← Chapters

ဆုကြေးကြော်ငြာ

Vol. 51 Ch. 755

ဆုကြေးကြော်ငြာ

Vol. 51 Ch. 755

ဖန်လိုင်ကျွန်းသည် အရှေ့ပင်လယ်ကျင့်ကြံသူမဟာမိတ်၏ ဌာနချုပ်ဖြစ်သည်။ အရှေ့ပင်လယ်လူသားမျိုးနွယ်၏ အကြီးဆုံးအင်အားစုဖြစ်၍ ထူးခြားသည့် သွင်ပြင်လက္ခဏာမျိုးရှိသည်။

ဝေလငါးများအတန်းလိုက် အဆက်မပြတ်ဆိပ်ကမ်းကပ်လာသည်။ ပါးစပ်ကိုဖွင့်သည်။ ကျင့်ကြံသူများ ထွက်လာသည်။

ကျွန်းတွင်နေထိုင်သူအများစုက သာမန်လူများဖြစ်သည်။ သို့သော် ကျင့်ကြံသူများလည်း မရှားလှ။ နေရာတိုင်းတွေ့နိုင်သည်။ ချီအဆင့်နှင့် အခြေတည်အဆင့်ကို အများစုတွေ့ရသည်။

ဖန်ရှန်းကျွန်းနှင့်ယှဉ်လျှင် ဖန်လိုင်ကျွန်းသည် နတ်ဘုံနတ်နန်းလိုဖြစ်နေသည်။

ဖန်လိုင်ကျွန်းသခင်က ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ မဟာရှားဂိုဏ်းခွဲခြားမှုစနစ်အရဆိုလျှင် ဖန်လိုင်ကျွန်းသည် မဟာထိပ်သီးဂိုဏ်းအဆင့်ရှိသည်။ မဟာရှားတစ်နိုင်ငံလုံးတွင် ထိုဂိုဏ်းမျိုး ကိုးဂိုဏ်းသာရှိသည်။

ထို့ပြင် ဖန်လိုင်ကျွန်းသည် အရှေ့ပင်လယ်ကျင့်ကြံသူအများစု စုဝေးသည့်နေရာဖြစ်သည်။ အခြေခံအင်အား တောင့်တင်းသည်။ မဟာရှားမှ မဟာထိပ်သီးဂိုဏ်းများထက်ပင် အင်အားပိုများသည်။

ဌာနချုပ်သို့ရောက်ချိန်တွင် ယန်တိုင်ရှားက ဘုံကိုးဆင့်နန်းတော်ရှေ့သို့သွားသည်။ အဆင့်တစ်ခုကျင်းစီကို မှော်အဆောင်များ၊ မှော်စက်ဝန်းများဖြင့် တန်ဆာဆင်ထားသည်။ တာအို၏အနှစ်သာရများဖြစ်သည်။

မိုးမြေနိယာမစွမ်းအားများကို ကိုယ်စားပြုသည်။ နန်းတော်ရှေ့ရပ်နေရသည်ပင် စိတ်အားငယ်သလို ခံစားရလိမ့်မည်။

"မိတ်ဆွေတို့၊ ကျုပ်အရင်ဝင်ပြီး မဟာမိတ်မှာ မှတ်ပုံတင်စာရင်းပေးလိုက်ဦးမယ်။ ကျုပ်ကိစ္စတွေပြီးတာနဲ့ ခင်ဗျားတို့ကို ဖန်လိုင်ကျွန်းပေါ် လှည့်ပတ်ကြည့်ဖို့ ခေါ်သွားပေးမယ်။ အဆင်ပြေတယ်မဟုတ်လား"

ယန်တိုင်ရှားက လက်နှစ်ဘက်ဆုပ်အရိုအသေပြု၍ပြောသည်။ မဟာမိတ်အဖွဲ့ဝင်မဟုတ်လျှင် နန်းတော်ထဲသို့ ဝင်ခွင့်မရှိ။

"အဆင်ပြေပါတယ် မိတ်ဆွေယန်။ ခင်ဗျားလုပ်စရာရှိတာသာ သွားလုပ်ပါ"

လုယန် ရယ်မော၍ပြောသည်။ သူတို့အလျင်မလိုပါ။

ဝိညာဉ်ပောင်းအဆင့်သည် မဟာမိတ်တွင် အလေးချိန်စီးသည်။ ယန်တိုင်ရှား နန်းတော်ထဲဝင်ပြီး အကျိုးအကြောင်းရှင်းပြသည်။ သိပ်မကြာမီ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက် ထွက်လာပြီး သူ့ကိုနှုတ်ဆက်သည်။

ယန်တိုင်ရှား ကိုယ့်အားကိုယ်ကိုးပြီး အဆင့်တက်ခဲ့ကြောင်းကြားသည်နှင့် ထိုလူ အတော်လေးစားသွားသည်။

"သွားစို့၊ မိတ်ဆွေယန်မှာ လုပ်စရာတွေရှိလောက်သေးတယ်။ ငါတို့ဘာသာ လှည့်ပတ်ကြည့်ကြတာပေါ့"

လုယန် သူ့အဖော်များကိုခေါ်သည်။ လမ်းပြပါပါမပါပါ သူတို့အတွက် သိပ်မထူးလှ။

"လာကြည့်ပါနော်။ လတ်လတ်ဆတ်ဆတ်ဖမ်းထားတဲ့ ကြယ်ကိုးပွင့်လျှပ်စီးငါးရှဉ့်ပါ"

လူတစ်ယောက်က နက်ပြောင်နေသည့် တစ်မီတာအရှည် ငါးရှဉ်းတစ်ကောင်ကိုင်ပြီး အော်ဟစ်ရောင်းချနေသည်။ ငါးရှဉ့်၏ ဘေးတစ်ဘက်တစ်ချက်စီတွင် အစက်အပြောက်လေးခုစီရှိသည်။

ဦးခေါင်းထိပ် အလယ်တည့်တည့်တွင် တစ်ခုရှိသည်။ အတော်ရှားပါးသည် ကြယ်ကိုးပွင့်ငါးရှဉ့်ဖြစ်သည်။

"ဦးလေး၊ ဒီငါးရှဉ်က ဘယ်လောက်လဲ"

ထိုလူက ခပ်ညှင်းညှင်းရယ်လျက် ပြန်ပြောသည်။

"ရောင်းဖို့မဟုတ်ပါဘူး"

မေးသည့်လူ မကျေမနပ်ဖြစ်သွားသည်။

"မရောင်းဘဲနဲ့ ခင်ဗျားက ဘာလို့အော်နေတာလဲ"

"အဲလိုမအော်ရင် ငါကြယ်ကိုးပွင့်ငါးရှဉ့်ဖမ်းမိတာ လူတွေဘယ်သိတော့မလဲ"

"လျှို့ဝှက်နယ်မြေကနေ အခုမှတူးဖော်လာတဲ့ ရှေးဟောင်းဆေးဝါးတွေနော်။ တစ်ပုလင်းကို ဝိညာဉ်ကျောက်တစ်သိန်းပါ"

တစ်ယောက်က မြေကြီးများပေကျံနေသည့် ဆေးပုလင်းများကို ခင်းကျင်းရောင်းချနေသည်။

ကျင့်ကြံသူလောကဓလေ့က ထိုသို့သာဖြစ်သည်။ လျှို့ဝှက်နယ်မြေမှရသည့် ဆေးများကို အဖုံးမဖွင့်ဘဲရောင်းလေ့ရှိသည်။

အထဲမှဆေးကောင်းမကောင်း အလောင်းအစားလုပ်ကြရသည်။ လူတစ်ယောက်၏ ခွဲခြားသုံးသပ်နိုင်စွမ်းကို စစ်ဆေးသည့်နည်းလမ်းလည်းဖြစ်သည်။

"ဒီမှာလည်း ရှေးဟောင်းဆေးဝါးတွေရှိနေတာပဲ"

ထောင်ယော်ယဲ့ တအံ့တဩ တီးတိုးရေရွတ်သည်။

ဆေးဘုရင်လေးက အထင်မကြီးသည့်လေသံဖြင့်

"ဘာရှေးဟောင်းဆေးလဲ။ ကပ်နေတဲ့မြေကြီးတွေကပဲ ရှေးကျတာပါ"

ရှေးဟောင်းခေတ်ကတည်းက ရှင်သန်ခဲ့သူဖြစ်၍ သူ့တစ်သက်တာတွင်စားသုံးခဲ့သည့် မြေကြီးများ မရေမတွက်နိုင်လောက်အောင်များသည်။ မြည်းစမ်းစရာမလိုပဲတစ်ချက်ကြည့်ရုံဖြင့် မြေကြီး၏သက်တမ်းကို အကဲဖြတ်နိုင်သည်။

"အကင်တွေရမယ်နော်၊ လတ်လတ်ဆတ်ဆတ်ကင်ထားတဲ့ သိုးသားကင်တွေပါ။ တစ်ခုစားရင် အသက်ရှည်မယ်။ နှစ်ခုစားရင် အဆင့်တက်မယ်။ သုံးခုစားရင် ထာဝရအသက်ကိုပိုင်ဆိုင်မယ်"

လုယန် အလိုလိုလှည့်ကြည့်မိသည်။ လမ်းဘေးတွင် အသားကင်ဆိုင်တစ်ခုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

"ဒီမှာလည်း အသားကင်ဆိုင်ဖွင့်ထားတာလား"

မုန်ကျင်းကျိုးလည်း တအံ့တဩဖြစ်နေသည်။ ကိုးငရဲဂိုဏ်းက ငွေရှာရာတွင် အတော်ဇွဲကောင်းသည်။ ပင်လယ်ရပ်ခြား ဖန်လိုင်ကျွန်းသို့ပင် စီးပွားရေးချဲ့ထွင်ထားသည်။

လုယန် ခေါင်းခါသည်။ သူ့အမူအရာက တည်ကြည်လေးနက်သည်။

"ငါတို့အသားကင်တွေက ဒီလိုအနံ့မျိုးမဟုတ်ဘူး။ ဒီဆိုင်က မီးတောက်စစ်လည်းမသုံးဘူး။ အတုပဲ"

ထိုမျှသာမကသေး။ အမှတ်တံဆိပ်မပါသည် ကားပျံများ၊ တရားမဝင် အိပ်မက်ရေပွက်ပုံရိပ်များကိုလည်း တွေ့ကြရသည်။ အားလုံး ပြောင်ပြောင်တင်းတင်း ရောင်းချနေခြင်းဖြစ်သည်။

မဟာရှားတွင် မူပိုင်ခွင့်စည်းမျဉ်းက တင်းကြပ်သည်။ သို့သော် အရှေ့ပင်လယ်တွင် ထိုသို့မဟုတ်။ ငွေရှာသည့်အလုပ်မှန်သမျှ တရားမျှတသည်ဟု ယူဆကြသည်။

အသိပညာမူပိုင်ခွင့်ကို ကာကွယ်ဖို့မဆိုထားနှင့်။ လူသတ်မှု မီးရှို့မှုများပင် တရားမျှတသလိုဖြစ်နေသည်။

ထို့ကြောင့်လည်း မဟာရှားတွင် ဆေးဖော်စပ်နည်း၊ မှော်စက်ဝန်းပညာ စသည့်ပညာများအား မျိုးဆက်တူများကိုသာ သင်ကြားခွင့်ပေးသည်။

တရားမဝင် ဖြန့်ဖြူးလျှင် သေဒဏ်သတ်မှတ်ထားသည်။

လုယန် တွက်ချက်ကြည့်သည်။ အရှေ့ပင်လယ်တွင် အနည်းဆုံး ဝိညာဉ်ကျောက် ရှစ်သန်းခန့် ဆုံးရှုံးသွားသည်။

သူရင်နာသည်။ ရှစ်သန်း...။ လောင်မုန်၏အသက်ကိုဝယ်ဖို့ပင် ကောင်းကောင်းလုံလောက်သည့် ပမာဏဖြစ်သည်။

မုန်ကျင်းကျိုးက သူ့ကိုမျက်လုံးစွေ၍ကြည့်သည်။ ထိုသူတောင်းစား မကောင်းသည့်အတွေးမျိုးတွေးနေသည်ဟု သူခံစားနေရသည်။

လီဟော်ရန်က လုယန်ကို နှစ်သိမ့်သည်။

"အရှေ့ပင်လယ်က ဒီလိုပဲလေ။ တဖြေးဖြေးအသားကျလာမှာပါ။ အရင်က ချင်ဟော်ရန်လည်း ဓားပြတိုက်ထားတဲ့ကုန်ပစ္စည်းတွေ အရှေ့ပင်လယ်မှာရောင်းပြီး ငွေအများကြီးရခဲ့တာ။

အဲဒီ့ငွေနဲ့ပဲ ယိရန်ကို လက်ထပ်ခဲ့တာ"

လုယန် "..."

"ဘာလို့ ငါ့ဆရာရဲ့ပုံတူပန်းချီက ဒီမှာရှိနေတာလဲ"

လမ်းဘေးကြော်ငြာဘုတ်တစ်ခုတွင် ဝစီပိတ်၏ပုံတူပန်းချီကို သူတွေ့ရသည်။ ထိပ်တွင် ဆုကြေးကို ဖော်ပြထားသည်။

တာအိုရှင်ဝစီပိတ်။ တာအိုလမ်းစဉ်ဂိုဏ်းချုပ်။ ဆုကြေး - ဝိညာဉ်ကျောက်သန်းတစ်ထောင်။

"ငါ့ဆရာက မှောင်ခိုဈေးမှာ ဈေးအရမ်းမြင့်တယ်လို့ အမြဲတမ်းကြားခဲ့တာ။ အခုမှ လက်တွေ့မြင်ရတယ်"

လုယန် မှတ်ချက်ပေးသည်။ ဝိညာဉ်ကျောက်သန်းတစ်ထောင်သည် လောင်မုန်အသက်တန်ဖိုး ရှစ်သန်းထက် များစွာပို၍ဈေးမြင့်သည်။

ဝစီပိတ်အပြင် တစ်ခြားရင်းနှီးသည့်မျက်နှာများလည်း ကြော်ငြာဘုတ်တွင် ရှိနေသည်။ မဟာအကြီးအကဲ၊ ဆဋ္ဌမအကြီးအကဲ၊ သတ္တမအကြီးအကဲ၊ အဋ္ဌမအကြီးအကဲ...

တာအိုလမ်းစဉ်ဂိုဏ်း၏ အကြီးအကဲတစ်ဝက်လောက် ဆုကြေးထုတ်ခံထားရသည်။ သို့သော် ဝစီပိတ်လောက်တော့ ဆုကြေးမမြင်ကြ။

ထွက်မလာမီ လောင်ပါးပြောလိုက်သည့်စကားကို လုယန်ပြန်သတိရလာသည်။ မဟာအကြီးအကဲသည် ဖန်လိုင် ဖန်ကျန်း ယင်ကျိုးကျွန်းများမှ ဂူသင်္ချိုင်းများထဲသို့ ဝင်ထွက်သွားလာဖူးသည်။

အရှေ့ပင်လယ်ကျွန်းတစ်ကျွန်းပေါ်တွင် ရှေးဟောင်းခေတ်ဒီဇိုင်းပုံစံ ဂူသင်္ချိုင်းတစ်ခုပင် တည်ဆောက်ဖူးသည်ဟုဆိုသည်။ ဖန်လိုင်ကျွန်းသခင်များက ထိုဂူသင်္ချိုင်းကိုတွေ့သည်။ သူတို့ဘိုးဘေးဂူသင်္ချိုင်းဟုထင်ပြီး အရူးတစ်ပိုင်းဖြစ်ကုန်ကြသည်။

နောက်ဆုံးတွင် ဖန်လိုင်ကျွန်းသို့ ထိုသင်္ချိုင်းမှ ခေါင်းတလားကိုသယ်လာပြီး သူတို့မိသားစုမျိုးဆက်စာရင်းကို နေ့တစ်ဝက်ကြာအောင် စစ်ဆေးသည်။ ခေါင်းတလားရှေ့တွင် ဒူးထောက်ရှိခိုးသည်။

ထို့နောက်တွင် မဟာအကြီးအကဲ ခေါင်းတလားထဲမှ ခုန်ထလာသည်။

ထိုစဉ်က ဆဋ္ဌမအကြီးအကဲသည် သန့်စင်မသေမျိုးခန္ဓာကို အဆင့်တက်ဆဲကာလဖြစ်သည်။ သူ့သန့်စင်စွမ်းအင်နယ်မြေက အလိုလိုပွင့်နေသည်။ တစ်ယောက်ယောက်စကားပြောတိုင်း သူ့နယ်မြေစွမ်းအင် အသက်ဝင်လာသည်။

ထို့ကြောင့် စားသောက်ပွဲများတက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

သတ္တမအကြီးအကဲနှင့် အဋ္ဌမအကြီးအကဲက မဟာရှားဥပဒေလက်တံမရောက်သည့်အဖြစ်ကို အခွင့်ကောင်းယူပြီး အရှေ့ပင်လယ်နေရာစုံတွင် လိမ်ညာလှည့်စားသည်။ သူတို့လိမ်နည်းပတ်နည်းများက တစ်နေ့ချင်းတိုးတက်လာသည်။

အရှေ့ပင်လယ်သားများ သူတို့ကို မဖမ်းနိုင်ကြ။ ထို့ကြောင့် မဟာရှားကို ကိုယ်ပိုင်တရားစီရင်ခွင့်ပေး၍ ထိုနှစ်ယောက်ကို ဖမ်းဆီးဖို့တောင်းဆိုသည်။ မဟာရှားကလည်း အရှေ့ပင်လယ်၏ အချုပ်အခြာအာဏာကို လေးစားကြောင်းပြော၍ ထိုကိစ္စကိုငြင်းပယ်ခဲ့သည်။

လမ်းသွားလမ်းလာများက ကြော်ငြာဘုတ်ကိုကြည့်၍ အတိတ်မှ မနှစ်မြို့စရာအကြောင်းများ ပြန်စဉ်းစားမိလာကြသည်။

"ဝစီပိတ်ကြော်ငြာက အခုထိရှိနေတုန်းပါလား။ နှစ်ပေါင်းရာချီကြာပြီ။ အရှေ့ပင်လယ်မှာ သူပေါ်မလာတာ နှစ်နှစ်ရာလောက်ကြာပြီမဟုတ်လား"

"ဟုတ်တာပေါ့။ ဝစီပိတ်ကို ဝိညာဉ်ကျောက် သန်းငါးရာဆုကြေးထုတ်တဲ့အချိန်ကို ငါမှတ်မိသေးတယ်။ တစ်ခါတုန်းက သူအဖမ်းခံသလိုဟန်ဆောင်တယ်။

နောက်တော့မှ တာအိုလမ်းစဉ်ဂိုဏ်းက မဟာအကြီးအကဲနဲ့ပေါင်းပြီး ဆုကြေးငွေကိုလိမ်ယူသွားမှန်းသိရတယ်။ အဲဒီကိစ္စဖြစ်ပြီးတော့ ဆုကြေးက သန်းတစ်ထောင်အထိ တိုးသွားတယ်။

သူ့အရိပ်အယောာင်ပေါ်လာတိုင်း အဆင့်မြင့်စွမ်းအားရှင်တစ်ယောက်ယောက် အဖွဲ့တစ်ခုကို ဦးဆောင်ပြီး လာဖမ်းတယ်"

"ဝိညာဉ်ကျောက်သန်းတစ်ထောင်။ အင်း...ဝစီပိတ်ကိုသာဖမ်းနိုင်ရင် ဘဝလေးငါးခုစာလောက် ကျင့်စဉ်ရင်းမြစ်အထောက်အပံ့အတွက် စိတ်ပူစရာမလိုတော့ဘူး"

"ဝစီပိတ်ကိုဖမ်းဖို့လား။ ဒါကတော့ စိတ်ကူးယဉ်အတွေးပဲ။ အရင်က ကျင့်ကြံသူတစ်ချို့ ဝစီပိတ်နာမည်သုံးပြီး အပြင်မှာမကောင်းမှုတွေလုပ်ကြတယ်။

ဒါပေမယ့် ဆုကြေးလိမ်တဲ့ကိစ္စဖြစ်ပြီးတော့ ကူးဖြတ်ခြင်းအဆင့်တွေတောင် သူ့နာမည်ကို မသုံးရဲကြတော့ဘူး"

ဓာတ်ငါးမျိုးဂိုဏ်းတပည့်နာမည်ခံထားသဖြင့် တော်သေးသည်ဟု လုယန်တွေးနေသည်။

တာအိုလမ်းစဉ်ဂိုဏ်းနှင့် ဓာတ်ငါးမျိုးဂိုဏ်း၏ဆက်ဆံရေးအရ တစ်ဘက်က စိတ်ဆိုးလျှင်ပင် သိပ်ပြဿနာမရှိနိုင်။

All Chapters