← Chapters

အရှင်ဟေးယု

Vol. 51 Ch. 764

အရှင်ဟေးယု

Vol. 51 Ch. 764

ခွန်ဖုန်ဘိုးဘေး သွားနေသည့်အရှိန်က မြန်လွန်းသဖြင့် သူတို့အားလုံး ဘေးပတ်ဝန်းကျင်အနေအထားကို ရှင်းလင်းစွာမမြင်ရ။

မျက်တောင်တစ်ခတ်တွင်း မြင်ကွင်းက အမျိုးမျိုးပြောင်းလဲနေသည်။ အပြင်ဘက်သို့ ကြည့်မိရုံဖြင့် ဦးခေါင်းများ ချာချာလည်သွားသည်။

ရုတ်တရက် သူတို့ခြေထောက်အောက်တွင် ဟာသွားသလို ခံစားလိုက်ရသည်။ သူတို့ကို ထိန်းချုပ်ထားသည့်ရေထု ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်အရုပ်ကြိုးပြတ်ကျသည်။

သို့သော် ကျသည့်နေရာက သိပ်မမြင်သဖြင့် ကိုယ်ဟန်ပျက်သွားကြသော်လည်း တစ်ယောက်မှ ဒဏ်ရာမရ။

"ဒီမြေပြင်ကဘာလို့ဒီလောက်ကြမ်းနေတာလဲ"

အရိုးရိုင်းက သူ့နောက်ကျောကိုပွတ်ရင်းပြောသည်။

"ဒါက မြေပြင်မဟုတ်ဘူး။ ငှက်သိုက်တစ်ခုပဲ"

လီဟော်ရန်က အပြုံးအရယ်မရှိသည့်မျက်နှာဖြင့်ပြောသည်။ သူတို့ခြေထောက်အောက်တွင် သစ်ကိုင်းများကိုလွန်းပြန်ယက်လုပ်ထားသည်ကို မြင်ရသည်။ သစ်ကိုင်းတစ်ခုချင်းစီက လူနှစ်ယောက်စာခန့်ရှိသည်။ ဘယ်အပင်မှ ချိုးယူလာသည်တော့မသိ။

ငှက်သိုက်က ကျယ်ပြန့်ကြီးမားလွန်းသည်။ မိုင်တစ်ထောင်ပတ်လည်ခန့်ရှိသည်။ သူတို့ စွမ်းအားကုန်ပျံသန်းလျှင်ပင် အသိုက်၏တစ်ဘက်စွန်းသို့ရောက်ဖို့ အချိန်အတော်ကြာပေလိမ့်မည်။

လီဟော်ရန် မျက်နှာပိုပျက်လာသည်။ ကြောက်စရာကောလဟာလတစ်ခုကို သူပြန်သတိရသည်။

"ရှေးဟောင်းခေတ်မှာ ရက်စက်ကြမ်းတမ်းတဲ့ငှက်တွေဟာ သူတို့သားသမီးတွေအတွက် အပြင်ထွက်ပြီး အစာရှာတယ်လို့ကြားဖူးတယ်။

ငါတို့လို ကျင့်စဉ်ပါရမီရှင်တွေရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေကို အဟာရအဖြစ်သတ်မှတ်ကြတယ်။ ငှက်ပေါက်တွေကို အစာကျွေးဖို့ အသင့်တော်ဆုံးပေါ့"

အရိုးရိုင်းလန့်သွားသည်။ သူ့မျိုးနွယ်မှ မှတ်တမ်းများကို ပြန်သတိရသည်။ လီဟော်ရန်စကားမမှားကြောင်း အတည်ပြုသည်။

"ကျုပ်တို့အရိုင်းမျိုးနွယ်မှာလည်း အဲလိုမှတ်တမ်းမျိုးရှိတယ်။ ရှေးဟောင်းခေတ်မျှာ ရှေးဟောင်းအရိုင်းမျိုးနွယ်တွေက သူတို့သားသမီးတွေအတွက် အစာရှာပေးတယ်။

အကောင်းဆုံးအစာတွေက ခန္ဓာကိုယ်ထဲမှာ ပြိုင်ဘက်ကင်းဝိညာဉ်စွမ်းအားရှိတဲ့ ရက်စက်ကြမ်းတမ်းတဲ့ သားရဲတွေပဲ"

အားလုံးက အရိုးရိုင်းကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်ပြီး သူ့အနားမှ မသိမသာခွာသွားကြသည်။

အခြေအနေမကောင်းမှန်း ရိပ်စားမိသဖြင့် လုယန်ချက်ချင်း ဖြည့်ပြောသည်။

"ဒါပေမယ့် လမ်းဆုံးတဲ့အခြေအနေတော့ မရောက်သေးပါဘူး။ ရှေးဟောင်းငှက်သားရဲတွေဟာ သူတို့သားသမီးတွေကိုလေ့ကျင့်ဖို့ ဖမ်းခေါ်လာတဲ့ ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ခိုင်းတယ်လို့လည်း ကြားဖူးတယ်။

ပုံမှန်ကတော့ ငှက်ပေါက်လေးတွေနဲ့ ကျင့်ကြံသူတွေက ကျင့်စဉ်အဆင့် အတူတူပဲ။ ငှက်ပေါက်လေးတွေကို အနိုင်ယူနိုင်ရင် ငါတို့လွတ်နိုင်ပါသေးတယ်"

အေးစက်သည့် လေပြင်းတစ်ချက် ဖြတ်သန်းသွားသည်။ အရိုးထဲစိမ့်သွားကြသည်။

အားလုံး ခေါင်းမော့ကြည့်သည်။ အနက်ရောင်အရိပ်၏ ပုံစံအမှန်ကို မြင်ကြရသည်။ အလွန်တရာကြီးမားသည့် ငှက်တစ်ကောင်ဖြစ်သည်။ ဖြန့်ထားသည့်တောင်ပံများက မိုင်တစ်ထောင်ကျော်ရှည်လျားသည်။

အမွေးအတောင်များက မင်နက်ရောင်ရှိသည်။ ငှက်သိုက်ကို သူ့အရိပ်ဖြင့် လွှမ်းခြုံထားသည်။ ထို့နောက် အရွယ်အစားကျုံ့လာပြီး အသက်ငါးဆယ်ကျော်အရွယ် လူတစ်ယောက်အသွင်သို့ ပြောင်းသွားသည်။

သေးသွယ်စူးရှသည့်မျက်လုံးများက ရက်စက်သည့်အလင်းရိပ်မျိုး တောက်ပနေသည်။

ခွန်ဖုန်မျိုးနွယ်ဘိုးဘေး အရှင်ဟေးယုဖြစ်သည်။

"မင်းတို့ကို အရေးကြီးကိစ္စတစ်ခု မေးစရာရှိလို့ခေါ်လာတာ။ လိမ်ဖို့တော့ မကြိုးစားနဲ့။ မင်းတို့က ဓာတ်ငါးမျိုးဂိုဏ်းတပည့်တွေလား။ အခု ရှန်ကွမ်ယုအခြေအနေ ဘယ်လိုရှိလဲ"

ချိုးကျင်အန်း၏မိခင် ရှန်ကွမ်ယုသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖြစ်သည်။

အားလုံး "..."

ဓာတ်ငါးမျိုးဂိုဏ်းတပည့်အဖြစ်ဟန်ဆောင်ခြင်းသည် ထင်သလောက်အန္တရာယ်ကင်းဟန်မတူ။

အားလုံးအသံတိတ်နေသဖြင့် အရှင်ဟေးယု မျက်မှောင်ကျုံ့သွားသည်။

"မင်းတို့က ဓာတ်ငါးမျိုးဂိုဏ်းတပည့်မဟုတ်ဘူးလား။ ဒါပေမယ့် ဒါလည်းမဖြစ်နိုင်ဘူး။ မင်းတို့က ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းကို သုံးနိုင်ကြတာပဲ။

ရှန်ကွမ်ယုကို မင်းတို့မသိတာလား။ ဒါလည်းပဲ မဖြစ်နိုင်ဘူး။ သူက မင်းတို့လို လူငယ်ကျင့်ကြံသူတွေနဲ့ မကြာခဏရောနှောပြီးနေတယ်လို့ ကြားဖူးတယ်။

မင်းတို့မှာ အန္တရာယ်ကင်းစေတဲ့ သစ်သားမှော်အဆောင်တွေတောင် ရှိတာပဲ။ အဲဒါတွေက ရှန်ကွမ်ယုပေးထားတာပဲဖြစ်ရမယ်"

သစ်သားမှော်အဆောင်များကို ဓာတ်ငါးမျိုးဂိုဏ်းတွင် ပညာသွားဖလှယ်စဉ်က ရထားကြခြင်းဖြစ်သည်။

လောကသစ်ပင်ကိုမြင်ပြီးနောက် ရှန်ကွမ်ယုက လုယန်တို့ကို 'အမကြီး'ဟုခေါ်ခိုင်းပြီး လက်ဆောင်ပေးခဲ့သည်။

သစ်ခေါက်အစိတ်အပိုင်းငယ်များဖြင့် လုယန်တို့အတွက် မှော်အဆောင်များလုပ်ပေးခဲ့သည်။

ယနေ့အထိ ထိုမှော်အဆောင်များကို သူတို့လည်ပင်းတွင် ဝတ်ဆင်ထားကြဆဲဖြစ်သည်။

လုယန် သတိထား၍ပြန်မေးသည်။

"အကြီးအကဲက အမရှန်ကွမ်ယုနဲ့ ရင်းနှီးလို့လား"

အရှင်ဟေးယုမျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ ဟုတ်မှန်သည့်သဘောဖြစ်သည်။

"အရင်က ငါတို့ကျင့်ကြံကြတဲ့အချိန်မှာ ရှန်ကွမ်ယုနဲ့ငါ အရှေ့ပင်လယ်မှာဆုံခဲ့ကြတာ။ အရှေ့ပင်လယ်နေရာအနှံ့မှာ စူးစမ်းလေ့လာဖို့ ငါသူ့ကိုဦးဆောင်ခေါ်သွားတယ်။

လျှို့ဝှက်နယ်မြေတွေ အတူရှာကြတယ်။ မသေမျိုးဆေးပင်တွေတွေ့တဘ်။ အခက်အခဲတွေ ဖြတ်ကျော်ခဲ့တဲ့။ အန္တရာယ်များတဲ့အချိန်တွေကို ဖြတ်ကျော်ခဲ့ကြတယ်။

ချိုးသွမ်ယာက အချိုသပ်ပြီး သူ့ကိုလုယူသွားလို့သာမဟုတ်ရင် ငါတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွင်နဲ့ လက်ထပ်ဖြစ်ခဲ့ကြမှာ။ ချိုးသွမ်ယာသာမရှိခဲ့ရင် ချိုးကျင်အန်းက ငါ့သားဖြစ်နေမှာ"

ချိုးကျင်အန်း၏အဖေ ချိုးသွယ်ယာသည် ဓာတ်ငါးမျိုးဂိုဏ်၏ အရင်ဂိုဏ်းချုပ်ဖြစ်သည်။

"ဘာလဲ၊ သူငါ့အကြောင်းပြောတာ မင်းတို့မကြားဖူးဘူးလား"

ငေးကြောင်နေသည့် လုယန်တို့မျက်နှာကိုကြည့်၍ အရှင်ဟေးယုက အလိုမကျဟန်ဖြင့်ပြောသည်။

"..."

အရှင်ဟေးယုသည် ရှန်ကွမ်ယုကို အုံပုံးချစ်ခဲ့သည်။ သို့သော် သူ့ကိုတွေ့ဖို့ မဟာရှားသို့ သူလုံးဝမသွားရဲခဲ့။

ဓာတ်ငါးမျိုးဂိုဏ်းတပည့်များ အရှေ့ပင်လယ်သို့ရောက်နေသည်ဟု ကြားသဖြင့် သူကိုယ်တိုင် လုယန်တို့ကိုခေါ်လာပြီး ရှန်ကွမ်ယု၏ လက်ရှိအခြေအနေကို မေးမြန်းခြင်းဖြစ်သည်။

သူ့နာမည်ဂုဏ်သတင်းထိခိုက်မည်စိုးသဖြင့် အပြင်လူများမမှတ်မိစေရန် ရုပ်ဖျက်၍ လုယန်တို့ကို ခေါ်လာခြင်းဖြစ်သည်။

လုယန်တို့ရုပ်ဖျက်ထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူသိသည်။ သို့သော် ကိစ္စမရှိ။ ဓာတ်ငါးမျိုးတိုက်ပွဲပညာရပ်အကြောင်းသိသူ သစ်သားမှော်အဆောင်ရှိသူသည် ဓာတ်ငါးမျိုးဂိုဏ်းတပည့်သာဖြစ်ရမည်။

"အဲ..အမှန်တော့ ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ"

လုယန် အရဲစွန့်၍ အားတုံ့အားနာ ရှင်းပြလိုက်သည်။

"တာအိုလမ်းစဉ်ဂိုဏ်း...ထန်ရှန်းယိရဲ့ တပည့်တွေလား"

အရှင်ဟေးယုမျက်နှာက နေသာနေရာမှ တိမ်ဖုံးလာသည်။ ထို့ကြောင့် လုယန် အမြန်ထပ်ဖြည့်ပြောသည်။

"ဒါပေမယ့် ကျုပ်တို့က အမရှန်ကွမ်ယုနဲ့ ရင်းနှီးပါတယ်။ တာအိုလမ်းစဉ်ဂိုဏ်းကို သူလာလည်တော့ ကျုပ်ကိုယ်တိုင် ကြိုဆိုဧည့်ခံခဲ့တာပါ"

ထိုစကားကြောင့် အရှင်ဟေးယုမျက်နှာ ပြေလျော့သွားသည်။

"ဒါဆိုသူအခု ဘယ်လိုနေလဲ"

လုယန်ခဏစဉ်းစားပြီး ပြောသည်။

"အတော်ပျော်နေပုံပါပဲ"

မှန်လည်းမှန်သည်။ လုယန်တွေ့ဖူးသမျှ ကူးဖြတ်ခြင်းအဆင့်များထဲတွင် ရှန်ကွမ်ယုသည် အတက်ကြွဆုံး အပျော်ရွှင်ဆုံးလူဖြစ်သည်။

"သူက နောက်တစ်ကြိမ်လက်ထပ်ဖို့ အစီအစဉ်မျိုးရှိလား"

အရေးကြီးဆုံးမေးခွန်းကို အရှင်ဟေးယုမေးသည်။

လောင်ပါး၏ ဇွဲမလျှော့သည့်အချစ်အကြောင်း လုယန်ပြန်တွေးမိသည်။ ရှန်ကွမ်ယုကလည်း လောင်ပါးအပေါ် ခံစားချက်ရှိပုံမရ။

"မရှိလောက်ဘူးထင်တယ်"

ထိုစကားကြောင့် အရှင်ဟေးယု ခေါင်းငိုက်စိုက်ကျ၍ စိတ်အပျက်ကြီးပျက်သွားသည်။

"ကိစ္စမရှိပါဘူးလေ။ ငါတို့ကံရေစက်က အချိန်အခါမသင့်သေးဘူးထင်တယ်။ ဒီနေ့ပြောခဲ့တဲ့ကိစ္စတွေ တစ်ခြားလူတွေကို မင်းတို့ပြန်မပြောရဘူး။

သတင်းထွက်လာလို့ကတော့ မင်းတို့အားလုံးကို ဒဏ်ခတ်မယ်"

"ဟုတ်ကဲ့"

အားလုံး ချက်ချင်းခေါင်းငြိမ့်ကြသည်။ တစ်ခြားဘာမှထပ်မပြောရဲ။

"ဒါပေမယ့် ငါတို့ခွန်ဖုန်မျိုးနွယ်က ထုံးတမ်းဓလေ့ကောင်းတွေကို မသိတဲ့သူတွေမဟုတ်ပါဘူး။

မင်းတို့ ငါ့မျိုးနွယ်ဆီရောက်လာမှတော့ ကောင်းကောင်းဧည့်ခံရမှာပေါ့"

အရှင်ဟေးယု နောက်တစ်ကြိမ် အားလုံးကို ရေပူဖောင်းထဲထည့်သည်။ သူကိုယ်တိုင်က တောင်ပံနက်ဖုန်ငှက်ကြီးအဖြစ်အသွင်ပြောင်းပြိး အသိုက်ထဲမှ ပျံထွက်သည်။ အောက်ဘက်သို့ ထိုးဆင်းသည်။

အရှေ့ပင်လယ်မြောက်ဘက်ပိုင်းတွင် ရေထဲတွင်ပေါက်နေသည့် တောအုပ်တစ်ခုရှိသည်။ သစ်ပင်များက တိမ်ကြားအထိ ဆန့်ထွက်ထိုးဖောက်နေသည်။

အရှင်ဟေးယု၏အသိုက်က အမြင့်ဆုံးသစ်ပင်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

ခွန်ဖုန်မျိုးနွယ်များ နေထိုင်သည့်နေရာက ငှက်သိုက်အောက်တွင်ဖြစ်သည်။ ကြီးမားသည့် ခွန်တစ်ကောင် ပင်လယ်ရေကိုထိုးခွဲ၍ ခုန်ထွက်လာသည်ကို မြင်ကြရသည်။ ကျွန်းပျံတစ်ခုလို မြင့်တက်သွားသည်။

လေထဲသို့ရောက်ချိန်တွင် တစ်လက်လက်တောက်ပနေသည့်အကြေးခွံများ တဖြေးဖြေးပျောက်သွားသည်။ မာကြောခိုင်ခံသည့် ငှက်အမွှေးအတောင်များ အစားထိုးပေါ်လာပြီး ကောင်းကင်သို့တက်သွားသည်။

အရှင်ဟေးယုက သူတို့ကို မျိုးနွယ်ခေါင်းဆောင်ဆီ ခေါ်သွားသည်။

ဆိုင်းမဆင့်ဗုံမဆင့် သူတို့ဘိုးဘေး လူခြောက်ယောက်ခေါ်၍ ရောက်လာသည်ကိုမြင်သည်နှင့် မျိုးနွယ်ခေါင်းဆောင် ချက်ချင်းဦးညွှတ်အရိုအသေပေးသည်။

"ဘိုးဘေးကို ဂါရဝပြုပါတဘ်"

"ဒီခြောက်ယောက်က ငါတို့မျိုးနွယ်ရဲ့ အထူးဧည့်သည်တော်တွေပဲ။ သူတို့ကို ကောင်းကောင်းဧည့်ခံလိုက်ပါ"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"

မျိုးနွယ်ခေါင်းဆောင် ချက်ချင်းခေါင်းငြိမ့်သည်။ အမြဲတမ်းလည်း ဘိုးဘေး၏ညွှန်ကြားချက်များကို သူအကောင်းဆုံးဖြည့်ဆည်းနေကျဖြစ်သည်။

"ခေါင်းဆောင်ရှောက်လား"

မျိုးနွယ်ခေါင်း‌ဆောင်ကိုမြင်သည်နှင့် မုန်ကျင်းကျိုး တအံ့တဩရေရွတ်လိုက်သည်။

ထိုခေါင်းဆောင်ရှောက်သည် နှစ်သစ်ကူးချိန်တစ်ခုတွင် မုန်မိသားစုသို့ လာလည်ခဲ့သူဖြစ်သည်။ သူ့ကိုပင် နှစ်သစ်လက်ဆောင်ပေးခဲ့သေးသည်။

ခေါင်းဆောင်ရှောက်လည်း အံ့အားသင့်သွားသည်။ ရုပ်ဖျက်ထားသော်လည်း မုန်ကျင်းကျိုး၏ သရုပ်မှန်ကို သူထိုးဖောက်မြင်သည်။

မုန်ကျင်းကျိုးထက်ပင် ပို၍အံ့ဩနေဟန်ရှိသည်။

"မုန်သခင်လေးလား။...မုန်မိသားစုက အကြွေးတောင်းဖို့ ဘိုးဘေးဆီကိုတိုက်ရိုက်လာတာလား"

All Chapters