမင်းသားက သူတို့ကိုပြန်ကယ်တင်ပြီး နာမည်ကောင်းယူဖို့ ရည်ရွယ်ထားသလားမသိ။

"နတ်မယ်၊ ဒီအရိပ်ရဲ့ဇစ်မြစ်ကို ခန့်မှန်းနိုင်လား"

"အင်း..အဲဒါ ခွန်ဖုန်မျိုးနွယ်မဟုတ်လား"

အရိပ်က သူ့သရုပ်မှန်ကို ကြိုးစားဖုံးကွယ်ထားသော်လည်း နတ်မယ်က ချက်ချင်းရိပ်မိသည်။

လုယန် "..."

ဒုတိယမင်းသားကတော့ ခွန်ဖုန်မျိုးနွယ်မှ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ကို သရုပ်ဆောင်ခိုင်းဖို့ ဆင့်ခေါ်နိုင်သည့် အစွမ်းအစမျိုးရှိမည်မထင်။

All Chapters