အခန်း(၈၈)
Vol. 8 Ch. 88
ကျန်းထျန်က အသက်ရှူထုတ် လိုက်မိသည်။
သူမက သူမအိပ်လျှင် ဘယ်လို ပြုမူသည်ဆိုတာ ကောင်းကောင်းသိပြီး သေချာပေါက် သူမက စောင်ကို ကန်လိုက်လိမ့်မည်။
အခု သူမက စောင်မခြုံထားချင်ပေ။
သူမက ချွေးများထွက်နေကာ ပူအိုက်ပြီး မအီမသာ ခံစားနေရသဖြင့် လေညှင်းခံချင်နေသည်။
သူမက စောင်ထဲမှနေ၍ အပေါ်မှ ဖိထားသော ကုလျန်ရွှမ်၏ ခြေထောက်ကို ကန်လိုက်သည်။ "ပူတယ်"
ကုလျန်ရွှမ် - သူလည်း ပူတယ်လေ!
"သည်းခံလိုက်ပါ။ အဖျားမရှိတော့ရင် ဒီလိုလုပ်စရာ မလိုတော့ဘူး" ကုလျန်ရွှမ်က သူမကို အသံတိုးတိုးနှင့် နှစ်သိမ့်လိုက်သည်။
ကျန်းထျန် - ကြောက်စရာကောင်းတဲ့ ကောင်မလေးက ဖျားလို့ ငိုကြွေးနေတယ်။
ကျန်းမိသားစုဝင်တွေက သူမ စားပွဲကို ဖျက်စီးလိုက်ချိန်က ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာ တွေးမိမှာ မဟုတ်သလို အခု အကျိုးဆက်က ဘယ်လောက်တောင် နာကျင်သည် ဆိုတာလည်း သိမည် မဟုတ်ပါ။
ကျန်းထျန်က ကုလျန်ရွှမ်၏ မေးစေ့ကို သူမခေါင်းနှင့် တို့လိုက်သည်။ "ကုလျန်ရွှမ် ရှင်သိလား?" သူမအသံက မသဲမကွဲ ဖြစ်နေသည်။
စောင်ကို ဖိထားသော လက်က ဖယ်သွားသည်။
ကုလျန်ရွှမ်-"အင်း"
ဒီမေးခွန်းက ဘာကိုမှ မေးနေခြင်း မဟုတ်ပေမယ့် ကုလျန်ရွှမ်က ကျန်းထျန် ပြောချင်သည်ကို သဘောပေါက်သည်။
"ကျွန်မက အဘိုးအဘွားတွေရဲ့ ကလေးအရင်း မဟုတ်ဘူး" ကျန်းထျန်က အသက်ပြင်းပြင်းရှူကာ ကုလျန်ရွှမ်ကို ကြည့်လိုက်ပေမယ့် သူ့မေးစေ့ကိုသာ မြင်ရသည်။
"ရှင် ပြောစရာ မရှိဘူးလား?"
ကုလျန်ရွှမ်က မျက်လုံး ဖွင့်လိုက်သည်။
အပြင်ဘက်တွင် မိုးရွာပြီးနောက် တိမ်များ ကင်းစင်သွားသည့်အတွက် ခြံဝင်းတစ်လုံးက တောက်ပလာသည်။
ဖျားနေ၍လား ဆိုတာတော့ မသိပေမယ့် ကျန်းထျန်၏ မျက်လုံးများက တောက်ပနေသည်။
ကုလျန်ရွှမ်က လက်ကိုမြှောက်လိုက်ကာ တွေဝေစွာနှင့် ပြန်ချလိုက်ပြီး စောင်အပေါ်မှ ညင်သာစွာ ပုတ်လိုက်သည်။ "ဒါပေမယ့် မင်းအဘိုးအဘွားတွေက မင်းကို မွေးလို့ မရဘူးမလား?"
ကျန်းထျန် - "..." သူမ သူ့ခြေထောက်ကို ကန်လိုက်ငည်။
"ကုလျန်ရွှမ်!" သူမ၏ ဝမ်းနည်းနေသော ခံစားချက်က လုံးဝ ပျက်စီးသွားသည်!
ကုလျန်ရွှမ်က သူ့အမှားကို အမြန် ဝန်ခံလိုက်သည်။ "ကိုယ် မှားသွားတယ် တောင်းပန်ပါတယ်" သူက ဒီနည်းလမ်းကို ကျန်းထျန်ထံမှ သင်ယူထားခြင်း ဖြစ်သည်။
ကျန်းထျန်၏ အမူအရာက စ်ိတ်ဓာတ်ကျနေသည့်ပုံစံ ပျောက်သွားသည်ကို မြင်ရတော့ ကုလျန်ရွှမ်က စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်သည်။ "အမေက ပြောတယ် မင်းက သူ့သမီးရင်း ဖြစ်နေသ၍ အဆင်ပြေတယ်တဲ့"
ဒါကိုကြားတော့ ကျန်းထျန်၏ ခံစားချက်က ရုတ်တရက် တောက်ပသွားသည်။
ထိုရက်များက သူမက မြို့ပေါ်မှ သူမ၏ ဒုတိယအစ်ကို ကျန်းကောရှန် အလုပ်လုပ်သော စားသောက်ဆိုင်ကို သွားကာ အစားစားခဲ့ပြီး သူမက အစားအသောက်အတွက် ငွေပေးစရာ မလိုသည့်အတွက် အလွန် စိတ်ကျေနပ်ခဲ့သည်။
သူမက အခြား ကျန်းမိသားစု ဝင်များကလည်း ကျန်းကောရှန်ကဲ့သို့ မူလခန္ဓာကိုယ်ပိုင်ရှင်ကို သဘောထားမည်ဟု ထင်ခဲ့မိသည်။
ထိုမိသားစုအပေါ် မျှော်လင့်ချက်နှင့် ကျန်းထျန်က စိတ်လှူပ်ရှားစွာ သွားခဲ့ပေမယ့် ဒါက ရလဒ်ဖြစ်သည်။
တကယ်ကို စိတ်ပျက်စရာ ကောင်းတာပဲ။
သူမက နောက်တစ်ခုကို သိရှိလိုက်ရသည်။
ဒါပေမယ့် အဆုံးသတ် သုံးသပ်ချက်အရ သူမက ကျန်းမိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေကာ နက်ရှိုင်းသည့် ခံစားချက်လည်း မရှိပေ။
တစ်မိနစ်လောက် ဝမ်းနည်းနေပြီးနောက် ကျန်းထျန်က မူလခန္ဓာကိုယ် ပိုင်ရှင်အကြောင်း တွေးမိပြန်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က သူမက ကျန်းမိသားစုရဲ့ သမီးရင်း မဟုတ်ဘူးဆိုတာ သိရဲ့လား?
သူမက စွန့်စား၍ ပညာတတ်လူငယ်နှင့် လိုက်သွားကာ ရွှီကျင်းမြို့မှ ထွက်သွားရန် စီစဉ်ခဲ့သည်။ သူမ အရင်ထဲက အတွေးတစ်ခု ရှိနေတာလား?
ကျန်းထျန် ဖတ်ခဲ့သော စာအုပ်တွင် မူလခန္ဓာကိုယ် ပိုင်ရှင်အကြောင်း အများကြီး မပြောထားပေ။ သူမက အချိန်ခရီးသွား၍ ရောက်လာပြီးနောက် မူလခန္ဓာက်ိုယ်ပိုင်ရှင် သိသည့်လူများကိုသာ မှတ်မိပေမယ့် သူတို့အပေါ် ဘယ်လိုခံစားချက် ရှိသည်ကိုတော့ မသိပေ။
ကုမိသားစုအပေါ် ထားသော ကျန်းထျန်၏ သဘောထားကသာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမူအရာများနှင့် စာအုပ်ထဲမှ ကုမိသားစု၏ မူလခန္ဓာကိုယ်ပိုင်ရှင် အပေါ်ထားသည့် ခံစားချက်များကို သိထားသောကြောင့် ဖြစ်သည်။
"ကုလျန်ရွှမ် ကျွန်မ ရေထပ်သောက်ချင်တယ်" ကျန်းထျန်က တစ်ဖက်လှည့်ကာ သူ့ကိုကြည့်လိုက်သည်။
ကုလျန်ရွှမ်က တစ်ဖက်လှည့်ကာ ကြွေကရားကို ယူလိုက်သည်။ ကျန်းထျန် သောက်ထားသည်က မကြာသေးသည့်အတွက် ရေက နွေးနေသေးသည်။ ဒီတစ်ခါတော့ ကျန်းထျန်က ကရားကိုကိုင်ကာ အတော်များများ သောက်လိုက်သည်။
ခေါင်းအုံးပေါ်တွင် ပြန်အိပ်လိုက်ကာ ကုလျန်ရွှမ် အလုပ်ရှုပ်နေတာ မြင်တော့ ကျန်းထျန်က ရုတ်တရက် သူ့ကို အားနာမိလာသည်။
ဒီလူက မူလခန္ဓာကိုယ်ပိုင်ရှင် သူ့အနားမှာ ရှိနေချိန်က အေးတိအေးစက် ဆက်ဆံခဲ့ပြီး သူမထွက်သွားတော့မှ သူက သူမအပေါ် ခံစားချက်ရှိနေကြောင်း သိခဲ့သည်။
တုံးလိုက်တာ။
ကျန်းထျန်က နှုတ်ခမ်းကို စေ့ထားကာ အနည်းငယ် စိတ်မကောင်းသလို ခံစားမိသည်။
ဒါပေမယ့် တစ်ချိန်ထဲမှာပဲ အတွေးတစ်ခုက ခိုင်မာလာသည်။
သူမက မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်နှင့် နာမည်ကို သုံးကာ ဒီအိမ်တွင် ဆက်မနေသင့်ပေ။
ယခု သူမက ဒီကို စရောက်ချိန်ကပဲ အတွေးမှားခဲ့သည်ဟု ခံစားမိသည်။ သူမက ပျင်းရိပြီး ကုမိသားစုတွင် နေရသည်က အပြင်တွင် ခက်ခက်ခဲခဲ အလုပ်လုပ်ရသည်ထက် ပိုကောင်းမည်ဟု ထင်ခဲ့သည်။
ပြီးတော့ လွန်ခဲ့သည့် လအနည်းငယ်က ကုမိသားစုတွင် နေခဲ့သည့် သူမ၏ ဘဝက ဂရုစိုက်ခံရကာ အပူအပင်ကင်းပြီး နေ့တိုင်း စားနေသောက်နေရသည်သာ ဖြစ်သည်။
ကုမိသားစုက အလွန်ကောင်းသည်။
ဒါပေမယ့် သူတို့အားလုံးက သူမကို မူလ ကျန်းထျန်ကဲ့သို့ ဆက်ဆံကြသည်။
ဒါပေမယ့် သူမက မဟုတ်ပေ။
သူမက အပြစ်ရှိသလို ခံစားရသည့်အတွက် မိသားစုကို ထောက်ပံနိုင်မည့် အရာအားလုံးကို ယူလာခဲ့သည်။ ကုမိသားစုက အောက်ခြေအနေအထား ဖြစ်ပေမယ့် သူတို့က ဘာမှ မယူခဲ့ပေ။ ဒါပေမယ့် သူတို့်က ဒီလိုလုပ်လေလေ ကျန်းထျန်က ပို၍ အပြစ်ရှိသလ်ို ခံစားရလေလေ ဖြစ်သည်။
ဒါပေမယ့် ဒါက သူမအရင်ထဲက အားလုံးကို လိမ်ခဲ့သည်ဆိုသော အချက်ကို မပြောင်းလဲနိုင်ပေ။ သူမက ကျန်းထျန် မဟုတ်ပေ။
ကျန်းထျန်က တစ်ဖက်လှည့်လိုက်သည်။ သူမက ကုမိသားစုနှင့် မပတ်သက်ချင်တော့ပေ။
သူမက မူလခန္ဓာကိုယ်ပိုင်ရှင်ကဲ့သို့ ထိုနေ့တွင် ရထားလက်မှတ်နှင့် ထွက်သွားခဲ့သင့်သည်။
အခုသူမက ဒါကို တွေးနေမိသည်။ သူမနှင့် ကုလျန်ရွှမ် နောက်ဆုံးအကြိမ် ခရိုင်မြို့တွင် ဆေးကုသမှူ ခံယူရန် သွားစဉ်က ရထားပေါ်တွင် လူကုန်ကူးသူများနှင့် ကြုံခဲ့ရသည်က သူမ ကုမိသားစုတွင် မနေသင့်ကြောင်း သတ်ိပေးခြင်း ဖြစ်မည်။
ထိုအစား သူမက လူကုန်ကူးသူများ ထံမှ ဖမ်းဆီးခံရကာ ဒီနေရာမှ ထွက်သွားခဲ့သင့်သည်။
.......
ဒါက အနားရခဲ့သော ညတော့ မဟုတ်ပေ။
နောက်တစ်ရက်မှာတော့ ကျန်းထျန်၏ အဖျားက ကျသွားပေမယ့် အနည်းငယ်တော့ ကျန်သေးသည်။
အဖျားအနည်းငယ် ကျန်ခဲ့သောကြောင့် ကျန်းထျန်က အရင်လို အစားစားချင်စိတ် ပျောက်ကာ စားသမျှက အရသာမရှိ ဖြစ်နေသည်။
ချင်းပြုတ်ရည်နှင့် ပဲနီစွပ်ပြုတ် သောက်ပြီးနောက်မှာ ကျန်းထျန်က အိပ်ယာပေါ်တွင် လှဲလိုက်သည်။ သူမက မျက်လုံးမှိတ်ပြီး စိတ်ကူးထဲတွင် အမျိုးမျိုးသော အစပ်ချောင်းများကို တွေးကြည့်နေသည်။
ကျန်းထျန် - တစ်ခုလောက် လိုချင်လိုက်တာ။
ဒါပေမယ့် မဟုတ်သေးပါဘူး အစက်ချောင်းက အရသာ အရမ်းပြင်းပြီး သိသွားနိုင်တယ်။
ကုလျန်ရွှမ်က ပန်းကန်လုံးကို ပြန်ပို့ပြီး အခန်းထဲ ဝင်လာကာ ကျန်းထျန်ကို စောင်ထူထူ ခြုံပေးလိုက်ပြန်သည်။ "အပြင်မှာ မိုးရွာနေတယ်။ အေးတယ်"
စောင်အောက်မှ ကျန်းထျန်၏ မျက်လုံးများက ပေါ်နေကာ သူမ၏ မျက်ဝန်းနက်များက ကုလျန်ရွှမ်ကို လိုက်ကြည့်နေသည်။
သူမက နှုတ်ခမ်းကို စေ့ထားကာ ကုလျန်ရွှမ်ကို ဘယ်လိုပြောရမည်ကို မသိပေ။
သူမက ဒီနေရာမှ ထွက်သွားချင်လျှင် ရထားလက်မှတ်ဝယ်ရန် ထောက်ခံစာလိုအပ်ပြီး ထောက်ခံစာကလည်း အဖွဲ့ခေါင်းဆောင် ကုပေါင်ကောထံမှ ယူရမည် ဖြစ်သည်။ သူမက ဘယ်လိုဆင်ခြေပဲ ပေးပေး သူမမိသားစုက သိသွားပြီး သူမကို မေးကြလိမ့်မည်။
"ရေသောက်ချင်လား?" ကုလျန်ရွှမ်က ကျန်းထျန်၏ အကြည့်ကို မရှောင်နိုင်ပေ။ လက်ထဲမှ အလုပ်ကိစ္စပြီးတော့ သူက တစ်ဖက်လှည့်ကာ ကျန်းထျန်ကို မေးလိုက်သည်။
ကျန်းထျန်က ခေါင်းခါလိုက်ပြီး မဝံမရဲ မေးလိုက်သည်။
"ကုလျန်ရွှမ် တကယ်လို့.. တကယ်လို့နော် ကျွန်မသာ အိမ်မှာ အချိန်အကြာကြီး မရှိနေခဲ့ရင် ရှင်က အခြားမိန်းမတစ်ယောက်နဲ့...လက်ထပ်မှာလား?"
ကုလျန်ရွှမ်က ခေါင်းကိုလှည့်ကာ ကျန်းထျန်ကို ကြည့်လိုက်သည်။သူ့မျက်နှာက ဘာအမူအရာမှ မပြပေမယ့် သူ့ရင်ထဲတွင် အိုးထဲမှ ရေက ဆူပွက်နေသကဲ့သို့ ပူလောင်နေသည်။ "ဘာလို့ ဒီလိုမေးတာလဲ?"
သူက အကြည့်ပြန်သိမ်းကာ ဂရုမစိုက်သည့်ပုံစံနှင့် ပြောလိုက်သည်။ "မင်း ထွက်သွားလို့ မရဘူး"
"မင်း မိဘရင်းတွေကို သွားရှာချင်တာလား?" ကျန်းထျန်၏ အဖြေကို မစောင့်တော့ဘဲ ကုလျန်ရွှမ်က သူမထံမှ လက်မခံနိုင်လောက်သည့် အဖြေတစ်ခု ရလာမည်ကို စိုးရိမ်သဖြင့် ပြောလိုက်သည်။ "ကိုယ် သူတို့ကို ရှာဖို့ မင်းနဲ့အတူ လိုက်ခဲ့မယ်"
"အိုး" ကျန်းထျန်က သူမစကားကို ကုလျန်ရွှမ် နားလည်မှု လွဲသွားသည်ကို သိသဖြင့် မျက်တောင်ခတ်လိုက်သည်။
သူမက ထွက်သွားချင်လျှင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘအရင်းများကို သွားရှာမည် မဟုတ်ဘဲ စာအုပ်ထဲမှ ဇာတ်ကြောင်းအတိုင်း မူလခန္ဓာကိုယ်ပိုင်ရှင် သွားချင်သောနေရာကို ရထားနှင့် သွားမည် ဖြစ်သည်။
"မင်းက နေမကောင်းဘူးဆိုတော့ ဒါတွေကို တွေးမနေနဲ့။ဒီနေ့လည် မင်းအတွက် ဆေးဝယ်ဖို့ ကိုယ် မြို့ကို သွားဖြစ်မယ်။ မင်းစားချင်တာလည်း ဝယ်ခဲ့မယ်လေ"
ကုလျန်ရွှမ်က မြန်မြန် စကားလမ်းကြောင်းလွှဲလိုက်သည်။ "ဒါနဲ့ ကိုယ်မနေ့က စာအိတ်ထဲက ငွေတွေ ယူထားပေမယ့် မင်းကိုပြောဖို့ အချိန်မရလိုက်ဘူး"
ကျန်းထျန်က တစ်ဖက်ကို လှည့်နေပေမယ့် ဒါကိုကြားတော့ သူက ပြန်လှည့်လိုက်ပြီး ကုလျန်ရွှမ်၏ မျက်နှာကို သံသယနှင့်ကြည့်ကာ မေးလိုက်သည်။ "ရှင်က ငွေတွေနဲ့ ဘာလုပ်မလို့လဲ?"
သူမက ဒီမေးခွန်းကို မေးသည်က အံ့သြစရာ မဟုတ်ပေ။
ဒါပေမယ့် ကုလျန်ရွှမ်က လူသားစုဘူး ဖြစ်သည်။ သူ့လက်ထဲတွင် ငွေထားသည်က အတိုးမရသည်ကလွဲ၍ ဘဏ်တွင်ထားသည်ထက် ပိုစိတ်ချရသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကျန်းထျန်၏ ကုလျန်ရွှမ်အပေါ် အကဲခတ်မှုအရ သူက ငွေသုံးစွဲတာ ရှားသည်။
မိသားစုအတွက် အစားအသောက် ဝယ်သည့်အခါသာ သုံးသည်။
ခရိုင်မြို့တွင် ဆရာဝန်နှင့် တွေ့ပြီး ဆေးသွားဝယ် သကဲ့သ်ို့ ဖြစ်သည်။
ပြောလို့ မရစရာ အကြောင်း မရှိပေ။ "တတိယညီလေးကို ကိစ္စအချို့ စုံစမ်းခိုင်းထားတာ"
ကုလျန်ရွှမ်က ငုံ့ကြည့်ကာ စောင်လွတ်နေသော ကျန်းထျန်၏ လက်ကို ပြန်အုပ်ပေးလိုက်သည်။ "မင်း အခု အအေးမိလို့ မဖြစ်ဘူး။ ခဏ သည်းခံလိုက်ပါ"
ကျန်းထျန် - "..." သူမ ကုလျန်ရွှမ်ကို ကြည့်လိုက်မိသည်။
"အခန်းထဲမှာ ပြတင်းပေါက်ရော တံခါးရော ပိတ်ထားလို့ ဘယ်ကလေမှ မရှိဘူး" ကိုယ့်ကိုယ်ကို မခြုံရသ၍ ဒီစောင်က ဘယ်လောက်တောင် ပူတယ်ဆိုတာ သိမှာမဟုတ်ဘူး။
ဒါက ဆောင်းဦးရာသီ ဆိုပေမယ့် နွေ၏ အပူချိန်က မကုန်သေးပေ။
ဒါပေမယ့် ကျန်းထျန်က အပူရော အအေးရော ခံလို့မရပေ။
ကုလျန်ရွှမ်က အတည်ပေါက်မျက်နှာနှင့် ပြောလိုက်သည်။ "ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး"
ကျန်းထျန် - သူက စာအုပ်ထဲမှာလို တစ်ဘဝလုံး တစ်ကိုယ်ထဲ ဖြစ်နေတာနဲ့ ထိုက်တန်တယ်။
"ကျွန်မ ပူရင် ဘယ်လိုလုပ်ရမှာလဲ?" ကျန်းထျန်က စောင်ကို နှစ်ခါလောက် လှူပ်လိုက်သဖြင့် လေအေးများ ထွက်လာကာ ချွေးထွက်ခြင်း ရပ်သွားသည်။ သူမက မျက်လုံး လှန်ကြည့်ကာ ကုလျန်ရွှမ် သတိမထားမိခင် ထိုနည်းအတိုင်း ဆက်လုပ်နေသည်။
မထင်ထားစွာပဲ ခဏအကြာမှာတော့ သူမခန္ဓာကိုယ်က လေးလံလာပြီး ကုလျန်ရွှမ်၏ လက်က သူမကို သေချာကိုင်ထားသဖြင့် လှုပ်မရတော့ပေ။
ကျန်းထျန် - "......?"
ကုလျန်ရွှမ်၏ အလိုမကျသည့် အကြည့်နှင့် ဆုံသောအခါ ကျန်းထျန်က လေလျော့သွားသည့် ပူဖောင်းကဲ့သို့ နွမ်းလျသွားသည်။
သူမက ကုလျန်ရွှမ်၏ အကြည့်ကို နားလည်သည်။
ဒါက မင်းတစ်ခုခု လုပ်လျှင် အမေ့ကို ခေါ်လိုက်မည် ဆိုသော သဘော ဖြစ်သည်။
ကျန်းထျန်က မကျေနပ်ပေ။
ဘာလုပ်ရမည် မသိတော့သဖြင့် သူမက စောင်ကို ခေါင်းထိ ခြုံလိုက်သည်။
ဒါပေမယ့် ကုလျန်ရွှမ်က တကယ်ကို လူသားမဟုတ်ဘူး!
သူက တကယ်ပဲ စောင်၏ အစွန်ကို ကျန်းထျန်၏ မေးစေ့အောက် ထည့်လ်ိုက်သည်။
ကျန်းထျန်က သူ့ကို မျက်ဝန်းနီများနှင့် ကြည့်ပြီး အလိုမကျစွာ မေးလိုက်သည်။ "ကုလျန်ရွှမ် ရှင် ဘာလို့ အပြင်သွားမှာလဲ?"
"ကိုယ် အိမ်မှာ မရှိတဲ့အချိန် အမေနဲ့ ရှောင်းမင် လာလိမ့်မယ်" ကုလျန်ရွှမ်က ရက်စက်စွာ ကျန်းထျန်၏ အကြံလေးကို ဖျက်စီးလိုက်သည်။
ကျန်းထျန်က အလွန် စိတ်ဆိုးနေသည်။
ကျန်းထျန်က စိတ်ဆိုးနေပေမယ့်လည်း အိပ်ပျော်သွားလိုက်သည်။
နေ့လည်ခင်းတွင် ကုလျန်ရုန်က စက်ဘီးစီးကာ ပြန်ရောက်လာသည်။ "အစ်ကို ကျွန်တော် ကျန်းမိသားစုကို သေချာပေါက် ထိန်းချုပ်လို့ရမယ့် သတင်းတွေ ရလာခဲ့တယ်"
ကုလျန်ရုန်က စိတ်လှုပ်ရှားနေသည့် အသံနှင့်ပြောကာ သူ့အမူအရာကလည်း စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ ဒီသတင်းက အတော် အရေးပါတာ သေချာသည်။ "အစ်ကို ဒါက မနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့ ကိစ္စတစ်ခုပဲ"
"ဟုတ်ပြီ။ အစ်ကို အမေ့ကို သွားပြောလိုက်ပြီးရင် ချက်ချင်း မြို့ကို သွားကြတာပေါ့" ကုလျန်ရွှမ်က အခန်းထဲ ပြန်လာကာ အိပ်ပျော်နေသော ကျန်းထျန်ကို ကြည့်ပြီးနောက် ရွှီကျင်းဖန်ကို ပြောလိုက်ကာ ကုလျန်ရုန်နှင့်အတူ မြို့ကို ထွက်လာခဲ့သည်။
သူတို့နှစ်ယောက်က အရင်ဆုံး ကျန်းရှို့ရှန်၏ အ်ိမ်ကို ထွက်ခဲ့ကြသည်။
ကျန်းရှို့ရှန်က အလုပ်ဆင်းပြီးနောက် သူ့အဖေအတွက် ဆေးပြင်ဆင်နေသည်။ ကုလျန်ရွှမ် လာတာမြင်တော့ သူက သူသိခဲ့သည့် အရာအားလုံးကို ပြောပြလိုက်သည်။
"ကျွန်တော်တို့ လမ်းအဆုံးမှာ မုဆိုးမတစ်ယောက်ရှိပြီး လူအတော်များများက သူနဲ့ ခြေရှုပ်နေကြတယ်။ လျန်ရုန်နဲ့ ကျွန်တော်နဲ့ မနေ့က မနက်စောစော မြို့ကိုလာပြီး အိမ်ကို အရင်ပြန်လာခဲ့တယ်။ ကျွန်တော်တ်ို့က အဲ့ဒီ မုဆိုးမရဲ့ အိမ်ကနေ မရီးရဲ့ အကိုကြီး ထွက်လာတာကို မြင်လိုက်ရတယ်"
ကျန်းရှို့ရှန်က ပင်မအခန်းကို ညွှန်ပြကာ အသံနှိမ့်ပြီး ပြောလိုက်သည်။ "ကျွန်တော့်အဖေက နေ့တိုင်း အိမ်မှာနေတော့ လူအတော်များများကို သိနေတယ်။ ကျွန်တော်နဲ့ လျန်ရုန် မေးလိုက်တော့ မရီးရဲ့ အကိုကြီး တင်မကဘဲ ဟယ်လီကျွင်းကလည်း မုဆိုးမအိမ်ကို လာတယ်တဲ့"
ကုလျန်ရုန်က ကုလျန်ရွှမ်ကို မျက်စပစ်ကာ ပြောလိုက်သည်။ "ဘယ်လိုထင်လဲ အစ်ကိုကြီး? ဒီကိစ္စကို လက်ကိုင်ထားနိုင်ရင် ကျန်းမိသားစုကို သေတွင်းထဲ ပို့နိုင်မှာပဲ "
ထိုအချိန်က ဖောက်ပြန်လျှင် ပစ်သတ်ခံရသည်။
ကုလျန်ရွှမ်က ခေါင်းငြိမ့်ပြီး မေးလိုက်သည်။ "အခြားသတင်း ရှိသေးလား?"
"အင်း" ကုလျန်ရွှမ်က အမြဲတမ်း စေ့စပ်သေချာသည့်အတွက် ကုလျန်ရုန်နှင့် ကျန်းရှို့ရှန်က မြို့မှ အဆက်အသွယ်များထံမှ ကျန်းကျင်းမင်နှင့် ဟွမ်ယွီရှားမှ စ၍ မြေးများအထိ အကြောင်းစုံ သတင်းစုံစမ်းထားသည်။
"ကျန်းကောပင်က ဖောက်ပြန်နေရုံသာမက အထည်ချုပ်စက်ရုံ ဂိုဒေါင်က အထည်လိပ်တွေကို ခိုးပြီး မှောင်ခိုစျေးကွက်မှာ ပြန်ရောင်းစားတယ်။ ဒါတင်မကဘူး ဂိုဒေါင်က အဝတ်တွေကို မှိုတက်အောင် ရည်ရွယ်ပြီး ရေဖျန်းပြီး အတွေ့အကြုံမရှိသေးတဲ့ အလုပ်သမားတွေကို အပြစ်လွှဲချတယ်"
"မရီးရဲ့ ဒုတ်ိယအစ်ကို ကျန်းကောရှန်က စားသောက်ဆိုင်က သုံးစွဲတဲ့ အစားအသောက်တွေကို စာရင်းလိမ်တယ်။ သူနဲ့ အလုပ်သမား အချို့က အသားနဲ့ ဂျုံအပိုတွေကို မှောင်ခိုစျေးကွက်ကို ရောင်းချတယ်"
ပြီးတော့ မရီးရဲ့ စတုတ္ထမောင်လေး ကျန်းကျွင်းဖန် ရှိသေးတယ်။ သူက ဟယ်ရှင်းကွမ်နဲ့ မရီးရဲ့ မွေးစားအမေရဲ့ တူ ဟွမ်ကျင်းရှင်းတို့နဲ့ အခန်းဖော်တွေပါ။ သူတို့သုံးယောက်က ဘွဲ့ရစာမေးပွဲကို လူစားထိုးဖြေခိုင်းပြီး အောင်လာတာတဲ့"
ကုလျန်ရုန်ကလည်း သိခဲ့ရသေးသည်။ "အစ်ကို ကျန်းမိသားစုက မရီးရဲ့ အမွေစာအုပ်ကို အမြန်လိုနေရတဲ့ အကြောင်းက ဟွမ်မိသားစုရဲ့ ဟွမ်ကျင်းရှင်းက သကြားစက်ရုံမှာ အလုပ်လုပ်ချင်ပေမယ့် အလုပ်ခန့် စာမေးပွဲ မအောင်ခဲ့လို့ အခြားတစ်ယောက်ဆီက အလုပ်ဝယ်ရမှာမလို့ ငွေအများကြီး လိုနေတာ"
မရီးမှာ ကျန်းမီထောင်ဆိုတဲ့ ညီမအငယ်ရှိပြီး သူက ဟယ်ရှင်းကွမ်နဲ့ တွဲနေတာ။ သူတို့မိသားစု နှစ်စုက နှစ်သစ်ရောက်ရင် လက်ထပ်ပေးဖို့ စီစဉ်ထားကြတယ်။ ဟယ်လီကျွင်းက ဟယ်ရှင်းကွမ်ကို သယ်ယူပို့ဆောင်ရေး အသင်းမှာ အလုပ်လုပ်ဖို့ ငွေတွေအများကြီးသုံးထားပြီး အဲ့ဒီငွေတွေက ကျန်းမီထောင်ရဲ့ ခန်းဝင်ပစ္စည်းတွေက ရတာဖြစ်မယ်လို့ ကြားတယ်"
တူရာတူရာ စုကြတာပါပဲ။ ဒီလူတွေထဲက ဘယ်သူကမှ မကောင်းဘူး ဒါကြောင့် သူတို့အတူရှိနေရင် ဘယ်လိုမှ ကောင်းတာ မလုပ်နိုင်ဘူး။
ကုမိသားစုကို ပစ်မှတ်ထားတာက မှားတယ်ဆိုတာ သ်ိရအောင် သူတို့အချင်းချင်းကို တိုက်ခိုက်အောင် လုပ်တာက အကောင်းဆုံးပဲ။