အခန်း(၅၃)
Vol. 5 Ch. 53
"အစ်ကို၊ မနေ့ညက ဘာမှမဖြစ်ဘူးမလား?" ကုလျန်ရုန် သူ့မျက်လုံးကို ပွတ်ရင်းပြောသည်။ မျက်လုံးတစ်ဝိုက် ညိုနေ၍ ကောင်းကောင်းမနားရမှန်း သိသာသည်။
ကုလျန်ရွှမ် အိပ်မောကျနေသော ကျန်းထျန်ကို တစ်ချက်ကြည့်ပြီး အပြင်ထွက်ကာ တံခါးကို အနည်းငယ်ဟ၍ ပိတ်လိုက်သည်။ "ဆန်ပြုတ်ရှိရင် ဆန်ပြုတ်တစ်အိုး ဝယ်လာလို့ရတယ်။ စားပြီးရင် နားပြီး နေ့လည် ဆေးရုံသွားမယ်"
ကုလျန်ရုန် သန်းဝေကာ "ကျွန်တော်သိပြီ။ အကို "
ကုလျန်ရုန်တွင် ကြိုပေးထားသော ပိုက်ဆံရှိ၍ ထမင်းဘူးနှင့် ရေနွေးဘူးယူကာ လမ်းအဆုံးက အစိုးရပိုင် စားသောက်ဆိုင်သို့သွားပြီး တန်းစီ၍ ပဲနီဆန်ပြုတ်နှင့် လက်သီးဆုပ်စာ အသားပေါက်စီ ဆယ်လုံးဝယ်လာပြီး တည်းခိုခန်း ပြန်လာခဲ့သည်။
ကျန်းထျန် အိပ်နေတုန်းဖြစ်၍ ကုလျန်ရွှမ် ပေါက်စီတဝက်နှင့် ပဲနီဆန်ပြုတ် ချန်ထားပေးပြီး တတိယကလေးကို သူ့အခန်း ပြန်နားပြီး စားရန် ပြောလိုက်သည်။
မွန်းတည့်ရောက်ခါနီးတွင် ကျန်းထျန် နိုးလာသည်။ သူမ ဒီတစ်ကြိမ် ကောင်းကောင်းအိပ်ပျော်သော်လည်း နိုးပြီး အရမ်းမလန်း။ ပင်ပန်းနေသကဲ့သို့ ခံစားရသည်။
သူမ ကောင်းကောင်းမထိုင်ရခင် ကျန်းထျန် အားပြန်ရုတ်ပြီး အိပ်ရာပေါ် ပြန်လှဲလိုက်သည်။
အသံကြား၍ ကုလျန်ရွှမ် ခေါင်းလှည့်ကြည့်ပြီး ပြောလိုက်သည်။ "မင်းနိုးပြီလား တတိယကလေး ပေါက်စီနဲ့ ပဲနီဆန်ပြုတ် ဝယ်ထားတာ။ ပြန်မအိပ်ခင် စားလို့ရတယ်"
သူမ မနေ့က သေချာမစားထားရဘဲ အခုလည်း အိပ်နေ၍ ဗိုက်ထဲကအစာများ အစောကြီးတည်းက ကြေနေလောက်ပြီ။
ကျန်းထျန် လှည့်ပြီး ကုလျန်ရွှမ်ကို ကြည့်ကာ ဆက်တိုက် သန်းဝေနေပြီး "အာ.... ကျွန်မ အိပ်ချင်သေးတယ်" သူမ အတော် ဆာနေသော်လည်း အခု သူမ စားချင်စိတ်မရှိသေးပေ။
သူမ မျက်လုံးများကို ပွတ်ကာ အတတ်နိုင်ဆုံးနိုးရန် ကြိုးစားပြီး ခေါင်းလှည့်၍ ပြတင်းပေါက်အပြင်ကြည့်လိုက်သည်။ "အခု ဘယ်အချိန်ရှိပြီလဲ?"
သူမ အခုအိမ်မှာမဟုတ်၍ သူမ အိပ်ချင်သလောက် အိပ်၍ မဖြစ်သေးချေ။ မြို့ကြီးတွင် အရေးအကြီးဆုံးက ကုလျန်ရွှမ် ခြေထောက် ဒဏ်ရာကို ပြရန်ဖြစ်သည်။
ကုလျန်ရွှမ် ပေါက်စီ၅လုံး ဆန်ပြုတ်ဘူးနှင့် ရောက်လာပြီး အိပ်ရာဘေး စားပွဲပေါ် တင်ကာ "အရင်စားကြမယ်။ ထဖို့ အလျင်လိုစရာမလိုဘူး။ ဆေးရုံက တည်းခိုခန်းမျက်နှာချင်းဆိုင်မှာ။ နီးတော့ သွားရလွယ်တယ်။ ဆေးရုံက နေ့လည် ၂နာရီသွားမှာ။ စာရင်းပေးဖို့က ၁နာရီမှစတာ။ မင်း စားပြီးရင် ၂နာရီလောက် အိပ်လို့ရသေးတယ်"
ကျန်းထျန် စားပွဲပေါ်က ဆန်ပြုတ်နှင့် ပေါက်စီများကို တချက်ကြည့်ပြီး ကုလျန်ရွှမ်ကို ကြည့်ကာ "ရှင် မစားရသေးဘူးလား?" အားလုံးက များနေ၍ သူမအတွက်ပဲ မဟုတ်လောက်။ သူမလည်း အဲ့လောက်မစားနိုင်ပါ။
ကုလျန်ရွှမ် ထိုင်ခုံကို ရွှေ့ပြီး ထိုင်ကာ "မင်းအရင်စား။ ကျန်တာ ကိုယ့်ကိုပေး"
ကျန်းထျန် ဆန်ပြုတ်ဗူး အပူချိန်ကို ကိုင်ကြည့်၍ "ရှင် ဒီဆန်ပြုတ်ကို ဘယ်အချိန်ကဝယ်တာလဲ?"
ကုလျန်ရွှမ် မျက်ခုံးပင့်ကာ အပူချိန်ကို စမ်းပြီး" နည်းနည်းအေးသွားပြီ။ မင်းမသောက်ခင် ကိုယ် ရေပူနဲ့ အပူပေးလိုက်မယ်" ပြောပြီးနောက် သူထကာ ရေနွေးဘူးယူရန် သွားလိုက်သည်။
ကျန်းထျန် အမြန် သူ့ကို ဆွဲကာ "အေးလား မအေးလားပဲ ကျွန်မ မေးတာပါ။ ဒီအပူချိန်က အနေတော်ပဲ။ ကျွန်မလျှာအပူမလောင်တော့ဘူး"
ကျန်းထျန် အမူအရာက လုပ်ယူထားသည်နှင့်မတူ၍ သူပြန်လာပြီး တဖန်ထိုင်ကာ " တတိယညီ စျေးဝယ်ပြီး ပြန်လာတာ နည်းနည်းတော့ကြာပြီ။ ကိုယ် ပုဝါနဲ့အုပ်ထားတာမလို့ အေးနိုင်တယ်"
ဒါဆို သူတို့ ထပ်စောင့်၍ မဖြစ်တော့။ သူတို့ထပ်စောင့်လျှင် တကယ်အေးသွားနိုင်သည်ဟု ကျန်းထျန်တွေးလိုက်သည်။
မျက်လုံးပွတ်ရင်း နိုးရန် ကြိုးစားကာ အိပ်ရာမှ ထပြီး တစ်ကိုယ်ရည်သုံးပစ္စည်းများကို ယူကာ "ကျွန်မ ရေချိုးခန်းမှာ သွားသန့်စင်လိုက်ဦးမယ်။ ကျွန်မပြန်လာရင် စားကြမယ်" သူမ ပြန်အိပ်၍ မဖြစ်တော့။ ဆရာဝန်ပြရန် နောက်ကျမည်စိုး၍ ရေအေးနှင့် သန့်စင်သည်က ကောင်းသည်။
ကုလျန်ရွှမ်က နောက်ကအမြန်လိုက်ကာ "မဆေးကြောခင် ရေနွေးလောင်းလိုက်"
ရေပူထည့်ထည့် မထည့်ထည့် အတူတူဖြစ်၍ ကျန်းထျန်မငြင်းတော့ဘဲ ရေနွေးဘူးကို ယူကာ ရေချိုးခန်းသွားလိုက်သည်။
ရေချိုးခန်း ရောက်သောအခါ အပူချိန်က ချက်ချင်းကျသွားသည်။ ကျန်းထျန် လည်ကျုံ့ကာ ရေနွေးဘူးယူလာသည်က မှန်သည့်ဆုံးဖြတ်ချက်ဟု တွေးလိုက်သည်။ ကျန်းထျန် ရေအေးထဲ အရင်လက်နှစ်ပြီး ရေအေးကြောင့် သူမ မျက်လုံးအနည်းငယ် ပွင့်သွားမှ ရေပူထည့်ပြီး ကိုယ်လက်သန့်စင်သည်။
အခန်းထဲက ကုလျန်ရုန် အသံကြား၍ သန်းဝေပြီးထွက်လာသည်။ မနက်က ကုလျန်ရွှမ် မြင်လိုက်သောမျက်ကွင်းညိုသည်များလည်း အများကြီး ပျောက်သွားသည်။
"အစ်ကို၊ ကျွန်တော် အစိုးရပိုင်စာသောက်ဆိုင်မှာ စားစရာသွားဝယ်မလို့။ အစ်ကို ဘာမှာချင်လဲ?" ကုလျန်ရုန် အရိုးမရှိသကဲ့သို့ တံခါးဘောင်ကို မှီရင်းပြောသည်။
ကုလျန်ရွှမ် ခဏမျှတွေးပြီး "ကြက်ဥမွှေကြော်၊ အရွက်တစ်ပွဲနဲ့ အသားဟင်းတစ်ပွဲ ပြီးတော့ ပေါက်စီအချို့ ထမင်းပွဲ ဝယ်ပြီး အစ်ကိုတို့ အခန်းမှာ စားမယ်။ မင်းမနက်က ဝယ်ထားတဲ့ အသားပေါက်စီနဲ့ ပဲနီဆန်ပြုတ်လည်း ရှိသေးတယ်"
ကုလျန်ရုန် မျက်လုံးများ ပြူးကျယ်သွားကာ "အစ်ကိုတို့ မစားရသေးဘူးလား?"
ကုလျန်ရွှမ် ခေါင်းညိတ်ကာ" အစ်ကို မင်းအတွက် ပေါက်စီချန်ထားပေးမယ်"
ကျန်းထျန် ပြန်လာပြီး အိပ်ရာအစွန်းတွင် ကြောင်၍ ထိုင်နေရာ အခု တတိယကလေးက အစိုးရပိုင်စားသောက်ဆိုင် သွားမည်ပြောမှ သူမမျက်လုံးများ တောက်ပလာကာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ကြည်လင်စွာ အော်ပြောလိုက်သည်။ "အစ်မလည်း သွားမယ်!"
ကုလျန်ရုန် - " အာ ....ဒါပေမယ့် " သူ သူ့အစ်ကို ကုလျန်ရွှမ်ကို ကြည့်လိုက်သည်။
ကုလျန်ရွှမ် ခေါင်းညိတ်ကာ "ကိုယ်လည်း သွားမယ်"
ထို့ကြောင့် သူတို့သုံးယောက် သူတို့ပစ္စည်းများကို ထုပ်ကာ အရေးကြီးပစ္စည်းများကို သူတို့နှင့် သယ်ပြီး တည်းခိုခန်းမှ ထမင်းဘူးများနှင့် ထွက်ခွာလာပြီး လမ်းအဆုံးက အစိုးရပိုင်စားသောက်ဆိုင်သို့ စားစရာ သွားဝယ်လိုက်သည်။
ထမင်းစားချိန်ဖြစ်ပြီး မြို့ကြီးတွင် ချမ်းသာသည့်လူများ၍ အစိုးရပိုင်စားသောက်ဆိုင်ရှေ့တွင် တန်းစီနေသည့်လူအများကြီးရှိကာ တစ်ချို့က စားရန်ထိုင်ပြီး တစ်ချို့က ကျန်းထျန်တို့ကဲ့သို့ ထမင်းဘူးများဖြင့် သယ်သွားကြသည်။
မြို့ကြီးက အစိုးရပိုင်ဟိုတယ်တွင် အထပ်၃ထပ်ရှိပြီး ပထမအထပ်က ဧည့်ကြိုခန်းတွင် စားပွဲဝိုင််းအချို့အပြင် ဝင်ပေါက်တွင် စားစရာမှာရန် ပြတင််းပေါက်တစ်ခုရှိသည်။
အရွက်ဟင်းများ အသားဟင်းများ ထမင်း ပေါက်စီ ခေါက်ဆွဲများအတွက် ကွဲပြားသည့် ပြတင်းပေါက်များရှိကာ ကျန်းထျန် အသားဟင်း ပြတင်းပေါက်ကို သွားရန် အရင်ပြောလိုက်ပြီး အသားဟင်းတစ်ပွဲနှင့် ကြက်ဥမွှေကြော်ဝယ်ရန် တာဝန်ယူထားသည်။
ကုလျန်ရွှမ်က အဓိက စားစရာ ပြတင်းပေါက်သို့ သွားပြီး တတိယကလေးက အသီးအရွက်ဟင်းပြတင်းပေါက်သို့ သွားသည်။
ပြတင်းပေါက်နှစ်ခုအပြင် အသားနှင့် အရွက်ပြတင်းပေါက်တွင် တန်းစီနေကြသည့် လူအများရှိသည်။
မြို့ကြီးတွင် ချမ်းသာသည့်လူများသော်လည်း အစိုးရပိုင်စားသောက်ဆိုင်တွင် အသားဝယ်သည်က အိမ်တွင် အသားဝယ်ပြီး ချက်စားသည်ထက် ပိုစျေးကြီးသည်။
တန်းစီရင်း ကျန်းထျန် လည်ဆန့်ကာ ပြတင်းပေါက်အထဲ ကည့်လိုက်ရာ သံအိုးကြီး အများအပြားရှိကာ သံအိုးထဲတွင် ဝက်သားနှပ် ဝက်နံရိုးနှပ် ကြက်ခြေထောက်နှပ် စသဖြင့် အနံ့လည်း ရသည်။ အနံ့က လူတွေကို သရေယိုအောင် လုပ်နိုင်သည်။ အစားသရဲကျန်းထျန် ဒီလိုအနံ့အရသာရရန် ဘယ်လိုအရသာမှုန့်သုံးလည်း အမြန်ခန့်မှန်းနေသည်။
သူမအလှည့်ရောက်သောအခါ ခြေဖျားထောက်ပြီး လေထဲက အသားအနံ့ကို ရှူကာ နောက် အသားးတစ်အိုးကို ညွှန်ပြပြီး မေးလိုက်သည်။ "အစ်မ၊ ဒီအသားကို ဘယ်လိုရောင်းလဲ?" မျက်လုံးကြီးကြီးတစ်စုံနှင့် အသားကိုတပ်မက်မှုအပြည့်နှင့် ဖြစ်သည်။
အဒေါ်က ပါးစပ်အုပ်ကာ နှစ်ကြိမ်ရယ်ပြီး ကျန်းထျန်၏မျက်နှာသေးသေးကို ကြည့်ကာ ပြုံး၍မေးလိုက်သည်။ "အဒေါ်တို့က သမီးထက် အများကြီး ကြီးတယ်။ အဒေါ်လို့ ခေါ်သင့်တာပါ" သို့သော် ဒီအစ်မဟု ခေါ်သံက စိတ်ရင်းနှင့် ဖြစ်ပုံပေါ်သည်။
ကျန်းထျန်က တစ်ချက်ကြည့်လိုက်ရုံနှင့် ကြည့်ကောင်းကာ လူတွေကို ကြည့်ရာတွင် မျက်လုံးများက ကြည်လင်တောက်ပနေပြီး သူမကို ပိုကြည့်လေလေ ကျန်းထျန်က ကြင်နာသည်ဟု ခံစားရ၍ ရောင်းသည့်အဒေါ် ကျန်းထျန်ကို ရှင်းပြရာတွင် ပိုတက်ကြွလာသည်။
"ဒါက အဒေါ်တို့ စားသောက်ဆိုင်ရဲ့ဒီနေ့အတွက် အထူးဟင်းပွဲ။ တစ်နပ်အတွက်ပဲ။ ဒါက မန်နေဂျာ စုပေါင်းအဖွဲ့က ရတဲ့ သိုးသား"
" စားဖိုမှူးတွေက သိုးသားကို တစ်မနက်လုံး ကင်ထားပြီး ဇီရာ ငရုတ်ကောင်းမှုန့်ထည့်ထားပြီး ၂ပေါင်ကို ၁ယွမ်ကုန်ကျတယ်!" ဒါက ဝက်သားထက် ပိုစျေးကြီးသည်။
ဝက်သားနှပ်က ၁ပေါင် ၈၀ ဆင့်သာ ကုန်ကျသည်။ ဤသိုးသားက လတ်ဆတ်ပြီး အသားလက်မှတ်မလို။ရှေ့က လူများက ဒါကို အကြိမ်များစွာ နှမြောတသကြည့်ကြသည်။ သူတို့လက်ထဲ ပိုက်ဆံအလုံအလောက်မပါ၍သာ။ မဟုတ်လျှင် အစောကြီးတည်းက ဤဟင်းပွဲက ကုန်ပြီဖြစ်သည်။
"ဒါဆိုအမ၊ ညီ ၂ပေါင်ယူမယ်!" ကျန်းထျန် ချက်နေသော အဒေါ်ကို သံထမင်းဘူးပေးလိုက်ပြီး "ညီမ ဝက်သားနှပ် ၂ပေါင် ဝက်နံရိုး၂ပေါင် ကြက်သွန်မြိတ်နဲ့ ကြော်ထားတဲ့ ကြက်ဥမွှေကြော်တစ်ပွဲ"
ပုံမှန် ဧည့်သည်တစ်ယောက်က ကျန်းထျန်ကဲ့သို့ မှာပါက အဒေါ် ရောင််းရန် လိုလားမည်မဟုတ်။ အခွင့်ကောင်းယူသည်ဟု ခံစားရမည်ဖြစ်သည်။
တစ်ပေါင်က ရောင်းရလွယ်သော်လည်း ၂ပေါင်က ရောင်းရမလွယ်ပေ။ နည်းလျှင် စျေးဝယ်သူ မကျေနပ်ကာ အရမ်းများလျှင် သူမ ပိုက်ဆံနည်းရကာ မန်နေဂျာနှင့် စကားပြောရလိမ့်မည်။
သို့သော် ကျန်းထျန်က မတူ။ သူမက ကြည့်ကောင်းကာ စကားပြောလည်း ချိုသည်။ အဒေါ် သူမကိုရောင်းရန် ပျော်ရုံသာမက ပိုပါထည့်ပေးလိုက်သည်။
ကျန်းထျန် ပိုက်ဆံလက်မှတ်ကို အဒေါ်ကို ပေးလိုက်ပြီး အဖုံးပိတ်ကာ အဒေါ်ကို ပြုံး၍ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ အစ််မ"
အသားတန်းစီဝယ်သည်က ပြီးသွားသောအခါ ကျန်းထျန် နောက်လှည့်ပြီး သူမစွမ်းအားကို သုံးကာ ထမင်းဘူးထဲက အသားနှင့် ကြက်ဥများ အောက်ခြေကပ်နေသည်ကနေ ပြည့်သွားသည်။
ကုလျန်ရွှမ်နှင့် တတိယကလေး စားစရာဝယ်ရန် တန်းစီသောအခါ ကျန်းထျန် သူတို့ကို ခေါ်လိုက်ပြိး အဖုံးဖွင့်ကာ သူတို့ကို ပြလိုက်ရာ လန့်သွားသော မျက်နှာနှစ်ခုကို တွေ့ရသည်။
" ဒါ.. ဒါ.. ဘာလို့အများကြီး ရှိနေတာလဲ?"ထမင်းဘူးကိုင်ထားသော ကုလျန်ရုန်လက် အနည်းငယ်တုန်သွားသည်။ ဒီလိုအသားမျိုးက မည်မျှကုန်ကျမည်နည်း?
တတိယကလေး တွေးသည်ကို မြင်၍ ကျန်းထျန် မေးမော့ကာ ခေါင်းခါပြီး "သိပ်မများပါဘူး" နောက် ကျန်းထျန် သူတို့ကို အရူးလုပ်ရန် ပေါက်ကရပြောလိုက်သည်။
" ဒီသိုးသားက ဒီနေ့ရဲ့အထူးဟင်းပွဲ။ အသားပဲ့တွေပဲ အိုးကပ်ကျန်တော့တာ။ ကျွန်မ ဟင်းချက်စားဖိုမှူးကို ပြောလိုက်လို့ သူမ ကျွန်မကို အကုန်ပေးလိုက်တာ "
ကုလျန်ရုန် ထမင်းဘူးကို သူ့ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ပိုက်ဆံနှင့် ဝယ်ထားသော ပေါက်စီ ထမင်းအပြင် ပိန်ရှုံ့ပြီး သိပ်ကြည့်မကောင်းသော ပေါက်စီနှစ်ခုက သူ ရောင်းသူကို ချိုသာစွာပြော၍ ရလာသည်ဖြစ်သည်။
သူ ဟိုတယ်က အလကားရလာသည်ကို ဂုဏ်ယူမိသည်။ သူ ပြန်ပြီး သူ့အစ်ကိုနှင့် မရီးကို ကြွားရန်တွေးထားသော်လည်း အခု ကြည့်လိုက်သည့်အခါ သူ့မရီးနှင့် ယှဥ်လျှင် သူက သိုးမွေးကောက်ရုံသာဖြစ်ပြီး သူ့မရီးက သိုးတစ်ကောင်လုံး ကောက်လာသည်ဖြစ်သည်။
ကုလျန်ရွှမ်လည်း ပါးစပ်အနည်းးငယ်ဟကာ ပိုက်ဆံအနည်းငယ်နှင့် ဒီသိုးသားတစ်ဘူးရလာသည်ကို အနည်းငယ် မယုံသေးပေ။ တကယ်က ကျန်းထျန် သူမကိုယ်ပိုင် ပိုက်ဆံ သုံးလိုက်သည်ဟု ပိုထင်သည်။
ကျန်းထျန် နှစ်ကြိမ်လောက် ပတ်ကြည့်ပြီး သူတို့နှစ်ယောက်ကို တည်းခိုခန်းသို့ ဆွဲခေါ်လာလိုက်သည်။
သူတို့နှစ်ယောက် ကြောင်နေစဥ် ကျန်းထျန် ထမင်းဘူးကို ထပ်ဖွင့်၍ အထဲက ဘူးအပြည့် ဝက်သားနှပ် ကြက်ဥမွှေကြော်ကို ပြလိုက်သည်။ ပူပူမွှေးမွှေး ဝက်သားနှပ် ကြက်ဥမွှေကြော်က ကုလျန်ရွှမ်နှင့် ကုလျန်ရုန် ရှေ့ပေါ်လာသည်။
ကုလျန်ရုန် - !!!Σ(?Д?/)/
သူ အရမ်းမှားသွားသည်။ သူ့မရီးက သိုးတစ်ကောင်သာမက ဝက်တစ်ကောင်ပါ သူမနှင့် ဘယ်ကယူလာသနည်း?
သူ ကျန်းထျန်ကို ငေးကြည့်ရင်း ပါးစပ်ဟကာ ထစ်ငေါ့စွာ မေးလိုက်သည်။ "မရီး၊ ဒါက မရီး ရောင်းတဲ့သူကို ပြောလို့ မရီးကို ပေးလိုက်တာလား?"
ကျန်းထျန် ချောင်းဟန့်ပြီး လက်မြှောက်ကာ "တိုးတိုး၊ တိုးတိုး!"
ကုလျန်ရွှမ် ရင်ထဲ သံသယက ပြန်ပေါ်လာသည်။ သေချာပေါက် ကျန်းထျန် သူမကိုယ်ပိုင်ပိုက်ဆံကို သုံးခဲသည်။
သူတစ်ခုပြောရန် ပြင်စဥ် ကျန်းထျန် သူမအိတ်ကပ်ထဲမှ ပိုက်ဆံလက်မှတ် လက်တစ်ဆုပ်စာ ထုတ်လာပြီး "ကြည့်။ ကျွန်မ ယူလာတဲ့ ပိုက်ဆံလက်မှတ်ကို ရေကြည့် " သေချာရေကြည့်လျှင် သေချာပေါက်လွဲနေသည်။