သခင်မ မက်မွန့်ပွင့်၏ ဖမ်းဆီးမှုကိုခံရခြင်း၊ မက်မွန်ပွင့်ကျွန်းသို့ ခေါ်ဆောင်ခံရခြင်း(၃)။
Vol. 24 Ch. 288
"ဟမ်… ရှင် ရွှေအမြုတေ နယ်ပယ်ကို တက်လှမ်းပြီးသွားပြီလား…"
"ပြီးတော့ ရှင်က အဲ့ဒါကို ငါ့ရဲ့ ထောက်လှမ်းမှုကနေတောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်… ကြည့်ရတာ ရှင်က ထူးခြားတဲ့ အသက်ရှူ ပညာရပ်တစ်မျိုးကို ကျင့်ကြံထားပုံပဲ…"
"စကားမစပ်… ရှင် အခု အသက် ဘယ်လောက်လဲ…"
သခင်မ မက်မွန်ပွင့်သည် ကျိုးစွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး အနေဖြင့်၊ သူမသည် ကျိုးစွေ့၏ အရှိန်အဝါ ပြောင်းလဲမှုကို ထောက်လှမ်းရန် ပျက်ကွက်ခဲ့ပြီး၊ ကျိုးစွေ့၏ ကျင့်ကြံမှု အတိမ်အနက်ကို မသိမြင်နိုင်ခဲ့ပေ။
ကျိုးစွေ့ ကျင့်ကြံထားသော အသက်ရှူပညာရပ်သည် သာမန်နှင့် ဝေးကွာရမည်ဟု ကောက်ချက်ချနိုင်သည်။
သို့သော် ချန်လန်ပင်လယ်တွင် အလားတူ အသက်ရှူ ပညာရပ်မျိုးစုံ ရှိသည်။ ဤအရာကို များစွာ ထည့်သွင်းစဉ်းစားစရာ မလိုပေ။
၎င်းသည် အများဆုံး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်နိုင်သော ထူးခြားသည့် လျှို့ဝှက်ပညာရပ် တစ်ခုမျှသာ ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးအတွက် အရေးကြီးဆုံးအရာမှာ ကိုယ်ပိုင် ကျင့်ကြံမှုသာ ဖြစ်သည်။ ထိုအရာကသာလျှင် အခြေခံအုတ်မြစ်ဟု ဆိုရပေမည်။
ထို့ကြောင့်၊ သူမသည် ထိုအရာအား ကိစ္စကြီးတစ်ရပ်ဟု မမြင်ချေ။ သူမ ကိုယ်တိုင်လည်း ထိုသို့သော အသက်ရှူပညာရပ်မျိုးကို သိထားပေသည်။
ပြဿနာမှာ၊ လက်ရှိ သူမသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ ဖြစ်ရာ၊ သူမ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားစရာ မလိုတော့ချေ။
သူမ၏ ကျင့်ကြံမှုကို ပွင့်ပွင့်လင်းလင်း ပြသထားလျှင်ပင်၊ မည်သူမျှ သူမကို ထိခိုက်အောင် မလုပ်ရဲကြပေ။
တောအုပ်ထဲတွင် ယုန်ကသာ ပုန်းအောင်းနေဖို့ လိုအပ်ပြီး၊ ကျားမှာမူ အတားအဆီးမရှိ သောင်းကျန်းနေနိုင်သည် မဟုတ်ပါလော။
"သခင်မ မက်မွန်ပွင့်... ကျွန်တော့်အသက်က အခု (၅၄)နှစ်ပါ…"
ကျိုးစွေ့ ရိုးသားစွာ ဖြေလိုက်သည်။
"ဟယ်… (၅၄)နှစ်ပဲ ရှိသေးတယ်… အဲ့တာကိုတောင်… ရွှေအမြုတေအဆင့် တက်လှမ်းပြီးပြီ ဟုတ်လာ်…"
"ပြီးတော့ ရှင်က အရင်းအမြစ် ရှားပါးတဲ့ ဝေးလံခေါင်သီတဲ့ ပင်လယ်ပြင်ဒေသက လာတာလေ…"
"ရှင့်ရဲ့ ပါရမီက တကယ်ကို ထူးခြားတာပဲ…"
"ဟို ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်က ရှင့်ကို သဘောကျပြီး.. ရှင့်ကို အတူတူ ပြုစုဖို့ လိုလိုလားလား ရှိနေကြတာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ…"
သခင်မ မက်မွန်ပွင့်သည် ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးဦး၏ အတွေးများကို ချက်ချင်း နားလည်သွားသည်။
ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးဦးက အခြေတည်အဆင့် အမျိုးသား ကျင့်ကြံသူ တစ်ဦးကို လက်ထပ်ရန် သဘောတူခြင်းသည် ရှားပါးသော်လည်း၊ မဖြစ်နိုင်သော ကိစ္စ မဟုတ်ပေ။
တစ်ခုတည်းသော ရှင်းပြချက်မှာ၊ သူတို့သည် ဤယောက်ျား၏ ထူးကဲသော ပါရမီကို မြင်တွေ့ခဲ့ရပြီး၊ အနာဂတ်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကာ၊ သူ့ကို လိုလိုလားလား ပြုစုနေကြခြင်း ဖြစ်သည်။
ရလဒ်များအရ၊ ရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးဦးသည် အမှန်တကယ်ပင် မှန်ကန်သော လောင်းကြေးကို ထပ်ခဲ့ကြခြင်းပင်။
ဤယောက်ျားသည် အသက် (၅၄)နှစ် အရွယ်မျှဖြင့် ရွှေအမြုတေ သို့ တက်လှမ်းခဲ့သည်။
ချန်လန်ပင်လယ် တစ်ခုလုံးတွင်ပင်၊ သူ့ကို ပြိုင်ဘက်ကင်းသော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။
ဝိညာဉ်သန္ဓေသား ဂိုဏ်းတစ်ခုတွင် ထားရှိပါက၊ သူသည် တပည့်ရင်းတစ်ဦးပင် ဖြစ်လာနိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ သူမသည်လည်း ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပါရမီနှင့် အထူး ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းပုံဖြင့် မွေးဖွားလာသူ ဖြစ်သည်။
ထို့အပြင်၊ သူမ၏ ဖခင်သည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ သူမသည် ကျင့်ကြံမှု အထောက်အပံ့ အရင်းအမြစ် အများအပြားဖြင့် မွေးဖွားလာခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူမသည် (၁၈)နှစ်တွင် အခြေတည်အဆင့်သို့ တက်လှမ်းခဲ့ပြီး၊ အသက် (၄၀)တွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းကာ၊ အသက် (၂၀၀)တွင် ဝိညာဉ်သန္ဓေသားကို အောင်မြင်ခဲ့သည်။
ယခု အသက် (၅၅၀)တွင်၊ သူမသည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့သာ ရောက်ရှိသေးသည်။
သူ၏ အရှိန်အဟုန်သည် သူမထက် အနည်းငယ် နှေးကွေးသော်လည်း၊ သူမတွင်မူ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အရင်းအမြစ် ကြွယ်ဝမှု ရှိခဲ့သည့်တိုင်၊ အမြုတေ ဖွဲ့စည်းခြင်းအတွက် နှစ် (၄၀) ကြာမြင့်ခဲ့သေးသည်။
ထိုကဲ့သို့ အရင်းအမြစ် ပေါများမှု မရှိဘဲ၊ ဤအောင်မြင်မှုကို အသက် (၆၀)တွင် ပြီးမြောက်ခြင်းသည်ပင် မှတ်သားဖွယ်ရာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်၊ သူမရှေ့မှောက်ရှိ ဤယောက်ျားသည် သူမလောက် ပင်ကိုပါရမီ မရှိနိုင်လျှင်တောင်မှ၊ များစွာ နိမ့်ကျမှု ရှိမည်မဟုတ်ဟု ယူဆမိလေသည်။
သူသည် ဝိညာဉ်သန္ဓေသား မျိုးစေ့တစ်ခု ဖြစ်ပြီး၊ အကန့်အသတ်မရှိသော အလားအလာ ရှိနေသည်။
ထို့ကြောင့်ပင်၊ ထိုရွှေအမြုတေ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်က သူ၏ဇနီးမယား ဖြစ်ဖို့ လိုလိုလားလား ရှိနေကြခြင်း ဖြစ်ရပေမည်။
သို့သော်… သူတို အတော်လေး မိုက်မဲကြပေသည်။
ဤလောကကြီးတွင် သစ္စာမရှိသော ယောက်ျားများ များစွာ ရှိကြလေသည်။ သူတို့အား ကြီးမြတ်လာအောင် မမောမပန်း ပြုစုပျိုးထောင်ကာ၊ နဂါးတစ်ကောင်အဖြစ် ပြုစုပေးခဲ့ကြသော်ငြား၊ ကျော်ကြားလာပြီး အခွင့်အရေးရသည်နှင့် အချစ်သစ်အား ရှာတွေ့သွားနိုင်ချေသည်။
ထိုအခါ၊ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှု အားလုံး သဲထဲရေသွန်သကဲ့သို့ ဖြစ်ရပေမည်။
ဤယောက်ျားသာ သစ္စာမဲ့တတ်သူ ဖြစ်ခဲ့ပါက၊ ထိုရွှေအမြုတေမိန်းမများ ဘဝတော့ သွားရရှာလေပြီ။
"သခင်မ မက်မွန်ပွင့်... ခင်ဗျား ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ…"
"ဒါက ကျွန်တော့်ရဲ့ သန္နိဋ္ဌာန်နဲ့ ကြိုးစားအားထုတ်မှု သက်သက်ပါပဲ…"
"ကျွန်တော့်ရဲ့ ပါရမီက ခင်ဗျား ထင်သလောက် မဟုတ်ပါဘူးဗျာ.."
ကျိုးစွေ့က နှိမ့်ချသော အမူအရာဖြင့် ပြောလိုက်သည်။
"အင်း… အမှန်အတိုင်း ပြောရရင်… ငါ မင်းကို သဘောကျတယ်… ကျေးဇူးပြုပြီး မက်မွန်ပွင့်ကျွန်းကို ဝင်လိုက်ပါ့လား.."
"မင်း မက်မွန်ပွင့်ကျွန်းကို ဝင်ရောက်ဖို့ သဘောတူရင်… မင်း ဒီကျွန်းပေါ်က ကြိုက်တဲ့ မိန်းမကို ရွေးချယ်နိုင်တယ်…"
"မက်မွန်ပွင့်ကျွန်းရဲ့ ကိုယ်ပိုင် အစေခံ (၁၈)ယောက်တောင်မှ… အားလုံး မင်းရဲ့ ဇနီးမယားတွေ ဖြစ်လာနိုင်တယ်…"
"မှတ်တော့ထားဦး… ငါ့ကျွန်းရဲ့ အစေခံ ဖြစ်လာတဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းက ရွေးချယ်ခံရသူတွေထဲကမှ လူနည်းစုရယ်…"
"သူတို့ရဲ့ ပါရမီ.. ရုပ်ရည်… ကိုယ်လုံးကိုယ်ပေါက်… အို ဘာပဲဖြစ်ဖြစ်… ဘယ်အရာကမှ မင်းရဲ့ တာအိုလက်တွဲဖော်တွေအောက် မနိမ့်ကျဘူး…"
"သဘောတူလိုက်ရုံနဲ့ ဒီအရာတွေအားလုံး မင်းအပိုင် ဖြစ်လာနိုင်တယ်…"
"အတွေးမမှားနဲ့… မက်မွန်ပွင့်ကျွန်း ကိုယ်တိုင်က မင်းရဲ့ ကျောထောက်နောက်ခံ ဖြစ်လာနိုင်တယ်.."
"ဟို ငမျောက်ငခြောက် ရှန်ကွမ်းရွှီက မင်းအတွက် ခြိမ်းခြောက်မှု လုံးဝ ဖြစ်လာမှာ မဟုတ်တော့ဘူး…"
သခင်မ မက်မွန်ပွင့်သည် ကျိုးစွေ့ကို စိုက်ကြည့်နေကာ၊ သူမ၏ မက်မွန်ပွင့်သဖွယ် မျက်လုံးများသည် အမျိုးအမည်မသိသော ရည်ရွယ်ချက်ကို ထုတ်လွှတ်နေသည်။
သူမသည် ကျိုးစွေ့ကို စုဆောင်းရန် ရည်ရွယ်လျက်၊ ရက်ရောလှသော ခံစားခွင့်များဖြင့်ပင် တိုက်ရိုက် ကမ်းလှမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်မ မက်မွန်ပွင့်... ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် တန်ဖိုးထားပါတယ်" ဟု သူ ပြန်ဖြေလိုက်သည်။
"ဒါပေါ့ ကျွန်တော် သိပါတယ်… မက်မွန်ပွင့်ကျွန်းပေါ်က အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းက ရင်သပ်ရှုမောဖွယ် လှပကြပါပေတယ်.."
"ဝူကျိမဟာမိတ်အဖွဲ့အတွင်း သူတို့ရဲ့ ဂုဏ်သတင်းကလည်း ကျော်ကြားလှပါတယ်…"
"ဒါပေမဲ့ တခြား အမျိုးသမီးတွေ ဘယ်လောက်ပဲ ကောင်းမွန်ပါစေ… သူတို့ ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်တွေကိုတော့ ဘယ်တော့မှ မကျော်လွန်နိုင်ပါဘူး…"
"တခြား အမျိုးသမီး ကျင့်ကြံသူတွေကို လက်ထပ်ဖို့အတွက်… ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်တွေကို စွန့်ပစ်ဖို့ဆိုတာ ကျွန်တော့်အတွက် လုံးဝ မဖြစ်နိုင်ပါဘူး…"
"ကျုပ် ကျိုးစွေ့ရဲ့ ဘဝတစ်လျှောက်လုံး… ကိုယ့်ကိုယ်ကိုပဲ အားကိုးခဲ့တာ.. ဘယ်မိန်းမကိုမှ အားမကိုးခဲ့ဘူး…"
ကျိုးစွေ့သည် ဖြောင့်မတ်သော ရပ်တည်ချက်ကို ပြသလိုက်သည်။ တွန့်ဆုတ်ခြင်းအလျင်းမရှိ၊ သခင်မ မက်မွန်ပွင့်၏ ရက်ရောသော ကမ်းလှမ်းမှုကို နေရာမှာတင် ငြင်းပယ်လိုက်သည်။
သူ ကောင်းစွာ သဘောပေါက်ချေသည်။ ဤသည်မှာ သံသယ ဖြစ်ဖွယ်မလို၊ သခင်မ မက်မွန်ပွင့်၏ စမ်းသပ်မှုပင် ဖြစ်သည်။
သူသာ လက်ခံလိုက်လျှင်၊ သခင်မ မက်မွန်ပွင့် ကျေနပ်မည် မဟုတ်ဘဲ၊ ဆန့်ကျင့်ဘက်အနေဖြင့် သူမ ဒေါသထွက်ကောင်း ထွက်သွားနိုင်သေးသည်။
မည်သို့ပင်ဖြစ်စေ၊ ဇနီးသားမယားများကို စွန့်ပစ်တတ်သူအား မည်သည့် မိန်းမက နှစ်သက်ပါမည်နည်း။
ယနေ့ မိမိ၏ သားမယားအား စွန့်ပစ်တတ်သူအား၊ နောက်တစ်နေ့တွင် သူမသည်လည်း သင့်အား စွန့်ပစ်နိုင်သည် မဟုတ်ပါလော။
ယင်းသည် သေရေးရှင်ရေး မေးခွန်းတစ်ခု ဖြစ်ရာ၊ သူ မှားယွင်းစွာ ဖြေဆိုမည် မဟုတ်ချေ။
မှန်ပေသည်၊ သခင်မ မက်မွန်ပွင့်က သူ့ကို စိတ်ရင်းမှန်ဖြင့် စုဆောင်းချင်သည် ဆိုလျှင်ပင် သူ လက်ခံမည် မဟုတ်ပေ။
သက်သောင့်သက်သာ ဘဝကို ခံစားနိုင်ရန် ကြိုးစားအားထုတ်ခဲ့ရသော ယောက်ျားတစ်ယောက်အနေဖြင့်၊ အားစိုက်ထုတ်မှုမရှိဘဲ ရလာသော နူးညံ့သာယာသော ဘဝအား ခုံမင်နေမည် မဟုတ်ပေ။
စားပွဲပေါ်က ပြင်ဆင်ပြီးသား အစားအစာများထက် ကျော်၍၊ အဝေးကြီးမှ အစားအစားများအား မိုက်မဲစွာ တောင်းတနေရမည်လော။
ထို့အပြင်၊ သူသည် ယခု ရွှေအမြုတေ ဆရာသခင်တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ၊ အတိတ်က နေ့ရက်များနှင့် အလွန် ကွာခြားနေပြီ ဖြစ်သည်။
တည်ခင်းပေးထားသော အစားအစားများကိုပင် သူတွင် ရွေးချယ်ခွင့် ရှိသင့်ပေသည်။ အရာရာတိုင်း သူ့စိတ်ကြိုက်ဟင်း မည်သို့ ဖြစ်နိုင်ပါမည်နည်း။
"ဟွန့်... မင်းက တော်တော် ဟုတ်နေပါလား…"
"မင်းရဲ့ တာအိုလက်တွဲဖော်တွေက အရင်တုန်းက လူအများကြီးရှေ့မှာ ငါ့ကို ငြင်းပယ်ခဲ့ကြတယ်…"
"အခု ငါ့ကို ငြင်းပယ်ဖို့ မင်းအလှည့် ရောက်လာပြန်ပြီပေါ့လေ…"
"ငါ.. သခင်မ မက်မွန်ပွင့်က ငြင်းပယ်ခံရတာကိုပဲ ဆက်ပြီး လက်ခံနေနိုင်မယ့်သူလို့ မင်း ထင်နေလား.."
သခင်မ မက်မွန်ပွင့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
တစ်စုံတစ်ရာကြောင့် ကျိုးစွေ့၏ သစ္စာရှိသော အပြုအမူကို ကြည့်ရသည်မှာ သူမအား စိတ်တိုစေသည်။
မနာလိုဝန်တိုမှု ဟုခေါ်သော ခံစားချက်တစ်ခု သူမ၏ နှလုံးသားထဲမှ အညှောက်ပေါက်လာတော့သည်။
သူသည် အိမ်ထောင်သည်တစ်ယောက် ဖြစ်ပြီး သူမ ဝင်မစွက်ဖက်သင့်ဘူးဆိုတာ သိသော်ငြား၊ သူမ ဤခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။
"သခင်မ မက်မွန်ပွင့်... ကျွန်တော် ဆိုလိုတာ အဲ့လို မဟုတ်ပါဘူး…"
ကျိုးစွေ့ ခေတ္တမျှ ရှုပ်ထွေးသွားသည်။
‘သောက်ကျိုးနည်း.. ငါများ တွက်ချက်တာ မှားသွားတာလား… ဒီမိန်းမက ငါ့ကို စမ်းသပ်တာ မဟုတ်ဘဲ.. တကယ်ကြီး ငါ့ကို စုဆောင်းဖို့ မိန်းမတွေ တကယ် ပေးချင်နေတာများလား…’
"ဟားဟား... မင်းဆိုလိုတာ အဲ့တာ မဟုတ်ရင်… မင်း ဘာကို ဆိုလိုနေချင်သေးတာလဲ.."
"ငါနဲ့အတူ မက်မွန်ပွင့်ကျွန်းကို ပြန်လိုက်ခဲ့… ပြီးမှ မင်း ငါ့ကို ဖြည်းဖြည်းချင်း ရှင်းပြလို့ ရတယ်…"
သခင်မ မက်မွန်ပွင့် လက်ဝှေ့ယမ်းလိုက်ပြီး၊ အဆင့်နိမ့် ဝိညာဉ်ရတနာ အင်မော်တယ်ချုပ်ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။
တစ်ခဏချင်းမှာပင်၊ ကြိုးသည် ကျိုးစွေ့ကို သေချာစွာ ချည်နှောင်လိုက်ပြီး၊ တင်းကြပ်စွာ ချည်နှောင်လျက် မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်တော့သည်။
ဘာ…။
ကျိုးစွေ့ မှင်တက်သွားသည်။ သူ၏ မှော်စွမ်းအား လုံးဝ ဖိနှိပ်ခံလိုက်ရသည်ကို သူ ခံစားလိုက်ရပြီး၊ ဤ အဆင့်နိမ့် ဝိညာဉ်ရတနာ၏ စွမ်းအားသည် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားကို ချိပ်ပိတ်နိုင်သကဲ့သို့ မလှုပ်မယှက် ဖြစ်သွားစေသည်။
ဤအမျိုးသမီးသည် ဇွန်လ၏ ရာသီဥတုထက် ပိုမိုမြန်ဆန်စွာ မျက်နှာပြောင်းလဲနိုင်လိမ့်မည်ဟု ဦးနှောက်ထဲတွင်ပင် တစ်ခါမှ မစဉ်းစားမိခဲ့ပေ။
ဝှစ်…။
ကျိုးစွေ့ စကားတစ်ခွန်းမျှ မဆိုနိုင်မီမှာပင်၊ သခင်မ မက်မွန်ပွင့်သည် ကောက်ညှင်းထုတ်ကဲ့သို့ ဖြစ်နေသော ကျိုးစွေ့ကို ဆွဲယူကာ၊ လေထဲသို့ တက်ရောက်သွားသည်။
ထို့နောက် ကောင်းကင်ယံ၌ ပျံသန်းသွားကာ မက်မွန်ပွင့်ကျွန်းဆီသို့ ဦးတည်သွားပြီး၊ အလင်းတန်းတစ်ခုအဖြစ် ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။
အချိန်တိုအတွင်းမှာပင် သခင်မ မက်မွန်ပွင့်နှင့် ကျိုးစွေ့တို့သည် ကျော်ကြားသော မက်မွန်ပွင့်ကျွန်းသို့ ရောက်ရှိသွားကြတော့သည်။