အစေခံလုပ်ခွင့်
Vol. 51 Ch. 756
"ငါ့ဆရာက စိတ်ချရသေးတယ်။ ဆုကြေးထုတ်ထားတဲ့ထဲ မပါဘူး"
မုန်ကျင်းကျိုး၊ အရိုးရိုင်းနှင့် လီဟော်ရန်တို့ ကိုယ့်ကိုယ်ကို ကျေနပ်နေကြသည်။
ဆုကြေးစာရင်းတွင် လုယန်နှင့် ထောင်ယော်ယဲ့တို့၏ဆရာများသာပါသည်။
လုယန် ဘာမျှမပြော။ ကြော်ငြာဘုတ်နောက်ကျောဘက်သို့ အသံတိတ် ပတ်လျှောက်သွားသည်။ နောက်ကျောဘက်တွင် တတိယအကြီးအကဲ၊ စတုတ္ထအကြီးအကဲ၊ ပဥ္စမအကြီးအကဲတို့၏ ဆုကြေးကြော်ငြာများကပ်ထားသည်။
ဘုတ်ပြားရှေ့ဘက်မှ ဆုကြေးများထက်တော့ နည်းနည်းနိမ့်သည်။
"ငါတို့ဂိုဏ်းတစ်ခုလုံး သေမိန့်ချထားသလိုပါပဲလား"
မုန်ကျင်းကျိုး စုပ်သပ်အံ့ဩနေသည်။
လုယန် မျက်မှောင်ကျုံ့၍ မုန်ကျင်းကျိုးစကားကို ပြန်တုံ့ပြန်သည်။
"ငါတို့ဂိုဏ်းဆိုတာ ဘာကိုပြောတာလဲ။ ဒီဆုကြေးကြော်ငြာက တာအိုလမ်းစဉ်ဂိုဏ်းကလူတွေလေ။ ငါတို့ဓာတ်ငါးမျိးဂိုဏ်းနဲ့ ဘာဆိုင်လို့လဲ"
လီဟော်ရန်လည်း လုယန်စကားကို ထောက်ခံဟန်ဖြင့် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။
"ပြီးတော့၊ အားလုံးကို သေမိန့်ချထားတာမဟုတ်ပါဘူး။ ဆုကြေးစာရင်းထဲမှာ လောင်ပါးမပါဘူးလေ"
လောင်ပါး လိမ်ပြောခဲ့ခြင်းမဟုတ်။ သူသည် တာအိုလမ်းစဉ်ဂိုဏ်း၏ တစ်ဦးတည်းသော လွတ်ကင်းသူဖြစ်သည်။
အရှေ့ပင်လယ်သည် အလွန်အန္တရာယ်များကြောင်း နားလည်လာသည်။ ကိုယ့်ကိုယ်ကို ဓာတ်ငါးမျိုးဂိုဏ်းဝင်များဟု စိတ်နှစ်ထားပြီး ချိုးကျင်အန်း မထင်မှတ်ဘဲပေါ်လာလျှင် 'ဂိုဏ်းချုပ်'ဟု ဝိုင်းခေါ်ကြဖို့ ဆုံးဖြတ်ထားကြသည်။
ဟန်ရွှေမြို့တော်တွင် ချိုးကျင်အန်းနှင့် ကတိကဝတ်တစ်ခုထားခဲ့သည်ကို လုယန်ပြန်သတိရလာသည်။ ချိုးကျင်အန်းသည် ယခုလိုအသေးအဖွဲကိစ္စမျိုးကို အာရုံစိုက်နေမည်မထင်။
ကြော်ငြာဘုတ်ပြားနားမှ သူတို့ထွက်လာခဲ့သည်။ ထွက်မလာမီ လမ်းသွားလမ်းလာများဆွေးနွေးနေသည့် တစ်ခြားအကြောင်းအရာများကို ကြားရသည်။
"မသေမျိုးအကဲဖြတ်ပွဲက မကြာခင်ကျင်းပတော့မှာလို့ပြောတယ်"
"ဘာမသေမျိုးအကဲဖြတ်ပွဲလဲ။ ကျွန်းသုံးခုကတပည့်တွေ နာမည်ယူတဲ့ပွဲပါ"
"အဲတော့ မင်းကရော ဘာတတ်နိုင်လို့လဲ။ ကျွန်းသုံးကျန်းတပည့်တွေ့က ကျင့်စဉ်ပါရမီရော၊ အဝတ်အစားနဲ့ အထောက်အပံ့တွေရော ငါတို့ထက်အများကြီးပိုသာတယ်။ အဆင့်တူတွေချင်းမှာ သူတို့ကို ဘယ်သူယှဉ်နိုင်လို့လဲ"
"ဒါပေမယ့် သူတို့နာမည်ရဖို့ ငါတို့သာမန်ကျင့်ကြံသူတွေရဲ့ခေါင်းကို တက်နင်းတာမျိုးတော့ မဖြစ်သင့်ပါဘူး"
"လက်ခံရုံပဲရှိတာပေါ့"
"မသေမျိုးအကဲဖြတ်ပွဲကြောင့် ဖန်လိုင်ကျွန်းကိုလာတဲ့လူတွေ အဲလောက်များနေတာများလား"
"ဟုတ်လောက်တယ်"
"ဟေ့..ဒီမှော်ရတနာက အတော်စိတ်ဝင်စားစရာကောင်းတယ်"
တွင်ခုံပေါ်မှ ထူးခြားသည့် မှော်ရတနာတစ်ခု လီဟော်ရန်မြင်လိုက်ရသည်။ သံမဏကြာပန်းတစ်ခုဖြစ်သည်။ ဖွဲ့စည်းတည်ဆောက်ပုံအရ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်ဟန်ရှိသည်။
မဟာရှားမှ လက်နက်ဒီဇိုင်းပုံစံများနှင့် လုံးဝကွဲပြားနေသည်။ ဝယ်ယူလေ့လာထိုက်သည်။
"ဒီမှော်ပစ္စည်းက ဘယ်လောက်လဲ"
"ဒါကို ငါဝယ်မယ်"
သူတို့နောက်ဘက်မှ စကားသံတစ်ခုထွက်လာသည်။ လှည့်ကြည့်ကြသည်။ အင်္ကျီလက်ခေါက်ရိုးနေရာတွင် လှိုင်းတွန့်ပုံသုံးခုပါသည့်ဝတ်စုံကို သားသားနားနားဝတ်စားထားသည့် ကျင့်ကြံသူတစ်ယောက်ကို မြင်ရသည်။
ရုပ်ရည်ချောမောခံ့ညားသည်။ နတ်ဝိညာဉ်အဆင့်ဖြစ်သည်။ သူ့နောက်တွင် ကျင့်စဉ်အဆင့်မနိမ့်သည့် အစေခံတစ်ချို့ပါလာသည်။ အားလုံး နတ်ဝိညာဉ်အဆင့်များဖြစ်သည်။
လုယန်တွေ့ဖူးသည့် ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်ပင် ပါလာသည်။ အဆင့်အတန်းအတော်မြင့်ကြသည်။
"မင်းကဘယ်သူလဲ"
ထိုလူ့အပြုအမူက သိပ်မယဉ်ကျေးသဖြင့် လီဟော်ရန်မျက်မှောင်ကျုံ့သွားသည်။
"ဪ...တာအိုရှင်ဖန်ချောင်ပါလား။ ကျုပ်တို့ ကောင်းကောင်းမကြိုဆိုမိတာ ခွင့်လွှတ်ပါ"
ဆိုင်ရှင်က တောင်းပန်သည့်အပြုံးမျိုးဖြင့် ထွက်လာသည်။
"စကားရှည်မနေနဲ့။ ဒီသံမဏိကြာပန်းကို ငါဝယ်မယ်။ လာမယ့် အကဲဖြတ်ပွဲမှာ အသုံးဝင်လောက်တယ်။ ဈေးဘယ်လောက်လဲ'
ဖန်ချောင်က လီဟော်ရန်ကို လုံးဝအရေးမစိုက်။
"တစ်ခြားလူတွေဆိုရင်တော့ ဝိညာဉ်ကျောက်နှစ်သိန်းရှစ်သောင်းပါ။ ဒါပေမယ့် သခင်ဖန်ချောင်ကို တစ်သိန်းနဲ့ပဲ ပေးပါ့မယ်"
ဖန်ချောင် မျက်ရိပ်ပြလိုက်သည်။ သူ့အစေခံတစ်ယောက်က ဝိညာဉ်ကျောက်တစ်သိန်းထုတ်ပေးပြီး ပစ္စည်းကိုယူသည်။ ဆိုင်ရှင်က အပြုံးမျက်နှာဖြင့် သူတို့ကိုနှုတ်ဆက်ပို့ဆောင်သည်။
ဖန်ချောင်ထွက်သွားပြီးနောက် သူသက်ပြင်းချသည်။ လီဟော်ရန်ကို စိုးရိမ်သည့်အကြည့်ဖြင့်ကြည့်သည်။
"မင်းတို့ ဒီပစ္စည်းကို သူနဲ့ပြိုင်မလုတာ ကံကောင်းသွားတယ်။ သူစိတ်ဆိုးသွားရင် မင်းတို့ ဒီကျွန်းကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး"
"သူကဘယ်သူလဲ။ နာမည်ကြီးတဲ့လူလား"
"မင်းတို့က ဒီကမဟုတ်ဘူးထင်တယ်။ ဖန်လိုင်ကျွန်းတပည့်တွေကို သုံးမျိုးခွဲထားတယ်။ အပြင်ဂိုဏ်းတပည့်၊ အတွင်းဂိုဏ်းတပည့်နဲ့ လက်ရင်းတပည့်ဆိုပြီးရှိတယ်။
အင်္ကျီလက်ပေါ်က လှိုင်းတွန့်ပုံတွေကိုကြည့်ပြီး ခွဲခြားလို့ရတယ်။ ခုနကကျင့်ကြံသူဖန်ချောင်က ဖန်လိုင်ကျွန်းရဲ့ လက်ရင်းတပည့်ပဲ။ လက်ရင်းတပည့်တွေထဲမှာတောင် ဖန်ချောင်က အတော်ထူးခြားတဲ့လူပါ။
ရွှမ်လင်တာအိုရှင်ရဲ့ တပည့်လေ။ ရွှမ်လင်ရဲ့အဖေက နာမည်ကျော် ဖန်လင်ကျွန်းသခင်ပဲ"
လုယန် သဘောပေါက်သွားသည်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ တပည့်ရင်းဖြစ်နေသည်။ ထိုမျှမောက်မာနေသည်မှာ မဆန်းတော့။
အတော်ဂုဏ်ထည်ဝါသည်။ နတ်ဝိညာဉ်အစေခံများခြံရံလျက် ထွက်လာသည်။ လုယန် သူ့ဆရာရင်းယွမ်ကျိအကြောင်း တွေးမိသည်။ ယွမ်ကျိသည် ခရီးထွက်ချိန်တွင် အမြဲတမ်း မထင်မရှားသာနေသည်။
ဆိုင်ရှင်က သက်ပြင်းချသည်။
"ထူးခြားတဲ့သူ့နောက်ခံကြောင့်သာမဟုတ်ရင် သူ့အိပ်မက်ရေပွက်နဲ့ကားပျံလုပ်ငန်းတွေကို တစ်ခြားလူက လွှဲယူပြီးပြီပေါ့"
လုယန် ခေါင်းငြိမ့်သည်။ ဘာမှထပ်မပြော။
သူတို့ငါးယောက် ဆိုင်ထဲမှထွက်ပြီး လမ်းများပေါ် လှည့်ပတ်လျှောက်သည်။ မသေမျိုးအကဲဖြတ်ပွဲဟုခေါ်သည့်အရာကို သူတို့စစ်ဆေးကြည့်ချင်သည်။ သို့သော် ထိုပွဲကို ကျွန်းသုံးကျွန်းကစီစဉ်ခြင်းဖြစ်သည်။
ဖိတ်စာမရှိလျှင် ဝင်၍မရ။
လှည့်ကွက်တစ်ချို့သုံးပြီး ပွဲတက်သင့်မတက်သင့်စဉ်းစားနေစဉ် ဖန်လိုင်ကျွန်းဝတ်စုံဝတ်ထားသည့် လူတစ်ယောက် သူတို့လမ်းကို ပိတ်ရပ်သည်။ သူအင်္ကျီလက်တွင် လှိုင်းတွန့်နှစ်ခုပါသည်။
စွမ်းအင်ရောင်ကို တမင်တကာ ထုတ်လွှတ်ထားသည်။ ဝိညာဉ်ပြောင်းအဆင့်ဖြစ်သည်။
"မင်းဘယ်သူလဲ"
လီဟော်ရန်က ဘုကြည့်ကြည့်၍ ခုနကမေးခွန်းကိုထပ်မေးသည်။
ထိုလူက ပြန်မဖြေဘဲ သူတို့ကို အေးစက်စက်စိုက်ကြည့်သည်။ သူ့စိတ်ထဲတွေ့းနေသည်။ ထိုနတ်ဝိညာဉ်အဆင့်ငါးယောက်ကို သူမမြင်ဖူး။ ကျွန်းသုံးကျွန်းအဖွဲ့ဝင်မဟုတ်လောက်။
သူတို့ကျွန်းမှလူတစ်ချို့ ထိခိုက်ဒဏ်ရာရထားသည်။ အချိန်အတော်ကြာအောင် ကုသမှုခံရဦးမည်။ ထိုလူငါးယေက်ကို အဖွဲ့ဝင်အရေအတွက်ပြည့်အောင် အစားထိုးဖို့ သူတွေးနေသည်။
"မင်းတို့ငါးယောက် ကံကောင်းတယ်။ ငါမင်းတို့ကို မသေမျိုးအကဲဖြတ်ပွဲကို ခေါ်သွားမယ်။ မင်းတို့ကောင်းကောင်း တာဝန်ထမ်းဆောင်ရင် ဖန်လိုင်တပည့်တစ်ယောက် ဒါမှမဟုတ် အကြီးအကဲတစ်ယောက်က သဘောကျသွားပြီး အစေခံလုပ်လို့ရနိုင်တယ်"
လုယန်တို့သည် နတ်ဝိညာဉ်အဆင့်များသာဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်၏စကားကို မပယ်ရှားနိုင်။
အကဲဖြတ်ပွဲသို့သွားသည့်လမ်းတွင် စကားနည်းနည်းပြောဖြစ်သည်။ ထိုကျွန်းတပည့်နာမည်က ရှုကျဲဟု သိရသည်။
နေရာစုံမှနာမည်ကျော်ပုဂ္ဂိုလ်များကို ဖိတ်ကြားထားသည့် အကဲဖြတ်ပွဲသို့တက်ရန် သူတို့ကိုခေါ်သွားသည်။ အရှေ့ပင်လယ်ကျင့်ကြံသူများသာမက မဟာရှားစွမ်းအားရှင်များကိုလည်း ဖိတ်ခေါ်ထားသည်။
မသေမျိုးအကဲဖြတ်ပွဲဟုခေါင်းစဉ်တပ်ထားသော်လည်း ကျွန်းသုံးကျွန်းတပည့်များ နာမည်ကောင်းယူသည့်ပွဲသာဖြစ်သည်။
ဖန်လိုင်ကျွန်းတပည့်များသည် ကျင့်ကြံသူများကြားတွင် မသေမျိုးလမ်းစဉ်ပါရမီရှင်များအဖြစ် နာမည်ကျော်သည်။ ထူးခြားသည့်တိုက်ခိုက်စွမ်းအားရှိသည်။ သူတို့အစွမ်းအစကို သက်သေပြဖို့ အကောင်းဆုံးနည်းလမ်းက အဆင့်တူကျင့်ကြံသူများကို စိန်ခေါ်ခြင်းဖြစ်သည်။
တစ်ယောက်ချင်းတိုက်ပွဲသာမဟုတ်။ ပြိုင်ဘက်အုပ်စုကို တစ်ကိုယ်တော်တိုက်ခိုက်သည်လည်းရှိသည်။
လုယန်တို့အုပ်စုက 'ပြိုင်ဘက်အုပ်စု'ထဲတွင် ပါဝင်သည်။
ဒေသအခေါ် 'အနင်းခံလှေခါးထစ်များ'ဖြစ်သည်။
လုယန်တို့ကို အနိုင်ယူနိုင်လျှင် သူတို့နာမည်ဂုဏ်သတင်း ကျော်ကြားလာမည်။
ပွဲကျင်းပရာနေရာတွင် ဘေးလမ်းနှစ်ခုရှိသည့် စက်ဝိုင်းပုံပြိုင်ပွဲစင်မြင့်တစ်ခုရှိသည်။ လမ်းတစ်ဘက်မှ ကျွန်းသုံးကျွန်းတပည့်များဝင်သည်။
တစ်ခြားလမ်းတစ်ဘက်မျှ သာမန်နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ ဝင်လာသည်။
မသေမျိုးအကဲဖြတ်ပွဲက စတင်နေပြီဖြစ်သည်။ ကျွန်းသုံးကျွန်းတပည့်များက စွမ်းအားကြီးသဖြင့် သာမန်ကျင့်ကြံသူဆယ်ယောက်ကျော် ရှုံးနိမ့်ပြီးဖြစ်သည်။
ဖန်လိုင်ကျွန်းက ကျင့်ကြံသူတစ်ဒါဇင်ကျော်ဖမ်းခေါ်၍ ယာယီအင်အားဖြည့်ထားသည်။ လုယန်တို့လည်း ထိုလူများထဲတွင်ပါသည်။
"မသေမျိုးတွေ ဒါမှမဟုတ် မသေမျိုးတစ်ဝက်တွေ ရှိနေမယ်ထင်ထားတာ။ လက်စသတ်တော့ ကိုယ့်ကိုယ်ကို မသေမျိုးလမ်းစဉ်ပါရမီရှင်လို့ ကြွေးကြော်ထားတဲ့လူတွေပဲ"
လုယန် သမ်းတစ်ချက်ဝေသည်။ ဖန်လိုင်ကျွန်းသခင်သုံးယောက် ထိုနာမည်မျိုးပေးရဲသည်ကို သူမယုံနိုင်အောင်ဖြစ်နေသည်။
ပြိုင်ပွဲစင်ဘေး နားနေခန်းထဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သူတို့စောင့်ဆိုင်းနေသည်။ အစက ထိုသာမန်နတ်ဝိညာဉ်ကျင့်ကြံသူများကို တိုက်ခိုက်နည်းသင်ပေးဖို့ တွေးခဲ့ကြသည်။
သို့သော် ထိုကျင့်ကြံသူများက သံသယများသည်။ လုယန်တို့ကို စကားလုံးဝမပြောကြ။
လုယန် မှန်းဆကြည့်သည်။ ရှုကျဲပြောခဲ့သည့်စကားသည် အတည်ဖြစ်သည်။ အကဲဖြတ်ပွဲတွင် ကောင်းကောင်းစွမ်းဆောင်နိုင်သူများသည် ဖန်လိုင်ကျွန်းသို့ တကယ်ဝင်ခွင့်ရှိသည်။
ထို့ကြောင့်လည်း သူတို့ကို ထိုသာမန်ကျင့်ကြံသူများက ပြိုင်ဘက်အဖြစ်သတ်မှတ်ပြီး သတိထားနေကြခြင်းဖြစ်သည်။
လုယန်တို့လူစု စောင့်ဆိုင်းနေရင်း ငြီးငွေ့လာသည်။ အချင်းချင်းအရင်လက်ရည်စမ်းသင့်မစမ်းသင့် စဉ်းစားနေသည်။ ထိုအချိန်မှာပင် သူတို့အလှည့်ရောက်လာသည်။
"ဟေ့...မင်းတို့ငါးယောက်၊ အလှည့်ရောက်ပြီ။ မြန်မြန်တက်ကြတော့"
လုယ်တို့ ပြိုင်ပွဲစင်ဆီ လျှောက်သွားသည်။ သူတို့ပြိုင်ဘက်ကိုမြင်လိုက်ရသည်။
အစောပိုင်းက ဈေးဆိုင်တွင်တွေ့ခဲ့သည့် ဖန်ချောင်ဖြစ်နေသည်။