အခန်း(၇၈)
Vol. 7 Ch. 78
ရွှီကျင်းဖန်က အိမ်မှထွက်၍ အသင်းနံပါတ်ကိုးတွင်ရိတ်သိမ်းစက် မောင်းရန် သွားသည်။
အသင်းနံပါတ်ခြောက်တွင် ရိတ်သိမ်းချိန် နောက်မကျစေရန် တပ်မဟာမှ ခေါင်းဆောင်အချို့က အသင်းသားများကို ကွင်းထဲဆင်း၍ အလုပ်လုပ်ရန် တိုက်တွန်းထားသည်။
မြန်မြန်ရိတ်သိမ်းနိုင်လေလေ မြန်မြန်ဖြန့်ဝေနိုင်လေလေဖြစ်သည့်အတွက် အသင်းသားများတွင်လည်း အခြားရွေးချယ်စရာမရှိပေ။
အိမ်မှလူအချို့က နေ့တိုင်းမနက်စောစောအလုပ်သွားရပြီးညနက်မှ ပြန်ရောက်လာကြသည်။
ရလဒ်အနေနဲ့ကတော့ ကျန်းထျန်က ကုလျန်ရွှမ်ကိုစကားမပြောသည်မှာ ဆယ်ရက်ကျော်ပြီဖြစ်သည်။
မနက်လည်းမမြင်ရသလို ညတွင်လည်း အိပ်ယာခင်းထူထူနှင့် ခြားထားသည်။
ကုလျန်ရွှမ်က သူမဘာလို့ သူနဲ့ခွာနေသည်ဆိုတာနားလည်နိုင်ပါ့မလား?
သူပိုပြီးဂရုစိုက်တာက သူရှောင်းမင်ကို ထိုအကြောင်းမေးသည့်နေ့က အဲ့ဒီအချိန်က ကျန်းထျန်ရဲ့မျက်နှာက မပျော်မရွှင်ဖြစ်သွားတယ်လို့ ရှောင်းမင်က ပြောတာကိုဖြစ်သည်။
မပျော်မရွှင်ဖြစ်သွားတယ်တဲ့လား?
တကယ်လို့ ကိုယ်မကြိုက်တဲ့သူတစ်ယောက်က ကိုယ့်ကိုကြိုက်နေတယ်ဆိုတာ သိလိုက်ရရင် အဲ့ဒီသူက မပျော်ရွှင်နိုင်ဖြစ်သွားမှာလား?
ကုလျန်ရွှမ်က အိပ်ယာပေါ်တွင် လူးလိမ့်ကာစဉ်းစားနေသည်။
သူသာဆိုလျှင် မကြိုက်ဘူးဆိုရင် မကြိုက်ဘူးပဲပေါ့။စိတ်တိုစရာရှိလို့လား?
ကုလျန်ရွှမ်က စဉ်းစားမရဖြစ်နေသည်။
ရွှီကျင်းဖန်က ဂျုံနှင့်ပြောင်းများကို အသင်းနံပါတ်ကိုးမှရိတ်သိမ်း၍ ပြန်လာသောနေ့တွင် သူက ကုလျန်ရုန်ကိုတွေ့လိုက်ကာ အနောက်ဘက်အခန်းသို့သွား၍ သူ့ကိုမေးရန်လုပ်လိုက်သည်။
"အစ်ကို့မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်..." ကုလျန်ရွှမ်က စဉ်းစားပြီးစကားလုံးများကို ဖြည်းဖြည်းချင်းပြောနေသည်။
"သူက လူတစ်ယောက်ကိုချစ်မိနေတယ်။"
ကုလျန်ရုန် - "..." လူချစ်လူခင်များတဲ့လူတစ်ယောက်ပေါ့။
သူ သူ့အစ်ကို ဖုံးကွယ်ထားသည့်အရာကို မသိသလိုဟန်ဆောင်ရန် နှစ်စက္ကန့်လောက်အချိန်ယူလိုက်သည်။
"အင်အဲ့တော့ ဘာဖြစ်လဲ? အဲ့ဒီလူက အစ်က်ို့သူငယ်ချင်းကို သဘောမကျဘူးတဲ့လား?"
ကုလျန်ရွှမ် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။"
ထို့နောက် ကုလျန်ရုန်က မေးလိုက်သည်။ "အစ်ကို့သူငယ်ချင်းက အစ်ကို့ကို အဲ့ဒီသူက သူ့ကိုသဘောကျလာနိုင်မယ့်နည်းလမ်းကို မေးတာလား?"
ကုလျန်ရုန်က ဒါကခက်တဲ့အရာမဟုတ်ပါဘူးဟု သူ့ဘာသာစဉ်းစားနေသည်။ အစ်ကိုနဲ့သူ့မိန်းမနဲ့က လက်ထပ်ပြီးသားသူတွေလေ သဘောကျတယ်ဆိုရင်ဖွင့်ပြောလိုက်ပေါ့။ ဘယ်လိုကွာရှင်းနိုင်မှာလဲ?
"မဟုတ်ဘူး။" ကုလျန်ရွှမ် ခေါင်းခါလ်ိုက်သည်။
ကုလျန်ရုန်က ငြိမ်သက်သွားသည်။ ဘာလို့ ဒီကိစ္စ မဟုတ်ရတာလဲ?
"အင်း အစ်ကိုထင်တာ...မဟုတ်ဘူး အစ်ကို့သူငယ်ချင်းသိချင်တာက သူသဘောကျတဲ့သူက သူသဘောကျနေတာကို သိပြီးနောက် ဘာလို့မပျော်မရွှင်ဖြစ်ပြီး စိတ်တ်ိုနေရတာလဲဆိုတာကိုပါ?"
ကုလျန်ရွှမ်က ဖြစ်နိုင်ချေရှိသည့်အဖြေတစ်ခုရရန် သူ့တတိယညီလေးကို အားကိုးတကြီး ကြည့်လိုက်သည်။
ဒီအဖြေက သူ့အတွက် ပြဿနာ ဖြစ်နေတာ တစ်လရှိပြီဖြစ်သည်။
သူသာ ဒီကိစ္စရဲ့အကြောင်းအရာကိုသိရရင် ကျန်းထျန်ကသူနဲ့ ခပ်ခွာခွာနေတော့မှာ မဟုတ်ဘူး။
ကုလျန်ရုန် တိတ်ဆိတ်သွားပြန်သည်။
ဒါပေမယ့် သူ သူ့အစ်ကိုကိုကြည့်လိုက်တော့ သူ့အစ်ကိုကြီးကုလျန်ရွှမ်ရဲ့ မျှော်လင့်ချက်အပြည့်နှင့် အကြည့်ကိုတွေ့လိုက်ရပြီး သူ ခေါင်းငုံ့ကာစဉ်းစားလိုက်သည်။
မရီး နေရာကနေ စဉ်းစားကြည့်ရမယ်...
ဒါဆိုဘာလို့ မရီးက စိတ်ဆ်ိုးနေတာလဲ?
သူမ သဘောကျတာလား မကျတာလား။
မိန်းမတစ်ယောက်ရဲ့နှလုံးသားက ပင်လယ်လိုပဲနက်နဲတယ်။
ကုလျန်ရုန် နောက်တစ်နည်း စဉ်းစားလိုက်သည်။ သူ့မရီးကျန်းထျန်၏ စိတ်ကိုစဉ်းစားနေမည့်အစား သူ့အစ်ကိုကြီးကို အားပေးရန် တွေးလိုက်သည်။
"ပြောရမယ်ဆိုရင် ဒီအခြေအနေမှာ သဘောကျခံရတဲ့သူ မပျော်မရွှင်ဖြစ်တာ၊ စိတ်တိုတာမဖြစ်သင့်ဘူး။ သူကစိတ်ဖိစီးပြီး အလိုမကျဖြစ်သင့်တာ။ ဒါက စိတ်ရှုပ်စရာမကောင်းဘူးလား? တကယ်လို့ အစ်ကိုက ခွေးလိုအရေထူပြီး အကြိမ်တစ်ထောင်လောက် အငြင်းခံရတာတောင် အစ်ကိုနဲ့နီးစပ်ဖို့ကြိုးစားနေတဲ့ သူနဲ့ ဆုံခဲ့ရင်အစ်ကို အရမ်းစိတ်ရှုပ်ပြီး ကတုံးတုံးချင်စိတ်တောင်ပေါ်လာနိုင်တယ်လေ။
သူပြောတဲ့ဖြစ်နိုင်ချေ အကြောင်းနားထောင်ပြီးတော့ ကုလျန်ရွှမ်က တစ်ခုခုကိုစဉ်းစားနေပုံရသည်။
ကျန်းထျန်ရဲ့အမူအရာ တုန့်ပြန်ပုံက တစ်ခုခုမှားနေသလို သူခံစားရသည်။
တတိယညီလေးက သာမန်လူမလို့ သူပြောတဲ့တုန့်ပြန်မှုက သာမန်လူတစ်ယောက် တုန့်ပြန်သင့်တဲ့ပုံစံပဲ။
ဒါဆိုပြောင်းပြန်တွေးကြည့်ရရင် စိတ်ရှုပ်တယ်ဆိုတာကသဘောမကျလို့ဖြစ်ပြီး စိတ်မရှုပ်ဘူးဆိုတာက သဘောမကျတာမဟုတ်လို့ပေါ့။
ဒါဆိုကျန်းထျန်က သူ့ကိုသဘောမကျလို့ မဟုတ်ဘူး။
အနည်းဆုံးတော့ သူ့ကို မမုန်းဘူး။
ကုလျန်ရွှမ် ရက်ပေါင်းများစွာ ကြုံတွေ့နေရသော ပြဿနာက ဖြေရှင်းလိုက်နိုင်ပြီဖြစ်ပြီး သူစိတ်ပူနေတဲ့အဆိုးဆုံးရလဒ်က ရှိမနေခဲ့ပေ။
ဒါကိုတွေးမိတော့ ကုလျန်ရွှမ် စိတ်သက်သာရာရသွားသည်။
နောက်ထပ်က ဘာလ်ို့ ကျန်းထျန် စိတ်တိုနေရတယ်ဆိုတာ တွေးကြည့်တာပေါ့။
သူနဲ့ပတ်သက်နေတယ်ဆိုတာတော့ သေချာသည်။ မဟုတ်ဘူးဆိုရင် ကျန်းထျန်က အခြားသူတွေမဟုတ်ဘဲသူ့ကိုပဲ အေးတိအေးစက် ဆက်ဆံနေမှာမဟုတ်ပေ။
သူကတော့ အရင်ရက်တွေကလည်း ကျန်းထျန်ကို စိတ်တိုအောင် ဘာမှမလုပ်မိထားဘူး။
ရှောင်းမင် ကျောင်းတက်ရတဲ့နေ့ကို ပြန်တွေးကြည့်မည်။ ရှောင်းမင်က သူတို့ကလေးမွေးမယ်ပြောလိုက်လို့လား?
ကုလျန်ရွှမ်က ဒီအကြောင်းတွေးပြီးသည်နှင့် မဖြစ်နိုင်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ကျန်းထျန်က အခြားသူတွေအပေါ် ဒေါသပုံချတတ်သည့်လူမျိုးမဟုတ်ပေ။
နောက်ပြဿနာတစ်ခုက ကုလျန်ရွှမ်ကို စိတ်အနှောင့်အယှက်ပေးနေသည်။
ဆောင်းဦးရိတ်သိမ်းချိန်ပြီးတော့ ကုလျန်ရုန်က အိမ်မှအချိန်အတော်ကြာထွက်ကာ စပါးများပို့ရန် သူ့ဆရာနှင့်အတူလိုက်ခဲ့သည်။
တပ်မဟာကစပါးများရိတ်သိမ်းပြီးနောက် ကုပေါင်ကောက အသင်းမှသန်မာသော အလုပ်သမားများကိုစပါးအိတ်များသယ်ရန် အဖွဲ့အစည်းထံ လွှတ်လိုက်ပြီးအခြားသူများကို ရက်အနည်းငယ် အနားယူခိုင်းလိုက်သည်။
ကုလျန်မင်က အမှတ်၁မြို့နယ်အလယ်တန်းကျောင်းကိုစာသင်ရန်ပြန်သွားပြီး အဖွဲ့အစည်းမှ မူလတန်းကျောင်းလဲဖွင့်ထားပြီဖြစ်သည်။
ပဥ္စမကလေး၊ ဆဌမကလေးနှင့် အခြားသက်တူရွယ်တူကလေးတွေက ကျောင်းကို အတူသွားလ်ိုက်သည်။
ရွှီကျင်းဖန်က နောက်ဆုံးတော့ အားလပ်ချိန်ရသွားသည်။ သူက အိမ်အလုပ်များ ဝေခွဲပေးခဲ့ပြီးပိုက်ဆံအချို့ယူကာ ကျန်းထျန်၏ မိဘအိမ်သို့ သွားလ်ိုက်သည်။
ကုလျန်ရွှမ်ကိုတော့ရွှီကျင်းဖန်က အမွှာများကိုအိမ်တွင်ထိန်းခိုင်းလိုက်သည်။
ရွှီကျင်းဖန်က တတိယအဒေါ်အိမ်မှ ငှားထားသောစက်ဘီးကို နင်းလိုက်သည် ကျန်းထျန်က သူမကိုယ်တိုင်လုပ်ထားသော အပေါ်ဝတ်ကိုဝတ်ထားသည်။
"အမေ ကျွန်မတို့အိမ်မပြန်ခင် အဲ့ဒီမှာပဲစားမှာလား ဒါမှမဟုတ် ပစ္စည်းတွေပေးပြီးရင် ပြန်လာမှာလား?"
ဆောင်းဦးရိတ်သိမ်းပွဲပြီးတော့ ရာသီဥတုက အေးလာပြီဖြစ်သည်။ မနက်ပိုင်းစက်ဘီးစီးလျှင် နွေးရန်အဝတ်နှစ်ထပ်လောက် ဝတ်ရမည်ဖြစ်သည်။
ရွှီကျင်းဖန်က ကျန်းထျန်၏ စကားကိုပြင်ပေးလိုက်သည်။ "ထျန်ထျန် ဒါကသမီးအမေအိမ်။ ဟိုဖက်ဒီဖက်စကားတွေမပြောနဲ့။ အခြားသူတွေကြားရင် မကောင်းဘူး။"
ကျန်းထျန် ခေါင်းငြိမ့်လိုက်သည်။ "သိပါပြီ အမေ ကျွန်မတို့ပစ္စည်းတွေ ပေးပြီးတာနဲ့ပြန်ကြမယ်။ ကျွန်မရဲ့ဒုတိယအစ်ကိုဆိုင်မှာသွားစားကြမယ်။"
"ဟင့်အင်း သမီးအမေ ဘာပြောမလဲဆိုတာကြည့်ဦးမယ်။ မဟုတ်ဘူးဆိုရင် စားဖို့ပြန်လာကြမယ်။ အိမ်မှာငါးတွေအသားတွေ ဆယ်ပေါင်လောက်ရှိသေးတယ်သမီးအသားလုံးစားချင်လား? စားချင်တယ်ဆိုရင်အိမ်ပြန်ရင် အသားနှစ်ပေါင်လောက် ဝယ်သွားကြမယ်အသားလုံးကြော်တစ်ပေါင်နဲ့ ဝက်သားနှပ်တစ်ပေါင်ဝယ်သွားကြမယ်။"
ကျန်းထျန် ပြုံးလ်ိုက်သည်။ "အမေက အရမ်းကောင်းတာပဲ။"
မြို့နယ်ကိုရောက်တာနဲ့ ရွှီကျင်းဖန်က ထောက်ပံ့ရေးနှင့်သယ်ယူပို့ဆောင်ရေးသမဝါယမကို အရင််သွားပြီး မက်မွန်ကိတ်နှစ်ကီလိုနဲ့ သစ်သီးချိုချဉ်တစ်ကီလို ဝယ်လိုက်သည်။ ဆောင်းလယ်ပွဲတော်က လာတော့မှာကြောင့် သူမက လမုန့်နှစ်ခုကိုလည်း ဝယ်လိုက်သည်။ ပစ္စည်းတွေကိုဆွေမျိုးတွေဆီ သွားလည်ချိန် ပြလို့ရလောက်တဲ့အထိဖြစ်တော့ စက်ဘီးလက်ကိုင်တွင်ချိတ်လိုက်သည်။
ကျန်းမိသားစုက မြို့အရှေ့ဘက်လမ်းကြားတွင်ကိုယ်ပိုင်အိမ် ဆောက်ထားသည်။
ဒီပတ်ဝန်းကျင်မှာ ကိုယ်တိုင်ဆောက်ထားသော အိမ်များရှိပြီး လမ်းကြားအားလုံးက မည်းမှောင်ကျဉ်းမြောင်းသည့်အတွက် စက်ဘီးစီးရန် အဆင်မပြေသောကြောင့် ကျန်းထျန်နှင့်ရွှီကျင်းဖန်က စက်ဘီးပေါ်မှဆင်းကာတွန်းလိုက်သည်။
မြို့မှစက်ရုံအလုပ်သမားများ နားရက်ယူသည့်နေ့ဖြစ်သည့်အတွက် ကျန်းထျန်နှင့်ရွှီကျင်းဖန်က ဒီနေ့လာရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေမယ့် ကျန်းမိသားစုမှ လူများအိမ်တွင်ရှိမရှိတော့ သေချာမသိပေ။
ဒါပေမယ့် ဒီနေ့က ပိတ်ရက်ဖြစ်သည့်အတွက် လူကြီးများမရှိလျှင်တောင် ကလေးများရှိနိုင်သည်။
ကျန်းမိသားစု အိမ်ပေါက်ဝသို့ ရောက်ပြီဖြစ်သည်။ ကျန်းထျန်က တံခါးကို သုံးကြိမ် ခေါက်လိုက်သည်။
အထဲမှခြေသံများကြားရသည်။
ကျန်းထျန်က ခေါင်းငုံ့ပြီးတံခါးကြားမှကြည့်လိုက်တော့အနီရောင်ဖိနပ်တစ်စုံ မြင်လိုက်ရသည်။
ကျန်းထျန်က နှစ်ကြိမ် တံခါးထပ်ခေါက်လိုက်သည်။ အနီရောင်ဖိနပ်များက ရွေ့သွားသော်လည်း တံခါးကမဖွင့်လာသေးပေ။
ကျန်းထျန်ညပြောလိုက်သည်။ "ကျွန်မ ကျန်းထျန်ပါ။တံခါးဖွင့်ပါဦး။"
တံခါးကမပွင့်သေးပေ။ ကျန်းထျန်က ရွှီကျင်းဖန်ကိုပြောလိုက်သည်။ "အမေ အိမ်မှာလူမရှိဘူး။ ပြန်ကြမယ်။"
"ဟေး ဘာလို့ပြန်မှာလဲ?" နောက်ဆုံးတော့ တံခါးပွင့်သွားကာ ဆံပင်စည်းထားသော မိန်းကလေးတစ်ယောက် ထွက်လာခဲ့သည်။
"တတိယအစ်မ ပြန်မလာခင် ဘာလို့ကြိုမပြောထားတာလဲ?ညီမအစ်မကို မှတ်တောင်မမှတ်မိဘူး။"
ကျန်းထျန်က အေးစက်စွာပြောလိုက်သည်။ "အစ်မ အမေကို မမှတ်မိတာကိုနားလည်ပေမယ့် အစ်မကိုလည်း မမှတ်မိဘူးလား?"
ကျန်းမီထောင်က နှုတ်ခမ်းဆူလိုက်ကာ လည်ပင်းက်ိုလက်နဲ့ကိုင်ပြီး ပြောလိုက်သည်။ "ဒါကအစ်မနယ်မှာ တစ်နှစ်လောက်သွားနေပြီး ကွင်းထဲအလုပ်လုပ်ရပြီး အသက်ကြီးတဲ့ပုံပေါ်လာတာကြောင့်ပါ။ ညီမက ဘယ်လိုမှတ်မိမှာလဲ?"
ရွှီကျင်းဖန်က သည်းမခံနိုင်ဖြစ်နေပေမယ့် ကျန်းထျန်ကသူမလက်ကိုဆွဲထားလိုက်သည်။ ကျန်းထျန်က တည်ငြိမ်စွာပြောလိုက်သည်။ "အစ်မ အသက်ကြီးသလို ဖြစ်လာလားတော့မသိဘူး ဒါပေမယ့် ညီမကတော့.."
ကျန်းထျန်က ကျန်းမီထောင်ကို တစ်ကိုယ်လုံးသေချာကြည့်ကာ ဆုံးဖြတ်လိုက်သည်။ "ညီမကတော့ရုပ်ဆိုးလာတာအမှန်ပဲ။"
"အသားကပိုမဲလာတယ် နှာခေါင်းက ပြားလာတယ်မျက်နှာကလည်း နှစ်ဆလောက်ကြီးသွားတယ် ခါးလည်းတုတ်နေတာပဲ။ အရပ်ကလည်း အစ်မရဲ့ဆယ့်လေးနှစ်အရွယ် ယောက်မလောက်တောင် မရှည်ဘူး။"
"ညီမက နယ်မှာတစ်နှစ်လောက် သွားနေထားတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲမသိဘူး?" ကျန်းထျန်က တစ်ခွန်းပြောပြီး တစ်ခါ ကျန်းမီထောင်ရဲ့တုံ့ပြန်ပုံကို ကြည့်ချင်သောကြောင့် ရပ်လိုက်သည်။
"အစ်မ!" ကျန်းမီထောင်ရဲ့မျက်နှာက ဒေါသကြောင့်နီရဲသွားသည်။
"အစ်မက မနာလိုဖြစ်နေတာပဲ!" သူမ ကျန်းထျန်ရဲ့မျက်နှာကိုကြည့်ကာ အံကြိတ်လိုက်သည်။
"အစ်မက ခြေမသန်တဲ့နယ်က လူရိုးတစ်ယောက်ကိုလက်ထပ်ခဲ့တာလေ။ အစ်မဘဝကို ပြန်ပြင်လို့မရတော့ဘူး။"
"အစ်မက ညီမကိုမနာလိုဖြစ်နေတာပဲ။ ညီမလက်တွဲဖော်က သယ်ယူပို့ဆောင်ရေးအသင်းက ဒရိုင်ဘာလေ!"
ရွှီကျင်းဖန်က ကျန်းမီထောင်ရဲ့ပထမစကားကိုကြားတော့ ဒေါသထွက်ပေမယ့် ဒုတိယစကားကိုကြားတော့သူမကို သနားမိသည်။
သနားစရာကလေးမလေး။ ရုပ်မလှတဲ့အပြင် ဦးနှောက်လည်းမကောင်းဘူး။
ကျန်းထျန် ပြောလိုက်သည်။ "အစ်မရဲ့လျန်ရွှမ်က အလုပ်လုပ်စရာမလိုဘဲ တစ်လယွမ်နှစ်ဆယ်ရတဲ့အပြင် အခြားထောက်ပံ့ပစ္စည်းတွေလဲ ရသေးတယ်။ အိမ်ကတတိယမောင်လေးကလည်း သယ်ယူပို့ဆောင်ရေးအသင်းက ဒရိုင်ဘာပဲ။ ညီမလက်တွဲဖော်နာမည်က ဘာလဲမသိဘူး။ တွေ့ရင် နှုတ်ဆက်ခိုင်းလိုက်ပါ့မယ်။"
ကျန်းမီထောင်က ခြေဆောင့်လိုက်သည်။ ကျန်းထျန်ကစကားအများကြီး ပြောသွားတယ်။ အလုပ်မလုပ်နိုင်တာက ဘာကောင်းနေလို့လဲ? သူ့ယောက်ျားက ခြေမသန်လို့တစ်သက်လုံး အလုပ်မလုပ်နိုင်တော့ဘူးလို့ ဘာလို့မပြောတာလဲ?
ဒါပေမယ့် သူမချစ်သူအကြောင်းမေးတော့ ကျန်းမီထောင်က ဂုဏ်ယူစွာပြောလိုက်သည်။ "ညီမချစ်သူက ဟယ်ရှင်းကွမ်! ညီမချစ်သူရဲ့ အဖေကသကြားစက်ရုံက အမှုဆောင်လေ!ညီမသာ သူနဲ့လက်ထပ်လိုက်ရင် နေ့တိုင်းသကြားလုံး စားရမှာသေချာတယ်။" ထိုသို့ပြောပြီး ကျန်းမီထောင်က ကျန်းထျန် မနာလိုဖြစ်မှာကိုစောင့်နေသည်။
ဒါပေမယ့် ကျန်းထျန်က သူမကိုဘာမှမပြောတော့ဘဲ မေးလိုက်သည်။ "အမေဘယ်မှာလဲ? သူအိမ်မှာလား? မရှိဘူးဆိုရင် အစ်မအမေနဲ့အတူ အိမ်အရင်ပြန်လိုက်တော့မယ်။"
ကျန်းထျန်က ထိုသို့ပြောကာ ရွှီကျင်းဖန်လက်ကိုဆွဲပြီးပြန်ရန်လုပ်လိုက်သည်။
ကျန်းမီထောင်က ကျန်းထျန်၏ လက်ကိုအမြန်ဆွဲလိုက်သည်။ "မသွားနဲ့ဦး။ အမေက အစ်မလာတာနဲ့ သူ့ကိုလာခေါ်ဖို့ပြောထားတယ် အိမ်မှာအရင်စောင့်နေဦး။"
ကျန်းမီထောင်က ပြောပြီးသည်နှင့် အပြင်ပြေးထွက်သွားသည်။ ကျန်းမိသားစုတံခါးက ပွင့်သွားပြီဖြစ်သည်။ ကျန်းမီထောင် ထွက်သွားတော့ အထဲမှ ယုန်ခေါင်းကလေးများကဲ့သ်ို့ထွက်ကာ တံခါးနောက်မှ ချောင်းကြည့်နေကြသည်။
ကျန်းထျန်က ရွှီကျင်းဖန်ကို ရှင်းပြလိုက်သည်။ "အမေ ဒါက ကျွန်မအစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကိုရဲ့ကလေးတွေပါ။"
ရွှီကျင်းဖန်က စက်ဘီးကို ကျန်းမိသားစုအိမ်ဝင်းအတွင်း သွင်းလိုက်ကာ သူမဝယ်လာသော သစ်သီးသကြားလုံးလက်တစ်ဆုပ်စာကို ကလေးငါးယောက်ကိုပေးလိုက်သည်။
အကြီးဆုံးတစ်ယောက်က သကြားလုံးကို ယူကာထွက်ပြေးသွားသည်။ အငယ်နှစ်ယောက်ကသကြားလုံးကိုကိုင်ကာ ရွှီကျင်းဖန်ကို ကျေးဇူးတင်လိုက်ပြီး ကျန်းထျန်ကိုခေါ်လိုက်သည်။
"တတိယအဒေါ်"
ပြီးတော့ သူတို့ကကျန်းထျန်အဝတ်စကို ဆွဲကာ ပွတ်သပ်နေကြသည်။
ကျန်းထျန်က သူတ်ို့နှစ်ယောက်ခေါင်းကို ပွတ်လိုက်ကာခြံဝင်းထဲရှိ ကျောက်ခုံတန်းရှည်မှာ ထိုင်ပြီးကလေးနှစ်ယောက်ကို တစ်ဖက်စီတွင်တင်၍ ရွှီကျင်းဖန်ကို မိတ်ဆက်ပေးလိုက်သည်။
"အမေ ဒါက ကျွန်မဒုတိယအစ်ကိုရဲ့ ကလေးနှစ်ယောက်။ အကြီးလေးက ကျင်းရှန်၊ ခြောက်နှစ်ဖြစ်ပြီးအငယ်လေးက ပေါင်ရှန်၊သူကသုံးနှစ်ခွဲ။"
ကလေးနှစ်ယောက်က ကျန်းကောရှန်ကဲ့သို့ ဝဝဖောင်းဖောင်းမျက်နှာများရှိပေမယ့် မျက်လုံးကတော့ သူတို့အမေနှင့်တူ၍ ကျန်းကောရှန်ထက် ပိုဝိုင်းသည်ဖြစ်သောကြောင့် ပို၍ချစ်စရာကောင်းနေသည်။
ကျန်းမီထောင်က အထည်ချုပ်စက်ရုံကို မြန်မြန်သွားပြီးဟွမ်ယွီရှားကို ခေါ်လာသည်။ ဟွမ်ယွီရှားက တံခါးကိုပင်မရောက်သေးခင် ကျန်းထျန်ကို သင်ခန်းစာပေးရန်တံမြက်စည်းဘယ်မှာဆိုတာ စဉ်းစားနေသည်။
သူမတံခါးကိုဖွင့်လိုက်သည်နှင့် ကျန်းထျန်သာမက သူ့ယောက္ခမ ရွှီကျင်းဖန်ပါ ရှိနေမည်ဟု သူမ မထင်ထားပေ။
အခြားသူတွေက မသိပေမယ့် သူမခမည်းခမက်က သူ့ယောက်ျားနှင့်အတူ လေ့ကျင့်ခဲ့ဖူးသည်ကို ဟွမ်ယွီရှားကသိသည်။
ရွှီကျင်းဖန်နှင့် အကြည့်ဆုံသည်နှင့် ဟွမ်ယွီရှားက ပြုံးလိုက်သည်။ "ခမည်းခမက်ကလည်း ကျွန်မတို့အိမ် လာလည်ဖို့ အချိန်ရတာလား?"
"နေ့ခင်းဖြစ်နေပြီ။ညစာစားသွားပါဦးလား? ကျွန်မ ကောရှန်ကို ဆိုင်က ကျန်တာတွေ ယူလာခိုင်းလိုက်မယ်။အိမ်က မပြေလည်ပါဘူး။ လက်မထပ်ရသေးတဲ့ ကလေးခုနစ်ယောက်ရှိတယ်။ ကျွန်မတို့ အသားမစားရတာလအတော်ကြာပါပြီ။"
ဟွမ်ယွီရှားက ရွှီကျင်းဖန်ဘေးမှ ကျောက်ခုံတန်းရှည်တွင်ထိုင်လိုက်သော်လည်း သူမအကြည့်က ကျန်းထျန်ထံသာရှိနေသည်။
ကျန်းမီထောင်က သူ့နောက်မှလိုက်လာပေမယ့် ဒီတစ်ခါတော့ အနားမလာတော့ဘဲ သူမအခန်းထဲသာ သွားတော့သည်။
ရွှီကျင်းဖန်က သူမခမည်းခမက်တွေအကြောင်း သိသူဖြစ်၍ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။
ဟွမ်ယွီရှား၏ ဖော်ရွေသည့်ပုံစံနှင့် ဧည့်သည်ကိုနှင်ထုတ်နေသည့်စကားကြားသောအခါ ရွှီကျင်းဖန်ကပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရက်က ထျန်ထျန်ကစတုတ္ထကလေးကို ကျောင်းပို့ဖို့လာတော့ ဒုတိယအကိုနဲ့တွေ့ခဲ့တယ်တဲ့။ သူက ခမည်းခမက်က ထျန်ထျန်ကိုမတွေ့ရတာကြာလို့ လွမ်းနေတယ်ပြောတယ်။ ဒါကြောင့်ဆောင်းဦးရိတ်သိမ်းချိန်ပြီးတာနဲ့ ကျွန်မ သူမကိုဒီကိုခေါ်လာခဲ့တာ။"
ဟွမ်ယွီရှားက ရွှီကျင်းဖန်၏ စကားကိုကြားတိုင်း တစ်ခုခုမှားနေသလိုခံစားရသည်။ ဒါပေမယ့် သူမကအရေးမပါသည့်အရာကို ဘေးချိတ်ကာ အရေးပါသည့်အရာကိုဦးစားပေးရန် စကားပြင်လိုက်သည်။
"ခမည်းခမက်ပြောတာ ကျွန်မနည်းနည်းတော့ သဘောမကျဘူး။ ကျွန်မကျန်းထျန်ကို အိမ်ပြန်လာခိုင်းတာကအရေးကြီးကိစ္စ ပြောစရာရှိလို့ပါ။"