သခင်မ မက်မွန့်ပွင့်၏ ဖမ်းဆီးမှုကိုခံရခြင်း၊ မက်မွန်ပွင့်ကျွန်းသို့ ခေါ်ဆောင်ခံရခြင်း(၁)။
Vol. 24 Ch. 286
ဆယ်ရက်ကျော် ကြာပြီးနောက်...။
ကြယ်သုံးပွင့်ကျွန်းစု၊ သစ်သားကြယ်ကျွန်း…။
အင်မော်တယ်ရှားဂိုဏ်း၊ အင်မော်တယ်ရှားတောင်ထွတ်ပေါ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခု အတွင်း၌...။
ဤသည်မှာ ကျိုးစွေ့ ပုံမှန် ကျင့်ကြံလေ့ ရှိသော နေရာ ဖြစ်သည်။
ရွှေအမြုတေ အစောပိုင်းအဆင့်သို့ မကြာသေးမီကမှ တက်လှမ်းထားသည် ဖြစ်၍၊ သူ၏ ကျင့်ကြံမှု အဆင့်ကို တည်ငြိမ်စေရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။
ထို့ကြောင့် ဤရက်များအတွင်း သူ၏ တာအိုလက်တွဲဖော်နှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းမှလွဲ၍၊ သူသည် အချိန်အများစုကို တိတ်ဆိတ်သော အခန်းထဲ၌ ပြင်းထန်စွာ ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးလေ့ ရှိသည်။
"ဆယ်ရက်ကျော် ကြာသွားပြီ… ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင်ဆီက ဘာလှုပ်ရှားမှုမှ မရှိသေးဘူး…"
"စစ်ပွဲကြောင့် သူတို့ လက်စားမချေရဲကြတာ ဖြစ်နိုင်မလား…"
ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။
ရိုးရိုးသားသား ဆိုရလျှင်၊ သူ ထွက်ပြေးရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်။
ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင်သာ အင်မော်တယ်ရှားဂိုဏ်းကို အမှန်တကယ် တိုက်ခိုက်လာလျှင်၊ သူသည် တာအိုလက်တွဲဖော်များနှင့်အတူ သေချာပေါက် ထွက်ပြေးမည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ တတိယအဆင့် မဟာအစီအရင် အကာအကွယ်ဖြင့်၊ ၎င်းသည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးကို အချိန်အတိုင်းအတာ တစ်ခုအထိ ခုခံထားနိုင်သည်။
ထို့နောက် သူသည် ‘တည်နေရာပြောင်းကူ’၏ စွမ်းအားကို အသုံးပြု၍ ကီလိုမီတာ သန်းပေါင်းများစွာကို ချက်ချင်း တည်နေရာပြောင်းရွေ့နိုင်သည်။
ထိုအချိန်ကျလျှင် ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက် ဖုန်မှုန့်များကိုသာ ကိုက်နေရပေမည်။
သို့သော် အခြေအနေသည် သူ ထင်ထားသလောက် ဆိုးရွားပုံ မရပေ။ ဤကိစ္စတွင် အလှည့်အပြောင်းများ လုပ်နိုင်သေးပုံး ရသည်။
"ဟင့်အင်း.. ငါ့လုံခြုံရေးကို သူများလက်ထဲ ပုံအပ်ထားလို့ မဖြစ်ဘူး.."
"ငါ့ကိုယ်ငါပဲ အားကိုးရမယ်.."
"ငါးမန်းနက်မျိုးနွယ်စု ခေါင်းဆောင်က ငါ့ကို သတ်ဖို့ စီစဉ်သည် ဖြစ်စေ.. မစီစဉ်သည် ဖြစ်စေ.. ငါ ကြိုတင် ပြင်ဆင်ထားရမယ်…"
"ငါ့ရဲ့ အစီအရင်ပညာကို စတုတ္ထအဆင့်အထိ မြှင့်တင်ရမယ်…"
"အစီအရင်သာ စတုတ္ထအဆင့် ရောက်သွားတာနဲ့.. ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး လာရင်တောင် ကိစ္စ မရှိတော့ဘူး… သူ ငါ့ရဲ့ စတုတ္တအဆင့် အစီအရင်ကို သေချာပေါက် ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး.."
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။
သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်သည် အချိန်တိုအတွင်း သိသာထင်ရှားသော ချိုးဖြတ်မှုတစ်ခု ရရှိနိုင်မည် မဟုတ်ပေ။
ရွှေအမြုတေ နယ်ပယ်သို့ ရောက်ရှိပြီးနောက်၊ ကျင့်ကြံမှု အရှိန်အဟုန်သည် နှေးကွေးသွားလိမ့်မည်။
ထို့ကြောင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို တိုးမြှင့်လိုပါက၊ အစီအရင်၏ စွမ်းအားကိုသာ အားကိုးရမည် ဖြစ်သည်။
အစီအရင်၏ စွမ်းအား၊ ကောင်းကင်နှင့် မြေကြီး၏ အင်အား အကူအညီဖြင့်သာ၊ သူ၏ အဆင့်ထက် ကျော်လွန်သော သူများကို စိန်ခေါ်နိုင်သည်။
"‘အစီအရင်နှလုံးသားကူ’ ကြီးထွားလာဖို့… စတုတ္ထအဆင့် အစီအရင်ပေါ်မှာ မူတည်နေတယ်…"
"ဒီ ပင်လယ်ပြင် ဧရိယာမှာ စတုတ္ထအဆင့် အစီအရင်ကို အမှန်တကယ် တပ်ဆင်ထားတဲ့ တစ်ခုတည်းသော နေရာက ဝူကျိကျွန်းပေါ်က ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်ပဲ…"
"ဒီအချိန်လောက်ဆို… ငါ့ကိုယ်ပွားက ‘အစီအရင်နှလုံးသားကူ’ကို ဝူကျိကျွန်းဆီ ခေါ်သွားနေလောက်ပြီ…"
ကျိုးစွေ့ မျက်လုံးများကို မှေးလိုက်သည်။
အမှန်တကယ်တွင်၊ လွန်ခဲ့သော ဆယ်ရက်ကျော်က သူ၏ ကိုယ်ပွားသည် လှေပျံဖြင့် ဝူကျိကျွန်းသို့ ထွက်ခွာသွားခဲ့ပြီး၊ အလွန် လျင်မြန်သော အရှိန်ဖြင့် ခရီးနှင်ခဲ့သည်။
ရက်အနည်းငယ် ခရီးနှင်ပြီးနောက်၊ သူ ဝူကျိကျွန်းသို့ ရောက်ရှိလုနီးပါး ဖြစ်နေသင့်သည်။
…
ဤအချိန်တွင် ဝူကျိကျွန်းအနီးရှိ ကျင်းဟိုင်မြို့တော်ဟု ခေါ်သော ဆိပ်ကမ်းမြို့ တစ်မြို့တွင်...။
၎င်းသည် ဝူကျိကျွန်း၏ အကြီးဆုံး ဆိပ်ကမ်းမြို့များထဲမှ တစ်ခု ဖြစ်ပြီး၊ လူဦးရေ သန်း (၅၀) ကျော် ရှိသည်ဟု ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ဝူကျိကျွန်းသည် အလွန် ကြီးမားပြီး၊ အချင်း ကီလိုမီတာ တစ်သန်းကျော် ရှိသော အသေးစားတိုက်ကြီး တစ်ခုနှင့် ညီမျှသည် ဖြစ်ရာ၊ လူများစွာ နေထိုင်ကြပြီး မြို့ကြီးများစွာ တည်ဆောက်ထားသည်။
ဤအခိုက်အတန့်တွင် လှေပျံတစ်စင်း ဆိပ်ကမ်းသို့ ဆင်းသက်လာပြီး၊ ကျိုးစွေ့၏ ကိုယ်ပွားသည် လှေပျံထဲမှ ထွက်လာသည်။
ဆယ်ရက်ကျော် ခရီးနှင်ပြီးနောက်၊ သူသည် ကြယ်သုံးပွင့်ကျွန်းစုမှ ဝူကျိကျွန်းသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ချေပြီ။
"အင်း… အင်မော်တယ်ရှားမြို့တော်ထက် ပိုပြီး စည်ကားသိုက်မြိုက်တာပဲ…"
ကျိုးစွေ့၏ ကိုယ်ပွားသည် ကျင်းဟိုင်မြို့ထဲသို့ ဝင်ရောက်လာပြီး၊ ကြီးမားသော မြို့ကြီးကို ကြည့်ကာ မအံ့ဩဘဲ မနေနိုင်ပေ။
လွန်ခဲ့သော အကြိမ်၊ သူ ဝူကျိကျွန်းသို့ ရောက်ရှိစဉ်က၊ သူသည် ကျင်းဟိုင်မြို့သို့လည်း ရောက်ရှိခဲ့သည်။ သို့သော် ထိုစဉ်က သူ အလျင်လိုနေသဖြင့် လှည့်လည်ကြည့်ရှုရန် အချိန်မရခဲ့ပေ။
ယခု အနီးကပ် ကြည့်လိုက်သောအခါ၊ များပြားလှသော ကျင့်ကြံသူများ နေထိုင်သည့် ဤမြို့၏ ထူးခြားမှုကို သူ ချက်ချင်း အာရုံခံမိလိုက်သည်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် နေရာတိုင်းတွင် ရှိနေပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူများကိုပင် မည်သည့်နေရာတွင်မဆို တွေ့မြင်နိုင်သည်။
ရွှေအမြုတေ ကျင့်ကြံသူများသာ အနည်းငယ် ရှားပါးသော်လည်း၊ ရံဖန်ရံခါ တစ်ယောက်စ နှစ်ယောက်စ တွေ့ရတတ်သေးသည်။
ဤအချက်က ဝူကျိမဟာမိတ်အဖွဲ့၏ အင်အားကို ညွှန်ပြနေသည်။ ၎င်းသည် အမှန်တကယ်ပင် ဤ ပင်လယ်ပြင် ဧရိယာ၏ အာဏာရှင် ဖြစ်ထိုက်ပေသည်။
အခြေခံအားဖြင့်၊ သူတို့၏ ကျင့်ကြံမှုတွင် တိုးတက်မှု ရရှိထားသော ကျင့်ကြံသူများသည် ဝူကျိကျွန်းသို့ သွားရောက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ ကျင့်ကြံသူ အများအပြား နေထိုင်ကြသည် ဖြစ်ရာ၊ ဤနေရာတွင် အရင်းအမြစ်များ ကြွယ်ဝပြီး အခွင့်အလမ်းများ ပိုများသည် မဟုတ်ပါလော။
"သခင်…"
ဤအချိန်တွင် ရှန်ကွမ်းရွှီ၏ ပုံရိပ်သည် ကျိုးစွေ့ ရှေ့မှောက်တွင် ပေါ်လာသည်။ သူ စောင့်ဆိုင်းနေသည်မှာ အတော် ကြာပြီ ဖြစ်သည်။
သူ့ဘေးတွင် သူ၏ ရွှေအမြုတေ အစောင့်များ ဖြစ်သော ကျန်းဝမ်နှင့် လီဟူတို့ ရှိနေကြသည်။
သူတို့ သုံးဦးစလုံးသည် မိစ္ဆာမျိုးစေ့များ၏ ထိန်းချုပ်မှုကို ခံထားရသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး၊ သူ၏ ရုပ်သေးရုပ်များ ဖြစ်လာခဲ့ကြသည်။
သူတို့သည် ဝူကျိကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံနေထိုင်ခဲ့ကြသည်။
ကျိုးစွေ့ အတွက် သတင်းအချက်အလက် အများအပြားကိုလည်း စုဆောင်းပေးခဲ့ကြသည်။
သူတို့သည် ရုပ်သေးရုပ်များနှင့် သူလျှိုများအဖြစ် အတော်လေး အသုံးဝင်ကြောင်း သက်သေပြခဲ့ကြသည်။
သူ အတော်လေး ကျေနပ်နေမိသည်။
အတိတ်တွင် သူတို့ကို တိုက်ရိုက် မသတ်ခဲ့ဘဲ၊ သူတို့ကို ထိန်းချုပ်ရန် မိစ္ဆာမျိုးစေ့များကို အသုံးပြုခဲ့မိသည်မှာ ကံကောင်းပေသည်။
သို့မဟုတ်ပါက၊ သူတို့ဆီမှ သတင်းအချက်အလက်များ ဤမျှ များစွာ ရရှိနိုင်မည် မဟုတ်ပေ။
"မင်းတို့ သတင်းစုဆောင်းတာ အခြေအနေ ဘယ်လိုလဲ…"
ကျိုးစွေ့ မေးလိုက်သည်။
"သခင်... သခင်က စတုတ္ထအဆင့် ထိပ်တန်း မဟာအစီအရင်ကို ရချင်တယ်ဆိုရင်… ဝူကျိကျွန်းရဲ့ အဓိကဧရိယာကို သွားရမှာ စိုးမိပါတယ်…"
"အဲ့ဒီနေရာကို ဝူကျိနန်းတော်လို့ ခေါ်ပြီး ဝူကျိမဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ်လည်း ဖြစ်ပါတယ်…"
"ဝူကျိနန်းတော်မှာ စတုတ္ထအဆင့် ထိပ်တန်း မဟာအစီအရင်… ဝူကျိချန်ကွန် အစီအရင် ရှိပါတယ်…"
"ဒီ စတုတ္ထအဆင့် ထိပ်တန်း မဟာအစီအရင်ရဲ့ စွမ်းအားက အဆုံးမရှိဘူးလို့ ပြောကြတယ်… ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီး တိုက်ခိုက်ရင်တောင်… ခံနိုင်ရည် ရှိတယ်တဲ့…"
"သူက ချန်ကွန်ပြောင်းပြန်လှန်ခြင်းနဲ့ အဆုံးမဲ့ လေဟာနယ် စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး.. အံ့ဖွယ်ကောင်းလောက်အောင် နက်နဲဆန်းကြယ်ပါတယ်…"
ရှန်ကွမ်းရွှီသည် သူ စုဆောင်းထားသော သတင်းအချက်အလက်များကို ချက်ချင်း ပြန်လည် ပြောပြလိုက်သည်။
"အရမ်း ကောင်းတယ်…"
"မင်း ဝူကျိနန်းတော်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်လား…"
ကျိုးစွေ့၏ ကိုယ်ပွားက မေးလိုက်သည်။
သူသည် ကိုယ်တိုင် သွားရောက်ရန် အစီအစဉ် မရှိပေ။
အဘယ်ကြောင့်ဆိုသော် ဝူကျိမဟာမိတ်အဖွဲ့၏ အဓိက နေရာကဲ့သို့သော နေရာမျိုးသည် အတွင်းလူ မဟုတ်သူ မည်သူကိုမဆို သေချာပေါက် ဖမ်းဆီးပြီး အသေအချာ စစ်ဆေးလိမ့်မည် ဖြစ်သောကြောင့်ပင်။
သို့သော် ရှန်ကွမ်းရွှီသာ လှုပ်ရှားပါက ကွာခြားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ ဤလူငယ်လေး၏ ဖခင်သည် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး ရှန်ကွမ်းချင် မဟုတ်ပါလော။
သူ ဝူကျိနန်းတော်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ပေမည်။
ထို့အပြင် သံသယ ဖြစ်စရာလည်း ရှိမည် မဟုတ်ချေ။
"ကျွန်တော် ဝူကျိနန်းတော်ထဲကို စိတ်ရှိတိုင်းတော့ ဝင်ထွက်လို့ မရပါဘူး…"
"ဒါပေမဲ့ ကျွန်တော့်အဖေကို သွားတွေ့မယ်ဆိုတဲ့ ဆင်ခြေတော့ ရှာလို့ ရပါတယ်…"
"အဲ့ဒီလိုဆိုရင်တော့.. ကျွန်တော် ဝူကျိနန်းတော်ထဲကို ဝင်လို့ ရပါတယ်…"
ရှန်ကွမ်းရွှီက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"သောက်ရမ်းကို ကောင်းတယ်… ဒီကိစ္စကို မင်းလက်ထဲ အပ်လိုက်မယ်.."
ကျိုးစွေ့၏ ကိုယ်ပွား ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
‘အစီအရင်နှလုံးသားကူ’သည် ဝူကျိနန်းတော်၏ စတုတ္ထအဆင့် အစီအရင်ထဲသို့ ဝင်ရောက်သွားသည်နှင့်၊ အချိန်အနည်းငယ် ကြာမြင့်မည် ဖြစ်သော်လည်း၊ ၎င်းသည် စတုတ္ထအဆင့် အစီအရင်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ‘အစီအရင်နှလုံးသားကူ’ကိုလည်း အဆင့်လေးသို့ မြှင့်တင်နိုင်မည် ဖြစ်သည်။
ထို့အချိန်ကျလျှင်၊ အစီအရင်တာအိုတွင် သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုသည်လည်း စတုတ္ထအဆင့်သို့ မြင့်တက်လာပေလိမ့်မည်။
“ဟမ်…”
ဤအခိုက်အတန့်တွင်၊ ကျိုးစွေ့ကိုယ်ပွား၏ နှလုံးသားမျက်လုံး စွမ်းအား ဖြန့်ကျက်သွားပြီး၊ ချဉ်းကပ်လာသော အစွမ်းထက် အရှိန်အဝါ တစ်ခုကို ချက်ချင်း အာရုံခံမိလိုက်သည်။
တုန်လှုပ်ဖွယ် ကောင်းသည်မှာ၊ ၎င်းသည် ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျိုးစွေ့ တုံ့ပြန်မှု မပြုလုပ်နိုင်မီမှာပင်၊ ကျက်သရေရှိလှသော ပုံရိပ်တစ်ခု သူ၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာသည်။
ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုက သူမနှင့်အတူ ပါလာပြီး၊ သူ၏ အာရုံများကို မူးယစ်သွားစေကာ သူ၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။
လောလောဆယ်တွင်၊ မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားပြီး သူမ၏ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်ကို ပုံဖော်ထားသည့် အသားကပ် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ထူးကဲစွာ လှပသည့် အမျိုးသမီးတစ်ဦး သူ၏ ရှေ့မှောက်တွင် ပေါ်လာသည်။
ကျိုးစွေ့သည် ဤထူးခြားစွာ လှပသော အမျိုးသမီး၏ ဇာတ်မြစ်ကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေး၊ သခင်မ မက်မွန်ပွင့်ပင် ဖြစ်ချေသည်။
သူသည် ဤအမျိုးသမီးနှင့် ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"လမ်းပေါ်မှာ ရွံစရာကောင်းတဲ့ အရှိန်အဝါတစ်ခု ဘာလို့ အာရုံခံနေရပါလိမ့်လို့ ငါ တွေးနေတာ…"
"လက်စသတ်တော့… မင်း ဖြစ်နေတာကိုး... ရှန်ကွမ်းရွှီ"
"ငါ ပြီးခဲ့တဲ့ အခေါက်က မင်းကို သတိမပေးခဲ့ဘူးလား… ငါ့ရဲ့ တစ်ကီလိုမီတာ အကွာအဝေး အတွင်းကို နောက်တစ်ကြိမ် လာရဲရင်… ငါ မင်းအသက်ကို သေချာပေါက် ယူမယ်လို့… မင်း မေ့သွားပြီလား…"
သခင်မ မက်မွန်ပွင့်သည် ရှန်ကွမ်းရွှီကို စိုက်ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
သူမ ရှန်ကွမ်းရွှီကို ဤမျှ မုန်းတီးရသည့် အကြောင်းရင်းမှာ...။
ရှန်ကွမ်းရွှီ၏ ကာမဂုဏ်လိုက်စားမှုသည် အထိန်းအကွပ် မရှိခဲ့ဘဲ၊ သူမ၏ အစေခံမလေးကိုပင် အခွင့်ကောင်းယူရန် ကြိုးစားခဲ့သောကြောင့် ဖြစ်ချေသည်။
ရလဒ်အနေဖြင့်၊ သူမ ကိုယ်တိုင် အရေးယူ လှုပ်ရှားခဲ့ရပြီး၊ ရှန်ကွမ်းရွှီကို သေလုမြောပါး ရိုက်နှက်ခဲ့ရသည်။
ရှန်ကွမ်းချင်၏ ဝင်ရောက် စွက်ဖက်မှုသာ မရှိခဲ့လျှင်၊ ရှန်ကွမ်းရွှီတစ်ယောက် သေချာပေါက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဤ အဖြစ်အပျက်ကြောင့်၊ သူမသည် ရှန်ကွမ်းရွှီကို အစွန်းရောက် မုန်းတီးခဲ့ပြီး သူမ၏ တစ်ကီလိုမီတာ အတွင်းသို့ ချဉ်းကပ်ခြင်းမှ တားမြစ်ခဲ့သည်။