← Chapters

အခန်း(၅၅)

Vol. 5 Ch. 55

အခန်း(၅၅)

Vol. 5 Ch. 55

" သွေးခုန်နှုန်းကို ကြည့်တာ မင်းဒဏ်ရာက တကယ်ပိုကောင်းလာတယ်" ယန်ဆရာဝန် မျက်မှောင်ကြုတ်ကာ သူ အနည်းငယ် ရောထွေးနေသည်။

သို့သော် ကျန်းထျန်နှင့် တခြားလူများအတွက် ဒီအမူအရာက ဒဏ်ရာပြန်ကောင်းလာသော်လည်း အကောင်းဘက်က မဖြစ်သေးသကဲ့သို့ အဓိပ္ပါယ်ပေါ်နေသည်။ ထို့ကြောင့် ကျန်းထျန် ယန်ဆရာဝန်ထက် ပိုရောထွေးသွားသည်။ ဒီလိုမဖြစ်သင့်ပေ!

စွမ်းအားတိုးဆေးရည်၏ တစ်ခုတည်းသော ဆိုးကျိုးက အာနိသင်က အရမ်းပြင်းကာ ပါဝင်သောစွမ်းအားကလည်း အရမ်းများ၍ သူမ မြစ်ရေထဲ တစ်စက်သာ ထည့်ပြီး အထဲက ငါးကိုသာ ဖမ်းသည်။ ငါးကို ချက်ပြီးနောက် စွမ်းအားတိုးစွမ်းရည်၏ ပါဝင်မှုက အနည်းဆုံးထိလျော့ကျသွား၍ ဘာဆိုးကျိုးမှ မရှိလောက်ချေ။

" ဆရာဝန်၊ ပြောဖို့ မသင့်တဲ့ မေးခွန်းရှိလို့လား? "ကျန်းထျန် မေးလိုက်သည်။

ယန်ဆရာဝန် ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး" သူ ခုနက သေချာမပြော၍ အထင်လွဲသွားလောက်သည်ဟု သဘောပေါက်ကာ ယန်ဆရာဝန် ရှင်းပြလိုက်သည်။ "ကုလျန်ရွှမ်ဒဏ်ရာက တကယ်တိုးတက်နေတာ။ ဒီအတိုင်းဆို သူ နောက် ၃ ၊ ၅နှစ်ဆို မတ်တပ်ပြန်ရပ်နိုင်လောက်ပြီ"

ဒါက ခရီးရှည်ဖြစ်သည်။ တကယ်က သေချာဂရုစိုက်ပေးလျှင် ပြန်ကောင်းသည့်နှုန်းက ၁နှစ် ၂နှစ်အတွင်းဖြစ်ပြီး နှစ်ဝက်အတွင်းပင် ဖြစ်နိုင်သည်ဟု ယန်ဆရာဝန် ခန့်မှန်းမိသည်။ သို့သော် သူ ဒီလိုပြော၍ မဖြစ်။ အကယ်၍ သူခန့်မှန်းပေးလိုက်သော အချိန်ကာလကျော်ပြီး လူနာ မတ်တပ်မရပ်နိုင်ပါက မိသားစုဝင်များ စိတ်ပျက်နိုင်သည်။

"ဒါဆို…….."ပြသာနာက ဘာလဲ?

ဒါက အရမ်းကောင်းတာမဟုတ်ဘူးလား? ဘာလို့ ယန်ဆရာဝန်က ဒီအမူအရာပဲ ဖြစ်နေသေးတာလဲဟု ကျန်းထျန် စဉ်းစားမိသည်။

မျက်နှာချင်းဆိုင်က လူသုံးယောက်၏ သံသယကို မြင်၍ ယန်ဆရာဝန် ချောင်းဟန့်ကာ "ဆရာ စိတ်ဝင်စားပြီး ရောသွားရုံပါ။ မင်း အိမ်မှာ တခြားဆရာဝန်တွေနဲ့ ပြသေးလား ဒါမှမဟုတ် တခြားဆေးတွေ သောက်သေးလား?"

ကုလျန်ရွှမ် ခေါင်းခါကာ " ကျွန်တော် တခြားဆရာဝန်တွေနဲ့ မပြပါဘူး။ အဖွဲ့ဆေးခန်းက လျိုဆရာဝန်ပဲ ကျွန်တော့်အနာကို ကြည့်ပေးဖူးပေမယ့် ဆေးတော့ မညွှန်းဖူးပါဘူး။ လွန်ခဲ့တဲ့လတွေက ကျွန်တော် ဆရာပေးတဲ့ဆေးပဲ သောက်တာပါ"

လူနာက သူဆေးကုသည်ကို မယုံ၍ တခြားဆရာဝန်နှင့် ပြသည်ကို ယန်ဆရာဝန် စိတ်ထဲမထား။ သူ့သဘောက ရောဂါကို ကုသနိုင်သော ဆရာဝန်က ဆရာဝန်ကောင်းတစ်ယောက်ဖြစ်သည်။ သူ မကုသနိုင်၍ သူ့ထက် ပိုတတ်သောတစ်ယောက်ယောက်က ကုသင့်သည်။

ကုလျန်ရွှမ်က ဆေးကုပိုတော်သည့် ဆရာဝန် ရှာတွေ့ထားသည်ဟု ယန်ဆရာဝန်ထင်၍ သူ အကြံသွားမေးချင်သော်လည်း အခု ဤကဲ့သို့ ဖြစ်ပုံမရ။

"ဒါဆို မင်းဘာစားခဲ့လဲ?" ယန်ဆရာဝန် သူ့အတွေးကို ပြောင်းလိုက်သည်။ ကုလျန်ရွှမ် စစ်ဆေးရုံကနေ ပထမဆုံးပြောင်းစဉ်က သူ့ခြေထောက်ဒဏ်ရာအဖြေနှင့် ကုသမှုက ပုံမှန်ဖြစ်သည်။ စစ်ဆေးရုံက ဆရာဝန်က သူနှင့် အဖြေတူသည်။

ကုလျန်ရွှမ်ဒဏ်ရာက အမြစ်ထိဖြစ်ကာ အနောက်တိုင်းဆေးပညာစကားနှင့် ဆိုလျှင် နာဗ်ကြောဖြစ်သည်။ ယေဘုယျအားဖြင့် ခန္ဓာကိုယ်၏ ကိုယ်ပိုင်ပြုပြင်သည့်စွမ်းရည်ဖြင့် ဖြည်းဖြည်းချင်း ပြန်ကောင်းနိုင်သည်သာဖြစ်သည်။

သို့သော် ကုလျန်ရွှမ်က အသက်ကြီးပြီဖြစ်၍ သူ၏ပြန်ကောင်းနိုင်သည့်နှုန်းက မူလအခြေအနေအထိ ပြန်မလိုက်နိုင်တော့။ ဆယ်နှစ် ရှစ်နှစ်အတွင်းပင် ပြန်ကောင်းရန် ခက်ခဲသည်။ သို့သော် အခု ကြည့်ရာ နောက် တစ်နှစ်ခွဲလောက်တွင် ပြန်ကောင်းတော့မည်!

ကုလျန်ရွှမ် ခြေထောက်ဒဏ်ရာက ဒီလိုပြန်ကောင်းနိုင်သည်ဟု ယန်ဆရာဝန် သေချာသည်။ သူညွှန်းပေးလိုက်သော ဆေးနှင့်လည်း ဘာမှမသက်ဆိုင်။ သူ ပေးလိုက်သောဆေးက ဒဏ်ရာအတွက် အဓိက ဖြစ်ကာ နောက်ပိုင်း ပြန်လည်ကုစားခြင်းက နှေးကွေးပြီး အကျိုးအာနိသင် ကြီးကြီးမားမားမရှိ။

ထို့ကြောင့် ကုလျန်ရွှမ် ဒီလိုဖြစ်ရန် တစ်ခုခု စားမိသည်ဖြစ်ရမည်ဟု ယန်ဆရာဝန် သံသယဝင်မိသည်။

ကုလျန်ရွှမ် ခေါင်းခါကာ "ကျွန်တော် မစားဘူး? ဆရာညွှန်းလိုက်တဲ့ ဆေးကလွဲပြီး ကျွန်တော် ဒီတိုင်းပုံမှန်စားတာ" သူ ဒီရက်ပိုင်းစားခဲ့သည်များကို တွေးပြီး စက္ကန့်ပိုင်းတုံ့ဆိုင်းပြီးမှ ဆက်ပြောလိုက်သည်။ " ကျွန်တော် ခုရက်ပိုင်း ငါး အသားအများကြီးစားတယ် "

ယန်ဆရာဝန် အထင်လွဲမည်ကို စိုးရိမ်၍ ကုလျန်ရုန် ရှင်းပြလိုက်သည်။ "ယန်ဘိုးဘိုး၊ ရွာက မြစ်ထဲက ဖမ်းတဲ့ ငါး။ အသားက တောဝက်တွေကို အမဲလိုက်ပြီး အဖွဲ့ဝင်တွေ မျှပေးတဲ့ အသား"

ဒါကို ပြောပြီး ကုလျန်ရုန် သူယူလာသောပစ္စည်းများကို စားပွဲပေါ် တင်ပြီး "ကျွန်တော့်အကိုကြီးရဲ့ ဒဏ်ရာကို အဘိုး အမြဲစိုးရိမ်နေတာ။ ဒါတွေက အိမ်မှာစိုက်ထားတဲ့ မုန်လာဥခြောက်။ တောင်ပေါ်က တူးပြီး နေလှမ်းထားတဲ့ မျှစ်စို့နဲ့ မှို။ သိပ်အဖိုးမတန်ပါဘူး။ ကျွန်တော်တို့ စေတနာပါ။ အဘိုး လက်ခံပေးပါ"

ယန်ဆရာဝန် လက်ရမ်းကာ ငြင်းသည်။ "ဒါက ဆရာလုပ်သင့်တာပါ။ မင်းတို့ ပိုက်ဆံသုံးစရာမလိုပါဘူး" သူ့တွင် ဆေးရုံကပေးသောလစာရှိပြီး လူနာကလည်း ဆရာဝန်ပြရန် ပေးရ၍ ဘယ်သူကမှ ဘယ်သူကို အကြွေးမတင်။

ကုလျန်ရုန် ထပ်ဖြောင့်ဖြလိုက်သည်။ "စျေးမကြီးပါဘူး။ ရွာမှာ ပေါပါတယ်။ အဘိုးအတွက် ယူလာပေးတာပါ။ အများကြီးဆိုတော့ မလေးပေမယ့်လည်း နေရာယူတော့ ကျွန်တော်တို့ အသွားအပြန်သယ်ဖို့ အဆင်မပြေပါဘူး။ အဘိုး ကျွန်တော်တို့ပင်ပန်းတာ မျှခံပေးပါလား?"

ကုလျန်ရုန် ယန်ဆရာဝန်ကို တစ်ခုချင်း ဖြောင့်ဖြနေသည်ကို မြင်ပြီး ကျန်းထျန် အသစ်အဆန်းတွေ့ကြုံသည်ဟု ခံစားရသည်။ အခုခေတ်က သူမနေခဲ့ဖူးသော နောက်ပိုင်းခေတ်များနှင့် မတူ။ ဆရာဝန် ဆရာကဲ့သို့ သူများက လူနာများ ကျောင်းသားများထံမှ ပစ္စည်းများကို ပေါ့ပေါ့တန်တန် လက်မခံနိုင်။

ဒီခေတ်တွင် ထိုကဲ့သို့လုပ်ထုံးမရှိ။ ဆရာဝန်ကို ကျေးဇူးတင်ချင်လျှင် လူနာများ သူတို့ကိုယ်တိုင်စိုက်ပျိုး ပြုလုပ်ထားသော ထုတ်ကုန်များ ပို့လျှင် ဆေးရုံက ဘာမှမပြော။ သို့သော် ပိုက်ဆံနှင့် ပစ္စည်းအကြီးအမားများ တစ်ခါတည်း ပို့ပါက တစ်ယောက်ယောက်က စောင့်ကြည့်နေပြီး တိုင်မည်ဖြစ်သည်။

ယန်ဆရာဝန် ကုလျန်ရွှမ်ကို ဆေးကုသနေစဉ် ရုံးခန်းတံခါးကို အမြဲဖွင့်ထားပြီး ကုလျန်ရုန်က ယုံကြည်မှုရှိစွာ ပေးပြီး အိမ်က ပစ္စည်းခြောက်များဟု ပြောကာ နောက်ဆုံး ယန်ဆရာဝန် တစ်ယောက်ကို ‌ဘေးထားရန် ပြောလိုက်သည်။

နောက် ကုလျန်ရွှမ်ခြေထောက်ဒဏ်ရာအကြောင်း ပြောကြသည်။ ယန်ဆရာဝန် ကုလျန်ရွှမ်‌ပြောသည်ကို နားထောင်ပြီး ခဏတွေးကာ မရေရာသည့် ကောက်ချက်ချလိုက်သည်။ "မင်း‌ကောင်းကောင်းစားလို့ အာဟာရပြည့်ပြီး ဖြစ်တာများလား?"

ယန်ဆရာဝန်ပြောလိုက်သော်လည်း ဒါက အကြောင်းပြချက်မဟုတ်ဟု အမြဲခံစားရသည်။ သို့သော် တစ်ခြားတစ်ခုကိုလည်း စဥ်းစား၍မရပေ။

ကုလျန်ရွှမ် သူ့ဒဏ်ရာများက ပြန်သက်သာလာသည်က စားစရာပြသာနာအပေါ်သာ မူတည်နိုင်သည်။

"မင်းခန္ဓာကိုယ်က အရင်က ချို့တဲ့နေတာ။ အခု ‌သွေးခုန်နှုန်းစမ်းကြည့်တော့ အများကြီး တိုးတက်လာတာတွေ့တယ်။ အိမ်မှာ အခြေအနေပေးရင် မင်း ပို‌ကောင်းကောင်းစားရမယ်" ယန်ဆရာဝန် ညွှန်ကြားလိုက်သည်။

ကုလျန်ရွှမ် ကိုယ်ခံအားက အရင်က အားနည်းနေကာ သူ ငယ်စဥ်ကပင် စစ်တပ်ထဲဝင်ပြီး နေ့ရောညရော လေ့ကျင့်၍ ဒဏ်ရာများစွာရခဲ့သည်။ အခုတစ်ကြိမ် သွေးခုန်နှုန်းက အားကြီးကာ စားစရာပို‌ကောင်းသည်နှင့် ဆက်စပ်နေသည်ကလည်း တကယ်ဖြစ်နိုင်သည်။

" မင်း ဒဏ်ရာက ပိုကောင်းလာပြီဆိုတော့ ဆရာ ဆေးညွှန်း‌ပြောင်းရမယ်" ယန်ဆရာဝန် ဘောပင်နှင့် စာရွက်ကို ထုတ်ကာ ပြောလိုက်သည်။ "မင်း ဒဏ်ရာက ကောင်းကောင်း သက်သာနေတယ်ဆိုတော့ ဒီဆေးတွေကိုပဲ တစ်ပတ်‌သောက်။ ဆရာ မင်းကို တရုတ်တိုင်ရင်းဆေး နောက်တစ်မျိုး ညွှန်းပေးမယ်။ နောက်ကျ အဲ့ဒါပဲ သောက်တော့"

" ဒီဆေးသောက်ပြီးနောက်ရက်နည်းနည်းစောင့်ပြီးမှ တရုတ်တိုင်းရင်းဆေးကိုသောက် "

ယန်ဆရာဝန် ‌ဘောပင်ကို ဖွင့်ကာ မှင်ကို စုတ်ထုတ်ပြီး "အမြစ်ပြန်ပြင်တဲ့ကိစ္စ‌ကတော့ မင်းတို့ တရုတ်တိုင်းရင်းဆေးဆရာဝန်က ‌ပြရမယ်။ တစ်နေ့နှစ်ကြိမ် မနက်တစ်ခွက် ညနေတစ်ခွက်"

"ဒီလိုဆေးက ဝယ်ရလွယ်တယ်။ ချွီကျင်းခရိုင်က ဆေးခန်းတွေမှာ ရလောက်တယ်။ မြို့ကြီးကို ထပ်လာဖို့ မလိုတော့ဘူး"

"ပြီးတော့ လျန်ရွှမ်။ မင်း အိမ်မှာ ပြန်လည်ထူထောင်ရေးအတွက် ‌ပြင်ထားသင့်တယ်။ နေ့တိုင်း ၁၅မိနစ်လောက် နံရံမှီပြီး မြေကြီးပေါ် ကြိုးစား လျှောက်ကြည့်။ နောက်တဖြည်းဖြည်း အချိန်ကို တိုးလိုက်။ ပြသာနာကြီးကြီးမားမားမရှိရင် တစ်‌နှစ်နေမှ ဒီပြန်လာခဲ့"

ကုလျန်ရွှမ် ဒဏ်ရာအတွက် ဒီဆေးညွှန်းကို သူ စပ်ထားပြီးဖြစ်သည်။ မသုံးခင် ဒဏ်ရာသက်သာအောင် စောင့်နေရုံသာဖြစ်သည်။ ဆေးများ၍ ကုလျန်ရွှမ် ကျန်းမာရေး ချူချာမည်ကို စိုးရိမ်၍ ဆေးပြင်းမပေးရဲ။ ထို့ကြောင့် ပျော့သည့်ဆေးများဖြင့် အစားထိုးလိုက်သည်။

ဒီတစ်ခါ သွေးခုန်နှုန်းစမ်းပြီး သူ ဆေး နှစ်မျိုး ပြန်ပြောင်းရန် ဆုံးဖြတ်ပြီး အာနိသင်ကို အရင်ကြည့်ရမည်။ ကုသ၍ ရနိုင်သမျှ မြန်မြန်ကုသရမည်။ တစ်မိသားစုလုံးက စောင့်နေသည်ဖြစ်သည်။

ယန်ဆရာဝန် ဆေးစာ ချရေးပြီး ကုလျန်ရုန်ကို ကမ်း‌ပေးလိုက်သည်။ "လျန်ရုန်၊ အပြင်ထွက်ပြီး သူနာပြုဆရာမကို ဆေးယူဖို့ နေရာပြခိုင်းလိုက်။ သုံးရက်စာ အရင်ယူလိုက်"

ကုလျန်ရုန်က စကား‌ပြော‌ကျွမ်းကျင်ပြီး သူ ဒီဆေးရုံရောက်ဖူး၍ ဌာနအားလုံးနှင့် ရင်းနှီးကာ အခန်းမှထွက်ထွက်ချင်း အမျိုးသမီးငယ်တစ်ယောက်ကို သူ့အား ဆေးနေရာ လိုက်‌ပြစေသည်။ ဆေးယူပေး‌သောအလုပ်သမားလေးကလည်း သူနှင့် ရင်းနှီး၍ လှုပ်ရှားမှုများက မြန်ဆန်တက်ကြွသည်။

ယန်ဆရာဝန် ဆေးညွှန်း ရေးပြီးသောအခါ သူ ကုလျန်ရွှမ်ကို ပြောလိုက်သည်။ "ဆေးကြိုဖို့ နည်းလမ်းတစ်ခုရှိတယ်။ ဆရာ မင်းအတွက် ချရေးပေးလိုက်မယ်။ ပြန်ရောက်ရင် အဲ့နည်းလမ်းအတိုင်း ဆေးကြိုရမယ်"

ကုလျန်ရုန် ဆေးနှစ်တွဲနှင့် ပြန်လာသောအခါ ကုလျန်ရွှမ် ဆေးကြိုနည်းရ၍ သူတို့ ယန်ဆရာဝန်ကို နှုတ်ဆက်ကာ ဆေးရုံမှ ထွက်လာပြီး တည်းခိုခန်း ပြန်ကြသည်။ ဆေးရုံသွားသည်က အလုပ်မများ။ တစ်နာရီတောင် မကြာပေ။

ကုလျန်ရုန် ‌ရေဖြည့်ကာ "ကျွန်တော်တို့ ဒီနေ့ ဆေးယူပြီးပြီဆိုတော့ မနက်ဖြန်ပြန်မလား သဘက်ခါ ပြန်မလား?"

ဒီတစ်ကြိမ် ဆရာဝန်က တကယ်မြန်သည်။ တစ်နေ့တည်း ဆေး‌ပေးနိုင်ပြီး ဆေးညွှန်းစဥ်းစားရပုံမပေါ်၍ သူအစ်ကို၏ ဒဏ်ရာ တကယ် မကြာမီ သက်သာတော့မည့်ပုံပင်။

ကျန်းထျန် မြန်မြန်မပြန်ချင်၍ ကုလျန်ရွှမ်ကို ကြည့်ကာ သတိ‌ပေးလိုက်သည်။ "ချန်ခေါင်းဆောင်က မနက်ဖြန်ပြန်လာပြီး ကျွန်မတို့ကို အစိုးရပိုင်စား‌သောက်ဆိုင်မှာ ဖိတ်ကျွေးမယ်လို့ ပြောခဲ့တယ်မလား?" တစ်နပ်အတွက် ဆိုလျှင်တောင် နေရမည်။

ပြီးတော့ သူမ ဒီက မှောင်ခိုစျေးသွားပြီး နေရာလွတ်မှ တစ်ခုခုထုတ်ရန် တွေးထားသည်။ မြို့ကြီးတွင် သူမ မရောက်ဖူးသော‌ စျေးကြီးလည်း ရှိသည်။

ကုလျန်ရုန်က အတွေးများများမရှိ။ သူ မြို့ကြီးကို လွန်ခဲ့သောနှစ်က အသွားအပြန် ၇ ခေါက် ၈ ခေါက်လုပ်၍ သွားသင့်သော နေရာများရော မသွားသင့်သောနေရာများရော စူးစမ်းပြီးသဖြင့် သူ့အတွက် အသစ်အဆန်းဆိုသည်မှာ မရှိပေ။

ကျန်းထျန် တက်ကြွနေသည်ကို မြင်၍ ကုလျန်ရွှမ် ခေါင်းညိတ်လိုက်သည်။ "ဒါဆို နောက်တစ်နေ့နေပြီး အရင်အစီအစဥ်အတိုင်း သဘက်ခါမှ အပြန်လက်မှတ်ဝယ်မယ်"

ကျန်းထျန် မျက်လုံးမှေးကာ ပြုံးသည်။

အရမ်းကောင်းတယ်!

ဆေးရုံက ပြန်လာသည်မှာ အရမ်းစောနေ‌သေးပြီး ထွက်လျှင် ရာသီဥတုက ပူမည်ဖြစ်၍ မနက်ဖြန်မနက်မှ အပြင်ထွက်ရန် စီစဥ်ထားသည်။

ကုလျန်ရုန် သူ့အခန်း ပြန်နားပြီး ကျန််းထျန်က အိပ်ရာကို မှီကာ စာအုပ်ဖတ်ရင်း အချိန်ကုန်ရန် တွေးထားသည်။ ကုလျန်ရွှမ်လည်း ဘေးတွင်ထိုင်ကာ ပိုက်ဆံရေနေသည်။

နေ့လည်က အသားဟင်းပွဲများက ၇၀ဆင့်သာကုန်ကျသည်ကို သူ မယုံနိုင်သေး၍ ကျန်းထျန် သူမကိုယ်ပိုင်ပိုက်ဆံသုံးလိုက်သည့်သက်‌သေ ရှာရန် သူ အားစိုက်ထားသည်။

ကျန်းထျန် ကုလျန်ရွှမ်ကို တစ်ချက်ကြည့်ပြီး အာရုံသိပ်မစိုက်။ ဘယ်လိုရေတွက်တွက် ‌ရလာဒ်က တစ်ခုတည်းဖြစ်သည်။

ဒီနေ့လည်တည်းက သူမ နေရာလွတ်မှ ပစ္စည်းများထုတ်ရန် စွမ်းရည်သုံးရန် နည်းလမ်းအသစ်တစ်ခုတွေ့လိုက်သည်။

သူမ ပစ္စည်းများကို ဖောဖောသီသီ ထည့်‌လိုက်‌သော်လည်း ပိုက်ဆံက အတူတူဖြစ်ကာ သူမ ပိုလည်း မသုံး လျော့လည်းမသုံး။ သက်သေလည်း ရှိသည်။ ‌သူ ရေတွက်နိုင်သည်။ ရေတွက်ပြီးလျှင် သူမ ထိုပစ္စည်းများကို အရမ်းနည်းသည့်စျေးဖြင့် ရခဲ့သည်ကို ယုံရမည်။

သို့မဟုတ်လျှင် ပစ္စည်းတန်ဖိုးများနှင့် သုံးလိုက်သောပိုက်ဆံမကိုက်သည်ကို ဘယ်လိုရှင်းပြမည်နည်း? သူမမှာပွားနိုင်သည့်စွမ်းရည်ရှိလို့များလား? ဒါကဘယ်လိုဖြစ်နိုင်မှာလား?

သူမ ပိုသက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလိုက်ပြီး ကုလျန်ရွှမ်၏ ပိုက်ဆံရေတွက်နေသည့် အသံကြားထဲမှ စာအုပ်ကို အမူအရာမဲ့စွာ တစ်ရွက်လှန်လိုက်သည်။

နေ့လည်စာက အရမ်းပေါများခဲ့၍ သူတို့သုံးယောက် ပြည့်နေသဖြင့် ညစာကတော့ အလွန်ရိုးရှင်းသည်။

ကုလျန်ရုန် အစိုးရပိုင်စားသောက်ဆိုင်သို့ သွားကာ သူ၏ တမူထူးခြား‌သော စကား‌ချိုချိုများဖြင့် အချဥ်စိမ်တစ်ပွဲ ကြက်သွန်နီပန်ကိတ်အနည်းငယ်နှင့် မတ်ပဲဆန်ပြုတ်ပြန်ယူလာသည်။

ကျန်းထျန် အလွန်မွှေးပြီး ကြွပ်ရွသော ကြက်သွန်နီပန်ကိတ်ကို ကြိုက်သည်။ တစ်မျိုးတည်းစားလျှင် အနည်းငယ်အီပေမယ့် အချဥ်စိမ်နှင့် စားလျှင် အလွန်အရသာရှိသည်။ မတ်ပဲဆန်ပြုတ်ကိုလည်း သူမ အလွန်သဘောကျသည်။

All Chapters