ခွန်ဖုန်မျိုးနွယ်ခေါင်းဆောင်၏သောက
Vol. 51 Ch. 765
"မုန်မိသားစုဝင်လား"
အရှင်ဟေးယုမျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။ မုန်ကျင်းကျိုးကို မုန်မိသားစုဝင်ဖြစ်မည်ဟု မထင်ခဲ့မိ။
ခွန်ဖုန်မျိုးနွယ်နှင့် မုန်မိသားစုကြားမှ အကြွေးကိစ္စကို သူသိပါသည်။ သို့သော် မျိုးနွယ်ဘိုးဘေးဟူသည့် အဆင့်အတန်းကို ထိန်းသည့်အနေဖြင့် ငွေချေးဖို့ သို့မဟုတ် နှစ်သစ်ချိန်လည်ပတ်ရန် သူကိုယ်တိုင် လုံးဝမသွားခဲ့။
ထိုကိစ္စများကို ခေါင်းဆောင်ရှောက်နှင့် မျိုးနွယ်အကြီးအကဲများကသာ အမြဲတမ်း ကိုင်တွယ်ဖြေရှင်းသည်။
ခွန်ဖုန်မျိုးနွယ်တွင် ကိုယ်ပိုင်ပင်လယ်မြို့တော်ရှိသည်။ သို့သော် ပြီးခဲ့သည့်နှစ်များအတွင်း စီမံကွပ်ကွဲမှု ညံ့ဖျင်းသဖြင့် ငွေစီးဆင်းမှုပြဿနာများ ဖြစ်လာသည်။ တစ်ခြားပင်လယ်မျိုးနွယ်များ အရှေ့ပင်လယ်ကျင့်ကြံသူများထံမှ ဝိညာဉ်ကျောက်များ ချေးငှားရမည့်အခြေအနေ ရောက်လာသည်။
နောက်ပိုင်းတွင် အထင်အမြင်သေးခံရမည်စိုးသဖြင့် မဟာရှားသို့သွား၍ မုန်မိသားစုထံမှ ဝိညာဉ်ကျောက်များ ချေးယူခဲ့သည်။
သို့သော် ကြွေးရှင်ကို ကိုယ်တိုင်ခေါ်လာသည့်ကိစ္စကိုတော့ သူဖွင့်ထုတ်ဝန်ခံ၍မဖြစ်။ သူ့သိက္ခာကျမည်။
"သူတို့က ငါ့ကိုတွေ့ချင်လို့ ရောက်လာကြတာပါ"
လုယန် "..."
အရှင်ဟေးယု၊ ခင်ဗျားနေတဲ့နေရာက အမြင့်ကြီးလေ။ အဲဒီ့နေရာကို ကျုပ်တို့ပျံတက်ရင်တောင် ရောက်ဖို့မလွယ်ပါဘူး...
လုယန်က မုန်ကျင်းကျိုးကို တီးတိုးမေးသည်။
"ခွန်ဖုန်မျိုးနွယ်က မင်းတို့မိသားစုကို ဘယ်လောက်အကြွေးတင်ထားတာလဲ"
မုန်ကျင်းကျိုး ခေါင်းခါသည်။
"ငါဘယ်လိုလုပ်သိမှာလဲ။ ခွန်ဖုန်တွေ ဝိညာဉ်ကျောက်ချေးတဲ့ကိစ္စတောင် ငါမသိဘူး"
"ဝိညာဉ်ကျောက် သန်းထောင့်ခြောက်ရာ အကြွေးကျန်သေးတယ်။ ဒါကိုကျုပ်တို့ပြန်ဆပ်နိုင်ပါ့မလား"
ဆုံးဖြတ်ချက်တစ်ခုချနေသကဲ့သို့ ခေါင်းဆောင်ရှောက် အံတင်းတင်းကြိတ်နေသည်။
"လောလောဆယ် ဝိညာဉ်ကျောက်ဝင်ငွေက နည်းနေသေးတယ်။ ဒါပေမယ့် မဟာရှားမှာ စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေ သက်တော်စောင့်လုပ်လို့ရတယ်လို့ကြားတယ်။
တစ်ရက်ကို ဝိညာဉ်ကျောက်တစ်သန်းရတယ်တဲ့။ သက်တော်စောင့်အဖြစ် ကျုပ်တစ်နှစ်လောက်လုပ်လိုက်ရင် အကြွေးကျေသလောက်နီးပါး ဖြစ်သွားမှာပါ"
"တစ်ခြားနည်းလမ်းရှိသေးလား"
ဟေးယု မျက်မှောင်ကျုံ့နေသည်။ မျိုးနွယ်ခေါင်းဆောင်က အပြင်ထွက်ပြီး သက်တော်စောင့်လုပ်လျှင် သိက္ခာကျသည်ဟု ခံစားရသည်။
"ရှိပါတယ်။ ကူးဖြတ်ခြင်းအဆင့်သက်တော်စောင့်တွေက ဒီ့ထက်ဝင်ငွေပိုကောင်းတယ်"
ဟေးယု "..."
အဲဒါဆိုရင်တော့ မင်းပဲ သက်တော်စောင့်လုပ်ရတော့မယ်ထင်တယ်...
"အာ..ကျုပ်တို့က ခွန်ဖုန်မျိုးနွယ်ပိုင်နက်ဘေးက ဖြတ်သွားရင်း လှည့်ပတ်ကြည့်ရုံပါပဲ။ အကြွေးတောင်းဖို့လာတာမဟုတ်ပါဘူး"
မုန်ကျင်းကျိုးကပြောသည်။ ငှက်သိုက်အဖြစ်အပျက်ကို သူထုတ်မပြောရဲ။
ခေါင်းဆောင်ရှောက်အမူအရာအရ ရှန်ကွမ်ယုနှင့်အရှင်ဟေးယုတို့ပတ်သက်မှုကို သိပုံမပေါ်။ သူသိနေလျှင် မဟာရှားသို့ နှစ်သစ်ကူးလာလည်ချိန်ကတည်းက ရှန်ကွမ်ယုအကြောင်းစုံစမ်းခဲ့လိမ့်မည်။
အရှင်ဟေးယုကိုယ်တိုင် လုယန်တို့ကိုဖမ်းခေါ်လာပြီး မေးမြန်းဖို့လိုမည်မဟုတ်။
"ဟုတ်လား"
ခေါင်းဆောင်ရှောက် ဝမ်းသာသွားသည်။ မုန်ကျင်းကျိုးကို ကောင်းကောင်းဧည့်ခံဖို့ ပြင်ဆင်ထားသည်။
"ဟုတ်ပါတယ်"
ယခု ခေါင်းဆောင်ရှောက်အမြင်တွင် မုန်ကျင်းကျိုးသည် ကြွေးရှင်မဟုတ်တော့။ အထူးဧည့်သည်တော်တစ်ယောက်ဖြစ်သည်။
"မုန်သခင်လေးကို လက်ဖက်ရည်နဲ့ ဧည့်ခံကြဦးလေ"
ခေါင်းဆောင်ရှောက် အမြန်ညွှန်ကြားသည်။ ထို့နောက် ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ ဧည့်သည်တော်များနှင့် မျိုးနွယ်ဘိုးဘေးသာရှိသည်။
ထို့ကြောင့် မုန်ကျင်းကျိုးအတွက် ကိုယ်တိုင်လက်ဖက်ရည်ငှဲ့ပေးရသည်။
အရှင်ဟေးယုက အနေခက်လာသဖြင့် တောင်ပံဖြန့်ပြီး ကောင်းကင်သို့တက်၍ သူ့အသိုက်ဆီပြန်သွားသည်။
ခေါင်းဆောင်ရှောက်က အတော်ဧည့်ဝတ်ကျေသည်။ သူ့လက်ဖက်ရည်က ဉာဏ်အလင်းလက်ဖက်ရည်လောက် မကောင်းသော်လည်း ဒုတိယအကောင်းဆုံးဟု ဆိုနိုင်သည်။
"မုန်သခင်လေးက တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်တယ်လို့ ကျုပ်ကြားမိတယ်"
"ဟုတ်ပါတယ်၊ သူတို့က ကျုပ်ရဲ့ဂိုဏ်းတူညီငယ် ညီမငယ်တွေပါ"
တမင်တကာ လုယန်ကို ညီငယ်စာရင်းသွင်းသည်။
"သူရောလား"
ခေါင်းဆောင်ရှောက်က လီဟော်ရန်ပုခုံးကိုမှီထားသည့် စုယီရန်ကိုကြည့်၍ တအံ့တဩဖြစ်သွားသည်။ အသက်အရွယ်နှင့် ကျင့်စဉ်စွမ်းအားအရ ဂိုဏ်းတပည့်တစ်ယောက်နှင့်မတူ။
"သူမပါပါဘူး။ သူက ညီလေးလီစေ့စပ်ထားတဲ့သူပါ"
ခေါင်းဆောင်ရှောက် ကျိတ်၍ ပင့်သက်ရှိုက်လိုက်သည်။ လီဟော်ရန်ကို အတော်အားကျသွားသည်။
သူသာထိုမျှကံကောင်းခဲ့လျှင် မျိုးနွယ်ခေါင်းဆောင်ရာထူးကို နှစ်သုံးရာလောက်စော၍ ရခဲ့လိမ့်မည်။
"ငါတို့ဘိုးဘေးက တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေကို အဲလောက်အလေးထားနေတာ မဆန်းတော့ပါဘူး။ မင်းတို့က ဩဇာအရှိန်အဝါ တကယ်ကြီးမားလို့ဖြစ်မယ်ထင်တယ်"
ခေါင်းဆောင်ရှောက် တဟားဟားအော်ရယ်နေသည်။
"ဘာကိုပြောချင်တာလဲ"
မုန်ကျင်းကျိုးနားမလည်။
"အဲလိုဖြစ်ရတဲ့ နောက်ခံအကြောင်းရင်းတစ်ခုခုရှိလို့လား"
"မင်းတို့သိမယ်မထင်ဘူး တူတော်မုန်။ ငါတို့ဘိုးဘေးနဲ့ အကြီးအကဲထန်ရှန်းယိကြားမှာ ရန်ငြှိုးလေးနည်းနည်းရှိတယ်"
အစက ထိုကိစ္စသည် ဘယ်သူ့ကိုမှမပြောသင့်သည် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ သို့သော် ခေါင်းဆောင်ရှောက် စိတ်လည်းပျော်နေသလို မုန်ကျင်းကျိုးကိုလည်း ကြည့်လေလေ သဘောကျလေဖြစ်နေသည်။
ထို့ကြောင့် လျှို့ဝှက်ချက်ကို ထုတ်ပြောသည်။
"လွန်ခဲ့တဲ့ နှစ်လေးထောင်က ငါတို့ဘိုးဘေးရဲ့ကျင့်စဉ်အဆင့်ဟာ မင်းတို့နဲ့အတူတူလောက်ပဲ။ မဟာရှားက ကျင့်ကြံသူနှစ်ယောက် လေ့ကျင့်ရေးဆင်းဖို့ အရှေ့ပင်လယ်ကိုလာကြတယ်။
အဲဒီ့နှစ်ယောက်က အကြီးအကဲထန်ရှန်းယိနဲ့ အကြီးအကဲရှန်ကွမ်ယုပဲ။
ထန်ရှန်းယိက ပင်လယ်ထဲမှာ ငါးမျှားတယ်။ အဖိုးတန်ဆေးဝါးတွေကို ငါးစာအဖြစ်သုံးတယ်။ အဲဒီ့ဆေးတွေ တန်ဖိုးကြီးမှန်းသိတော့ ငါတို့ဘိုးဘေးက ခွန်ငါးအဖြစ်အသွင်ပြောင်းပြီး ဆေးတွေကိုစားတယ်။ ငါးမျှားချိတ်ကိုမဟပ်ဘဲ ထွက်ပြေးတယ်။
ထန်ရှန်းယိ အထပ်ထပ်အခါခါ နစ်နာဆုံးရှုံးခဲ့တာပေါ့။ နောက်ဆုံးတော့ အကြီးအကဲထန်က အသွင်ပြောင်းပညာနဲ့ သူကိုယ်တိုင် ဆေးလုံးအဖြစ်ဟန်ဆောင်တယ်။ သူ့ကိုငါးစာအဖြစ် ရေထဲကိုပစ်ချဖို့ ရှန်ကွမ်ယုကိုခိုင်းတယ်။
ငါတို့ဘိုးဘေးက သတိပေါ့ဆတော့ လှည့်ကွက်မိသွားတယ်။ သူမျိုလိုက်တဲ့ဆေးလုံးက အကြီးအကဲထန်ဖြစ်နေတယ်လေ။
အကြီးအကဲထန်က မူလပုံစံပြန်ပြောင်းပြီး ငါတို့ဘိုးဘေးကို သွေးအန်သေးထွက်တဲ့အထိ ရိုက်နှက်တယ်။ ငါတို့ဘိုးဘေးက တောင်းပန်ရတာပေါ့။
အဲဒီ့အချိန်မှာ ရှန်ကွမ်ယုက ငါးမျှားချိတ်ကို ငါးဟပ်တယ်ထင်ပြီး ငါးမျှားတံကို ဆွဲမလိုက်တယ်။ ငါတို့ဘိုးဘေးရော ထန်ရှန်းယိရော အတူပါလာတယ်။
သူတို့နှစ်ယောက် ရေထဲမှာရော ကောင်းကင်မှာရော တိုက်ခိုက်တယ်။ ထန်ရှန်းယိက ငါတို့ဘိုးဘေးကို ဆက်တိုက်အနိုင်ယူတယ်။
အဲဒီတုန်းက ငါတို့ဘိုးဘေးဟာ ကျင့်စဉ်ပါရမီရှင်တစ်ယောက်ပဲ။ တိုက်ပွဲတစ်ရာဆက်တိုက်အနိုင်ယူခဲ့တဲ့လူပါ။ သူတစ်ခါမှ ဒီလိုအနိုင်မယူခံရဖူးတော့ ငိုကြီးချက်မနဲ့ တိုက်ပွဲအဆုံးသတ်သွားတယ်။ အဲလိုနဲ့ ပြဿနာလည်းရှင်းသွားတယ်။
စိတ်ဓာတ်နူးညံ့တဲ့ရှန်ကွမ်ယုက ဒဏ်ရာရနေတဲ့ငါတို့ဘိုးဘေးကို နှစ်သိမ့်အားပေးတဘ်။ ဒဏ်ရာကုပေးတယ်။ အဲလောက်ကြမ်းတမ်းရမလားဆိုပြီး ထန်ရှန်းယိကိုတောင် အပြစ်တင်ခဲ့တယ်။
အဲဒီ့ကိစ္စဖြစ်ပြီးနောက်ပိုင်း ငါတို့ဘိုးဘေးက ရှန်ကွမ်ယုကို သံယောဇဉ်တွယ်သွားပုံပဲ။ ဒီကိစ္စကို ဘယ်သူမှမသိဘူးလို့ သူထင်နေပေမယ့် အရင်ကတည်းက လူအတော်များများသိကြပြီးသားပါ"
ပြောရင်းပြောရင်း ခေါင်းဆောင်ရှောက် ပို၍စိတ်အားတက်ကြွလာသည်။ တစ်ချိန်က ထိုကိစ္စကို ဖော်ထုတ်ဖို့ အကြီးအကဲအတော်များများထံ သူသွားလည်ခဲ့သည်။
ထိုနည်းလမ်းဖြင့် ဇာတ်လမ်းအမှန်ကို ဆက်စပ်ကြည့်ခဲ့ခြင်းဖြစ်သည်။
"အကြီးအကဲထန်က ငါတို့ဘိုးဘေးငိုနေတာကို မှော်ဖန်လုံးနဲ့ မှတ်တမ်းတင်ပြီး မိတ္တူတွေတောင် အများကြီးပွားထားခဲ့တာ။ အရင်က မင်းတို့ဂိုဏ်းကိုရောက်တော့ အကြီးအကဲထန်ဆီက မိတ္တူမှတ်တမ်းတစ်ခု ငါရခဲ့တယ်။
အဲဒါကိုကြည့်တိုင်း ငါအူတက်အောင်ရယ်နေရတုန်းပဲ"
ခေါင်းဆောင်ရှောက်က သူ့ပေါင်သူရိုက်၍ အားရပါးရရယ်မောနေသည်။
'ခုနက အမရှန်ကွမ်နဲ့ ငါရင်းနှီးတယ်လို့ ပြောလိုက်မိတာ ကံကောင်းတာပဲ။ မဟုတ်ရင် ဘိုးဘေးဆရာလုပ်ခဲ့တဲ့ကိစ္စကြောင့် အရှင်ဟေးယုက ငါတို့ကို အနည်းဆုံးတော့ ငှက်သိုက်ထဲမှာ ကြိုးတုပ်ထားလောက်တယ်'
လုယန်စိတ်ထဲ တွေးနေသည်။
"နောက်ပိုင်း အရှေ့ပင်လယ်ထဲ သူတို့စူးစမ်းလေ့လာတဲ့အချိန်မှာ လျှို့ဝှက်မြေတွေတွေ့တယ်။ မသေမျိုးဆေးပင်တွေတွေ့တယ်။
အန္တရာယ်ကြုံလာတဲ့အခါတိုင်း ငါတို့ဘိုးဘေးကို ထန်ရှန်းယိက အတင်းတွန်းပို့ပြီး ရင်ဆိုင်ခိုင်းတယ်။ ဒါမှမဟုတ်လည်း ထန်ရှန်းယိကို ငါတို့ဘိုးဘေးက အတင်းတွန်းပို့တယ်။
သူတို့ခွဲခွာရမယ့်အချိန်ရောက်တော့ ရှန်ကွမ်ယုကို ဖွင့်ပြောသင့်မပြောသင့် ငါတို့ဘိုးဘေးက စဉ်းစားတယ်။ အကြီးအကဲထန်က ကံစီမံရာအတိုင်းရွေးချယ်ဖို့ အကြံပြုတယ်။
'ငှက်မွေးတစ်ချောင်းဆွဲနှုတ်လိုက်။ မင်းဖွင့်မပြောဘူးလို့ ပါးစပ်ကနေပြော။ နောက်ထပ်ငှက်မွှေးတစ်ချောင်းနှုတ်လိုက်။ ဖွင့်ပြောမယ်လို့ ငါးစပ်ကနေပြော။ နောက်ဆုံးကျန်တဲ့ငှက်မွှေးကို ဆွဲနှုတ်ပြီးတဲ့အချိန် ဖွင့်ပြောသင့်မပြောသင့် မင်းအဖြေသိလာလိမ့်မယ်'တဲ့။
ငှက်မွှေးနှုတ်ရင် မနာဘူးလားလို့ ငါတို့ဘိုးဘေးကမေးတော့ အကြီးအကဲထန်က 'ဒီဝေဒနာလောက်တောင် သည်းမခံနိုင်ရင် မင်းသူ့ကိုချစ်တယ်လို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ'တဲ့။
ငါတို့ဘိုးဘေးက အံတင်းတင်းကြိတ်ပြီး သူ့ငှက်မွှေးတွေကို တစ်ပင်မှကျန်တော့တဲ့အထိ တစ်ညလုံးနှုတ်တယ်။ သွားဖွင့်ပြောသင့်တယ်ဆိုတဲ့ အဖြေထွက်လာတယ်။ ဒါကြောင့် မိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်နဲ့ သူသွားတယ်လေ။ ဟားဟားဟား။
အကြီးအကဲထန်ဆီမှာ မှတ်တမ်းမှော်ဖန်လုံးတစ်ခုရှိတယ်။ မိတ္တူပွားပေးဖို့တောင် ငါသူ့ကိုတောင်းဆိုထားတယ်။
...ငါတို့ဘိုးဘေး ဖွင့်မပြောနိုင်ခင်မှာပဲ ရှန်ကွန်ယုက ထိတ်လန့်တကြား ထွက်ပြေးသွားတယ်။ ရှန်ကွမ်ယု မဟာရှားကိုပြန်ရောက်သွားပြီးနောက်မှာ ငါတို့ဘိုးဘေးက ရည်းစားစာတွေပို့တယ်။ ဒါပေမယ့် စိတ်အရမ်းလှုပ်ရှားနေတော့ အောက်မှာသူ့နာမည်ရေးဖို့ မေ့နေတယ်။
စာတွေက အရှေ့ပင်လယ်မှာကြုံခဲ့ရတဲ့ သူတို့အဖြစ်အပျက်တွေကို ပြန်ပြောထားတာ။ အဲတော့ ရှန်ကွမ်ယုက ဒီစာတွေကို အကြီးအကဲထန်ပို့တာလို့ ထင်သွားတယ်လေ"
မုန်ကျင်းကျိုး အော်ဟစ်ရယ်မောနေသည့် ခေါင်းဆောင်ရှောက်ကိုကြည့်၍ စေတနာဖြင့် သတိပေးသည်။
"ခေါင်းဆောင်ရှောက်၊ ခင်ဗျားနောက်ဘက်ကို ခေါင်းလှည့်ပြီးကြည့်လိုက်ပါလား"
ခေါင်းဆောင်ရှောက်က အပြုံးရိပ်မသေသေးသည့်မျက်နှာဖြင့် နောက်ဘက်သို့လှည့်ကြည့်သည်။
ထို့နောက် သူ့အပြုံးရိပ် ချက်ချင်းပျောက်ကွယ်သွားသည်။ အလွန်တရာမျက်နှာတင်းမာနေသည့် အရှင်ဟေးယုကို သူမြင်ရသည်။
ဟေးယုက အေးစက်စက်ပြောသည်။
"မိန်လီ၊ အခုတလော မင်းကျင့်စဉ်စွမ်းအားမတိုးတက်တာ ငါသတိထားမိတယ်။ မင်းအတော် ရေသာခိုနေတယ်ထင်တယ်။
လာပါ..အတူတူသွားပြီး လေ့ကျင့်ရအောင်"