← Chapters

အခန်း(၅၈)

Vol. 5 Ch. 58

အခန်း(၅၈)

Vol. 5 Ch. 58

ကျောက်ဟုန်မေ ပျော်သွားပြီးနောက် သူမ၏ဆံပင်ပုံစံကို ပိုကျေနပ်လာသည်။ ကျန်းထျန် ကတ်ကြေးကို ပြန်ပေးကာ ကျောက်ဟုန်မေကို အကြံဥာဏ်များစွာပေးလိုက်သည်။

"အစ်မရဲ့မှဲ့ခြောက်တွေကို တခြားသူတွေကို မမြင်စေချင်ရင် မျက်လုံးနဲ့ နှုတ်ခမ်းတွေလိုမျိုး မျက်နှာမှာရှိတဲ့ တခြားနေရာတွေကို လူတွေရဲ့အာရုံကို ပြောင်းလိုက်လို့ရတယ်"

"ဟုတ်တယ်၊ အနီရောင်တောက်တောက်က အစ်မကို ကြည့်ကောင်းစေပြီး ပန်းရောင်ဖျော့ဖျော့က အစ်မကို ပိုနုပျိုစေတယ်။"

ကျောက်ဟုန်မေ ဂရုတစိုက်ချရေးပြီး ယခု သူမ၏ အမြင်အရ ကျန်းထျန်ပြောသမျှမှန်သည်။

သူမ ကျန်းထျန်ကို ကောင်တာသို့ တရင်းတနှီး ခေါ်သွားပြီး "ဒီမှာ နာရီတွေ အားလုံးကို ကြည့်လို့ရတယ်၊ ဒါပေမယ့် ညီမ ဒါတွေကို ပေါ့ပေါ့ဆဆ ကိုင်လို့မရဘူး။ ဒီပစ္စည်းတွေက အရမ်းဈေးကြီးပြီး အဲဒါကို ထိမိရင် စျေး ဆယ်ဆ ပြန်ပေးရလိမ့်မယ်"

"ညီမ နားမလည်ရင် အစ်မကို မေး၊ အခု ညီမက အစ်မရဲ့ အချစ်ဆုံးသူငယ်ချင်း" ကျောက်ဟုန်မေ သူမရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ အိတ်ကပ်ထဲမှ နှုတ်ခမ်းနီတစ်‌ဘူးကို ထုတ်ကာ ကျနးထျန်ကို မေးလိုက်သည်။ "ဒါက ဟုတ်လား?"

ကျန်းထျန် နှုတ်ခမ်းနီ ယူလိုက်ပြီး ကြည့်လိုက်၊ ဖွင့်ကြည့်လိုက်၊ အနံ့ခံလိုက်နှင့် အနံ့က နည်းနည်းပြင်းသည်။ လက်ချောင်းများ နှစ်ပြီး လက်နောက်ကျောပေါ် ပွတ်လိုက်၍ နှိုင်းယှဥ်ကြည့်ရာ အရောင် ကွာဟချက်က အဆင်ပြေသည်။

သူမ ကျောက်ဟုန်မေကို ပွတ်နည်း သင်ပေးလိုက်သည်။ "ညီမလုပ်သလို လက်ချောင်းနဲ့ အောက်နှုတ်ခမ်းကို ပွတ်လိုက်ရုံပဲ။"

အရမ်း ပွတ်သည်က သိပ်ကြည့်မကောင်း။ မြင်သာရုံသာ လုပ်ရသည်။ ဤသည်မှာ သူမ၏ ယခင်ဘဝက သူမရရှိခဲ့သော အတွေ့အကြုံများဖြစ်သည်။

ကျောက်ဟုန်မေ စမ်းကြည့်ရင်း မှန်ကို ယူလိုက်ပြီး ကြည့်ရာ သူမမျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အရမ်းလှလာသည်။

တစ်ချက်ကြည့်လိုက်ရင် ပထမဆုံးမြင်ရတဲ့အရာက သူမရဲ့မှဲ့ခြောက်များ မဟုတ်သည်က သေချာသည်။ မှဲ့ခြောက်များကို သတိပြုမိသောအခါ ပို၍ပင်ကြည့်ကောင်းလာသည်။

ကျောက်ဟုန်မေ ကျန်းထျန်ကို ပိုမိုချစ်ခင်လာကာ ကျန်းထျန်အား ကောင်တာရှိ နာရီများကို တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးရန် ခေါ်သွားသည်။

စတိုးဆိုင်မန်နေဂျာ လှည့်ကြည့်လိုက်သောအခါ ကျန်းထျန်ကို နာရီဝယ်လိုသော ဖောက်သည်တစ်ဦးဟု ထင်ကာ ကျောက်ဟုန်မေ၏ ထုတ်ကုန်ကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခြင်းအတွက် အလွန်ကျေနပ်သွားသည်။

ကျန်းထျန် ကောင်တာတွင် ပြထားသော နာရီအားလုံးကို တစ်ချက်ချင်းထိလိုက်ကာ လက်ရှိလက်ပတ်နာရီဈေးကွက်ကို ယေဘူယျနားလည်သွားပြီး စျေးနှုန်းကိုလည်း ရှင်းလင်းသွားသည်။

ကျောက်ဟုန်မေ ရှိနေခြင်းကြောင့် သူမ ထိုနာရီများ၏ ကုန်ကျစရိတ်ကိုလည်း သိခဲ့သည်။

ကျောက်ဟုန်မေနှင့် နှုတ်ဆက်လိုက်သောအခါတွင် ကျောက်ဟုန်မေ သူမထွက်ခွာသည်ကို တွန့်ဆုတ်နေဆဲဖြစ်ပြီး ကျန်းထျန်ကို အချိန်အနည်းငယ်ကြာအောင်နေရန် တောင်းဆိုကာ အစိုးရပိုင် စားသောက်ဆိုင်သို့ ညစာစားဖိတ်ခေါ်ချင်သေးသည်။

သို့သော် ကျန်းထျန် မှောင်ခိုဈေးကွက်သို့ ခဏသွားကြည့်ပြီး နေရာလွတ်ထဲကနေ နာရီကို ခိုးထုတ်နိုင်ရန်အတွက် သတိရ၍ ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

ကျန်းထျန်မှာ လုပ်စရာများရှိနေသေးကြောင်း သိ၍ ကျောက်ဟုန်မေ ကျန်းထျန်ကို သူမအိမ်လိပ်စာကို ပေးခဲ့ပြီး စာများ မကြာခဏ ပေးပို့ရမည်ဟု ထပ်ခါတလဲလဲ ပြောလိုက်သည်။

ကျောက်ဟုန်မေ ကျန်းထျန်ကဲ့သို့ ချစ်စရာကောင်းသောလူကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။

ထိုအချိန်တွင် ကျန်းထျန်က အစကဘာမှ နားမလည်သော ရွာသူတစ်ဦးဖြစ်သည်ကို သူမ လုံးဝ မေ့နေခဲ့သည်။

ကျန်းထျန်က ဘာမှနားမလည်သည် မဟုတ်ဘဲ အကုန် ကောင်းကောင်းနားလည်သည်။

ဆိုင်က ထွက်လာသောအခါ နေ့လည် ထမင်းစားချိန် နီးနေပြီဖြစ်သည်။ ကျန်းထျန် သူမလှည့်ကွက်ကို ထပ်ခါတလဲလဲသုံးပြီး အစိုးရပိုင် စားသောက်ဆိုင်မှ ဝက်နံရိုးပြုတ်နှင့် ချက်ထားသော ဝက်သားကို 'ဝယ်' သည်။

တည်းခိုခန်းအခန်းသို့ ပြန်ရောက်သောအခါ ကျန်းထျန် ကိုင်ထားသော နေ့လည်စာထမင်းဘူး၂ဘူးကိုဖွင့်လိုက်ရာ အသားများနှင့် နံရိုးများရှိနေပြန်သည်။

ကုလျန်ရွှမ် - "..." အတိအကျပြောရရင် ဒီအသားဟင်းသုံးမျိုးရဲ့ စျေးနှုန်းက ၇၀ဆင့်ထက် ပိုတယ်လို့ မခံစားရဘူး။

မနေ့က ဟင်းလေးမျိုးမှာ ၇၀ဆင့် မရှိတော့ ဒီနေ့ ဟင်းက...

"ဆင့်ငါးဆယ်!" ကျန်းထျန် မကြောက်မရွံ့မျက်နှာဖြင့် စားပွဲပေါ် ငွေလက်မှတ်ကို တင်လိုက်သည်။

အမှန်အကန်စစ်သည်တော်က သံသယကို မကြောက်။

အဘယ်ကြောင့်ဆိုသော် အခုက အမှန်တကယ် သက်သေမရှိသော 'မှောင်ခိုကူးခြင်း' ဖြစ်သည်။

စိတ်လှုပ်ရှားစရာကောင်းသည်က 'သူမသာသိပြီး ဘယ်သူမှ မသိတာဖြစ်သည်´

သူမဆုံးဖြတ်လိုက်သည်! နေ့ခင်းဘက် မှောင်ခိုဈေးသွားပြီး ခေါက်ဆွဲခြောက်စားဖို့ ပြန်လာမည်။

ကုလျန်ရွှမ် - "..." သူ ပိုက်ဆံကို ယူလိုက်ပြီး မယုံနိုင်စွာ ရေတွက်လိုက်သည်။

ဆင့်ငါးဆယ် မှန်တယ်။

မှန်တယ်... ဒါက ဘာလဲ?!

ဘာလို့ ဆင့်ငါးဆယ်နဲ့ရတာလဲ?။

ဆင့်ငါးဆယ်က ဘယ်မှာလဲ!

ငါးဆယ်ဆင့်လောက်နဲ့ အသားအများကြီး ဝယ်လို့ရလို့လား?!

"မင်းရဲ့ကိုယ်ပိုင်ပိုက်ဆံကို ဖွက်ထားတာလား?" ကုလျန်ရွှမ် တည်ငြိမ်စွာမေးလိုက်သည်။

လေသံထဲ မကျေမနပ် ဖြစ်နေသည်ကို ကြားနိုင်၍ ကုလျန်ရုန် ဝက်သားကို တူဖြင့် ယူချင်သောလက်ကို အမြန်ပြန်ရုတ်လိုက်သည်။

ပြီးပြီ။ လူငယ်လင်မယားနှစ်ယောက် စကားများရန်ဖြစ်ကြတော့မည်။

သူက အပြင်လူဖြစ်သည်၊ အဟင့်၊ ညီလေးဆိုတော့ သူ ဒီကနေ ထွက်သွားသင့်သည် မလား?

ကျန်းထျန် မျက်တောင်ခတ်လိုက်သည်။

သူမ ဖွက်ထားခဲ့သည်။ တကယ်ဖွက်ထားသည်ဖြစ်သည်။

နေရာလွတ်၌ မူလပိုင်ရှင်အဖွားမှ ချန်ခဲ့သော ငွေစက္ကူနှင့် ငွေသားပြေစာများအပြင် အခုခေတ်ရောက်သည့်ပထမဆုံးနေ့တွင် ကုလျန်ရွှမ်ဆီမှ ယူခဲ့သော ယွမ်ငါးဆယ်လည်း ရှိသည်။

သို့သော် သူမ ဝန်ခံနိုင်ပါ့မလား?

"မဟုတ်ဘူး!" ကျန်းထျန် ခေါင်းခါလိုက်ပြီး သူမလုပ်ရပ်တွေက ပြတ်သားသည့်ပုံဖမ်းလိုက်သည်။

သူမ အလွန်စိတ်မကောင်းဖြစ်မိသည့်ပုံ ဟန်ဆောင်ကာ အထင်လွဲခံရသည့်အခါ ရှိသင့်သော အမူအရာကဲ့သို့ နှုတ်ခမ်းက တွန့်လိမ်နေပြီး နှာခေါင်းရှုံ့နေလိုက်သည်။

နောက် ကျန်းထျန် ဒေါသတကြီးဖြင့် အင်္ကျီနှင့် ဘောင်းဘီအိတ်ကပ်များကို ထုတ်ပြလိုက်သည်။

"ကြည့်!"

"ဘာမှမရှိဘူး!"

ကျန်းထျန်၏ အိတ်ကပ်က မျက်နှာထက် ပိုသန့်ရှင်းနေသော အိတ်ကပ်အစစ်ကို ပုံဖော်ထားသည်။

ဒါကလည်း အခုခေတ်က လူတိုင်းပုံစံဖြစ်သည်။

ပိုတိတိကျကျပြောရလျှင် ရွာသားများ ကိုယ်ပိုင်အဝတ်အစားတွေလုပ်ရန် အထည်များကို ဆုတ်ဖြဲသောအခါ အစမဖြုန်းတီးရန် အိတ်ကပ်ထည့်ချုပ်သည်မှာ ရှားပါးသည်။

ကုလျန်ရွှမ် ကျန်းထျန်၏ အလွန်သန့်ရှင်းသော အဝတ်အိတ်ကပ်ကို ကြည့်ပြီး တိတ်ဆိတ်သွားသည်။

နှုတ်မဆိတ်နေသည်ကလွဲ နည်းလမ်းမရှိ။

ဒါက ကြောက်စရာဖြစ်သည်!

ဆင့်ငါးဆယ်နှင့် များများဝယ်၍မရ။ အသားစိမ်းမဆိုထားနှင့်။ အစိုးရပိုင် စားသောက်ဆိုင်က စားဖိုမှူး ချက်ထားသည်ဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်၊ ဆား ဆီများကိုလည်း အလကားမပေးပါ။

ကျန်းထျန် စိတ်ထဲတွင် တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။

ခေါင်းကုတ်ချင်သော်လည်း ရှင်းမပြနိုင်တော့သည့် ခံစားချက်က စိတ်ရှုပ်စရာကောင်းပြီး နားမလည်နိုင်လောက်အောင်ဖြစ်သည်။

ကုလျန်ရွှမ် တွေးနေသည်ကို သူမ ဂရုမစိုက်တော့။ အထောက်အထားမရှိ၍ အရာအားလုံးက စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။

ထို့အပြင် ကုလျန်ရွှမ်၏ စိတ်ကူးယဉ်မှုများက အမှန်တရားနှင့် ‌ဝေးကွာလွန်းသည်။ ပြီးတော့ သူမ အခု စိတ်ပူနေစရာ မလို။

ပြီးတော့ သူမရှေ့က အရသာရှိသောအစားအစာအများကြီးကို သူမစားချင်နေပြီဖြစ်သည်။

အံ့အားသင့်နေသော ကုလျန်ရွှမ်ကို ဘေးဖယ်ထားလိုက်ပြီး ကျန်းထျန် သူမကိုယ်ပိုင်ထမင်းကို ဆွဲယူကာ အသားနှင့်ထမင်းကို ၁၀၀% ပြည့်သည်အထိ စားလိုက်သည်။

ကုလျန်ရုန် သူ့မရီး၏ တူများ လှုပ်ရှားနေသည်ကို မြင်သောအခါ သူလည်း လုံးဝ လျစ်လျူရှုပြီး အသားနှင့် ပေါင်းထားသော ပေါက်စီများကို အားပါးတရ စားလိုက်သည်။

နောက်ဆုံးတွင် အခန်းဖော်နှင့် ညီအကိုရင်းနှီးမှုအကြောင်း စဥ်းစားပြီး ကုလျန်ရွှမ် အတွက် အောက်ခြေကို ချန်ထားပေးလိုက်သည်။

ကုလျန်ရွှမ် သတိပြန်ဝင်လာသောအခါ ဆင့် ၅၀ တန်သော အသားကို တွေ့လိုက်သည်။

ကုလျန်ရွှမ် - "..." ဒါက သူတောင်းဆိုသလို ဆင့်၅၀တန်အသားကို ရသည်လို့ မှတ်ယူရမည်လား။

နေ့လယ်တွင် အနားယူရန်တွေးထားသော်လည်း အပြင် နေရောင်အောက်၌ လမ်းလျှောက်ထွက်ပြီး ပြန်လာသောအခါ ချွေးများ ဖုန်များဖြင့် ဖုံးသွားသည်။

သို့သော် ကျန်းထျန် အချိန်အတော်ကြာ စီစဉ်ထားရ၍ ထမင်းဘူးများ ဆေးရန် ရေခန်းသွားပြီး ပြန်လာခဲ့သည်။ ကုလျန်ရုန် အခန်းထဲမပြန်ခင်မှာ သူမ အရင် "ဟေး မှောင်ခိုဈေးသွားကြရအောင်?" ယေဘူယျအားဖြင့် မှောင်ခိုဈေးသို့သွားခြင်းသည် ငွေအများအပြားသုံးစွဲခြင်းကို ဆိုလိုသည်။

ကုလျန်ရွှမ်ပိုက်ဆံကို ရေမတွက်တော့ဘဲ ကျန်းထျန် ဝယ်ချင်သောအရာကို တွေးကာ "မင်း နှုတ်ခမ်းနီဝယ်ချင်လို့လား?" သူတစ်ခုကိုသာ တွေးနိုင်ခဲ့သည်။

နာရီတစ်လုံး ကျန်းထျန်ဝယ်ချင်လျှင်တောင် သူ တားရန် စိတ်ကူး မရှိ။

ကျန်းထျန်ကို သူ မတားနိုင်။ သူတို့ယူလာသော ပိုက်ဆံက ထမင်းစား၊ လက်မှတ်ဝယ်ရန် တတိယကလေးကို ပေးထားသည်ကလွဲ၍ ကျန်ငွေက ကျန်းထျန်တွင်ဖြစ်သည်။

သို့သော် ကျန်းထျန် ဝယ်ရန်အစီအစဉ်မရှိကြောင်း သူမြင်သည်။

ထို့ကြောင့် နှုတ်ခမ်းနီသာ ကျန်တော့သည်။

ကုလျန်ရွှမ် လက်မှတ်နှစ်ခုကို ကောက်ကိုင်လိုက်သည်။ ​​သူ နေ့လည်စာစားချိန်အတွင်း နှုတ်ခမ်းနီဝယ်ရန် ကုန်တိုက်တစ်ခုဆီသွားမည့် စိတ်ကူးကို ကျန်းထျန်မြင်မိသလား?။

သူ ဘာမှမပြောခဲ့ဘူးဆိုသည်က သိသာသည်?

ကျန်းထျန် - "?" နှုတ်ခမ်းနီကို ဘာအတွက်ဝယ်ရမှာလဲ။

သူမ နှုတ်ခမ်းနီလိုချင်သည်ဟု ဘယ်တုန်းကပြောလို့လဲ?။

ကုလျန်ရွှမ်က ထူးဆန်းသည်။

" ရှင်နှုတ်ခမ်းနီ ဝယ်ချင်လို့လား?" ကျန်းထျန် ပြန်မေးလိုက်သည်။

ကုလျန်ရွှမ် မျက်နှာ ပြောင်းလဲသွားသည်ကိုမြင်၍ နှုတ်ခမ်းနီဝယ်ချင်မှန်း သူမ သိလိုက်သည်။

ကျန်းထျန် ခဏလောက်စဉ်းစားပြီး တစ်စုံတစ်ခုကို နားလည်သွားပုံရကာ "အမေ့အတွက် နှုတ်ခမ်းနီဝယ်ချင်လို့လား?"

ကျန်းထျန် မျက်မှောင်ကြုတ်လိုက်သည်။

အမေ့အတွက် နှုတ်ခမ်းနီဝယ်ပေးတာ။

မဖြစ်နိုင်ဘူးတော့ မဟုတ်။

သို့သော် အဓိကအချက်က ရွှီကျင်းဖန် ဒီလိုဖန်စီအရာများကို လက်မခံနိုင်သကဲ့သို့ အလုပ်သွားလျှင် နေ့တိုင်း ပါးစပ်ကို မလိမ်းနိုင် ဖြစ်နေသောကြောင့်ဖြစ်သည်။

တကယ်တော့ နှုတ်ခမ်းနီထက် ရွှီကျင်းဖန်အတွက် ခရင်မ်ဝယ်သည်က ပိုသင့်လျော်သည်ဟု သူမ ခံစားရသည်။

မျက်နှာမှာ ခရင်မ်လိမ်းလျှင် ဘာကိုမှ မမြင်ရသော်လည်း နှုတ်ခမ်းနီကို ဆိုးလိုက်သောအခါ မြင်နိုင်သည်။ ထိုအခါ ရွာရှိ လူများ၏ မျက်လုံးများက ဤပြဿနာကို လက်လွှတ်မခံလောက်။ ကုမိသားစုကို အပုပ်ချလျှင် မကောင်းပေ။

ကုလျန်ရွှမ် - "..." အမေ့အတွက် နှုတ်ခမ်းနီ ဘာလို့ဝယ်ရမှာလဲ?

ကုလျန်ရုန် - "... "ဘာလို့ မရီးက ဒီလို ဦးနှောက်ဖြစ်နေရတာလဲ။ ဒီလူနှစ်ယောက်အတွက် သူတကယ်ကို စိတ်ပူသည်။

"မဟုတ်ဘူး.... မဟုတ်ဘူးလား?" ကျန်းထျန် ကုလျန်ရွှမ်၏ ထိတ်လန့်တုန်လှုပ်ပြီး စကားမပြောနိုင်သော အမူအရာကို ကြည့်ကာ သူမထင်သည်က မှားနေပြီဟု သဘောပေါက်လိုက်သည်။ "ဒါဆို ရှောင်းမင်အတွက်တော့ မဟုတ်ဘူး မလား?"

ကုလျန်ရုန် သည်းမခံနိုင်တော့ပေ။

အစ်ကိုကြီးနှင့် မရီးတို့က လူငယ်လင်မယားနှစ်ယောက်ဆိုတော့ သူတို့နှစ်ယောက်ကို ဒီအတိုင်းထားလိုက်လျှင် သူတို့ထဲက တစ်ယောက်က အသက်ရှုကြပ်ပြီး ဘာဖြစ်နေလဲဟု တွေးမိသည်အထိဖြစ်နိုင်မလား?။

"မရီး၊ အကိုကြီးက မရီးအတွက် နှုတ်ခမ်းနီဝယ်မှာလို့ မရီး တစ်ခါမှ မတွေးဖူးဘူးလား" ကုလျန်ရုန် ထိုသို့ပြောပြီးနောက် သူ့တစ်ကိုယ်လုံး ပိုပေါ့ပါးလာသည်။

သူတို့ နှစ်ယောက် ပေါင်းသင်းဆက်ဆံနေသည်ကို မြင်ရသောအခါ... အိမ်ထောင်ရေးမှာ ပေါင်းသင်းဆက်ဆံရသည်က ဘာကြောင့် ဒီလိုအဆင်မပြေရသည်လဲဟု တွေးမိသည်။

ကုလျန်ရုန်၏ စကားများကို ကြား၍ ကုလျန်ရွှမ် ခေါင်း ငုံ့သွားပြီး မျက်တောင်များ ပြင်းထန်စွာ တုန်ခါသွားကာ သူ့လည်ပင်းနှင့် နားရွက်များ နီရဲလာသည်။

ကျန်းထျန် စက္ကန့်အနည်းငယ်မျှ ကြောင်သွားပြီး သူမစိတ်ထဲမှာ တစ်ခုခု ပေါ်လာသော်လည်း သူမ ဖမ်းမမိလိုက်။ သူမ မျက်မှောင်ကြုတ်ကာ စဉ်းစားကြည့်ပြီး "ဘာလို့ ကျွန်မအတွက် ဝယ်ပေးချင်တာလဲ? ကျွန်မမလိုချင်ပါဘူး" ဝက်သားစားသည်က လက်တွေ့ပိုကျသည်။ ထိုငွေနှင့် ထမင်းဝယ်ပြီး ဟင်းများများ မိသားစုနှင့်စားသည်က ပိုမကောင်းဘူးလား?

ကုလျန်ရုန် - "...."အစ်ကို၊ ကျွန်တော် စိတ်မကောင်းပါဘူး၊ တတိယညီ အစ်ကို့ကို မကူညီနိုင်တာပါ။

ကုလျန်ရွှမ် ဆုပ်ကိုင်ထားသော လက်မှတ်များကို သိမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။ "မင်းမကြိုက်ရင် မဝယ်နဲ့"

"အို"မဝယ်တာ အကောင်းဆုံးပဲ၊ ကျန်းထျန် ခေါင်းညိတ်ပြပြီး "မှောင်ခိုဈေးကို သွားကြမှာလား?" အရင်မေးခွန်းကို ပြန်မေးလိုက်သည်။

"တတိယညီ၊ မင်းဒီကမှောင်ခိုစျေး ဘယ်မှာလဲဆိုတာ သိသင့်တယ်မလား?"

ကုလျန်ရုန် သူ့အစ်ကိုကြီးအား ကြည့်ကာ "အစ်ကို?"

ကျန်းထျန် ကုလျန်ရွှမ်ကို ကြည့်ပြီး "ကုလျန်ရွှမ်?"

ကုလျန်ရွှမ် ပိုက်ဆံကို ထုတ်ပြီး ကျန်းထျန်ရှေ့ထားကာ"သွားကြည့်လို့ ရပါတယ်"

ကျန်းထျန် - (^o^)/

မြို့ကြီးက အလွန်ကြီးမားပြီး မှောင်ခိုဈေးတစ်ခုမက ရှိသည်။ ကုလျန်ရုန် ကျန်းထျန်ကို အနီးဆုံးမှောင်ခိုဈေးသို့ ခေါ်သွားလိုက်သည်။

ကုလျန်ရွှမ်လည်း လိုက်ချင်သော်လည်း ကျန်းထျန် အကြောင်းပြချက်ကောင်းကောင်းနှင့် တားလိုက်သည်။ "ရှင် သွားလို့မရဘူး၊ ရှင်က ဂျိုင်းထောက်နဲ့ ပေါ်လွင်လွန်းတယ်၊ ရှင်အမြန်လည်း မပြေးနိုင်ဘူး၊ အစောင့်တပ်နီတွေ ရောက်လာရင် ရှင်အရင်ဆုံး အဖမ်းခံရလိမ့်မယ် " ပြတ်ပြတ်သားသား ပြောရလျှင် အဟန့်အတား ဖြစ်နေသည်။

ကုလျန်ရွှမ် - "..." မင်းမှန်ပါတယ်။

"ဒါဆို ထွက်ပေါက်နားမှာ ဆုံမယ်" ပြောပြီးနောက် ကုလျန်ရွှမ် လှည့်၍ တစ်ယောက်တည်းနေရန် နေရာရှာလိုက်သည်။

သူ့နောက်ကျောကိုကြည့်ရင်း စွန့်ပစ်ခံထားရသော ခွေးကလေးကို တွေ့ရသကဲ့သို့ ကျန်းထျန် သနားစရာဟု ခံစားလိုက်ရသည်။

All Chapters