အဆင့်သုံး မိစ္ဆာအမြုတေ ရရှိခြင်း၊ အတုအယောင်အမြုတေ ကျင့်ကြံသူ(၃)။
Vol. 24 Ch. 285
ဤအခိုက်အတန့်တွင်၊ ချန်လန်ပင်လယ် ဧရိယာရှိ ပင်လယ်မျိုးနွယ်စု၏ ဌာနချုပ်အဖြစ် အသုံးပြုသော ပင်လယ်အောက် မြို့တော်တစ်ခု အတွင်း၌...။
ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး အများအပြား ထိုနေရာတွင် စုဝေးနေကြသည်။
"သေစမ်း… ငါ့သား ရှားဝူ သေသွားပြီ"
ထိုစဉ်၊ ငါးမန်းနက်မျိုးနွယ်စု၏ ခေါင်းဆောင် ရှားချန်၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး၊ ဒေါသူပုန်ထသွားသည်။
သားဖြစ်သူ ရှားဝူ၏ အသက်မီးအိမ် ငြိမ်းသွားသည်ကို သူ အာရုံခံလိုက်မိသည်။
ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း တိုက်ခိုက်သွားပြီး၊ မြို့တော်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေပြီး မြည်ဟည်းတုန်ယင်သွားစေတော့သည်။
ဤသည်မှာ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး၏ စွမ်းအားပင်…။
သူ၏ ဒေါသသည် ကောင်းကင်နှင့် မြေကြီး၏ အရောင်ကိုပင် ပြောင်းလဲစေရန် လုံလောက်ပြီး၊ လူတိုင်းကို ထိတ်လန့်သွားစေသည်။
သူ့တွင် သားအများအပြား ရှိသော်လည်း၊ ရှားဝူကဲ့သို့ ထူးချွန်သူမှာမူ အလွန် နည်းပါးချေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ရှားဝူသည် ရွှေအမြုတေ နှောင်းပိုင်းအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါလော။ ဝိညာဉ်သန္ဓေသားအဆင့်နှင့် ခြေတစ်လှမ်းစာခန့်သာ လိုတော့သည်။
ရှားဝူသာ ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါက၊ ငါးမန်းနက်မျိုးနွယ်စုတွင် ဆက်ခံသူ ရှိလာပေမည်။
သို့သော် ယခုအခါ၊ ရှားဝူတစ်ယောက် အသတ်ခံလိုက်ရချေပြီ။ ယင်းသည် ငါးမန်းနက်မျိုးနွယ်စု အတွက် အလွန်တရာ အလားအလာရှိသော အနာဂတ် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားရချေသည်။
ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုပင် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ၊ ငါးမန်းနက်မျိုးနွယ်စုတွင် ပါရမီရှင် အဖွဲ့ဝင်များ အတော်ပင် ရှားပါးလှသည်။
"ဘယ်လိုဖြစ်တာတုန်း.. ခင်ဗျားသား ရှားဝူ ဘယ်လို သေသွားတာလဲ.."
စူးစမ်းလိုသော မြှားငါးမျိုးနွယ်စု ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးက မေးလိုက်သည်။
"ငါ့သား ရှားဝူက ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ပြင်ပ ဧရိယာတွေကို တိုက်ခိုက်ဖို့ စစ်တပ်တစ်တပ်ကို ဦးဆောင်သွားတာ…"
"ဒါပေမဲ့ အခုလေးတင်.. ငါ့သား ရှားဝူရဲ့ အသက်မီးအိမ် ငြိမ်းသွားတယ်…"
"သေချာပေါက် လူသားကျင့်ကြံသူတွေက ငါ့သားကို သတ်လိုက်တာပဲ… တောက်…"
"ငါ လက်စားချေရမယ်…"
ငါးမန်းနက်မျိုးနွယ်စု၏ ခေါင်းဆောင် ရှားချန် အလွန်ပင် ဒေါသထွက်နေတော့သည်။ သူ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူ့သား ရှားဝူအတွက် လက်စားချေချင်နေသည်။
"ခဏလေး… ခင်ဗျား ဘာလုပ်မယ် စိတ်ကူးနေတာလဲ… ခင်ဗျား လူသားတွေရဲ့ ပင်လယ်နယ်မြေထဲကို တစ်ယောက်တည်း ဝင်တိုက်ဖို့ စီစဉ်နေတာတော့ မဟုတ်ပါဘူးနော်…"
ပြောလိုက်သူမှာ ပင်လယ်မျိုးနွယ်စု၏ ခေါင်းဆောင် အကြီးအကဲ ဖြစ်သည်။ ဝိညာဉ်သန္ဓေသား နယ်ပယ်၏ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေပြီး၊ သူသည် အစွမ်းထက်သော ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူ၏ မိစ္ဆာစွမ်းအားသည် ကမ္ဘာမြေကို တုန်လှုပ်စေလောက်အောင် အစွမ်းထက်လှချေသည်။
ဤအရာက ပတ်ဝန်းကျင်ရှိ ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာအားလုံး၏ ကျောရိုးထဲသို့ အေးစက်မှုကို စိမ့်ဝင်သွားစေသည်။
"ခေါင်းဆောင် အကြီးအကဲ… ကျွန်တော့်သား လူသားတွေရဲ့ ပင်လယ်ဒေသမှာ သေဆုံးသွားခဲ့တယ်.. ဒီ သွေးကြွေး မဆပ်ရမချင်း ကျွန်တော် ကောင်းကောင်းအိပ်နိုင်မှာ မဟုတ်ဘူး…"
"ကျွန်တော့်ကို တားဖို့ မကြိုးစားပါနဲ့…"
ငါးမန်းနက်မျိုးနွယ်စု၏ ခေါင်းဆောင် ရှားချန်က ဒေါသတကြီး ပြန်လည် ငြင်းခုံလိုက်သည်။
သူ့ရှေ့မှ လူသည် ပင်လယ်မျိုးနွယ်စု၏ ခေါင်းဆောင်အကြီးအကဲ ဖြစ်ကြောင်း သူ သိသော်လည်း၊ သူ၏ အတွင်းဒေါသများ ပေါက်ကွဲထွက်လာပြီး ဖြစ်၍၊ ထိပ်တိုက် ရင်ဆိုင်နေဆဲ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများ အားလုံး ချွေးစေးများ ပြန်လာကြသည်။
ခေါင်းဆောင် အကြီးအကဲကို ဒေါသထွက်စေမိပါက၊ ရှားချန်တစ်ယောက်တော့ သွားပြီ ဖြစ်သည်။ သေချာပေါက် မုန့်ပြားဖြစ်အောင် ရိုက်နှက်ခံရပေလိမ့်မည်။
လူတိုင်း ပင်လယ်မျိုးနွယ်စု ခေါင်းဆောင်အကြီးအကဲ၏ ရက်စက်ကြမ်းကြုတ်မှုကို သိကြပေသည်။ သူ၏ ဂုဏ်သတင်းသည် ဟာသမဟုတ်ချေ။
"ငါ မင်းကို တားမှာ မဟုတ်ဘူး… ဒါပေမဲ့ သေချာ စဉ်းစားဖို့တော့ ငါ အကြံပေးချင်တယ်…"
"ဒါ လူသားတွေ ဆင်ထားတဲ့ ထောင်ချောက် မဟုတ်ဘူးလို့ မင်း သေချာလား…"
"လူသားမျိုးနွယ်စုက မင်းသား ရှားဝူရဲ့ ဇာစ်မြစ်ကို သိပြီးသား ဖြစ်နေပြီး… သူ့ကို သတ်ဖို့ တမင်စီစဉ်ခဲ့တာ ဆိုရင်ရော…"
"သူတို့ရဲ့ ရည်ရွယ်ချက်က မင်းကို တစ်ယောက်တည်း လှုပ်ရှားလာအောင် ရန်စဖို့ပဲ ဖြစ်လိမ့်မယ်…"
"အဲ့ဒီအခါကျရင်.. မင်း အဲ့ဒီနေရာကို တကယ် ရောက်သွားတဲ့အခါ.. လူသား ဝိညာဉ်သန္ဓေသားအဆင့် တစ်ဒါဇင်လောက်နဲ့ ရင်ဆိုင်ရနိုင်တယ်…"
"အဲ့ဒီအချိန်ကျရင် မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး…"
"ဒါ့အပြင်.. မင်း ရှားချန် မရှိဘဲနဲ့… ငါးမန်းနက်မျိုးနွယ်စုက ချန်လန်ပင်လယ် နယ်မြေမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူးနော်.."
ပင်လယ်မျိုးနွယ်စု အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။
သူသည် ရှားချန်ကို လှုပ်ရှားခြင်းမှ မတားဆီးသလို၊ ဒေါသလည်း မထွက်ပေ။ ကြင်နာတတ်ပြီး ရက်ရောသော အဘိုးအိုတစ်ဦးကဲ့သို့ ပြေရာပြေကြောင်း ရှင်းပြနေသည်။
ယခု သူသည် ရှားချန်၏ အသိတရားနှင့် ဆင်ခြင်တုံတရား ပျောက်ရှမသွားရန် ကြိုးစားဖျောင်းဖျနေသည်။
မည်သို့ပင်ဆိုစေကာမူ၊ ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင် ရှားချန်သည် ပင်လယ်မျိုးနွယ်စု၏ အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်နေသေးသည့်အတွက် ကယ်တင်၍ ရနိုင်လောက်သေးသည်။
"ဒါ..."
ဤသည်ကို ကြားလိုက်ရသောအခါ ဒေါသထွက်နေဆဲ ဖြစ်သော်လည်း၊ ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင် ရှားချန်တစ်ယောက် ငြိမ်သက်သွားရသည်။
အမှန်တကယ်ပင်၊ အကြီးအကဲ ပြောသကဲ့သို့ ဤဖြစ်ရပ်သည် ထောင်ချောက် မဟုတ်ဟု ပြောရန်မှာ ခက်ခဲလှသည်။
သူသာ လူသားများ၏ ကောက်ကျစ်သော အစီအစဉ်နှင့် သူတို့၏ ထောင်ချောက်ထဲသို့ အမှန်တကယ် ကျရောက်သွားပါက၊ သူ ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ချေ။
သူ၏ အကာအကွယ် မရှိဘဲ၊ ငါးမန်းနက်မျိုးနွယ်စု၏ ကံကြမ္မာသည် စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။
ငါးမန်းနက်မျိုးနွယ်စု၏ ခေါင်းဆောင်အနေဖြင့်၊ သူ ဤအချက်ကို ထည့်သွင်း စဉ်းစားရပေမည်။
"ရှားချန်… မင်းရဲ့ ဒေါသကို ငါ နားလည်ပါတယ်…"
"ဒါပေမဲ့ အခုအချိန်က သာမန်အချိန် မဟုတ်ဘူး… စစ်ပွဲ ကာလပဲ…"
"ဒါက ငါတို့ ပင်လယ်မျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုကြားက စစ်ပွဲ…"
"ဒါက ငါတို့ ပင်လယ်မျိုးနွယ်စုရဲ့ ရေရှည် စီမံကိန်းနဲ့ သက်ဆိုင်နေတယ်…"
"အမှိုက်ကစ ပြသာဒ်မီးလောင် တဲ့…"
"ဘယ် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူရဲ့ သေဆုံးမှုကမဆို စစ်ပွဲမှာ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေနိုင်တယ်…"
"ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကို ထိခိုက်စေနိုင်မယ့် ဘယ်လို အန္တရာယ်များတဲ့ လှုပ်ရှားမှုမျိုးကိုမှ မင်း လုံးဝ မလုပ်ရဘူး…"
"မင်းသားတင် မကဘူး… ဒီမှာ ရှိနေတဲ့ ဝိညာဉ်သန္ဓေသား မျိုးဆက် ကလေးတွေထဲက ဘယ်သူမဆိုလည်း သေသွားနိုင်တယ်…"
"ဒါပေမဲ့ ဒါက ငါတို့ လက်ခံရမယ့် တန်ဖိုးပဲ… သေကျေဆုံးရှုံးမှု မရှိဘဲ စစ်ပွဲဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ…"
ပင်လယ်မျိုးနွယ်စု အကြီးအကဲက ငါးမန်းနက်မျိုးနွယ်စုခေါင်းဆောင် ရှားချန်ကို စိုက်ကြည့်ရင်း တင်းမာစွာ ပြောလိုက်သည်။
"အကြီးအကဲ... ကျွန်တော် ဒါကို ဒီအတိုင်း မျိုသိပ်ထားရမှာလား…"
ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင် ရှားချန် အံကြိတ်လိုက်ပြီး၊ လက်မခံချင် ဖြစ်နေသည်။
"ဟုတ်တယ်… မင်း မျိုသိပ်ထားရုံပဲ တတ်နိုင်တယ်.."
"မင်း အခု ပြောမပြတတ်လောက်အောင် ဒေါသထွက်နေရင်တောင်မှ… မင်း သည်းခံရဦးမယ်…"
"ဒါပေါ့… ငါ မင်းကို လက်စားမချေဖို့ တားဆီးနေတာ မဟုတ်ဘူး… ဒါပေမဲ့ မင်းကို ပိုကြီးမားတဲ့ အကြောင်းအရာကို စဉ်းစားစေချင်တာ.."
"ချန်လန်ပင်လယ် နယ်မြေထဲက လူသားမျိုးနွယ်စုကို ငါတို့ အပြီးအပိုင် ဖျက်ဆီးပစ်လိုက်တာနဲ့… လူသား လူသတ်သမားက သေချာပေါက် ထွက်ပြေးစရာ နေရာ ရှိမှာ မဟုတ်တော့ဘူး…"
"ဒါပေမဲ့ မင်း မဆင်မခြင် လုပ်လိုက်ရင်တော့… မင်းကိုယ်တိုင် သေဆုံးသွားနိုင်ရုံတင် မကဘူး… ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကိုပါ ဆွဲချသွားနိုင်တယ်…"
ပင်လယ်မျိုးနွယ်စု အကြီးအကဲ၏ လေသံသည် အနည်းငယ် ပျော့ပြောင်းသွားပြီး၊ လေးနက်စွာ ပြောလိုက်သည်။
"အကြီးအကဲ... ကျွန်တော် နားလည်ပါပြီ.."
"ဒီကိစ္စကို ကျွန်တော် သည်းခံပြီး လောလောဆယ် လက်စားမချေတော့ပါဘူး…"
"စစ်ပွဲ ပြီးမှ ရှင်းပါတော့မယ်…"
"ဒါပေမဲ့ ဒါက ကျုပ်ကို ဦးတည်တဲ့ ပူးပေါင်းကြံစည်မှု တစ်ခု တကယ် ဖြစ်နိုင်ပါ့မလား.."
ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင် ရှားချန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လုံးဝ တည်ငြိမ်သွားသော်လည်း၊ သူ အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သည်။
"ငါလည်း မသေချာဘူး… ထောင်ချောက် မဟုတ်တာလည်း ဖြစ်နိုင်တယ်…"
"ဖြစ်နိုင်တာက မင်းရဲ့သား ရှားဝူက ကံဆိုးပြီး အစွမ်းထက်တဲ့ လူသား ရွှေအမြုတေဆရာသခင် အဖွဲ့နဲ့ တိုးခဲ့တာမျိုး ဖြစ်မယ်…"
"ရလဒ်အနေနဲ့.. မင်းရဲ့သား ရှားဝူ မခုခံနိုင်ဘဲ သေဆုံးသွားခဲ့တာမျိုးပေါ့…"
"ဒါပေမဲ့ ဘယ်လို ဖြစ်နိုင်ချေပဲ ဖြစ်ဖြစ်… ငါတို့ ပင်လယ်မျိုးနွယ်စုက အခုအချိန်မှာ စွန့်စားလို့ မရဘူး…"
"ဒါက ထောင်ချောက် မဟုတ်နိုင်ဘူး ဆိုပြီး မင်း လောင်းကြေးထပ်ရဲလား… မင်း တတ်နိုင်ပါ့မလား.." ပင်လယ်မျိုးနွယ်စု အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်… အကြီးအကဲ"
ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင် ရှားချန် ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်ပင်၊ အကြီးအကဲ ပြောသကဲ့သို့ ၎င်းသည် သူ မတတ်နိုင်သော လောင်းကြေးတစ်ခု ဖြစ်သည်။
လောင်းကြေး နိုင်ခဲ့လျှင်ပင်၊ သူသည် သူ့သားကို သတ်သော လူသတ်သမားကို သုတ်သင်နိုင်ရုံသာ ရှိပေမည်။
ငါးမန်းနက်မျိုးနွယ်စု တစ်ခုလုံးနှင့် ပင်လယ်မျိုးနွယ်စု အတွက်မူ၊ ၎င်းသည် များစွာ အထောက်အကူ ဖြစ်မည် မဟုတ်ဘဲ၊ လက်စားချေမှု သက်သက်သာ ဖြစ်နေချေမည်။
သို့သော် သူ ရှုံးနိမ့်ပြီး ၎င်းသည် လူသား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဆင်ထားသော ထောင်ချောက် တစ်ခု အမှန်တကယ် ဖြစ်နေလျှင်…။
ထိုအခါ သူ၏ သေဆုံးမှုသည် အနာဂတ် ပင်လယ်မျိုးနွယ်စု၏ အစီအစဉ်ကို ထိခိုက်စေရုံသာမက၊ ငါးမန်းနက်မျိုးနွယ်စု တစ်ခုလုံးကိုပါ ထိခိုက်စေလိမ့်မည်။
သူ ရိုးရှင်းစွာပင် လောင်းကြေး မထပ်နိုင်၊ မထပ်ရဲပေ။
"ကောင်းပြီ… မင်း ဘာမှ စိတ်ပူစရာ မလိုပါဘူး…"
"ငါတို့ ပင်လယ်မျိုးနွယ်စုက ချန်လန်ပင်လယ် နယ်မြေကို အုပ်စိုးနိုင်သရွေ့.. လူသတ်သမားတွေ ပုန်းအောင်းစရာ နေရာ ရှိမှာ မဟုတ်ဘူး.."
"လက်စားချေဖို့ချည်းပဲ စဉ်းစားနေတာက မိုက်မဲတဲ့ လုပ်ရပ်ပဲ…"
"စစ်မှန်တဲ့ ပညာရှိ တစ်ယောက်က မုန်းတီးမှုကို ယာယီ ဘေးဖယ်ထားပြီး… ရေရှည်အတွက် ဘယ်လို စဉ်းစားရမလဲ ဆိုတာ သိတယ်…"
“မလှုပ်ရှားဘူးဟေ့ ဆိုရင်လည်း မျက်တောင်ကို မခတ်ရဘူး… အေး.. လှုပ်ရှားပြီဟေ့ ဆိုရင်လည်း.. သေစေနိုင်တဲ့ ထိုးနှက်ချက်မျိုးပဲ ဖြစ်ရမယ်…”
ပင်လယ်မျိုးနွယ်စု အကြီးအကဲက ပြောလိုက်သည်။
"မပူပါနဲ့.. အကြီးအကဲ"
"လူသားမျိုးနွယ်စုက ဒီတစ်ခါ သေချာပေါက် ကိစ္စပြတ်ပါပြီ… သူတို့ ချန်လန်ပင်လယ် နယ်မြေမှာ သေချာပေါက် ရှင်သန်နိုင်မှာ မဟုတ်ဘူး…"
"ငါတို့ ပင်လယ်မျိုးနွယ်စုက ချန်လန်ပင်လယ် နယ်မြေရဲ့ အရှင်သခင် သေချာပေါက် ဖြစ်လာလိမ့်မယ်… ဘယ်သူမှ ငါတို့ကို တားဆီးလို့ မရဘူး…"
ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင် ရှားချန်သည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် တောက်ပနေသည်။
သားဖြစ်သူ ရှားဝူ၏ သေဆုံးမှုသည် သူ့ကို လုံးဝ ဒေါသထွက်စေခဲ့ပြီး၊ သူ့အား ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်စေခဲ့သည်။
ဤတစ်ခေါက်တော့… သူ လူသားမျိုးနွယ်စုကို သေချာပေါက် တန်ဖိုး ပေးဆပ်ခိုင်းရပေမည်….။