အခန်း (၁၃၅)
Vol. 13 Ch. 135
ဝိညာဉ်ပင်လယ်အတွင်းသို့ ရှန်းယွီ လှမ်းဝင်လိုက်သည်နှင့် ဝိညာဉ်ကလေးငယ်မှာ သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာပြီး အလွန်အမင်း ဝမ်းသာအားရဖြင့် ပတ်ချာလည် လှုပ်ရှားနေတော့သည်။ ၎င်း၏ သေးငယ်သော ပုံရိပ်မှာ တောက်ပနေသော ဝိညာဉ်စွမ်းအင် ရေစီးကြောင်းများအတွင်း နိမ့်ချည်မြင့်ချည်နှင့် သူရောက်ရှိလာခြင်းအပေါ် ကလေးငယ်တစ်ဦးကဲ့သို့ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။ ရှန်းယွီက လက်ကို ဆန့်ထုတ်လိုက်ကာ ၎င်း၏ ဦးခေါင်းလေးကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"ဒီတစ်ခေါက်တော့ စီနီယာအစ်ကို မင်းနဲ့အတူ ကျင့်ကြံမှာ မဟုတ်ဘူး"
သူက တောင်းပန်တိုးလျှိုးသော်လည်း ခိုင်မာသော လေသံဖြင့် ကြေညာလိုက်သည်။
ကလေးငယ်၏ အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ယခင်က ပျော်ရွှင်နေသော မျက်နှာကလေးမှာ အလွန်အမင်း စိတ်ပျက်အားငယ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအပြောင်းအလဲမှာ သိသိသာသာကြီး ဖြစ်လွန်းသဖြင့် ရှန်းယွီမှာ မမျှော်လင့်ဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။
"တကယ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဒီနေ့ စီနီယာအစ်ကို တခြားလုပ်စရာရှိလို့ပါ။ မင်း စီနီယာအစ်ကိုကို နားလည်ပေးနိုင်တယ် မဟုတ်လား"
သူက ကလေးငယ်၏ ညှိုးငယ်နေသော မျက်နှာကို ကြည့်ရင်း ရှင်းပြလိုက်သည်။
သူတို့သည် အခြေခံအားဖြင့် ဆက်နွှယ်နေကြပြီး ထိုကလေးငယ်မှာ သူ၏ ဝိညာဉ်ကပင် ပုံဖော်ထားခြင်းဖြစ်ရာ သူ၏ လိုအပ်ချက်ကို ၎င်းအနေဖြင့် နားလည်သင့်သည်ဟု ရှန်းယွီက တွေးတောမိသည်။ သို့သော်လည်း ထိုဝိညာဉ်ကလေးငယ်မှာ ဤကဲ့သို့သော အခြေအနေများကို နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာနိုင်လောက်အောင် မရင့်ကျက်သေးသည်ကိုလည်း သူ သတိပြုမိသည်။ ၎င်းတွင် နားလည်နိုင်စွမ်းရှိသော်လည်း စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု လိုအပ်နေသေးခြင်းပင်။
သူ အံ့ဩသွားရသည်မှာ ကလေးငယ်၏ အမူအရာမှာ ထပ်မံ ပြောင်းလဲသွားပြန်သည်။ စိတ်ပျက်မှုများနေရာတွင် ပြတ်သားမှုများက အစားထိုးဝင်ရောက်လာသည်။ ၎င်း၏ သေးငယ်သော မျက်နှာကလေးမှာ စိန်ခေါ်မှုတစ်ခုကို လက်ခံလိုက်သည့်အလား တည်ကြည်သွားသည်။
"ဒီတစ်ခေါက်တော့ မင်းဘာသာမင်း လေ့ကျင့်နေလိုက်ဦးနော်"
ရှန်းယွီက အားပေးလိုက်သည်။
"စီနီယာအစ်ကို နောက်မှ ပြန်လာခဲ့မယ်"
သူ၏ အသိစိတ်မှာ ဝိညာဉ်ပင်လယ်မှ ထွက်ခွာပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် ရှန်းယွီမှာ သက်ပြင်းအရှည်ကြီး တစ်ချက်ကို မချဘဲ မနေနိုင်ခဲ့ပေ။ ထိုကလေးငယ်မှာ သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ၎င်းကို တစ်ဦးတည်း အမြဲတမ်း ပစ်ထားခဲ့ရသလိုမျိုး ခံစားရသဖြင့် အဓိပ္ပာယ်ဖော်မရသော အပြစ်ရှိစိတ်ကို သူ ခံစားနေရဆဲ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ စိတ်စွမ်းအားအမှတ်များ ဖြည်းဖြည်းချင်း တိုးလာသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ထိုကောင်လေးမှာ တကယ်ကို ကြိုးစားသည့်သူ ဖြစ်ပုံရသည်။
'အခုတော့ ငါလည်း ကြိုးစားရမယ့် အချိန်ရောက်ပြီ'
သူက တွေးလိုက်ရင်း သူ၏ ဘေးနားရှိ ဝိညာဉ်စမ်းရေကန်အတွင်း၌ ပေါလောမျောနေသော တောဝက်ကြီးကို လှမ်းကြည့်လိုက်သည်။
သူသည် တောက်ပနေသော ရေပြင်ကို ဖြတ်ကူးသွားပြီး ထိုသတ္တဝါကြီးကို ဂရုတစိုက် မလိုက်သည်။ တိုးတက်လာသော သူ၏ ခွန်အားကြောင့် ၎င်း၏ ကြီးမားလှသော အလေးချိန်မှာ သူ့အတွက် ဘာမှမဟုတ်သလို ဖြစ်နေသည်။ သူသည် ထိုသတ္တဝါကို စမ်းရေကန်အပြင်ဘက်ရှိ ဂူ၏ ခြောက်သွေ့သော ကျောက်ကြမ်းပြင်ပေါ်သို့ မသယ်လာခဲ့သည်။
သူ၏ လယ်သမားအတွေ့အကြုံအမှတ်များ ပထမဆုံးအကြိမ် နှစ်ဆတိုးသွားပြီးနောက် ရှန်းယွီသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်သော အသိအမြင်များစွာကို ရရှိခဲ့သည်။ စိုက်ပျိုးရေးဆိုသည်မှာ ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းသာမက တိရစ္ဆာန်မွေးမြူရေးကိုပါ လွှမ်းခြုံထားကြောင်း သူ သိရှိခဲ့ရသည်။ ဝိညာဉ်သားရဲများ ဖန်တီးသည့် သီးခြားနည်းလမ်းများကို သူ မရရှိသေးသော်လည်း တိရစ္ဆာန်များကို ယဉ်ပါးအောင် ပြုလုပ်ခြင်းနှင့် ဂရုစိုက်စောင့်ရှောက်ခြင်းဆိုင်ရာ အခြေခံဗဟုသုတများကိုမူ သူ ရရှိထားပြီး ဖြစ်သည်။
ယခုမူ သူသည် သတင်းအချက်အလက် တစ်ခုကို အတည်ပြုလိုနေသည်။ တောဝက်ကြီးကို ပက်လက်လှန်လိုက်သောအခါ ရှန်းယွီ၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားသည်။ ထိုသတ္တဝါ၏ ဗိုက်မှာ ယခင်က ညိုညစ်ညစ်ရှိခဲ့သော အရေခွံနှင့် လုံးဝခြားနားစွာဖြင့် အပြာရင့်ရောင် ဖြစ်နေသည်။ ဤထူးခြားသော အရောင်မှာ ယခင်က ရှိမနေခဲ့ပေ။
စိတ်ဝင်တစားဖြင့် သူ၏ အဆင့် (၅) အကဲဖြတ်စွမ်းရည် ဟကို အသက်သွင်းလိုက်ရာ…..
[အမည်- ဇီးရိုး]
[မျိုးစိတ်- တောဝက်]
[အခြေအနေ- ချီစွမ်းအင် အဆိပ်သင့်ခြင်း]
[သတင်းအချက်အလက်- ရှန်းယွီ၏ ဝိညာဉ်သားရဲ ဖန်တီးမှုစမ်းသပ်ချက်မှ အမှတ်စဉ် (၀) သတ္တဝါ]
ရှန်းယွီသည် အဆင့် ၅ သို့ ရောက်ရှိသွားသော သူ၏ အကဲဖြတ်နိုင်စွမ်းကို ကနဦးတွင် သဘောကျသွားမိသည်။ ၎င်းသည် နောက်ဆုံးတွင် စစ်မှန်သော ဆန်းစစ်လေ့လာရေး ကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ဤအဆင့်တွင် သူသည် အခြားသော ကျင့်ကြံသူများကိုပင် အကဲဖြတ်နိုင်လိမ့်မည်ဟု ယူဆရသဖြင့် နောက်ပိုင်းတွင် စမ်းသပ်ကြည့်ရန် မှတ်သားထားလိုက်သည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ အကဲဖြတ်ချက်က သူ၏ သံသယကို အတည်ပြုပေးလိုက်ခြင်းပင်။ ထိုတောဝက်မှာ သူမျှော်လင့်သလို ဝိညာဉ်သားရဲအဖြစ် ပြောင်းလဲနေခြင်းမဟုတ်ဘဲ ချီစွမ်းအင် အဆိပ်သင့်ခြင်းကို ခံစားနေရခြင်းဖြစ်သည်။ သူရရှိထားသော ကျင့်ကြံရေးဗဟုသုတများအရ ဝိညာဉ်စွမ်းအင်များကို သဘာဝအတိုင်း မချေဖျက်နိုင်သော တိရစ္ဆာန်များသည် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော ပတ်ဝန်းကျင်တွင် ကြာရှည်နေထိုင်ပါက ဤဝေဒနာကို ခံစားရတတ်သည်။
ချီစွမ်းအင် အဆိပ်သင့်ခြင်းဆိုသည်မှာ ဝိညာဉ်စွမ်းအင်များကို ကောင်းမွန်စွာ မစုပ်ယူနိုင်သော သတ္တဝါများ၏ ခန္ဓာကိုယ်အတွင်း၌ ထိုစွမ်းအင်များ ကပ်ငြိကာ သွေးကြောမျှင်များ ပိတ်ဆို့သွားခြင်းပင်။ အချိန်မီ မကုသပါက အသက်အန္တရာယ်အထိ စိုးရိမ်ရသည်။
ရှန်းယွီသည် ရောဂါလက္ခဏာကို နားလည်သွားသော်လည်း သူ၏ အတတ်ပညာမှာ ကုသမှုအပိုင်းအထိ မပါဝင်သေးပေ။ လယ်သမားအတတ်ပညာမှာ သူ့ကို ရောဂါခွဲခြားနည်း အခြေခံကိုသာ သင်ပေးထားခြင်းဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် အထူးကု တိရစ္ဆာန်ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ပညာရှင်မျိုးကို ရှာမရနိုင်သဖြင့် သူကိုယ်တိုင်ပင် ကုသရန် ဆုံးဖြတ်လိုက်သည်။
"တကယ်တော့..."
သူက ယုံကြည်ချက်အပြည့်ဖြင့် တွေးလိုက်သည်။
"ဒါက ဘယ်လောက်များ ခက်ခဲသွားမှာမို့လို့လဲ"
သို့သော် အမှန်တကယ်တွင်မူ တော်တော်လေး ခက်ခဲနေလေသည်။
အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ဖြစ်နေသဖြင့် ရှန်းယွီသည် ဝေဒနာခံစားနေရသော တောဝက်ကို ကြည့်ကာ စိတ်ပျက်လာသည်။ သူ အစွမ်းကုန် ကြိုးစားနေသော်လည်း တောဝက်၏ အခြေအနေမှာ ပို၍ ဆိုးရွားလာသည်။ ၎င်း၏ အသက်ရှူသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး ပုံမှန်မဟုတ်သော အပြာရောင်အကွက်များမှာ ဝမ်းဗိုက်မှတစ်ဆင့် နံဘေးတစ်လျှောက်သို့ သွေးကြောပုံစံများအတိုင်း ပျံ့နှံ့လာနေသည်။
သူ သိသမျှ နည်းလမ်းအားလုံးကို သုံးကြည့်ပြီးပြီဖြစ်ကာ ကုသရေးဆေးလုံးများ အဆင့် ၇ ဆေးလုံးများပင်လျှင် အာနိသင်မရှိရုံတင်မကဘဲ ၎င်းတို့တွင်ပါဝင်သော ပြင်းအားမြင့် ဝိညာဉ်စွမ်းအင်များက အဆိပ်သင့်မှုကို ပိုမိုဆိုးရွားစေသည်။ အသည်းအသန် ဖြစ်လာသဖြင့် သူသည် ခွဲစိတ်သည့်နည်းကိုပင် သုံးကြည့်ခဲ့သေးသည်။ ပိုလျှံနေသော စွမ်းအင်များ ထွက်သွားစေရန် အရေခွံကို အနည်းငယ် လှီးဖြတ်ကြည့်သော်လည်း တောဝက်၏ နာကျင်စွာ အော်ဟစ်သံများကြောင့် ထိုနည်းလမ်းကို ချက်ချင်းပင် လက်လျှော့လိုက်ရသည်။
ရှန်းယွီသည် သူ၏ ဆံပင်များကို လက်ဖြင့် ထိုးဖွလိုက်ရင်း ယခင် ကျရှုံးမှုများကို ပြန်လည် စဉ်းစားနေမိသည်။
ထိုစဉ် စိတ်ကူးသစ်တစ်ခုက သူ့ဦးနှောက်ထဲသို့ လျှပ်ခနဲ ဝင်လာသည်။ သူ၏ မှတ်ဉာဏ်ထဲ၌ ရှိနေသော အဆောင်လက်ဖွဲ့ပုံစံတစ်ခုဖြစ်သည့် ချီစွမ်းအင် လူစုခွဲ အဆောင်လက်ဖွဲ့ကို သူ သတိရသွားသည်။ ဤအစီအရင်မှာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို လူစုခွဲပစ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး အဓိကအားဖြင့် မီးလုံးများ သို့မဟုတ် စွမ်းအင်ကျည်ဆံများကဲ့သို့သော ချီအခြေခံ တိုက်ခိုက်မှုများမှ ကာကွယ်ရန် အသုံးပြုကြသည်။
အသစ်တဖန် ပြန်လည်ရှိလာသော ဆုံးဖြတ်ချက်ဖြင့် ရှန်းယွီသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဆောင်လက်ဖွဲ့စက္ကူအလွတ်တစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် တင်ပျဉ်ခွေထိုင်လိုက်ကာ စိတ်ထဲ၌ ရှိနေသော ရှုပ်ထွေးလှသည့် ပုံစံများအပေါ် အစွမ်းကုန် အာရုံစိုက်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်ပင်လယ်မှ စွမ်းအင်များကို သွေးကြောမျှင်များမှတစ်ဆင့် စက္ကူပေါ်သို့ စတင် စီးဆင်းစေလိုက်တော့သည်။
လုပ်ငန်းစဉ်က သူခန့်မှန်းထားတာထက် ပိုကြာသွားသည်။ ငါးမိနစ်နီးပါးလောက် အာရုံကို လုံးဝမပြတ်ဘဲ စူးစိုက်ထားလိုက်ရသည်။ အဆင့် (၆) အဆောင်လက်ဖွဲ့များသည် အဆင့်နိမ့်ပစ္စည်းများထက် သိသိသာသာ ပိုမိုရှုပ်ထွေးပြီး စွမ်းအင်လမ်းကြောင်းများကို အလွှာလိုက် ထပ်ရုံသာမက တည်ငြိမ်မှုပေးသည့် အမှတ်များကိုပါ အနုစိတ်ထည့်သွင်းရန် လိုအပ်သည်။
"ဒါဆိုရင်တော့ အလုပ်ဖြစ်သင့်ပြီ"
သူက တိုးတိုးလေးရေရွတ်ရင်း အဆောင်လက်ဖွဲ့ကို တောဝက်၏ ဖောင်းကားနေသော ဗိုက်ပေါ်သို့ ဂရုတစိုက် တင်လိုက်သည်။
သူသည် စွမ်းအင်အနည်းငယ် ပေးပို့လိုက်ကာ အဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည်။ ဆယ်မီတာပတ်လည်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လူစုခွဲပစ်သည့် လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ချီသိပ်သည်းဆမှာ ချက်ချင်းပင် လျော့ပါးသွားတော့သည်။ ပတ်ဝန်းကျင်မှ စွမ်းအင်များ ပြန်လည်စီးဝင်မလာမီ ခဏတာအတွင်း လေဟာနယ်တစ်ခု ဖြစ်သွားသဖြင့် ရှန်းယွီသည် သူ၏ဘေးနားရှိ ဝိညာဉ်စွမ်းအင် ဖိအားများ ခေတ္တလျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။
တောဝက်၏ အခြေအနေ တိုးတက်လာမလားဟု သူ အမြန်စစ်ဆေးကြည့်လိုက်သည်။ ကနဦးတွင်တော့ အပြာရောင်အကွက်များ အနည်းငယ်မှေးမှိန်သွားပုံရပြီး သတ္တဝါကြီး၏ အသက်ရှူသံမှာလည်း ပို၍မှန်လာသည်။ သို့သော် သူ၏ကျေနပ်မှုမှာ ခဏသာခံလိုက်သည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များ သဘာဝအတိုင်း ပြန်လည်ပြည့်နှက်လာသည်နှင့်အမျှ တောဝက်၏ ရောဂါလက္ခဏာများသည် ယခင်အတိုင်း ပြန်လည်ဆိုးရွားလာပြန်သည်။ အဆောင်လက်ဖွဲ့သည် အပြင်ဘက်ရှိ စွမ်းအင်များကိုသာ သက်ရောက်မှုရှိပြီး သတ္တဝါ၏ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်နေပြီးသား စွမ်းအင်များကိုမူ မဖယ်ရှားပေးနိုင်ခဲ့ပေ။
"ဒါပေါ့လေ"
ရှန်းယွီသည် အကန့်အသတ်ကို နားလည်သွားသဖြင့် သက်ပြင်းချလိုက်သည်။
"အကယ်၍ အဆောင်လက်ဖွဲ့တစ်ခုက ကိုယ်တွင်း ချီကို လူစုခွဲနိုင်မယ်ဆိုရင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် သူ့ကိုယ်ပေါ် ဒါလေးတစ်ပြား ကပ်လိုက်ရုံနဲ့ ခေတ္တမျှ စွမ်းအားမဲ့သွားအောင် လုပ်လို့ရမှာပေါ့"
ဤစမ်းသပ်ချက် ကျရှုံးသွားသော်လည်း ၎င်းက အတွေးသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ရှန်းယွီ၏ အကြည့်မှာ ဝိညာဉ်စမ်းရေကန်အနီးတွင် ပေါက်နေသော ဆေးပင်များဆီသို့ ရောက်သွားသည်။ အထူးသဖြင့် ကုသရေးဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုလေ့ရှိသည့် အဆင့် (၇) ဆေးပင်ဖြစ်သော အလင်းတွင်းပန်းအချို့ဆီသို့ပင်။ ထိုတောက်ပနေသော အပင်ငယ်လေးမှာ စူးစိုက်ထားသော အလင်းစွမ်းအင်များဖြင့် တဖိတ်ဖိတ်တောက်နေပြီး ၎င်း၏ ဂုဏ်သတ္တိမှာ ခန္ဓာကိုယ်အတွင်းသို့ ကုသနိုင်စွမ်းရှိသော စွမ်းအားများကို ဖြည့်တင်းပေးရန်ဖြစ်သည်။
ထိုဆေးပင်၏ လင်းလက်တောက်ပသော သဘာဝက ရှန်းယွီ၏ စိတ်ထဲတွင် ဆက်စပ်မှုတစ်ခုကို ရုတ်တရက် ဖြစ်ပေါ်စေသည်။ သူသည် အပင်ဆီသို့ အားစိုက်ခြေလှမ်းများဖြင့် လျှောက်သွားကာ အသက်ဝင်ဆုံး ဆေးပင်တစ်ပင်ကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ သူသည် တောက်ပနေသော ထိုပန်းပွင့်လေးပေါ်သို့ လက်တင်လိုက်ပြီး သူအသုံးမပြုဖြစ်သည်မှာ ကြာပြီဖြစ်သော စွမ်းရည်တစ်ခုကို အသက်သွင်းလိုက်သည်။
[မြင့်မြတ်သောစွမ်းရည်- ယင်ယန် ဟန်ချက်ညီခြင်း]
အကျိုးသက်ရောက်မှုမှာ ချက်ချင်းပင် သိသိသာသာ ပေါ်လာတော့သည်။ လှပတောက်ပသော ပန်းပွင့်လေးမှာ သူ၏မျက်စိရှေ့တင် ညှိုးနွမ်းသွားပြီး ပွင့်ဖတ်များပေါ်တွင် အမှောင်ထု ပျံ့နှံ့လာသည်နှင့်အမျှ ၎င်း၏အလင်းရောင်မှာ မှိန်ဖျော့သွားသည်။ ထိုအပြောင်းအလဲမှာ အလွန်
ပင်မြန်ဆန်လှပြီး ယင်စွမ်းအင်များက ၎င်း၏ မူလ ယန်ဂုဏ်သတ္တိများကို လွှမ်းမိုးသွားသောအခါ အပင်၏ သဘာဝမှာ လုံးဝပြောင်းပြန် ဖြစ်သွားတော့သည်။
သူ၏ အသိစိတ်မှာ အဆမတန် အားကုန်သွားသည်ကို ခံစားလိုက်ရသဖြင့် ရှန်းယွီသည် သတိမေ့မသွားခင် ထိုစွမ်းရည်ကို အမြန်ပြန်ပိတ်လိုက်ရသည်။ ခဏတာမျှ အသုံးပြုလိုက်ရုံနှင့်ပင် သိသိသာသာ အားယုတ်သွားစေသည်။ သူ၏ အမြင်အာရုံမှာ ခဏတာ ဝေဝါးသွားပြီး ခြေလက်များမှာလည်း ရုတ်တရက် လေးလံသွားသည်။
မိမိကိုယ်မိမိ ပြန်လည်တည်ငြိမ်အောင် အသက်ပြင်းပြင်း အကြိမ်ကြိမ် ရှူလိုက်ပြီးနောက် သူ၏လက်ဝါးပေါ်ရှိ ပြောင်းလဲသွားသော ဆေးပင်ကို စစ်ဆေးကြည့်လိုက်သည်။ ယခင်က ကုသခြင်းအလင်းရောင်များ ဖြာထွက်နေသော ပန်းပွင့်လေးနေရာတွင် ယခုမူ ပတ်ဝန်းကျင်ရှိ အလင်းရောင်များကိုပင် စုပ်ယူနေသည့်အလား ထင်ရသော ညသန်းခေါင်ယံကဲ့သို့ မည်းနက်နေသည့် ပန်းတစ်ပွင့် ရှိနေတော့သည်။
သူ၏ ဖန်တီးမှုအပေါ် စူးစမ်းစိတ်ဖြင့် ရှန်းယွီသည် အကဲဖြတ်စွမ်းရည်ကို အသက်သွင်းလိုက်ရာ….
[အမည်- ညသန်းခေါင်ယံပန်း]
[အဆင့်- အဆင့် ၇]
[အာနိသင်- စွမ်းအင် စုပ်ယူခြင်း]
[သတင်းအချက်အလက်- အလင်းတွင်းပန်း တစ်ပွင့်သည် ယင်စွမ်းအင်များအတွင်း၌ အချိန်ကြာမြင့်စွာ နစ်မြုပ်နေသောအခါ ဖြစ်ပေါ်လာသည့် ရှားပါးထူးခြားသော ဆေးပင်တစ်
မျိုး]
ရှန်းယွီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ လိုချင်သည့်အရာကို ရခဲ့ပြီဖြစ်သည်။